အပိုင်း ၁၂၄
Viewers 44k

Chapter 124





ရှောင်ကျားရှု စာပို့လိုက်သည့် အချိန်တွင် ကျိမြန်သည် အစည်းအဝေးတစ်ခု ကျင်းပနေဆဲဖြစ်သည်။ လူသစ်များက သူတို့အတွက် တိုးတက်မှု အစီအစဉ်တစ်ခု ဆွဲပေးရန် သူ့ကို စောင့်ဆိုင်းနေကြပြီး လင်းလဲ့ယန်ကလည်း စာချုပ်ပြောင်းလဲရန် အလို့ငှာ ကုမ္ပဏီသို့ ရောက်လာသည်။ Aအဆင့် စာချုပ်ကို လက်လျော့၍ လူသစ်တစ်ဦးအဖြစ် အမှန်တကယ် ပြန်လည်စတင်ရန် အဆင်သင့်ဖြစ်နေပုံပင်။ ဤသို့ ဆုံးဖြတ်ရန်မှာ သူ့အဖို့ လွန်စွာ ခဲယဉ်းသည့်တိုင် မရှိမဖြစ် လိုအပ်နေပေသည်။ 


"အရင်ဆုံး မင်းတို့ရဲ့ အေးဂျင့်တွေနဲ့ ပြန်ဆွေးနွေးပြီး ငါ့အတွက် အစီအစဉ်တစ်ခု ပြင်ဆင်လာခဲ့ပေး ..." 


ကျိမြန်က လူသစ်အမြောက်အများကို ပြောလိုက်သည်။ 


"အခုခေတ်မှာ စတားတွေကလည်း အပေါ်ယံ သရုပ်သကန်တွေ ချပြလာကြတယ် ဒါပေမယ့် တစ်ခုတော့ ကြိုသတိပေးထားမယ် ဘယ်လို သရုပ်သကန်မျိုးကိုပဲ သုံးသုံး တစ်ခုတည်းကိုပဲ စွဲစွဲမြဲမြဲ ဖြစ်နေပါစေ မင်းတို့လက်နဲ့ ကိုယ်တိုင် ဖျက်ဆီးပစ်မယ့် အနေအထားအထိ မရောက်စေနဲ့ အဆိုတော်ဖြစ်ချင်တဲ့သူက သီချင်းကောင်းကောင်းဆို သရုပ်ဆောင်ဖြစ်ချင်တဲ့သူက ကောင်းကောင်း သရုပ်ဆောင် မင်းတို့ကိုယ်မင်းတို့ အားလုံး ပြီးပြည့်စုံပါတယ်ဆိုတဲ့ ပုံရိပ်မျိုး မလုပ်မိစေနဲ့ အဲဒါက ထောင်ချောက်ပဲ ..." 


အားလုံး သဘောတူလိုက်ကြကာ အေးဂျင့်များနှင့်အတူ တစ်ဖြည်းဖြည်း ပြန်ထွက်သွားလိုက်ကြတော့သည်။ 


ထို့နောက်တွင်မှ သူက အချိန်အတော်ကြာ စောင့်ဆိုင်းနေသော လင်းလဲ့ယန်ကို လှည့်ကြည့်လိုက်သည်။ 


"မင်း လက်မှတ်ထိုးထားတဲ့ စာချုပ်က‌ လေးနှစ်နေမှ သက်တမ်းပြည့်မှာ အဲဒါကြောင့် ကုမ္ပဏီက ဘာမှ ပြောင်းလဲမပေးနိုင်ဘူး ..." 


"ကျိ ... ကျုံ ..." 


လင်းလဲ့ယန်က ချက်ခြင်းပင် အခေါ်အဝေါ်ကို ပြောင်းလဲလိုက်သည်။ 


"ကျွန်တော် အကျိုးအမြတ်တွေ၊ အခွင့်အရေးတွေ အားလုံးကို လက်လွှတ်ပြီး အစကနေ ပြန်စဖို့ ဆန္ဒရှိပါတယ် ကျေးဇူးပြုပြီး အခွင့်အရေးလေး တစ်ခုလောက် ထပ်ပေးပေးပါ ကျွန်တော့်ကိုယ်ပိုင် အစွမ်းအစနဲ့ဆို လက်ထဲကို A အဆင့် စာချုပ် ထည့်ပေးရင်တောင် ဘာမှ မတတ်နိုင်ဘူးဆိုတာ အခုမှ နားလည်သွားတာပါ ကျိကျုံကမှ ကျွန်တော့်ကို နောက်ကွယ်ကနေ ကူညီပေးခဲ့တဲ့သူပါ ..." 


