အပိုင်း ၁၂၆
Viewers 45k


Chapter 126




သို့သော် ကားမှာ တော်တော်ဝေးဝေးသို့ ရောက်သွား၍ နောက်မီး‌အရောင်ကိုပင် မတွေ့‌ရတော့။ 


ကျိမြန်လည်း သူ့လည်စည်းကို ဆွဲဖြည်ကာ စိတ်ဖိစီးမှု အပြည့်ဖြင့် ဆံပင်တို့ကို ထိုးဖွလိုက်သည်။ "စိတ်ပျက်သွားမိပြီ" ဟူသည့် စကားမှာ "မင်းကိုမုန်းတယ်" ဟူသည့် စကားနည်းတူ နာကျင်ဖွယ်ရာ ကောင်းလှကြောင်း မသိခဲ့ချေ။ 


ဘယ်လိုဖြစ်ပြီးတော့များ ရှောင်ကျားရှုရဲ့ အပြစ်ကင်းတဲ့ နှလုံးသားလေးကို နောက်ကျိနေတဲ့ ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲခိုင်းခဲ့မိတာလဲ ဘယ်လိုဖြစ်လို့များ ... 


သူ၏ ပြဿနာကို ကိုင်တွယ်ပုံအား ပြောင်းလဲရန်၊ အဓိပ္ပါယ်ကောက် လွဲသွားနိုင်သည့် စကားများကို အလွယ်တကူ မပြောရန်နှင့် သူစိမ်း‌များရှေ့တွင် သတိလက်လွတ် မနေရန် အကြံပေးလိုခြင်းသာ ဖြစ်ပေသည်။ ရှောင်ကျားရှုမှာ ရိုးသားကာ တဇွတ်ထိုးဆန်တတ်သူ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့သော် ထိုအချက်များမှာ အခြားသူများက သူ့ကို တိုက်ခိုက်မည့် နည်းလမ်းများ ဖြစ်လာစေ၍ မရချေ။ 


သူ့အကြံပေးမှုနှင့် နှစ်သိမ့်မှုအားလုံးကို မပြောရသေးခင်မှာပင် ရှောင်ကျားရှုက သူ့ကို စွန့်ပစ်သွားချေပြီ။ ရှောင်ကျားရှု၏ အတွေးထဲရှိ သူ့ပုံရိပ်မှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ 


ရှောင်ကျားရှုက သူ့ကို အရမ်းလေးစားခဲ့ပေမယ့် အခုတော့ တော်တော်လေးကို စိတ်ပျက်သွားပြီ အကျိုးနည်းပဲ အဲဒီ့စိတ်ပျက်သွားတယ် ဆိုတာကြီးကပဲ သူ လက်မခံနိုင်ဆုံး ဖြစ်နေတယ် ... 


ရှောင်ကျားရှု၏ နှလုံးသားထဲတွင် မပြည့်မစုံ နေသွားရမည့်အစား သူ့ကို တစ်သက်လုံး လျစ်လျူရှုသွားရန်ကိုသာ ပိုမိုလိုလားပေသည်။ ဖုန်းကိုထုတ်ကာ ရှို့ချန်ယုနှင့် ရွှယ်မြောင်တို့ကို ဆက်သွယ်လိုက်ပြီးကာမှ ကားဆီ ပြန်လာ၍ ကားစတီယာတိုင်ကို နှစ်ကြိမ်တိုင် ခပ်ပြင်းပြင်း ရိုက်လိုက်တော့၏။ 


ဘေးခုံတွင် ထိုင်နေသော ဖန်ခွင်းက ပြောလိုက်သည်။ 


"ဘာလို့ ရှောင်ကျားရှုက မင်းပြောတာကိုတောင် နားမထောင်တော့တာလဲ သူနဲ့ ပြတ်သွားပြီလား ..." 


