အပိုင်း ၁၂၉
Viewers 45k


Chapter 129




ကျောက်ချွမ်က အတင်းအဖျင်းတို့ကို စိတ်မဝင်စားသည့်တိုင် ဖုန်းကို စိတ်ဝင်တစား ကြည့်ရင်း ပြုံးလိုက်သည်။ 


"မင်းက ကျန်းပင်းကျဲရဲ့ ပရိသတ်လား မင်းကသာ follow နေတာ သူမကတော့ ပြန်ပြီး follow မလုပ်ဘူးနော် မင်းကို ကူပြောပေးရမလား ..." 


ဝူချွမ်းရီ၏ ပါးနှစ်ဖက် အနည်းငယ် နီရဲသွားကာ လက်ကို ဝှေ့ယမ်းလျက် အလောတကြီး ပြောလိုက်သည်။



"မဟုတ်ပါဘူး ကျောက်ကော ဒီတိုင်း Weibo ကို ကြည့်နေရင်းနဲ့ မတော်တဆ  follow လုပ်မိသွားတာ ..." 


ကျောက်ချွမ်က လှောင်ရယ်ကာ ဘာမှ လုပ်မထားသည့် ရှောင်ကျားရှုဘက်မှ ရပ်တည်ပေးလိုက်သည်။ 


"ရှောင်ရှု ဒီနားလာခဲ့ပါဦး မင်းကို မေးစရာရှိလို့ ကျန်းပင်းကျဲကို အနိုင်ကျင့်တဲ့ကိစ္စက ဘယ်လိုဖြစ်တာလဲ ..." 


"အာ ..." 


ရှောင်ကျားရှုမှာ အတော်ကြာ ကြောင်အနေပြီးကာမှ WeChat ကို ဖွင့်လျက် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။ 


"သူမက U.S မှာ ဇာတ်လမ်းရိုက်နေလို့ "နဂါးနှစ်ကောင်ရဲ့ ရာဇဝင်ကို ရိုက်ဖို့ အချိန်မရှိဘူးလေ ဒါကိုတောင် ဒီဘက်က အနုပညာကြေးကိုလည်း လက်မလျော့ချင်တော့ သူမနေရာမှာ လူစားထိုးကို အစားသရုပ်ဆောင်ခိုင်းတာ ငါ့မှာ သူမနဲ့ တွဲရိုက်ရမယ့် အပိုင်းတွေ အများကြီးပဲလေ ဒါပေမယ့် အဲဒီ့ လူစားထိုးကလည်း ဘာအတွေ့အကြုံမှ မရှိလို့ ကောင်းကောင်း သရုပ်မဆောင်နိုင်ဘူး ဒီလိုတွေ ဖြစ်နေတော့ ငါလည်း သူမကို မြန်မြန်ပြန်လာဖို့ တိုက်တွန်းရုံပဲ ရှိတော့တယ်လေ ဒါက ဘယ်လိုဖြစ်လို့ သူမကို အနိုင်ကျင့်ရာရောက်သွားလဲ မသိပါဘူး ကြည့်ဦး screenshot ကို တစ်ဝက်ပဲ ရိုက်ထားပြီးတော့ ဖန်တွေ ငါ့ကို လာတိုက်ခိုက်အောင်ကို တမင် လုပ်ထားတာ ..." 


ဖုန်းကိုယူကာ ဂရုတစိုက် ကြည့်လိုက်ပြီးနောက် ကျောက်ချွမ်မှာ ကျန်းပင်းကျဲ၏ အရှက်မဲ့မှုကို မအံ့ဩဘဲပင် မနေနိုင်တော့။ 


သေချာပေါက်ကို ရှောင်ကျားရှု သူမကို ဘယ်တော့ပြန်လာမလဲ မေးတာလေးကိုပဲ သီးသန့်ဖျက်ထားတာဟ လျှောက်ပတ်ကစားမနေဖို့ ညင်ညင်သာသာ အကြံပေးထားတာတွေကိုကျ အကုန်ချန်ထားခဲ့တယ် ပြီးတော့ သူမ ပြန်ပြောထားတာတွေကလည်း ထူးထူးဆန်းဆန်းကြီး ရှောင်ရှုက သူမကို အပြစ်ပြောတော့မလို ပြင်လိုက်တာနဲ့ U.S မှာ အလုပ်လုပ်ရတာ ဘယ်လို ခက်ခဲတယ်၊ ဘယ်လောက်အထိ အားစိုက်ထုတ်ခဲ့ရတယ်၊ ဒီအခွင့်အရေးက သူမအတွက် ဘယ်လောက်အထိ အရေးပါတယ် ဆိုတာတွေပဲ ပြန်ပြောနေတာ ရှောင်ရှုဘက်ကနေ ပြောထားတာတွေ အကုန်လုံးကို မကွယ်ဝှက်စတမ်း တင်လိုက်ရင်တောင် ဒီစာသားတွေနဲ့တင် သူမရဲ့ ဖန်တွေဆီကနေ သနားစိတ်တွေ သိမ်းကြုံးယူနိုင်နေပြီ ... 


ရှောင်ရှုဘက်ကနေသာ အစအဆုံး ထုတ်ပြလိုက်ရင် လူကြီးလူကောင်း မပီသဘူး စိတ်သဘောထား ကျဉ်းမြောင်းတယ်နဲ့ အပြောခံရဦးမှာ ဒီလှည့်ကွက်တွေက တကယ်ကို ဆရာကျချက်ပဲ ဝါရင့်သမ္ဘာရင့် ပီသပါပေတယ် ... 