သူ့စကားပင် မဆုံးသေး။ စားပွဲပေါ်ရှိ ဖုန်းက အသံမြည်လာ၏။ ကျိမြန်က ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီးနောက် ချက်ခြင်း ဖုန်းကို ကောက်ကိုင်ကာ ဝင်ဖတ်လိုက်ပြီး သူ့အမူအယာမှာလည်း ပျော်ရွှင်နေရာမှာ သတိကြီးကြီး ထားနေရဟန်သို့ ပြောင်းလဲသွားတော့သည်။ လင်းလဲ့ယန်ကို အသံမထွက်ရန် လက်ဟန်ခြေဟန် ပြလိုက်ပြီးကာမှ တစ်ဖက်သို့ စာပြန်ပို့လိုက်၏။ 


ရှောင်ကျားရှုက သူ့ကို ဇာတ်ညွှန်းပြောင်းလဲမှုအကြောင်း အသေးစိတ် ရှင်းပြကာ စိုးရိမ်တကြီး မေးလိုက်၏။ 


"... လီလောင်ရှီး သရုပ်ဆောင်တစ်ယောက် အနေနဲ့ စာချုပ်ထဲမှာ ရေးထားတဲ့အတိုင်း ဇာတ်လမ်းပြီးတဲ့အထိ ရိုက်ပေးရမယ်ဆိုတာ သိပါတယ် ဒါပေမယ့် အခု တကယ်ကို ဝေဝါးနေပြီ ကျွန်တော် ဆက်ပြီး သည်းခံသင့်စရာ ဘာအချက်ရော ရှိ‌လို့လဲဆိုပြီး " 


ကျိမြန် "မေးပါရစေဦး ဒီဇာတ်လမ်းကို ရိုက်ပြီးကတည်းက နောင်တရဖူးလား" 


ရှောင်ကျားရှုက တစ်ခဏမျှ စဉ်းစားကာ အမှန်အတိုင်း ပြန်ဖြေလိုက်သည်။ 


"နေ့တိုင်းကို နောင်တရနေတာပါ" 


"ဒါဆို ဒီရိုက်ကူးရေး ပြီးသွားရင် မင်းမျှော်မှန်းထားသလို ဖြစ်နိုင်လောက်လား"



"ဘယ်လိုမှ မဖြစ်နိုင်ဘူး အရမ်းကို ဝေးကွာလွန်းတယ်" 


"ဘာတွေ လိုအပ်နေတာလဲ" 


"ဇာတ်ညွှန်းက နုံချာနေပြီးတော့ အခုလည်း ဇာတ်ကြောင်းက ဘယ်လိုလို့ မခန့်မှန်းတတ်တော့အောင်ကို ပြောင်းပစ်လိုက်ပြန်ပြီ သရုပ်ဆောင်တွေကလည်း အလုပ်နဲ့ ပတ်သက်ရင် အားနည်းပြီး ပညာရှင် မပီသဘူး ဒါရိုက်တာရဲ့ အပြုအမူတွေကလည်း မေးခွန်းထုတ်ချင်စရာပဲ ရိုက်ကွင်းတစ်ခုလုံးကိူလည်း ကောင်းကောင်း မစီမံနိုင်ဘူး သရုပ်ဆောင်တွေကိုလည်း သေချာ မထိန်းချုပ်နိုင်ဘူး သရုပ်ဆောင်က မရိုက်ချင်လို့ စာသားအရှည်တွေ မမှတ်မိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့တင် ဖျက်ချလိုက်တဲ့ အခန်းတွေ ဆိုတာလည်း အများကြီး ဘဏ္ဍာငွေကို သုံးနေတာတွေကလည်း လုံးဝ ကျိုးကြောင်း မဆီလျော်ဘူး အများစုက သရုပ်ဆောင်တွေလက်ထဲ ရောက်သွားပြီး ကျန်တာကိုမှ ဇာတ်ဝင်ပစ္စည်း အသူံအဆောင်တွေ ဝယ်ဖို့ သုံးတယ် အထူးပြုလုပ်ချက် ဖန်တီးဖို့ကိုတောင် တကယ် ကျွမ်းကျင်တဲ့သူ မငှားဘူး လောင်ရှီးလည်း သိတဲ့အတိုင်းပဲ ဒါက သိုင်းလောကအခြေခံ ဇာတ်လမ်းလေ ရိုက်ချက်တစ်ဝက်လောက် နီးပါးက အထူးပြုလုပ်ချက် သုံးရမယ့်ဟာကို ဒါရိုက်တာက လုံးဝ ဂရုမစိုက်ဘူး ဒီဇာတ်ကားသာ ထွက်လာရင် ဘယ်လောက်အထိ နုံချာစုတ်ပြတ်နေမလဲဆိုတာ မြင်ယောင်ကြည့်လို့တောင် ရတယ် " 