ကျိမြန်က မောပန်းတကြီး သက်ပြင်းချလိုက်သည်။ 


"သူ့အပေါ်မှာ ထားတဲ့ ငါ့ခံစားချက်တွေက ဘယ်လိုဆိုတာ ပြီးတော့ သူနဲ့ ဘယ်လိုဆက်လုပ်ချင်လဲဆိုတာတွေကို မသေချာသေးဘူး ငါတို့က တစ်ခါမှတောင် မတွဲဖူးဘဲနဲ့ ဘယ်လိုလုပ် ပြတ်သွားရမှာလဲ ..." 


"မင်း ခံစားချက်တွေက အခုထိ မသေချာသေးဘူးပေါ့ ..." 


ဖန်ခွင်းမှာ ရယ်ရလွန်း၍ သေလုမတတ်ပင်။ သူက လက်ကို ဆန့်ထုတ်ကာ ပြောလိုက်သည်။ 


"မင်းဖုန်းကို ဖွင့်ပြီးတော့ ပေးလိုက်စမ်းပါ ..." 


ကျိမြန်မှာ အကြောင်းအရင်းကို မသိသည့်တိုင် သတိလက်လွတ်ဖြင့် ပေးလိုက်မိတော့သည်။ 


ဖန်ခွင်းက ဓာတ်ပုံအယ်လ်ဘမ်ကို ဖွင့်ကြည့်ကာ လှောင်ရယ်လိုက်၏။ 


"ကြည့်လိုက် ဒီထဲမှာ ဓာတ်ပုံနှစ်ရာကျော် ရှိတယ် အဲဒီထဲက ၁၉၀ ကျော်ကျော်လောက်က ရှောင်ကျားရှုရဲ့ပုံတွေ ..." 


ထို့နောက် WeChat ကို ဖွင့်လိုက်ပြန်သည်။ 


"ရှောင်ကျားရှုနဲ့ ပြောထားတာက ထိပ်ဆုံးမှာ မင်းကို စာပြန်မပို့တာတောင် နေ့တိုင်း တစ်ဒါဇင်ကျော်လောက် ပို့နေတုန်းပဲ ဘယ်တုန်းကများ ဒီလောက်အထိ စိတ်ရှည်သွားရတာလဲ ..." 


ထို့နောက် Weibo friend circle ကို ဖွင့်လိုက်ပြန်၏။ 


"ကြည့်လေ မင်း သူနဲ့ တွေ့ပြီးကတည်းက နေ့တိုင်း သူနဲ့ ဆက်စပ်တဲ့ ပို့စ်တစ်ခုလောက်တော့ အနည်းဆုံး တင်နေတာ ဒါတောင် သူ့အပေါ် ခံစားချက်မရှိပါဘူး ပြောနိုင်သေးတယ်ပေါ့ မင်းသာ သူ့ကို တကယ် မချစ်ရင် ဒီလိုမျိုး ပျင်းစရာကောင်းတယ်လို့ ထင်ရတဲ့ ကိစ္စတွေကို လုပ်မှာတဲ့လား လင်းလဲ့ယန်နဲ့ တွဲတုန်းကတောင် လုပ်ခဲ့လို့လား ..." 


"ဒီအကြောင်းတွေ မပြောတော့ဘူး ..." 


ဖန်ခွင်းက ဆက်ပြောလိုက်သည်။ 


"စာအုပ်စင် ထိပ်ဆုံးထပ်မှာ အမြတ်တနိုး သိမ်းထားတဲ့ ဓာတ်ပုံအယ်လ်ဘမ်နှစ်ခုကရော မင်း‌ ကော်ဖီစားပွဲပေါ်က ချန်းယွဲ့ဟော်တယ်အတွက် သီးသန့်ထုတ် မဂ္ဂဇင်းရဲ့ မျက်နှာဖုံးဓာတ်ပုံကရော အဲဒါတွေကို နေ့တိုင်း ကြည့်နေလွန်းလို့ စာရွက်အနားတွေတောင် တွန့်နေတာ ငါ ဒါတွေကို မမြင်ဘူးများ ထင်နေလား မင်းကွန်ပျူတာထဲမှာ သိမ်းထားတဲ့ emoji တွေ ဗီဒီယိုဖိုင်တွေရောပဲ မင်းသုံးနေတဲ့ expression pack တွေကိုလည်း လက်ချိုးရေကြည့်လိုက်ဦး တစ်ခုနှစ်ခုသုံးခုတင် မကဘူးလေ မင်းတစ်ဘဝလုံး သူ့အကြောင်းတွေနဲ့ ပြည့်နေတာ စကားဆယ်ခွန်းမှာ ကိုးခွန်းက သူနဲ့ ပတ်သက်တာတွေ သူသာ ဘေးနားရှိနေရင် နေကြာပန်းကြီးလို ပြုံးဖြီးနေပြီးတော့ သူမရှိရင် မင်းပါ ဝိဉာဉ်မရှိတော့သလိုပဲ လာ‌ပါ ပြောလိုက်စမ်းပါ သူ့အပေါ်မှာ မင်းခံစားချက်တွေ ဘယ်လိုရှိနေတယ် ဆိုတာကို ..." 


