အပိုင်း ၁၂၈
Viewers 43k


Chapter 128





"ဘယ်လောက်ပဲ အကျပ်ရိုက်နေပါစေ အများ မိုးခါးရေသောက်တိုင်း မသောက်နဲ့ ဘယ်လောက်ပဲ သာမညောင်ည ဖြစ်နေပါစေ ခေတ်ရေစီးကြောင်းနောက် မလိုက်နဲ့ ဘယ်လောက်ပဲ အနိမ့်အမြင့်အတက်အကျတွေ ကြုံရပါစေ ကြိုးစားမှုကို မလျော့လိုက်နဲ့ " 


ထိုပို့စ်ကို မြောက်များစွာသော anti-fan များက လာရောက်တိုက်ခိုက်ကြမည်ဖြစ်ကြောင်း သံသယဝင်နေရန်ပင် မလိုချေ။ ထိုသူများက သူ့ကို ဗဟိုအနုပညာအကယ်ဒမီမှ ဘွဲ့ရလာလေသလားဟု မေးခွန်းထုတ်လာကြကာ ရိုက်ချက်များကို စိတ်ကြိုက် ထည့်သွင်းရာ၌ ပိုင်နိုင်လှသည့်အပြင် လက်တွေ့ဘဝတွင်လည်း ပန်းနုသွေးတတ်သည့် အာဏာရူး၊ နှာဘူးကောင်၊ နစ်နာသူအယောင်ဆောင်ဟု တစ်ညီတစ်ညာတည်း ပြောလာကြတော့သည်။ 


မှတ်ချက်များကို ဖတ်နေသည့် ရှောင်ကျားရှုမှာ အနည်းငယ် စိတ်ကသိကအောက် ဖြစ်လာစဉ် ကျိမြန်က သူ့ပို့စ်ကို like ပေးထားကြောင်း တွေ့လိုက်ရသည်။ သူ့ဘက်မှ အမြန်ဆုံး ရပ်တည်ပေးလာသူ ဖြစ်ကာ စကားတစ်ခွန်းမှ မပြောသည့်တိုင် အဆုံးမဲ့သော သတ္တိတို့ကို ဆောင်ကြဉ်းလာပေးပေသည်။ ဝမ်းနည်းမှုအားလုံး လွင့်စင်သွားကာ ဖုန်းကို ရင်ဘက်သို့ ကပ်လျက် အရူးသဖွယ် ပြုံးလိုက်မိတော့သည်။ မိခင်ဖြစ်သူ၏ ပဟေဠိဖြစ်နေသော အကြည့်တို့နှင့် ရင်ဆိုင်လိုက်ရကာမှ ရေချိုးခန်းထဲ အမြန်ဝင်ပြေးကာ တံခါးကိုလော့ခ်ချထားလိုက်တော့သည်။ 


အိပ်ယာပေါ် လှဲလျက် ထိုလက်မပုံ သင်္ကေတလေးကိုသာ အချိန်အကြာကြီး ငေးကြည့်နေလိုက်၏။ ထို့နောက် အရန် account သို့သွားကာ ပို့စ်တစ်ခုကိူ တင်လိုက်မိတော့သည်။ 


"လူတစ်ယောက်ကို ပိုးပန်းချင်နေတယ် ဘယ်လိုလုပ်ရမလဲ" 


"ယို့ ဒီဘလော့ဂါလေးက ဘယ်သူ့ကိုများ ကြိတ်ကြိုက်နေတာလဲ " 


သူ့ဖန်များက ချက်ခြင်း မေးလာကြသည်။ 


ထိုပို့စ်ကို တွေ့လိုက်သည့် ကျိမြန်မှာလည်း လက်ချောင်းများ တဆတ်ဆတ် တုန်ရီလာကာ ဖုန်းပင် ပြုတ်ကျသွားတော့သည်။ သတိထားလိုက်မိသော ဖန်ခွင်းက သူ့ကို လှောင်ရယ်လိုက်၏။ 


"ဘာဖြစ်လို့လဲ စိတ်နဲ့ကိုယ်နဲ့ မကပ်ပြန်ဘူးလား ..." 