သူက တစ်ချက်ချင်း သုံးသပ်ပြလိုက်သည်။ 


ကျိမြန်က နူးညံ့စွာ ပြုံးလိုက်မိတော့၏။ 


"ဟုတ်တယ် ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ အထူးပြုလုပ်ချက် ဖန်တီးရေးအဖွဲ့နဲ့ စီမံခန့်ခွဲမှုတွေ မင်းပြောသွားတာတွေ အားလုံးက ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့အနေနဲ့ အဆင်ပြေအောင် ဖြေရှင်းရမယ့် အဓိက ဗဟိုချက်တွေပဲ ပြီးတော့ ဇာတ်လမ်းကောင်းတစ်ပုဒ် ထွက်လာဖို့ အဓိကသော့ချက်တွေဆိုလည်း မမှားဘူး ဒါပေမယ့် မင်းမျက်မြင်ပဲ အဓိက ဗဟိုချက်တွေ အားလုံးကလည်း ကစဉ့်ကလျား ဒါရိုက်တာကလည်း ဘာကိုမှ ဂရုမစိုက်ရင် လွှတ်ချလိုက်တော့ပေါ့ ဘာလို့ ဆက်ပြီး သည်းခံနေဦးမှာလဲ


စာချုပ်က အရေးကြီးတယ်ဆိုတာ ဟုတ်တယ် ဒါပေမယ့် သရုပ်ဆောင်တစ်ယောက်အတွက်ဆို သူ့ရဲ့ ဂုဏ်သတင်းတွေ၊ စတိုင်တွေ၊ ရည်မှန်းချက်တွေ၊ ခံယူချက်တွေကမှ ပိုပြီး အရေးကြီးတာ မဟုတ်ဘူးလား " 