ကျိမြန်က အတော်ကြာ ကြောင်အနေပြီးကာမှ ခပ်တိုးတိုး ပြောလိုက်သည်။ 


"ဒါပေမယ့် ငါ့မှာ သူ့ကို ထုတ်ပြောလို့ မရတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတယ် ဒါ သူ့အတွက် မတရားဘူးလေ ..." 


"ဒါဆို မင်းမှာ လျှို့ဝှက်ချက်ရှိမှန်း ဘယ်တော့မှ မသိစေနဲ့ပေါ့ သူ့အပေါ် အကောင်းဆုံးဖြစ်အောင်သာ ကြိုးစား လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီ ရှိပြီးသား ဒါမျိုးက ပုံမှန်ပဲ ..." 


ဖန်ခွင်းက ဖြောင်းဖျရန်ပင် ဂရုမစိုက်တော့ဘဲ သက်ပြင်းချလိုက်သည်။ 


"အချစ်က အချစ်ပဲကို မင်း ဘာတွေ ကြောက်နေတာလဲ သူ့ကို ဆုံးရှုံးရမှ နောင်တဆိုတာကို သိလိမ့်မယ် ..."


ထိုစကားလုံးများက ကျိမြန်၏ ရင်အစုံကို ပြင်းပြင်းထန်ထန် ပစ်ခွင်းသွားသည့်အတွက် ချက်ခြင်းပင် ကားထဲမှထွက်ကာ ရှောင်ကျားရှုအနောက်သို့ ပြေးလိုက်လိုစိတ်များ ဖြစ်ပေါ်လာတော့သည်။ အမှန်အတိုင်း ပြောရပါလျှင် သူ့အနေဖြင့် နောင်တရနေမိသည်မှာ လွန်စွာ ကြာမြင့်နေပြီဖြစ်သည်။ 


သို့သော် ယခုထိ ဝန်မခံရဲသေးပေ။ 


......

.


သူ့အိမ်ရှိရာသို့ ကားကို အမြန်မောင်းသွားသည့်အတွက် ကျိမြန်မှာ အမီမလိုက်နိုင်တော့။ ရှောင်ကျားရှု နေထိုင်သည့် အိမ်ယာဝင်းမှာ လုံခြုံရေး တင်းကြပ်လှသည့်အပြင် ပြင်ပမှ ယာဉ်များကိုလည်း လုံးဝ ဝင်ရောက်ခွင့် မပြုချေ။ 


ပိတ်ထားသော တံခါးကို ကြည့်ရင်း ဖန်ခွင်းက ခေါင်းကို ခါယမ်းလိုက်သည်။ 


"ရှောင်ကျားရှုက တကယ်ကို ငကြောင်ကောင်ပဲ ငါ့မှာတော့ သူ့ကို ဘားသွားပြီးပဲ သောက်စားနေမလား ကမ်းခြေကို သွားပြီးပဲ ဒေါသတကြီး အော်ဟစ်နေမလား ဒါမှမဟုတ် တစ်ခြားတစ်နေရာရာကို ရက်နည်းနည်းလောက် သွားရှောင်နေမလားလို့ စဉ်းစားနေမိတာကို သူက အိမ်ကို တန်းနေအောင် ပြန်သွားတာပဲ ဒီအကျင့်လေးကလည်း ကောင်းတော့ ကောင်းပါတယ်လေ သူ့ကို စိတ်မပူပါနဲ့တော့ ..." 