ဖုန်းကို ပြန်ကောက်ယူပြီးကာမှ ကျိမြန်က နဖူးပေါ် လက်တင်ကာ ‌ရယ်မောလိုက်သည်။ 


"အဲ့ဒီလို ဖြစ်လုနီးပါးပဲ တစ်ဝက်လောက် လွတ်ထွက်သွားပြီး ကျန်တစ်ဝက်က ဒီမှာ ဆက်သွယ်နေတယ် ..." 


သူ့နှလုံးသားရှိရာနေရာကို ညွှန်ပြကာ ခပ်ဖွဖွ ပြုံးလိုက်သည်။ 


ဖန်ခွင်းက ခေါင်းတယမ်းယမ်းဖြင့် ပြောလိုက်၏။ 


"မင်းရဲ့ အမူအယာတွေက အရမ်းကို ချိုအီနေလွန်းလို့ သည်းမခံနိုင်တော့ဘူး ကိစ္စမရှိရင် သွားနှင့်ပြီ ရှောင်ကျားရှုကို အမြန်ဆုံး လိုက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်မယ်နော် ..." 


"ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ ..." 


သူက "လီလောင်ရှီးက မိုက်မဲတယ်" account ကို အသုံးပြုနေရင်း ပြန်ပြောလိုက်သည်။ 


"သူနဲ့ လူချင်းတွေ့ပြီး ပြောသင့်တယ် ထင်မထားတာတွေတောင် ဖြစ်ချင်ဖြစ်လာမှာ" 


ရှောင်ကျားရှုက စက္ကန့်ပိုင်းအတွင်း စာပြန်ပို့လာ၏။ 


"တကယ်ကြီးလား ဒါဆို ကျွန်တော် ကြိုးစားကြည့်လိုက်သင့်လား" 


"မြန်မြန်လေးသာ လုပ်လိုက်" 


သို့သော် ရှောင်ကျားရှုမှာ အပြောသက်သက်ပင်။ လက်တွေ့ လုပ်ရလောက်သည်အထိ သတ္တိမရှိသေး။ ကျိကော၏ ငြင်းဆန်ခြင်းကို ခံရမည်အား ကြောက်မိသည့်အပြင် လင်းလဲ့ယန်၏ ခံစားချက်များကိုလည်း ပူပန်နေသေးသည်။ သူ့အကျင့်စာရိတ္တက ထိုကဲ့သို့ ကိစ္စမျိုးကို ခွင့်မပြုရာ ခေါင်းကိုက်ဝေဒနာကို ခံစားနေရစဉ်မှာပင် ကျောက်ချွမ်ထံမှ ဖုန်းဝင်လာတော့သည်။ 


"ရှောင်ရှု အခု မင်းက ရုပ်ရှင်ရိုက်စရာ မရှိတဲ့ သနားစရာကောင်ငယ်လေး ဖြစ်နေပြီ မဟုတ်လား ..." 


နေပါဦး ဒါက လူစကားရော ဟုတ်ရဲ့လား ... 


ရှောင်ကျားရှု၏ အခက်ကြုံရမှုတို့ ရုတ်ချည်း ပျောက်ကွယ်သွားကာ ဒေါသတကြီး ပြန်ပြောလိုက်သည်။ 


"ဘာလို့ ဖုန်းဆက်တာလဲ မင်း ဒုက္ခရောက်နေလို့ မဟုတ်လား ..." 


အရာရာတိုင်းကို ဖွင့်ဟလေ့ရှိသည့် သူငယ်ချင်းများ ဖြစ်နေ၍သာ မဟုတ်ပါလျှင် ချက်ခြင်း ဖုန်းချ၍ blacklist သွင်းမိမည်ဖြစ်သည်။ 


"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ မင်းကို ကယ်တင်ပေးမလို့ ရောက်လာတာပါ ငါ အစက အမေရိကားမှာ ဟာသကား ရိုက်မလို့လေ ဒါပေမယ့် ဒုတိယဇာတ်လိုက်က ရုတ်တရက်ကြီး စာချုပ်ဖျက်သွားတယ် မင်း လာရိုက်ပါလား ဇာတ်ညွှန်းပို့ပေးမယ် အရင် ကြည့်ကြည့်လိုက် ..." 