သူက တစ်ခဏ ပြန်တွေးကာ ဆက်ရေးလိုက်သည်။ 


"ငါငယ်ငယ် ဒီလောကထဲကို စရောက်လာကာစ အတွေ့အကြုံနည်းတဲ့ အချိန်တုန်းက တော်တော်ကို ဆိုးရွားတဲ့ ရုပ်ရှင်ကားထဲမှာ ပါဝင်ဖို့ အလှည့်ဖျားခံလိုက်ရတယ် ရိုက်ကွင်းကို စရောက်ကတည်းက နောင်တရခဲ့မိပေမယ့် စာချုပ်ဖျက်ရင် ပေးရမယ့် လျော်ကြေးကို မတတ်နိုင်လို့ ကြိတ်မှိတ်သည်းခံခဲ့ရတာ နောက်ပိုင်း အဲဒီ့ရုပ်ရှင်လည်း ရုံတင်ရော ရှိရှိသမျှ  website အကုန်လုံးမှာ သူ့ရဲ့အဆင့်က အောက်ဆုံးပဲ အဲဒါက ငါ့ဘဝမှာ အမဲစက်ကြီးလို ဖြစ်သွားပြီး ဒီအကြောင်း အပြောခံရ‌တိုင်း အရမ်းကို ရှက်နေခဲ့ရတော့တာ ငါသာ အချိန်နောက်ပြန်ဆုတ်နိုင်ရင် အဲဒီ့ လျော်ကြေးပေးပြီး စာချုပ်ဖျက်လိုက်မှာလို့ စဉ်းစားမိတဲ့အထိပဲ င့ါ့အမြင်တော့ သရုပ်ဆောင်ကောင်းတစ်ယောက်က အပြင်ပိုင်းမှာ အဆင့်အတန်း ရှိပြီးတော့ အတွင်းပိုင်းမှာ ခံစားတတ်တဲ့ အသိ ရှိနေရမယ်လို့ ထင်တယ် မြင်မြင်သမျှတိုင်းကို လိုက်ရိုက်မနေသင့်ဘူး သရုပ်ဆောင်စွမ်းရည် ဘယ်လောက်ပဲ ကောင်းကောင်း နုံချာစုတ်ပြတ်နေတဲ့ ဇာတ်လမ်း တစ်‌ခုလောက် ရိုက်လိုက်မိတာနဲ့ မင်းရဲ့ ဂုဏ်သတင်းကို ပြန်အဖက်ဆည်ဖို့ဆိုတာ သွားပြီပဲ မင်းရဲ့စတိုင် ပျက်ယွင်းသွားတာက အရိုးတွေအကုန် ကျိုးပဲ့သွားတာနဲ့ တန်ဖိုးအတူတူပဲ ဘယ်လိုနည်းနဲ့မှ မရပ်တည်နိုင်တော့ဘူး သရုပ်ဆောင်တစ်ယောက်က အနုပညာကို လေးစားမြတ်နိုးပြီး ပျိုးထောင်လိုစိတ် ရှိရမယ် ပြီးတော့ ကိုယ့်ကိုယ်ကို နားလည်သဘောပေါက်နိုင်စွမ်းကလည်း အနုပညာကို ခုံမင်မှုကိုပဲ ဦးတည်ရမှာ မျက်ကန်းတစ်ယောက်လိုမျိုး အနုပညာကြေးကိုပဲ တန်ဖိုးထားနေရမှာ မဟုတ်ဘူး" 


"လစာအကြောင်း မပြောဘဲ နေရာအောင် မင်းကို မေးပါရစေဦး ဒီဇာတ်လမ်းကို ရိုက်ပြီးပါပြီတဲ့ ဒါက မင်းအတွက် ဘာကို ယူဆောင်လာပေးနိုင်လဲ ပန်းတွေ လက်ခုပ်ဩဘာသံတွေလား ဒါမှမဟုတ် ဘယ်လိုမှ ဆေးကြောလို့ မရတော့မယ့် အစွန်းအထင်းတွေလား" 


ထိုစာကို ‌စိုက်ကြည့်နေရင်း ရှောင်ကျားရှု၏ တွေးခေါ်နိုင်စွမ်းတို့ ချက်ခြင်း အလင်းပွင့်သွားတော့သည်။ 


"လောင်ရှီး ရိုက်ကူးရေးအဖွဲ့ရဲ့ စိတ်ဓာတ်နဲ့ဆို ဒီရုပ်ရှင်က သေချာပေါက် ပျက်စီးမှာပဲ လွှင့်တဲ့အချိန်မှာ ပရိသတ်က ‌ကြိုက်ကောင်းကြိုက်မှာပေါ့ ဒါပေမယ့် ကျွန်တော်ကတော့ ဘယ်လိုနည်းနဲ့မှ သဘောမတူနိုင်ဘူး ဒါက ကျွန်တော့်ရဲ့ သရုပ်ဆောင်ခြင်း အနုပညာကို ဘယ်လိုနည်းနဲ့မှ ပြည့်ဝစေမှာ မဟုတ်ဘူး လီလောင်ရှီး ကျွန်တော် သေချာတွေးပြီးပြီ ဒါကို ဆက်မရိုက်တော့ဘူး " 


ကျိမြန်က ချက်ခြင်း စာပြန်ပို့လိုက်သည်။ 


"ဒါဆို မင်းအေးဂျင့်ကို စာချုပ်ဖျက်သိမ်းဖို့ ကိစ္စတွေကို အမြန်ဆုံး ကိုင်တွယ်ခိုင်းလိုက်တော့ စိတ်အားထက်သန်မှုကို ‌မလျှော့ပစ်နဲ့ နောက်တစ်ကြိမ် ဇာတ်လမ်းရိုက်မယ်ဆိုရင်သာ ပိုပြီး ဂရုစိုက် " 


"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် လောင်ရှီး " 


