အပိုင်း ၁၂၅
Viewers 43k

Chapter 125





ရှေ့နေ ရောက်လာမည်ကို စောင့်နေစဉ် ဟွမ်မိန်ရွှမ်က ရှောင်ကျားရှုကို ထောင့်နားသို့ ဆွဲခေါ်၍ တီးတိုးမေးလိုက်၏။ 


"တကယ်ကြီး မရိုက်ဖို့ ဆုံးဖြတ်လိုက်ပြီလား ပြောရရင် မင်းသာ လုပ်ချင်တယ်ဆို ဇာတ်ညွှန်းကို ပြန်ပြောင်းခိုင်းလို့ ရတယ်လေ ဒါပေမယ့် တစ်ဝက်တစ်ပျက်ကြီးကျမှ စာချုပ်ကို ဖျက်လိုက်ရင် ကောလဟာလတွေ ထွက်လာပြီး မင်းဂုဏ်သတင်းကို ထိခိုက်သွားလိမ့်မယ် ..." 


ရှောင်ကျားရှုက ခေါင်းကို ယမ်းပြလိုက်သည်။



"မိန်ရွှမ်ကျဲ ဇာတ်ညွှန်းပြောင်းတာ မပြောင်းတာက ပြဿနာ မဟုတ်ဘူး ရိုက်ကူးရေးမှာ စိတ်မဝင်စားတဲ့သူတွေ စုနေသရွေ့ ဘယ်လိုမှ ရုပ်ရှင်ကောင်းတစ်ခု ထွက်မလာနိုင်ဘူး ကျွန်တော် ဒီကိုရောက်နေတာ တစ်လနီးပါးလောက် ရှိနေပြီ တစ်လလုံးမှာမှ ကျန်းပင်းကျဲကို နှစ်ကြိမ်ပဲ တွေ့ဖူးသေးတယ် ချိုးတုကလည်း လူစားထိုး ရှစ်ယောက်လောက် ရှိနေတဲ့အပြင် ဇာတ်ညွှန်းကိုပါ စိတ်ကြိုက် ပြောင်းလိုက်သေးတယ် ဒုတိယဇာတ်လိုက်မင်းသမီးကလည်း စာသားအရှည်ကြီးတွေကို မမှတ်နိုင်လို့ဆိုပြီး မူရင်းစာသားတွေ အကုန်လုံးကို နှစ်ကြောင်းတည်း ဖြစ်သွားအောင် အတိုချုံ့ပြီး ပြီးစလွယ် ပြောသွားတယ် နောက်တစ်ယောက်က ပိုတောင် ကြောက်ဖို့ကောင်းသေးတယ် သူမရဲ့ စာသားတွေကို နံပါတ်တွေနဲ့ အစားထိုးပစ်တယ် ကျွန်တော်ဆို သူမစကားတွေကို အဓိပ္ပါယ်ပြန်ဖော်နေရတာကို အလုပ်တစ်ခု ဒီရိုက်ကွင်းမှာ တစ်ကိုယ်တော် သရုပ်ဆောင်ဖို့ သင်ယူရတဲ့အပြင် သာမန်လောက်လေးပဲ လုပ်ရမယ် ဆိုတာကကို စံသတ်မှတ်ချက် ဖြစ်နေပြီ လေးလေးနက်နက် အားစိုက်ထုတ်မှုဆိုတာ ဒီရိုက်ကွင်းနဲ့ မသက်ဆိုင်တဲ့အရာလိုပဲ ကျွန်တော့်ရဲ့ သုံးလောကအမြင်တွေ အကုန်လုံး ပျက်စီးကုန်ပြီ ..."

(နံပါတ်တွေနဲ့ အစားထိုးပစ်တယ်ဆိုတာကလေ ပါးစပ်လှုပ်နေသလိုဖြစ်အောင် နံပါတ်တွေရွတ်နေတာပါ)


သူက မျက်နှာကို ပွတ်သပ်လျက် ‌ငြင်းဆန်လိုက်သည်။ 


"မိန်ရွှမ်ကျဲ ကျွန်တော် တကယ်ကို ဆက်ရိုက်ဖို့ အစီအစဉ် မရှိတော့ဘူး ..." 