‌သူက ချက်ခြင်းပင် ဇာတ်ညွန်း pdf file ကို ပို့လာသည်။ 


"ဘာလို့ မင်းစာချုပ်တွေက အမြဲတမ်း ဖျက်သိမ်းခံနေရတာလဲ ..." 


ရှောင်ကျားရှုက ဇာတ်ညွှန်း ရောက်လာသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း ဖွင့်ဖတ်ကြည့်လိုက်သည်။ 


"Running all the way" ကြည့်ရတာ road movie အမျိုးအစား ထင်တယ် 

(Road movie ဆိုတာက တစ်ချိန်လုံး လမ်းပေါ်မှာပဲ လှုပ်ရှားသွားလာနေတဲ့အကြောင်းကို ရိုက်ထားတဲ့ ရုပ်ရှင်မျိုးပါ) 


"ငါလည်း မပြောတတ်ဘူး ဆင်းရဲတော့ လစာအများကြီး မပေးနိုင်လို့ နေမှာပေါ့ ..." 


ကျောက်ချွမ်က အရှက်မရှိ ပြောလိုက်သည်။ 


"ဇာတ်ညွှန်းက ကောင်းတယ်လို့ ခံစားရလား ဒါဆို မင်း ရင်းနှီးမြှုပ်နှံကြည့်ရင်ရော ဒီတစ်ခေါက် မင်းကို ငွေတွေ အများကြီး ရလာအောင် သေချာပေါက် လုပ်ပေးမယ် အခု မင်းကို ပြောထားတဲ့သူတွေ အကုန်လုံး အနာဂတ်မှာ ဒူးထောက်ပြီး ပါးပါးလို့ ခေါ်ရမှာ သေချာတယ် ဒီဇာတ်ညွှန်းကိုက မတော်တဆ ရှာတွေ့လာတာ ဇာတ်ညွှန်းရေးဆရာက သိပ်ပြီး နာမည်မကြီးဘူး ဆိုပေမယ့် သူ့အရေးအသားစတိုင်က တော်တော်လေးကို ထူးခြားတယ် ဒါအတွက် သုံးနှစ်တောင် အချိန်ကုန်ခံပြီး ရေးထားတာတဲ့ အကြိမ်တစ်ရာကျော်လောက်လည်း ပြန်ပြီး တည်းဖြတ်ထားသေးတော့ သေချာပေါက်ကို ဂန္တဝင်မြောက်လက်ရာ ဖြစ်လာမှာ ကျိန်းသေတယ် ..." 


"ဇာတ်ညွှန်းကို အရင် ဖတ်ကြည့်ဦးမယ် ..." 


ရှောင်ကျားရှုမှာလည်း အနည်းငယ် စိတ်လှုပ်ရှားသွားဟန်ပင်။ 


သူသည် ယခုလက်ရှိတွင် အလုပ်နှင့် ကိုယ်ရေးကိူယ်တာအကြား ဗျာများနေရာ အကယ်၍ အမေရိကားသို့ ထွက်ခွါ၍ ကျိကောနှင့် ဝေးသွားပါလျှင် ဤဆက်ဆံရေးအပေါ် အသိပြန်ကပ်လာနိုင်မည်ဖြစ်သည်။ 


"ဒါဆိုလည်း ဖတ်ကြည့်လိုက်ဦး ..." 


ကျောက်ချွမ်က ယုံကြည်ချက်အပြည့်ဖြင့် ဖုန်းကို ချလိုက်သည်။ 


ရှောင်ကျားရှုမှာ ဇာတ်ညွှန်းကို ဖတ်ကြည့်ရင်း ညလုံးပေါက်သွားရှာတော့သည်။ နောက်တစ်နေ့မနက်တွင် ကျောက်ချွမ်ထံ စာပို့လိုက်၏။ 


"စောင့်နေ ငါ ချက်ခြင်း ထွက်လာခဲ့မယ် ဒီဇာတ်ညွှန်းက တကယ်မိုက်တယ် ငါ့ကို တစ်ညလုံး ရယ်နေရအောင်ကို လုပ်နိုင်တယ် ..." 