ရှောင်ကျားရှုက ကျေးဇူးတင်စိတ် အပြည့်ဖြင့် ထိုစာကို ပို့လိုက်သည်။ 


ဖုန်းကို ကြည့်နေသည့် ကျိမြန်၏ နှလုံးသားမှာ ကျေနပ်မှုနှင့် ချဉ်စူးမှုတို့ကို တစ်ပြိုင်တည်း ခံစားလိုက်ရတော့သည်။ 

ရှောင်ရှုရဲ့ အယုံကြည်ရဆုံးသူက ကျိမြန်ကနေ လီလောင်ရှီး ဖြစ်သွားပြီပဲ တော်သေးတာပေါ့ နှစ်ယောက်လုံးက သူပဲ ဖြစ်နေလို့ ... 


လင်းလဲ့ယန်မှာလည်း အတော်ကြာ စောင့်ဆိုင်းနေခဲ့ရပေသည်။ ကျိမြန်က စာဆက်မရိုက်တော့သည့်တိုင် ဖုန်းကို ဆက်ပြီး ငေးကြည့်နေသည့်အတွက် တုန့်ဆိုင်းစွာဖြင့် မေးလိုက်သည်။ 


"ဥက္ကဌကျိ ကျွန်တော် စောစောက ပြောတာ ..." 


ကျိမြန်က လက်ကို ယမ်းပြလိုက်သည်။ 


"ဥပဒေဌာနကို သွားလိုက် သူတို့က မင်းစာချုပ်နဲ့ ပတ်သက်ပြီး ဖြေရှင်းပေးလိမ့်မယ် လင်းလဲ့ယန် ငါသာ မင်း အဆင့်နိမ့်တဲ့စာချုပ် ပြောင်းချုပ်မှာကို သဘောမတူရင် နောက်လေးနှစ်အတွင်း မင်း ဘယ်လိုကိစ္စတွေကို ရင်ဆိုင်ရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိပြီ မဟုတ်လား ..." 


"ကျွန်တော် သိပါပြီ ..." 


လင်းလဲ့ယန်အတွက်မူ A အဆင့် စာချုပ်မှာ အအေးနန်းဆောင်အလားပင်။ လေးနှစ်တာစာချုပ် ပြီးဆုံးသွားပါလျှင် ပရိသတ် မည်ရွေ့မည်မျှက သူ့ကို မေ့လျော့သွားကြမည်မှန်း တွေးပင်မတွေးရဲချေ။ လေးနှစ်ဟူသည့် ကာလမှာ များစွာ မကြာလှသော်ငြား အသက်နှစ်ဆယ်သာ ရှိသေးသည့် လူငယ်သရုပ်ဆောင်တစ်ဦးအတွက်မူ အလွတ်မခံသင့်သည့် တန်ဖိုးအရှိဆုံး အချိန်ပင် ဖြစ်သည်။ 


"ဆိုတော့ ငါက မင်းအပေါ် ညှာတာထောက်ထားပေးခဲ့တာပဲ ဒါကြောင့် ငါတို့ကြားမှာ အကြွေးတင်နေတာ မရှိတော့ဘူး လက်ခံလား ..." 


ကျိမြန်က တစ်ဖက်သူကို စိုက်ကြည့်နေလိုက်သည်။ 


လင်းလဲ့ယန်က အံတင်းတင်းကြိတ်လျက် ပြန်ဖြေလိုက်၏။ 


"သဘောတူပါတယ်..." 


"ကောင်းတယ် ဒါဆို သွားတော့ ..." 


ကျိမြန်က သာမန်ကာလျှံကာပင် လက်ကို ယမ်းပြလိုက်သည်။ 


ရုံးခန်းထဲမှ ဒယိမ်းဒယိုင်ဖြင့် ထွက်လာပြီးနောက် လင်းလဲ့ယန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပြတ်သားစွာ ထွက်ပေါ်လာတော့သည်။


အားလုံး ပြီးသွားပြီ လက်တွဲမှီခိုခဲ့ရတဲ့ နှစ်တွေ အကုန်လုံးကို နောက်လေးနှစ်က အစားထိုးသွားပြီ ကျိကောက ဘယ်တုန်းကမှ သူ့အပေါ် အကြွေးမတင်ခဲ့ဘူး သူ့ကို အတိတ်ရော ပစ္စုပ္ပန်ရော အနာဂတ်ရော အကုန်လုံး ပေးခဲ့တာ အခု ပြန်စဉ်းစားကြည့်ကာမှ သူက တကယ်ကို လောဘကြီးခဲ့တာပဲ ... 