"အိုကေ အိုကေ ‌အိုကေ ..." 


သူမက သူ့ခေါင်းကို ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်သည်။ 


"မရိုက်ချင်ရင်လည်း ဆက်မရိုက်တော့ဘူးလေ ..." 


မိနစ်အနည်းငယ်ကြာ ဆွေးနွေးပြီးနောက် အတွေ့အကြုံ ရင့်ကျက်သည့် ရှေ့နေနှစ်ဦး ရိုက်ကွင်းသို့ ရောက်လာတော့သည်။ အကြိတ်အနယ် ဆွေးနွေးကြပြီးနောက်တွင်တော့ ဝမ်အန်းမှာ အတွေ့အကြုံ များပြားလှသည့် ဟွမ်မိန်ရွှမ်ကို အရှုံးပေးလိုက်ရတော့၏။ ရလဒ်အနေဖြင့် ရှောင်ကျားရှုမှာ လျော်ကြေးတစ်ပြားတစ်ချပ်မှ ပေးစရာ မလိုဘဲ အလွယ်တကူ နုတ်ထွက်လာနိုင်ခဲ့တော့သည်။ သုံးရက်အကြာတွင် အင်တာနက်ပေါ်၌ ကြည်လင်ပြတ်သားမှု မရှိသည့် ဗီဒီယိုတစ်ခု ထွက်ပေါ်လာတော့၏။ အနည်းငယ် နာမည်ကြီးစပြုနေပြီဖြစ်သော မင်းသမီးတစ်ယောက်က ရှောင်ကျားရှု၏ လက်ကိုဆွဲကာ ဘာကြောင့် စာချုပ်ကို ဖျက်ရသလဲ မေးလိုက်စဉ် သူက အေးစက်စွာ ပြန်ဖြေလိုက်၏။ 


"ဒီလိုဇာတ်ညွှန်းမျိုးက ရုပ်ရှင်ရိုက်စားလို့ မရဘူး ငါ ဘယ်လိုနည်းနဲ့မှ ဆက်မရိုက်နိုင်တော့ဘူး ..." 


ဗီဒီယိုနှင့်အတူ ထိုမင်းသမီး၏ ရှင်းပြချက်ကိုပါ ပူးတွဲတင်ပြထားသည်။ ရှောင်ကျားရှုမှာ သူသရုပ်ဆောင်ရမည့် အခန်းတို့ နည်းပါးလှသည့်အပေါ် မကျေနပ်၊ ဇာတ်ညွှန်းကို ပြောင်းလဲပစ်ချင်သော်ငြား ဒါရိုက်တာက သဘောမတူသည့်အတွက် ရှိုးမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ သို့သော် ဒါရိုက်တာက သူ့အလိုကို မလိုက်လျော။ ချက်ခြင်းပင် စာချုပ်ကို ရုတ်သိမ်းခဲ့သည်။


ထိုလူချမ်းသာ သခင်လေးမှာ လွန်စွာ စိတ်ထားဆိုးရွားလှသည့်အပြင် သူ့ကို အလိုလိုက် အကြိုက်ဆောင်နိုင်ရန်လည်း ခဲယဉ်းလွန်းလှသည်။ သူတစ်ယောက်တည်းကသာ အရေးပါသယောင်လည်း မကြာခဏ သရုပ်ဆောင်ပြတတ်သေးသည်ဟုပါ ရေးသားထားပေသည်။ 