ကျောက်ချွမ်က ချက်ခြင်း စာပြန်ပို့လိုက်သည်။ 


"ငါ့ရင်ခွင်ထဲကနေ ကြိုဆိုပါတယ် ဒါနဲ့ ရင်းနှီးမြှုပ်နှံမှုကိုပါ တစ်ပါတည်း ယူလာဖို့ မမေ့နဲ့နော် ရုပ်ရှင်နှစ်ကားတောင် ရိုက်ထားတာ အခုဆို မင်း ချမ်းသာနေလောက်ရောပေါ့ ဟုတ်တယ်မဟုတ်လား ..."


"အများကြီး မဟုတ်သေးပါဘူး ငါ့အစ်ကိုကြီး‌ဆီကနေ နည်းနည်းလောက်တော့ ချေးလို့ရတယ် ..." 


သူက မရေမရာ ပြောလိုက်သည်။ 


"ဒါဆိုလည်း ချေးလိုက်လေ ..." 


ရှောင်ကျားရှုက ချက်ခြင်း အိပ်ယာမှထကာ မိခင်ဖြစ်သူအား ယခုဖြစ်နေသည့် ကိစ္စများမှ ရှောင်ရှားရန် အမေရိကားသို့ ပို့ပေးရန် တောင်းဆိုလိုက်သည်။ ထို့နောက် ရှောင်တင်းပန်းကို အရဲစွန့်ကာ ဖုန်းဆက်လိုက်သည်။ 


"အစ်ကိုကြီး ကျွန်တော့်မှာ ပြောစရာလေးရှိလို့ ..." 


"ဘာလဲ ..." 


ရှောင်တင်းပန်း၏ လေသံမှာ အလွန်လေးနက်နေသည်။ 


"ကောဆီကနေ ပိုက်ဆံနည်းနည်းလောက် ချေးချင်လို့ ..." 


ရှောင်ကျားရှုအသံမှာ တစ်ဖြည်းဖြည်း တိုးဝင်ကာ ပျောက်ကွယ်သွားလုမတတ်ပင်။ 


ဒီအရွယ်ကြီးရောက်မှ မိသားစုဆီကနေ ပိုက်ဆံပြန်ချေးနေရတာ ရှက်စရာကောင်းလိုက်တာ ... 


စိတ်အေးလက်အေး မနက်စာစားနေသည့် ရှောင်တင်းပန်း၏ ကျောပြင်တို့ ချက်ခြင်း တည့်မတ်ဖြောင့်တန်းသွားကာ စိတ်လှုပ်ရှားမှုကို ချိုးနှိမ်လျက် မေးလိုက်သည်။ 


"ဘယ်လောက် လိုချင်တာလဲ ..." 


နောက်ဆုံးတော့ သူ စိတ်ကူးယဉ်ခဲ့ရတဲ့ အချိန်လေး ရောက်လာပြီ ညီလေးက သူ့ဆီကနေ ပိုက်ဆံ လာတောင်းတယ်တဲ့ ဘယ်လောက်တောင် ကောင်းလိုက်သလဲ ... 


မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ရှောင်ချီကျဲကလည်း တူကိုချကာ နားကို စွင့်ထားလိုက်သည်။ 


"သန်းငါးဆယ်လောက် ချေးလို့ ရမလား ..." 


ရှောင်ကျားရှုက လည်ပင်းပုဝင်လျက် ပြောလိုက်သည်။ 


"ရတာပေါ့ အခုပဲ လွှဲပေးမယ် ..." 


သူက ချက်ခြင်း ဖုန်းကိုချလိုက်သည်။ တစ်ချိန်တည်းမှာပင် ရှောင်ကျားရှုထံ ငွေလွှဲ သန်းငါးဆယ် ရောက်လာ၏။ သို့သော် ယွမ်သန်းငါးဆယ်မဟုတ် အမေရိကန်ဒေါ်လာ သန်းငါးဆယ် ဖြစ်နေပေသည်။ စုစုပေါင်း ယွမ်သန်းသုံးရာ တစ်ပြိုင်တည်း ရောက်လာသည့်အတွက် သူ့တစ်ကိုယ်လုံး ရေတွင် ပေါလောမျောနေသည့်နှယ် လွင့်မျောနေပေတော့သည်။ 