ကျိမြန်မှာ ဒေါသထွက်နေသည့်တိုင် ထိုစကားကို ကြားလိုက်ရသည့်အခါ အနည်းငယ်လည်း ဂုဏ်ယူမိသွားတော့သည်။ 


"ရှောင်ရှုက တကယ်ကို လိမ္မာတာ ..." 


စစချင်း တွေ့တုန်းက သူ့ကို ပုန်ကန်တတ်တဲ့ ဆယ်ကျော်သက်လေးလား ဒါမှမဟုတ် လမ်းသရဲလိုလို သောင်းကျန်းတတ်တဲ့ ကောင်လေးလားလို့ ထင်ခဲ့ပေမယ့် လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင် ပေါ် မူတည်ပြီး သူတို့ရဲ့ နှလုံးသားကို အကဲဖြတ်လို့ မရဘူးဆိုပြီး သက်သေပြလိုက်တာပဲ ... 


ဖုန်းကိုထုတ်ကာ ရှောင်ကျားရှုကို ခေါ်လိုက်သည့်အခါ အစပိုင်းတွင် သူ့ခေါ်ဆိုမှုကို လျစ်လျူရှုထားသော်လည်း နောက်ပိုင်းတွင်မှု ခေါ်ဆိုမှုတိုင်းမှာ ဖျက်ချခံလိုက်ရတော့သည်။ ဖုန်းချလိုက်ခြင်းက ပို၍ ကောင်းပေသည်။ ဖုန်းကို ကြည့်နေ၍သာ ဖုန်းချနိုင်ခြင်း ဖြစ်ပြီး စက်ကိုပိတ်၍ ဖြစ်စေ၊ အသံပိတ်၍ ဖြစ်စေ သို့မဟုတ်ပါလျှင် ဖုန်းကို တစ်နေရာတွင် ချန်ထားခဲ့နိုင်သည့်တိုင် ထိုသို့မလုပ်ဘဲ ‌အဝင်ခေါ်ဆိုမှုများကို ဂရုစိုက်နေသေး၍သာ ဖုန်းကို ချပစ်ခြင်း ဖြစ်ပေသည်။ 


ဒေါသထွက်နေတဲ့ အချိန်မှာတောင် ချစ်ဖို့ကောင်းတုန်းပဲ ... 


ကျိမြန်က ဖုန်းစခရင်ကို ငေးကြည့်လျက် ချစ်စိတ်တို့ ထိန်းမရအောင် လျှံကျနေဟန်ဖြင့် ပြုံးလိုက်မိတော့သည်။ 


ဖန်ခွင်းက နောက်ကြည့်မှန်ကို ပြန်ပြင်ရင်း အရွှန်းဖောက်လိုက်၏။ 


"ကျိကော မှန်ထဲကနေ မင်းပုံစံကိုလည်း ကြည့်ကြည့်လိုက်ပါဦး ..." 


ကျိမြန်ကမူ ခေါင်းပင် မော့မလာ။ ဆက်တိုက်သာ ဖုန်းခေါ်နေလိုက်သည်။ ရှောင်ရှုကလည်း ဆက်တိုက် ချပစ်နေသည့်တိုင် သူကတော့ အလျော့မပေးဘဲ ဆက်ခေါ်နေဆဲပင်။ တစ်ဖက်မှ ဖုန်းကိုင်လာမှသာ သူ့စိတ်တို့ အေးငြိမ်းရမည်ဖြစ်သည်။ ရှောင်ရှုသာ ဖုန်းကို ချန်ထားခဲ့ပါလျှင်လည်း စိုးရိမ်စိတ်တို့ကို ရပ်တန့်နိုင်မည်မဟုတ်။ လျစ်လျူရှုခြင်းကို ခံရမည့်အစား ရှောင်ကျားရှု၏ ဒေါသပုံချခြင်းကိုသာ ခံလိုပေသည်။ 