ဗီဒီယိုမှအပ သူမ ပြောသမျှတိုင်းမှာ အခြေအမြစ်မရှိ၊ အမှန်တရားဟူ၍ တစ်ခုမှ မပါဝင်သော်ငြား "နဂါးနှစ်ကောင်၏ ရာဇဝင်" Weibo စာမျက်နှာမှ ရှောင်ကျားရှုသည် စာချုပ်ကို ဖျက်သိမ်းကာ ရိုက်ကွင်းမှ ထွက်ခွာသွားပြီဟု ကြေငြာလိုက်သည့်အခါ အားလုံး တစ်ဖြည်းဖြည်း ယုံကြည်စ ပြုလာတော့သည်။ 


ထိုသို့ဖြင့် ရှောင်ကျားရှုမှာ ရှေ့တန်းသို့ တွန်းထုတ်ခံလိုက်ရကာ သူ့ကို ဆူပူကြိမ်းမောင်းကြသူများ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာတော့သည်။ တစ်ခြားသူ၏ လုပ်အားအသီးအပွင့်ကို ဝေဖန်နေမည့်အစား သူကိုယ်တိုင် ရေးလိုက်ပါလားဟု ပြောကြသူများအပြင် သူထွက်သွား၍ တော်သေးသည် သို့မဟုတ်ပါလျှင် ရုပ်ရှင်တစ်ကားလုံး ကြည့်ရက်စရာပင် ရှိတော့မည် မဟုတ်ဟု ပြောသူများလည်း အများအပြားပင်။ ရှောင်ကျားရှု၏ ပရိသတ်များကလည်း တန်ပြန်တိုက်ခိုက်ကြသော်ငြား မူရင်းစာအုပ်၏ ပရိသတ်များလောက် အင်အားမတောင့်တင်းသည့်အတွက် အရှုံးပေးလိုက်ရတော့သည်။ 


ရှောင်ကျားရှု၏ ရုပ်ရည်မှာ မူရင်းဝတ္ထုထဲရှိ လီယွမ်ဟောက်၏ ရုပ်ရည်သွင်ပြင်နှင့် လုံးဝ ကွက်တိကျနေသည်ဟု ချီးကျူးသူများ ရှိသော်ငြား မူရင်းစာရေးသူနှင့် ဇာတ်ညွှန်းရေးဆရာကို မလေးစားနိုင်လျှင် ထွက်သွားခြင်းက ပိုကောင်းသူဟု ဆိုလာကြပေသည်။ အနုပညာလောကတွင် ရုပ်ရည်ကြည့်ကောင်းသူများ ပေါများလှရာ အစားမထိုးနိုင်လောက်အောင် လှပသူဟူ၍ မရှိပေ။ 


ဇာတ်ကွက်နည်းနည်းပဲ ရှိလို့ ပြောင်းလဲဖို့ လုပ်တယ် ပြောင်းလို့ မရတော့ စာချုပ်ကို ဖျက်သိမ်းတယ် ဒါကမှ အာဏာရှင်ဆန်တာ မဟုတ်ရင် ဘယ်ဟာက အာဏာရှင်ဆန်တာလဲ ... 


ထိုဖြစ်ရပ်အပြီးတွင် ရှောင်ကျားရှု၏ ကောင်းမွန်လှသော ဂုဏ်သတင်း တစ်စစီ ကျိုးပျက်ကာ ရိုက်ကွင်းရှိ မည်သူကမှ သူ့ဘက်မှ မရပ်တည်ပေးကြချေ။ ထိုဖြစ်ရပ်၏ အဓိကလက်သည်မှာ သူတို့ပင် ဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါလျှင် ဦးစွာ ကောလဟာလ ဖြန့်ပြီးနောက် အခွင့်ကောင်းယူကာ တရားဝင် သတင်းထုတ်ပြန်မည် မဟုတ်ချေ။ ၎င်းမှာ ကြိုတင်ကြံစည်ထားသည့် လုပ်ရပ်ပင် ဖြစ်ပေသည်။ 