ရှောင်ချီကျဲက သားဖြစ်သူ ငွေပမာဏ ရိုက်ထည့်ပြီးသည်အထိ စောင့်ပြီးကာမှ သာမန်ကာလျှံကာ ပြောလိုက်သည်။ 


"မင်းညီက ငွေပြတ်နေတာလား ငါ့မှာ ကတ်ရှိတယ် တစ်ယောက်ယောက်ကို သွားပို့ခိုင်းလိုက် ကြည့်ရတာ အခုတလော အခက်ကြုံနေတယ် ထင်တယ် ဒီကိစ္စကို ဖိနှိပ်ဖို့ အဆက်အသွယ် ရှာပေးရမလား ..." 


"သူ ငွေပြတ်ရင် ကျွန်တော်ပဲ ပေးလိုက်မယ် ဒီကတ်ကို သိမ်းသာထားလိုက်ပါ အန်တီရွှယ်က ဟိုကိစ္စတွေအတွက် စီစဉ်ထားပြီးသားဆိုတော့ ပူနေစရာ မလိုပါဘူး အချိန်ရရင် သူ့ကိုသာ ဖုန်းမကြာမကြာ ဆက်ပေး ဘာမှ အရေးမပါသလို ဟန်ဆောင်မနေနဲ့တော့ ..." 


ရှောင်တင်းပန်းက နှုတ်ခမ်းထောင့်စွန်းတို့ကို သုတ်ကာ ထမင်းစားပွဲမှ ထွက်လာခဲ့လိုက်သည်။ 


.......


ကျိမြန်က ရှောင်ကျားရှု ဆက်သွယ်လာမည်ကို ညလုံးပေါက် စောင့်နေခဲ့ရာ မနက်မိုးလင်းသည့်အခါ ဆက်ပြီး သည်းမခံနိုင်တော့။ တစ်ခဏ လှဲနေလိုက်သော်လည်း ပြန်ထထိုင်လိုက်သည့်အခါ ဖန်ခွင်းထံမှ ဖုန်းဝင်လာသည်။ 


"ကျိကော ပြီးခဲ့တဲ့ နှစ်နာရီလောက်က ဘယ်သူ့ကို တွေ့ခဲ့တယ်ထင်လဲ... ဟွမ်မိန်ရွှမ်နဲ့ တွေ့ခဲ့တာ သူမက ရှောင်ရှုအတွက် အမေရိကားသွားဖို့ လေယာဉ်လက်မှတ် ဖြတ်နေတာလေ အခု သူမ ထွက်သွားပြီ ဟားဟားဟား  ..." 


စောက်ကျိုးနည်း အကုန် ထွက်သွားပြီးမှ လာပြောရလား ... 


ကျိမြန်က ဖုန်းကို ဒေါသတကြီးချကာ စဉ်းပင် မစဉ်းစားတော့ဘဲ အစောဆုံး ထွက်ခွါမည့် လေယာဉ်လက်မှတ်ကို ဖြတ်လိုက်တော့သည်။ 


......


U.S သို့ ရောက်ပြီးနောက် ရှောင်ကျားရှုသည် အချိန်ကွာဟချက်ကြောင့် ပင်ပန်းမှုများ ပြေပျောက်စေရန် တစ်ရက် အချိန်ယူခဲ့ရပြီး ဇာတ်ညွှန်းဖတ်ရန်လည်း နောက်ထပ်တစ်ရက် အချိန်ယူခဲ့ရသေးသည့်အတွက် တတိယမြောက်နေ့မှသာ ရိုက်ကူးရေးကို စတင်နိုင်တော့သည်။ ကျောက်ချွမ်ပြောသည့်အတိုင်းပင် "Running all the way" သည် အမှန်တကယ် ဆင်းရဲသည့် ရိုက်ကူးရေးအဖွဲ့ ဖြစ်ပေသည်။ အဓိကဇာတ်လိုက် နှစ်ယောက်နှင့် ဇာတ်ရန်တစ်ယောက်သာ အတည်တကျ ရှိနေသေးကာ ဘက်ဂျက်မှာလည်း လွန်စွာ နည်းပါးလှသည်။ ထို့ကြောင့် ရိုက်ကူးရေးကို ချက်ခြင်း စတင်ရခြင်း ဖြစ်သည်။ အကယ်၍ တစ်ရက် နှောင့်နှေးသွားပါလျှင် တစ်ရက်စာ ငွေပိုကုန်သွားမည်ဖြစ်ရာ သူတို့အနေဖြင့် လုံးဝ မတတ်နိုင်ချေ။ 