ရှောင်ကျားရှု၏ အတွေးများကို ကြားလိုက်ရစဉ်က သူ မည်မျှအထိ ပျာယာခတ်သွားခဲ့ကြောင်း မည်သူမှ နားလည်နိုင်မည် မထင်။ 


ဖန်ခွင်းက သူ့ဖုန်းကို လှမ်းကြည့်ရင်း ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


"ဘယ်လောက်တောင် စိတ်ရှည်လက်ရှည်နဲ့ ကြိုးစားနေတာပါလိမ့် မင်းရဲ့ စိတ်ရှည်သည်းခံမှုတွေကိုလည်း ကြည့်လိုက်ပါဦး ကမ္ဘာကြီး ပျက်သုဉ်းသွားတဲ့အထိကို စောင့်နေဦးမယ့်ပုံပဲ မင်းကိုယ်မင်း ဘယ်လောက်တောင် ပြုံးနေမိလဲ ဆိုတာရော သိရဲ့လား သူနဲ့မင်းက ကလူကျီစယ်နေတာ မဟုတ်ဘူးနော် ဟိုက စိတ်ဆိုးနေတာ ..." 


ကျိမြန်က ခေါင်းယမ်းပြလိုက်သည်။ 


"ကမ္ဘာကြီး ပျက်သုဉ်းတဲ့အထိဆိုတာကတော့ ကြာလွန်းပါတယ် အလွန်ဆုံးမှ ဖုန်းအားကုန်တဲ့အထိပဲ စောင့်နိုင်မှာ ရှောင်ရှုက ငါ့ကို စိတ်ဆိုးနေတာဆိုရင် ပိုတောင် ပျော်သေးတယ် ဒါတွေကို မင်း နားမလည်ပါဘူး ..." 


"ဖုန်းခေါ်နေမယ့်အစား သူ့ကို စာပို့ပြီး မင်းပြောချင်တာတွေ ပြီးအောင် ပြောလိုက်ပါ့လား သူလည်း ဖတ်ချင်ဖတ်နေမှာလေ ..." 


"တစ်ချို့ကိစ္စတွေက လူကိုယ်တိုင်ပြောဖို့ လိုအပ်တယ် စာပို့တာက ပြီးလွယ်စီးလွယ် နိုင်လွန်းတယ် ..." 


ထိုသို့ ပြောလိုက်သည့်တိုင် ရှောင်ကျားရှုအား ထွက်လာပေးရန် စာပို့လိုက်ဆဲ ဖြစ်ပေသည်။ ထို့နောက် သူ ငှားရမ်းထားသည့် သီးသန့်ရှေ့နေက "နဂါးနှစ်ကောင်၏ ရာဇဝင်" ၏ မူရင်းစာရေးသူ ချင်းယွင်ကျစ်ရှန့်နှင့် ဇာတ်ညွှန်းရေးသူ ကျိုးမူတို့အား ဆက်သွယ်ခဲ့မှုအကြောင်း အသေးစိတ် အစီရင်ခံ တင်ပြလာသည်။ နှစ်ယောက်လုံးက ရုပ်သံထုတ်လွှင့်ပြီးသည်အထိ အသံတိတ်နေပေးကာ စတင်ပြသပြီးကာမှ စတူဒီယိုကို တရားစွဲရန် သဘောတူညီကြောင်း ပြောလာ၏။ 


မူရင်းစာရေးသူနှင့် ဇာတ်ညွှန်းရေးဆရာတို့မှာ သူငယ်ချင်းကောင်းများ ဖြစ်ကြကာ စာရေးသူမှာ ပရောဂျက်အသစ်တစ်ခုကို လုပ်ဆောင်နေဆဲဖြစ်၍သာ မဟုတ်ပါလျှင် သူကိုယ်တိုင် ဇာတ်ညွှန်းရေးသူအဖြစ် အလုပ်လုပ်မိဦးမည်ဖြစ်သည်။ သူ့လက်ရာကို မမှတ်မိနိုင်လောက်အောင်ပင် ပြင်ဆင်ခံလိုက်ရပြီဟု သိလိုက်ရကတည်းက ရှောင်ကျားရှုဘက်မှ ရပ်တည်ပေးလိုခဲ့ပြီး သူ့သူငယ်ချင်း ဇာတ်ညွှန်းရေးသူမှာလည်း ဇာတ်ညွှန်းကို ပြန်ပြောင်းခိုင်းပါလျှင် ရိုက်ကူးရေးမှ ထုတ်ပယ်မည်ဟု ခြိမ်းခြောက်ခြင်းကို ခံခဲ့ရသည်။