ယခုမှသာ ရှောင်ကျားရှုလည်း အဖြူနှင့်အမည်း ပြောင်းပြန်လှန်ခြင်းမှာ မည်သို့မည်ပုံဖြစ်ကြောင်း စဘောပေါက်လာတော့သည်။ မျက်လုံးတို့ နီရဲလာသည်အထိ ဒေါသထွက်လာကာ ဖုန်းကိုထုတ်၍ ရိုက်ကွင်းတွင် သူကြုံခဲ့သမျှ ထူးဆန်းသည့်ကိစ္စတိုင်းကို ချက်ခြင်း ထုတ်ပြလိုက်တော့သည်။ နာမည်အတိအကျ ထည့်ရေးမထားသည့်တိုင် သေချာဂရုတစိုက် ဖတ်ကြည့်ပါလျှင် သူ မည်သူ့ကို ဆိုလိုနေကြောင်း ချက်ခြင်း သိနိုင်ပေသည်။ 


ထိုပို့စ် တင်လိုက်သည်နှင့် တစ်ပြိုင်နက် ချိုးတု၊ ကျန်းပင်းကျဲနှင့် အခြားသူများ၏ ပရိသတ်အားလုံးကပါ မူရင်းစာအုပ်၏ ပရိသတ်များနှင့် ပေါင်းစည်း၍ ရှောင်ကျားရှုကို ပူးပေါင်းတိုက်ခိုက်ပြီး အနုပညာလောကမှ ထွက်သွားရန် ခြိမ်းခြောက်လိုက်ကြတော့သည်။ 


ရှောင်ကျားရှုအဖို့ ဤသို့ကြုံရခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်။ သို့သော် ပြီးခဲ့သည့်အခေါက်က သက်သေပြစရာ ရှိခဲ့သည့်တိုင် ယခုမူ သူ့လက်ထဲတွင် မည်သည်ကိုမှ လက်ဆုပ်လက်ကိုင် ပြစရာမရှိ။ ရက်စက်ကြမ်းကြုတ်လှသည့် မှတ်ချက်တို့ဖြင့် ပြည့်နှက်နေသော Weibo account ကို ငေးကြည့်ရင်း နှလုံးသားတစ်ခုလုံး နာကျင်မှု၊ စိတ်ရှုပ်ထွေးခြင်းတို့ဖြင့် ပြည့်နှက်သွားတော့သည်။ 


သူက ရုပ်ရှင်ကောင်းကောင်းလေး ရိုက်ချင်ရုံတင်ပါ ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ ... 


မယုံကြည်နိုင်မှုတို့ဖြင့် မူးဝေနေစဉ် ဂယက်ထသွားစေသည့် ပို့စ်ကို ဖျက်လိုက်သည့်အတွက် အင်တာနက်သုံးစွဲသူအားလုံး ဝမ်းသာအားရ ဖြစ်သွားကြတော့သည်။ အားလုံးက ရှောင်ကျားရှုမှာ ဇာတ်လိုက်နေရာကို မယူခဲ့သည့်အတွက် အကြိမ်းမောင်းခံရကြောင်း ဝန်ခံလိုက်သည်၊ သူနှင့် ထိုက်တန်၍ အနုပညာလောကမှ ထွက်သွားသင့်သည် စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ ပြောဆိုလာကြပြန်သည်။ 


သူက အမှန်တရားကို ပြောနေခြင်း ဖြစ်သော်ငြား ရေတပ်နှင့် anti-fan တို့၏ ဦးဆောင်မှုကြောင့် မည်သူကမှ သူ့ကို မယုံကြည်ကြတော့။ သူ့စိတ်နေစိတ်ထားကိုပင် သံသယဝင်လာကြကာ ပို့စ်ကို ပြန်ဖျက်လိုက်ခြင်းမှာလည်း သူ့ကိုယ်သူ မလုံမလဲဖြစ်၍လားဟု ပြောလာကြတော့သည်။ 


သူက ဟွမ်မိန်ရွှမ်ကို ချက်ခြင်း ဖုန်းဆက်ကာ မေးလိုက်သည်။ 


"မိန်ရွှမ်ကျဲ ကျွန်တော့် Weibo ကို ဖျက်ပစ်တာလား ဘာလို့လဲ ..." 