........


ထိုအချိန် ရိုက်ကွင်းသို့ ကသောကမျော ရောက်ချလာသည့် ဟွမ်မိန်ရွှမ်ကလည်း ဒါရိုက်တာနှင့် ညှိနှိုင်းဆွေးနွေးနေပေသည်။ 


"ဒါရိုက်တာဝမ် ရှင် ကျွန်မတို့ရှောင်ရှုကို ဒါမျိုး လာလုပ်တာ မလွန်လွန်းဘူးလား ..." 


"ဇာတ်ညွှန်းအကြောင်း ပြောလို့ရပါတယ် ..." 


ဝမ်အန်းက ခပ်ပြုံးပြုံးပြောလိုက်သည်။ 


ဘေးတွင် ထိုင်နေသည့် ချိုးတုကလည်း အေးအေးဆေးဆေး ဝင်ပြောလိုက်၏။ 


"ရှောင်ကျားရှုက ဇာတ်သိမ်းကို စိတ်တိုင်းမကျ ဖြစ်နေတာလား ငါ ပြန်ပြောင်းပေးမယ်လေ ..." 


ဟွမ်မိန်ရွှမ်က သူ့ကို တည့်တည့်စိုက်ကြည့်ကာ လှောင်ရယ်လိုက်သည်။ 


"မင်း ဘယ်လိုလှည့်ကွက်တွေ ကစားနေလဲ ငါမသိဘူးများ ထင်နေလား မင်းက ရှောင်ရှုရဲ့ အပိုင်းတွေကို တမင်သက်သက် ပြောင်းပစ်လိုက်တယ် အဲဒီ့အချိန်ကျ ရှောင်ရှုက မကျေနပ်ချက်ကို ထုတ်ပြရင် မင်းက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ငါတို့ကိုပဲ အထူးတလည် လိုက်လျောပေးရသလိုလို ဟန်ဆောင်ပန်ဆောင် လုပ်ပြမှာလေ ချိုးတု လူတိုင်းကို မင်းလှည့်ကွက်နောက် အသာလေး လိုက်ပါလာမယ့် အရူးတွေလို့များ ထင်နေတာလား ဇာတ်သိမ်းကို ပြောင်းချင်ပြောင်း မပြောင်းချင်နေ လုံးဝ ဂရုမစိုက်ဘူး ..." 


သူမက ဝမ်အန်းကို စိုက်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။ 


"ဒီနေ့ ကျွန်မ ဒီကိုရောက်လာတာ ဇာတ်ညွှန်းအကြောင်း ပြောဖို့မဟုတ်ဘူး စာချုပ်ကို ဖျက်သိမ်းဖို့လာတာ အဲဒါကြောင့် အခုပဲ ရှင်တို့ရှေ့နေကို လှမ်းခေါ်လိုက်တော့ ..." 


ဒါရိုက်တာဝမ်၏ မျက်နှာမှာ ချက်ခြင်းပင် ပြောင်းလဲသွားတော့သည်။ 


"စာချုပ်ဖျက်မလို့ ဟုတ်လား မင်းတို့တွေက ဒီလောက်အထိကို ပြဿနာကို ပုံကြီးချဲ့မလို့လား ဇာတ်ညွှန်းကို မပြောင်းတဲ့ သရုပ်ဆောင်ရယ်လို့ ရှိလို့လား စိတ်တိုင်းမကျရင် ပြောင်းလို့ရရဲ့သားနဲ့ လာပါ ဆွေးနွေးကြရအောင်ပါ ..." 