"လာ လာ မင်းကို မိတ်ဆက်ပေးမယ် ဒါက ဝူချွမ်ရီတဲ့ အဓိကဇာတ်လိုက်နေရာကနေ သရုပ်ဆောင်မယ့်သူလေ မင်းလည်း သူ့ကို သိတယ် မဟုတ်လား ..." 


ကျောက်ချွမ်က သူ့ကို ရိုက်ကူးရေးနေရာသို့ ခေါ်လာပြီးနောက် ပြောလိုက်သည်။ 


"သေချာပေါက်ကို သိတာပေါ့ ကျွန်တော်က မစ္စတာဝူရဲ့ ရုပ်ရှင်တွေနဲ့ပဲ ကြီးပြင်းခဲ့တာလေ ..." 


သူက ဝူချွမ်းရီကို တလေးတစား လက်ဆွဲနှုတ်ဆက်လိုက်သည်။ 


ဝူချွမ်းရီမှာ ရှောင်ကျားရှုထက် သုံးနှစ်သာ ကြီးပြင်းရာ အသက်အရွယ်အားဖြင့် အလွန်ငယ်ရွယ်သေးပေသည်။ သို့သော် စောစောစီးစီး ပွဲဦးထွက်ခဲ့သူ ဖြစ်၍ အသက်သုံးနှစ်ကတည်းကပင် အနုပညာလောကထဲ ရောက်နှင့်နေကာ ချက်ခြင်းပင် အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့သည်။ သို့သော် အနုပညာသက်တမ်း တစ်ဝက်ခန့်တွင် အချို့သော အကြောင်းပြချက်များကြောင့် နာမည်ကျသွားခဲ့ရတော့သည်။ ပြီးခဲ့သော နှစ်များအတွင်း ဇာတ်ကောင်အသေးလေးများတွင်သာ ပါဝင်ခဲ့ရပြီး တစ်ခုမှ နာမည်ကြီးမလာခဲ့သည့်တိုင် ကြိုးစားမှုကို မရပ်တန့်ခဲ့ချေ။ နှစ် ၂၀ ကြာ သရုပ်ဆောင် ဖြစ်ခဲ့သည့်အတွက် သေချာပေါက် စီနီယာဟု သတ်မှတ်ရမည် ဖြစ်ပေသည်။  


ရှောင်ကျားရှုမှာ ငယ်စဉ်အချိန်က ဝူချွမ်းရီ၏ ကလေးရုပ်ရှင်များကို ကြည့်ရှုရင်း ကြီးပြင်းခဲ့ရသည့်အတွက် သူ့ကို မစိမ်းသက်လှချေ။ 


ဒီကလေးသရုပ်ဆောင်လေးက ငယ်ငယ်ကအတိုင်း လုံးဝ မပြောင်းလဲသေးဘူး လှပပြီး ချစ်စရာကောင်းတဲ့ ကလေးမျက်နှာလေး ရှိနေတုန်းပဲ ဒါပေမယ့် သူ့ရဲ့ ခန္ဓာကိုယ်ကတော့ နည်းနည်း ... 