"ရှောင်ရှု အခု ဘယ်ရောက်နေတာလဲ စိတ်ကို ငြိမ်ငြိမ်ထား ကုမ္ပဏီကိုရောက်မှ ဆက်ပြောကြရအောင် ရှေ့လျှောက် မီဒီယာရှေ့မှာ ဘာမှမပြောနဲ့ ကျဲတို့နဲ့ လွှဲထားလိုက် ဟုတ်ပြီလား ..." 


"ဒါဆို ကျဲပြောတဲ့ ကိုင်တွယ်တဲ့ နည်းလမ်းဆိုတာ ကျွန်တော့်ကို တိတ်တိတ်နေခိုင်းမယ်လို့ ဆိုလိုတာလား ..." 


ရှောင်ကျားရှုက ကားကို လမ်းဘေးထိုးရပ်ရင်း နီရဲနေသည့် မျက်လုံးတို့ဖြင့် မေးလိုက်သည်။ 


"အချိန်တစ်ခုအထိပဲ တိတ်တိတ်လေး နေခိုင်းတာပါ ရှောင်ရှု မင်းက အရမ်းကို စိတ်လိုက်မာန်ပါ လုပ်လွန်းတယ် မင်းစိတ်ထားတွေကို ပြောင်းလဲသင့်တယ်နော် ဒီလောကမှာ အားလုံး ပြီးပြည့်စုံတဲ့သူက မရှင်သန်နိုင်ဘူး အလျော့ပေးသင့်ရင် ပေးရမယ်လေ ..."


‌သူက ခေါင်းကို ဖြေးညင်းစွာ ခါယမ်းပြလိုက်သည်။ 


"မိန်ရွှမ်ကျဲ ကျွန်တော်ကတော့ အလျော့ပေးမှာ မဟုတ်ဘူး ..." 


ထို့နောက် ဖုန်းကို ချက်ခြင်း ချပစ်လိုက်၏။ ကားကို မောင်းကာ ထွက်သွားတော့မည် ပြင်လိုက်စဉ်မှာပင် အရပ်ရှည်ရှည် လူတစ်ယောက် သူ့ကားနား ရောက်လာကာ ပြတင်းပေါက်ကို ခေါက်လျက် နက်ရှိုင်းသည့် အသံဖြင့် ပြောလိုက်သည်။ 


"ရှောင်ရှု တံခါးဖွင့်ပါဦး စကားပြောကြရအောင် ..." 


ရှောင်ကျားရှုမှာ အလွန်အံ့ဩသွားဟန်ပင်။ 


"ကျိကော ဘယ်လိုဖြစ်ပြီး ကျွန်တော့်ကို ရှာတွေ့တာလဲ ..." 


"ရှုကျဲက မင်း မတော်တဆတစ်ခုခု ဖြစ်သွားမှာ ကြောက်လို့ဆိုပြီး ဖုန်းမှာ ခြေရာခံစက် တပ်ထားတယ်လေ ..." 


ထို့ကြောင့် ကျိမြန်မှာ သတင်းကြားလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ကို လိုက်ရှာရမည့် တာဝန်ကို ဦးစွာ ယူခဲ့ခြင်း ဖြစ်ပေသည်။ 


ဖုန်းကို စိုက်ကြည့်နေသည့် ရှောင်ကျားရှု၏ အမူအယာမှာ စိတ်ပျက်သွားဟန်ပင်။ ဘာကြောင့် သူ့လွတ်လပ်ခွင့်ကို ကန့်သတ်ရသလဲဟု သူ့အမေကို မေးလိုက်ချင်သော်ငြား သူမသည် အတိတ်ကလို ဖြစ်ရပ်မျိုး နောက်တစ်ကြိမ် ထပ်ကြုံလာရမည်ကို စိုးရိမ်သဖြင့် ဤသို့ လုပ်ရခြင်းဖြစ်ကြောင်းကိုလည်း သိနေပေသည်။ သူ့အပေါ် ထားရှိသည့် သူမ၏ မေတ္တာတရားမှာ မည်သည့်အရာတို့နှင့်မှ တုနှိုင်း၍ မရနိုင်ချေ။ 