သူတို့ဘက်မှ မတုန့်ပြန်ရသေးခင် ကျိမြန်က ဦးစွာ ဆက်သွယ်ကာ ယခုအချိန်တွင် မည်သို့မှ မတုန့်ပြန်သေးရန် တောင်းဆိုခဲ့သည်။ သူတို့၏ အင်အားချည်းသာဆိုလျှင် နောက်ခံတောင့်တင်းလှသည့် ထုတ်လုပ်သူများကို ရင်ဆိုင်နိုင်မည်မဟုတ်၊ ဇာတ်ညွှန်းပြောင်းလဲမှုကို လက်ခံပါသည်ဆိုသည့် စာချုပ်ကိုသာ အတင်းအကြပ် လက်မှတ်ထိုးလိုက်ရမည်ဖြစ်ရာ အခြေအနေများ ပိုမိုဆိုးဝါးသွားပေလိမ့်မည်။ ဥပဒေအတိုင်း မဆောင်ရွက်မီ ရိုက်ကူးရေး ပြီးဆုံးသည်အထိ စောင့်ဆိုင်းလိုက်ခြင်းက ပိုမိုသင့်လျော်ပေသည်။ ထိုအချိန်က ရုပ်ရှင်ကို အဓိက ကွန်ယက်များတွင် ရုပ်သံလွှင့်ပြသမည်ဖြစ်ရာ သက်သေစုဆောင်းရန် မလွယ်ကူလှသည့်တိုင် လျော်ကြေးပမာဏမှာမူ လွန်စွာ ကြီးမားလှပေသည်။ 


လူသားတို့မည်သည် တစ်ကိုယ်ကောင်းစိတ် ရှိမြဲဖြစ်သည်။ ရှေ့နေ၏ အကြိမ်ကြိမ်အဖန်ဖန် သွေးဆောင်နား‌ချမှုအပြီးတွင် နှစ်ဦးလုံးက ထိုကမ်းလှမ်းချက်ကို လက်ခံလိုက်ကြတော့သည်။ 


ကျိမြန်က ဖုန်းကိုချလျက် အေးစက်စွာ ပြုံးလိုက်သည်။ 


ဖန်ခွင်းမှာ ဝေဝါးနေသေးဟန်ပင်။ 


"ဒီတရားစွဲတာက နိုင်နိုင်လို့လား မူပိုင်ခွင့်က ရောင်းပြီးသွားပြီကို ..."



"ဟုတ်တယ် ဒါပေမယ့် ဇာတ်ညွှန်းက မူရင်းနဲ့ အရမ်းကို ကွဲလွဲနေရင် မူရင်းစာရေးသူက မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ တရားစွဲလို့ရတယ် ပြီးတော့ သေချာပေါက်ကို အနိုင်ရလိမ့်မယ် တရားရင်ဆိုင်နေစဉ်အတွင်းမှာလည်း တရားလိုဘက်က ဒီ မူပိုင်ခွင့် ချိုးဖျက်တဲ့ လက်ရာကို ရပ်နားပေးဖို့ ရုံးတော်ကို တောင်းဆိုလို့ရတယ် ..." 