ရှောင်ကျားရှုမှာ သူ့ကို အစုန်အဆန် ငေးကြည့်ရင်း "King Kong Barbie" ဟူသည့် စကားလုံးကိုသာ စဉ်းစားမိလိုက်တော့သည်။ 

(King Kong Barbie ဆိုတာ ကလေးမျက်နှာပေါက်နဲ့ ဗလကြီးတွေကို ပြောတာပါ) 


ဝူချွမ်းရီရဲ့ ပရိသတ်တွေက သူတို့အိုင်ဒေါလေး ပျက်စီးသွားပြီလို့ ပြောကြတာ မထူးဆန်းတော့ပါဘူး နူးနူးညံ့ညံ့လေးနဲ့ လှပတဲ့ ကောင်လေးတစ်ယောက် ဖြစ်လာမယ်လို့ ထင်ထားခဲ့ပေမယ့် ကြမ်းကြမ်းတမ်းတမ်း ယောကျာ်းကြီးလို ဖြစ်လာအောင် လေ့ကျင့်ခန်းတွေ လုပ်ခဲ့တာကိုး အဲဒီ့ဖုဖောင်းနေတဲ့ ကြွက်သား‌ကြီးတွေကိုသာ သံလွင်ဆီ သုတ်ထားလိုက်ရင် ကြက်ကောင်လုံးကင် ဆိုပြီးတောင် COS ကို ချက်ခြင်း ပို့လိုက်လို့ ရနေပြီ ... 


သို့သော် ရှောင်ကျားရှုကမူ သူ့ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံကို လွန်စွာ အားကျသည့်အပြင် မနာလိုပင် ဖြစ်လိုက်သေးသည်။ သူသည်လည်း လေ့ကျင့်ခန်း လုပ်နေသူ ဖြစ်သော်ငြား ရလဒ်မှာ မကောင်းမွန်လှ။ ဝမ်းဗိုက်ကြွက်သား လေးခုမှာ သူတတ်နိုင်သည့် အဆုံးစွန်သောအရာ ဖြစ်ဟန်ပင်။ မည်မျှပင် လေ့ကျင့်ခန်း လုပ်ပါစေ ထိုလေးခုမှ တိုးတက်မလာ။ နေ့စဉ်ရက်ဆက် မပျက်မကွက် လေ့ကျင့်နေ၍သာ မဟုတ်ပါလျှင် ထိုကြွက်သားများမှာ ရှေးယခင်ကတည်းက ပျောက်ကွယ်သွားနှင့်ပြီဖြစ်သည်။ 


သူက ဝူချွမ်းရီ၏ လက်ကို တင်းကြပ်စွာ ဆုပ်ယမ်းရင်း ဆက်ပြောလိုက်သည်။ 


"မစ္စတာဝူနဲ့ ပူးပေါင်းခွင့်ရတာ ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာပါ ..." 


သူ၏ တက်ကြွနေမှုနှင့် နှိုင်းယှဉ်ပါလျှင် ဝူချွမ်းရီမှာမူ အနည်းငယ် တုန့်ဆိုင်းနေဟန်ပင်။ ကျောက်ချွမ်နှင့် သီးသန့်တိုင်ပင်စရာရှိ၍ဟု အကြောင်းပြကာ သူ့ကို ဘေးသို့ ဆွဲခေါ်သွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။ 


"ဘာလို့များ ဘိုးဘေးလေးကို ဖိတ်လိုက်ရတာလဲ ပြည်တွင်းသတင်းတွေကို ဖတ်မကြည့်ဘူးလား သူက ဇာတ်ညွှန်းတွေကို ပြောင်းရတာ ကြိုက်တယ် ကြီးကြီးကျယ်ကျယ် နေတတ်ပြီး သရုပ်ဆောင်အမျိုးသမီးတွေကိုလည်း အနိုင်ကျင့်တတ်သေးတယ်တဲ့ ဒီမှာကြည့် အွန်လိုင်းပေါ်မှာ သက်သေတွေ အခိုင်အမာ ရှိပြီးသား ..." 


သူက ဖုန်းကိုထုတ်ကာ Weibo တွင် ကျန်းပင်းကျဲ တင်ထားသည့် WeChat screenshot များကို ထုတ်ပြလိုက်သည်။ အားလုံးမှာ ရှောင်ကျားရှုက သူမကို "ဘယ်တေ

ာ့ တရုတ်ကို ပြန်လာမှာလဲ" ဟု မေးမြန်းထားသည်များဖြစ်ကာ အတတ်နိုင်‌ဆုံး မြန်မြန်ပြန်လာရန် နေ့စဉ်ရက်ဆက် တောင်းဆိုနေသည်မှာ လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကောင်းလှပေသည်။ 



Xxxxxxxc