အဆုံးတွင်တော့ ဖုန်းကို ဘေးချလျက် စိတ်ပျက်အားငယ်စွာဖြင့်သာ မေးလိုက်တော့သည်။ 


"ကျိကော ကောလည်းပဲ ကျွန်တော်လုပ်တာ မှားတယ်လို့ ထင်လား ..." 


ကျိမြန်က လက်နှစ်ဖက်ကို ကားထဲချကာ အလေးအနက် ပြောလိုက်သည်။ 


"ရှောင်ရှု လူတစ်ယောက်ခြင်းရဲ့ ခွန်အားတွေဆိုတာ အရမ်းကို သေးငယ်လွန်းတယ် အဲဒါကြောင့် လောကကြီးတစ်ခုလုံးကို မပြောင်းလဲနိုင်ဘူး မင်းကိုယ်မင်းပဲ ပြောင်းလဲနိုင်မှာ ..." 


မထင်မှတ်ထားသည်မှာ ထိုစကားတစ်ခွန်းက ပေါက်ကွဲလုမတတ် ဖြစ်နေသော ရှောင်ကျားရှု၏ စိတ်တို့ကို အဆုံးစွန်အထိ တွန်းပို့မိလျက်သား ဖြစ်သွားတော့သည်။ ခေါင်းကို ချက်ခြင်းမော့လျက် တစ်လုံးချင်း ပြောလိုက်၏။ 


"ကျိကော ကျွန်တော်ကတော့ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး ကျွန်တော်က တစ်ချို့လူတွေရဲ့ အကျိုးအမြတ်ကို နှောင့်နှေးစေတဲ့အထိ အရမ်းကို စိတ်လိုက်မာန်ပါ ဖြစ်ချင်ဖြစ်မယ် ခေါင်းမာပြီး ပြီးပြည့်စုံမှုကိုပဲ လိုလားတာမျိုး ဖြစ်ကောင်းဖြစ်လိမ့်မယ် ဒါပေမယ့် အနည်းဆုံးတော့ ကျွန်တော်ကိုယ်တိုင်ရယ်၊ ကျွန်တော့်ပရိသတ်တွေအတွက်ရယ် ပြီးတော့ ကြည့်ရှုသူတွေအတွက်တော့ ထိုက်တန်အောင် ကြိုးစားမှု အပြည့်ရှိတယ် ကျန်းပင်းကျဲနဲ့ ချိုးတုက အလုပ်ကို ကောင်းကောင်းမလုပ်တာတောင် သူတို့ပရိသတ်တွေက အဲဒီ့မပြည့်စုံမှုကို လက်ခံပြီးတော့ ပိုက်ဆံပေးချင် ပေးလိမ့်မယ် ဒါပေမယ့် ကျွန်တော့်ပရိသတ်တွေကတော့ မဟုတ်ဘူး သူတို့က ကျွန်တော့်ကို ချစ်ပေးတယ် အားပေးတယ် အဲဒါကြောင့် သူတို့ရဲ့ အချစ်နဲ့ ထိုက်တန်အောင် နေရမယ့် တာဝန် ရှိနေတယ် ကျွန်တော်လုပ်တာတွေက အကောင်းဆုံး ဖြစ်ချင်မှ ဖြစ်လိမ့်မယ် ဒါပေမယ့် ကျွန်တော် တတ်နိုင်သလောက် အကောင်းဆုံးလုပ်ဖို့ ဆန္ဒရှိပြီးသား သူတို့ကို စိတ်မပျက်စေချင်ဘူး ကျွန်တော့်ကို အချစ်တွေ အများကြီး ပေးထားရက်သားနဲ့  သူတို့ကျ အပြစ်အနာအဆာ မကင်းတာတွေပဲ ပြန်ရတယ်ဆိုတဲ့ ဖြစ်ရပ်မျိုး ဖြစ်လာမှာကို လုံးဝ လက်မခံနိုင်ဘူး ..." 