သူက ပေါ့ပေါ့လေး ပြောလိုက်သည်။ 


ဖန်ခွင်းက မျက်နှာကို တွ့န်ရှုံ့လျက် သက်ပြင်းချလိုက်သည်။ 


"နာမည်ကြီးနေတဲ့ ဇာတ်လမ်းက ရုတ်တရက်ကြီး မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ တရားစွဲခံရတဲ့အပြင် ရုပ်သံလွှင့်တာကိုလည်း ရပ်လိုက်ရဦးမယ် ကျိကော မင်း ရင်းနှီးမြှုပ်နှံသူတွေကို အသေသတ်မလို့ ကြံနေတာလား ငါ မင်းကို ဘာမှ အပြစ်မပြုမိထားပါဘူးနော် ..." 


"ငါက ဥပဒေကို လိုက်နာတဲ့ နိုင်ငံသားကောင်းလေ ..." 


သူက ဖုန်းကိုထုတ်ကာ ရှို့ချန်ယုအား ရင်းနှီးမြှုပ်နှံမှုများကို ပြန်ထုတ်ထားရန် အကြောင်းကြားလိုက်သည်။ ကွမ်ရှစ်မှ ရင်းနှီးမြှုပ်နှံမှုကို ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် Skyworth နှင့် အရုဏ်ဦးတို့မှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ကာ သူတို့၏ သရုပ်ဆောင်များကိုလည်း ရိုက်ကူးရေးအဖွဲ့ထဲသို့ ထည့်ကြမည်ဖြစ်သည်။ 


အတူတူ သေချင်ကြမှတော့ ဘယ်သူ့ကိုမှ မချန်ခဲ့တော့ဘူးလေ ... 


ဖုန်းချလိုက်သည်နှင့် တစ်ပြိုင်နက် နောက်ထပ် ခေါ်ဆိုမှုတစ်ခု ထပ်ဝင်လာသည်။ 


"မစ္စတာကျိ ကျိုးမူက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရိုက်ကူးရေးအဖွဲ့ကနေ ထွက်သွားပါပြီတဲ့ အခု ဝမ်အန်းက ကျိစဲယွဲ့ကျီကို ဆက်သွယ်နေပြီးတော့ ပူးပေါင်းဖို့ကို နှစ်ဖက်လုံးက လိုလားနေကြပါတယ် ..." 


"နားလည်ပြီ ..." 


ထို့နောက် ဖုန်းကိုချကာ ဆေးလိပ်ကို မီးညှိ၍ အားရဝမ်းသာ ဖွာရှိုက်လိုက်သည်။ 


ကျိုးမူ ထွက်သွားသည့်အတွက် ရိုက်ကူးရေးအဖွဲ့အနေဖြင့် သူ့ထက် ပိုမိုနာမည်ကြီးသူကို ငှားရမ်းရတော့မည်ဖြစ်ရာ ကျိစဲယွဲ့ကျီမှာ အသင့်လျော်ဆုံးပင်ဖြစ်သည်။ ထိုသူ၏ အထူးခြားဆုံး ကျွမ်းကျင်မှုမှာ မူရင်းဝတ္ထုများကို ပြန်လည်ပြင်ဆင်ရေးသားနိုင်စွမ်းဖြစ်ကာ သူ၏ ကျွမ်းကျင်ပြောင်မြောက်လှသည့် ကလောင်တံနှင့် ထိတွေ့မိပါလျှင် မည်မျှပင် ဂန္တဝင်မြောက်လက်ရာ ဖြစ်နေပါ‌စေ ကြောက်စရာကောင်းလှသည့် ခွေးသွေးဇာတ်လမ်းအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ သို့သော် ထိုခွေးသွေးဇာတ်လမ်းအမျိုးအစားကိုပင် ပရိသတ်က တန်းတန်းစွဲ နှစ်သက်နေဆဲ ဖြစ်သည့်အတွက် တစ်နည်းတစ်ဖုံ နာမည်ကြီးလာတော့သည်။ သူနှင့်သ

ာ ပူးတွဲပြီး အလုပ်လုပ်ရပါလျှင် "နဂါးနှစ်ကောင်ရဲ့ ရာဇဝင်" ၏ ပြောင်းလဲမှုမှာ စိတ်ကူးယဉ်မှန်းဆချက်ကို ကျော်လွန်သွားတော့မည်ဖြစ်သည်။ 




Xxxxxxxxxx