အရိုးသားဆုံး ပြောရပါလျှင် ရိုက်ကွင်းတစ်ခုလုံးတွင် ရှောင်ကျားရှုသည် သူစိတ်တိုင်းအကျဆုံး သရုပ်ဆောင် ဖြစ်ပေသည်။ ပြောင်မြောက်လှသည့် သရုပ်ဆောင်စွမ်းရည်၊ နူးညံ့လှသည့် စိတ်နေစိတ်ထား၊ ယဉ်ကျေးမှုနှင့် စိတ်အားထက်သန်ခြင်းတို့ ပိုင်ဆိုင်ထားသည့်အပြင် သူရိုက်ကူးရမည့် အပိုင်းတိုင်းကို ဒါရိုက်တာ၏ စိတ်ကူးစိတ်သန်းနှင့် တစ်ထပ်တည်း ကျအောင်ပင် ပြောင်မြောက်စွာ ရိုက်ကူးနိုင်ပေသည်။ 


ရှောင်ကျားရှု ထွက်သွားမည့်အစား ချိုးတုအား နှင်ထုတ်ရမည်ကိုပင် ပို၍ လိုလားသေးသည်။ ရှောင်ကျားရှုကသာ ရိုက်ကွင်းတွင် အသိစိတ်ရှိသည့် တစ်ဦးတည်းသောသူ ဖြစ်ပေသည်။ သူသာ ထွက်သွားပါလျှင် အခြေအနေတစ်ခုလုံး ကူကယ်ရာမဲ့သွားပေတော့မည်။ ထိုသို့ တွေးကာ သူတို့ကို ခြိမ်းခြောက်လိုက်၏။ 


"ဇာတ်လမ်းက တစ်ဝက်နီးပါးတောင် ရိုက်ကူးပြီးသားကို တကယ်လို့ အခုမှ ထွက်သွားမယ်ဆိုရင် စာချုပ်ဖျက်တဲ့ လျော်ကြေးက အရမ်းကို မြင့်မှာနော် ..." 


"ဘယ်သူ့ကို လာပြီး အရူးလုပ်နေတာလဲ လဝက်နဲ့တင် တစ်ဝက်နီးပါးပြီးအောင် ရိုက်နိုင်တယ်ပေါ့ ဟုတ်လား ..." 


သူမက စာချုပ်ကိုထုတ်ကာ တစ်ပိုဒ်ချင်း ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။ 


"အခု အသိစိတ်ရှိတဲ့ ရိုက်ကူးရေးအဖွဲ့ဝင်ရယ်လို့ သိပ်ပြီး များများစားစား မရှိတော့ဘူးပဲ ချိုးတုနဲ့ ကျန်းပင်းကျဲက ဇာတ်လိုက်တွေလို့ ကြားလိုက်ရကတည်းကတော့ ဒါမျိုး အနှေးနဲ့အမြန် ဖြစ်လာမယ်လို့ ထင်ပြီးသားပါ ရှင်တို့ မြင်တဲ့အတိုင်းပဲ စာချုပ်ချုပ်တုန်းက ရှောင်ကျားရှုရဲ့ ရပိုင်ခွင့်နဲ့ တာဝန်တွေကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးသား ပထမဆုံးအနေနဲ့ သူ့အပိုင်းတွေကို ဖျက်ပစ်လို့ မရဘူး ဒုတိယတစ်ခုက သူ့ဇာတ်ကောင်ရဲ့ ပုံစံကို ဖျက်ဆီးလို့ မရဘူး တတိယအချက်အနေနဲ့ အတည်ပြုချက် မရှိဘဲ ဇာတ်ညွှန်းကို ပြောင်းလဲခွင့် မရှိဘူး မူရင်းဝတ္ထုရဲ့ အခြေခံ အနှစ်သာရကို သစ္စရှိရှိနဲ့ တင်းတင်းကြပ်ကြပ် လိုက်နာရမယ် ပြီးတော့ အရေးအသား ပြောင်းလဲမယ်ဆိုရင်လည်း ကျွန်မတို့ကို ကြိုတင်အသိပေးရမယ် ... ဘယ်အချက်တွေကိုများ ရှင်တို့တွေ လိုက်နာခဲ့လဲ ပြောပါဦး စာချုပ်ပါ စကားရပ်တွေကို ရှင်တို့ဘက်က စတင်ချိုးဖောက်တာ ဖြစ်တဲ့အတွက် ကျွန်မတို့မှာ စာချုပ်ကို ဖျက်သိမ်းခွင့် ရှိပြီးသား

..." 


ဟွမ်မိန်ရွှမ်၏ ထပ်ကာထပ်ကာ တိုက်စစ်ဆင်မှုကြောင့် နောက်ဆုံးတွင်တော့ ဒါရိုက်တာဝမ်လည်း ရှေ့နေကို လှမ်းခေါ်လိုက်ရတော့သည်။ ‌ 




Xxxxxxcx