ကားတံခါးကို ပိတ်လျက် တီးတိုးပြောလိုက်သည်။ 


"ဖန်တွေက သူတို့ရဲ့ အိုင်ဒေါအတွက် ဘာမဆို ပေးဆပ်လိုစိတ် ရှိနေတာက တကယ်ကို ထိရှစရာပဲ ဒီလို မေတ္တာတွေကို ရနေရင် ကျွန်တော်ကလည်း သူတို့ကို အကောင်းဆုံး ပြန်ပေးရမယ် မဟုတ်လားအားပေးတဲ့သူတွေဆီကနေ မေတ္တာတရားကို အလွယ်တကူ ရယူနိုင်‌ရအောင် ကျွန်တော်က ဘုရားသခင် မဟုတ်ဘူး သာမန်လူတစ်ယောက်ပဲ စိတ်အားထက်သန်တယ် ဂုဏ်ယူဝံ့ကြွားတယ် ကျွန်တော့်ရဲ့အလုပ်၊ ပရိသတ်နဲ့ ကြည့်ရှုသူကို အမြဲတမ်း လေးစားတယ် ဒါက သရုပ်ဆောင်တစ်ယောက်မှာ ရှိသင့်တဲ့ အခြေခံကျင့်ဝတ်ပဲ မဟုတ်လား ကျိကော ကျွန်တော်က မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်နေတာလေ ကျွန်တော့်ရဲ့ စည်းမျဉ်းတွေက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး ..." 


သူက ကျိမြန်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ကာ ကားကို အရှိန်တင်လျက် ထွက်သွားလိုက်တော့သည်။  နောက်ဆုံးတွင်တော့ ကျိမြန် ဘာကြောင့် ဤမျှ ကျော်ကြားနေချိန်အတွင်း အနုပညာလောကမှ နုတ်ထွက်ရန် ရွေးချယ်ခဲ့ကြောင်း၊ စင်ပေါ်မှ စင်နောက်သို့ တစ်ဖြည်းဖြည်း ရွေ့သွားလိုကြောင်း နားလည်သွားချေတော့သည်။ အကြောင်းမှာ သူ့အနေဖြင့် လောကကြီးတစ်ခုလုံးကို မပြောင်းလဲနိုင်၍ ဖြစ်သည်။ ဤသို့ဖြင့် အမှန်တရားကို တစ်ဖြည်းဖြည်း လက်ခံလိုက်ရတော့သည်။ 


သူ့ရွေးချယ်မှုမှာ မှန်ကန်ကောင်း မှန်ကန်နိုင်သော်ငြား ရှောင်ကျားရှုကမူ လွန်စွာ စိတ်ပျက်သွားတော့သည်။ ကျိကောကသာ သူ့ကို နားလည်ပေးနိုင်မည့် တစ်ဦးသူဖြစ်သည်ဟု မှတ်ယူထားခဲ့သော်ငြား ယခုမူ ဤသို့ဖြစ်ဟန်မတူတော့ချေ။ 


သူမောင်းထွက်သွားပြီး တစ်ခဏအကြာတွင်တော့ ကျိမြန်သည် သူ့အတွေးတို့ကို ကြားလိုက်ရချေတော့သည်။ 


"ကျိကော ကောကို တကယ် စိတ်ပျက်မိသွားပြီ " 


ကျိမြန်က ‌ကား ပျောက်ကွယ်သွားသည်အထိ ငေးလျက်

သား စိုက်ကြည့်နေကာ အတော်ကြာကာမှ လှမ်းအော်ကာ တားလိုက်တော့သည်။ 


"ရှောင်ရှု ပြန်လာခဲ့ ရပ်ဦး ..."



Xxxxxxxx