စကားပြောထားသည့် မှတ်တမ်းများကို ဖတ်ကြည့်ပြီးနောက် ကျောက်ချွမ်က ဖုန်းကို ရှက်ရွံ့နေသော ဝူချွမ်းရီထံ ကမ်းပေးလိုက်သည်။ အချိန်အတော်ကြာ အတူတူ အလုပ်လုပ်ရမည့်သူများ ဖြစ်နေသည့်အတွက် နားလည်မှု လွဲမှားခြင်းတို့အား ဖြေရှင်းကာ ရဲဘော်ရဲဘက်စိတ်ဓာတ် တိုးမြင့်လာစေရန် လိုအပ်ပေသည်။ သရုပ်ဆောင်များ အနေဖြင့် ရိုက်ကူးရေး ကာလတွင်သာမက ရိုက်ကူးရေးကာလ ပြီးဆုံးပြီးနောက်ပိုင်း အချိန်ကာလများအထိ ရင်းနှီးသွားပါလျှင် သာ၍ပင် ကောင်းမွန်ပေသည်။ 


ဝူချွမ်းရီမှာလည်း နှစ်ပေါင်းများစွာ ဆောင်းခိုနေခဲ့သူ ဖြစ်ရာ ဤလောက၏ အရှုပ်အထွေးများနှင့် နေသားမကျသေးသည့်အတွက် ရှောင်ကျားရှုအပေါ် သံသယဝင်ကာ မလိုမုန်းတီးစိတ် ထားခဲ့မိသည်။ သို့သော် ယခုမူ ချက်ခြင်းပင် အကောင်းမြင်သွားဟန်ပင်။ သူ့လက်ကို လှုပ်ယမ်းလျက် စစ်မှန်စွာ ပြောလိုက်သည်။ 


"တွေ့ရတာ ဝမ်းသာပါတယ် ပြီးတော့ အတူတူ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့လည်း မျှော်လင့်ပါတယ် ..." 


ရှောင်ကျားရှုမှာ နောက်တစ်ကြိမ် လက်ဆွဲနှုတ်ဆက်လိုက်ရသည့်အတွက် ကြောင်အသွားတော့၏။ 


"ပျော်ရွှင်ဖွယ် ပူးပေါင်းမှုလေး ဖြစ်ပါစေ ..." 


ထို့နောက် ကျောက်ချွမ်ကို မေးလိုက်သည်။ 


"ချွမ်အာ နောက်ထပ် သရုပ်ဆောင်တစ်ယောက် ရှိသေးတယ် မဟုတ်လား သူ ဘာလို့ ရောက်မလာသေးတာလဲ ..." 


"ငါ သူ့ကို ဖုန်းဆက်နေတာ အခေါက်ပေါင်း မနည်းတော့ဘူး သူ့ဘက်က ဖုန်းမကိုင်တာ စာချုပ်ဖျက်ချင်လို့တော့ မဟုတ်ပါဘူးနော် ..." 


ကျောက်ချွမ်၏မျက်နှာ ရုတ်ချည်း ပြောင်းလဲသွားကာ တစ်ဖက်သူ၏ အေးဂျင့်ကို ဆက်သွယ်လိုက်သည်။ ဖုန်းဆက်၍ ရသွားသော်ငြား တစ်ဖက်မှ သူ့ကို လစာ ငါးသန်းတိုးပေးရန် တောင်းဆိုလာသည်။ ထို့ကြောင့် ကျောက်ချွမ်၏ ဒေါသတို့ ယမ်းပုံမီးကျသည့်နှယ် ပေါက်ကွဲထွက်လာကာ အချင်းချင်း ငြင်းခုန်ရန်ဖြစ်ရင်း နေရာတွင်ပင် စာချုပ်ကို ဖျက်သိမ်းလိုက်တော့သည်။ 



"ဖာ့ခ်ယူ စောစောစီးစီး မပြောဘဲ ရိုက်ကူးရေး စတော့မယ် ဆိုကာမှ ကပ်ပြောတာ ဘာသဘောလဲ မင်းတို့က ငါ့ကို ငွေညှစ်ချင်နေတာလား ဒီလောင်ဇီမှာ မင်းနေရာကို အစားထိုးနိုင်မယ့် တစ်ယောက်လောက် ရှာဖို့ အချိန်မရှိဘူးများ ထင်နေလား ကောင်းပြီ မင်းကို သွားခွင့်ပေးလိုက်မယ် မင်းလို ခွေးကောင်မျိုးကများ စစချင်း ငါးသန်းတောင်းတယ် အခုတစ်ခါ ငါးသန်းထပ်တောင်းပြန်ပြီ ငါ့ရဲ့ ဇာတ်လိုက်နှစ်ယောက်ပေါင်းလို့တောင် ဒီလောက် မပေးရဘူးကွ မင်းကိုယ်မင်း ဘာကောင်များ ထင်နေလဲ ..." 


တစ်ဖက်မှ ဖုန်းချသွားသည့်တိုင် ကျောက်ချွမ်မှာမူညအော်ဟစ်ရန်တွေ့၍ ကောင်းဆဲပင်။ 


ရှောင်ကျားရှုက ဝူချွမ်းရီ၏ အင်္ကျီလက်ကို ဆွဲလျက် တီးတိုးမေးလိုက်သည်။ 


"မင်းလစာက ဘယ်လောက်လဲ ..." 


ဝူချွမ်းရီက တစ်ခုခုပြောမည် ပြင်လိုက်ပြီးကာမှ ရပ်တန့်လိုက်၏။ 


ရှောင်ကျားရှုက သွားအားလုံး ပေါ်လာသည်အထိ ပြုံးပြလျက် မေးလိုက်၏။


"ငါက ရိုက်ကူးရေးထဲကို ပိုက်ဆံတွေ အများကြီး ထည့်ထားမိလို့လေ ရုပ်ရှင်ရိုက်လို့ လစာမရရုံတင် မကဘူး ဒီထဲမှာလည်း အများကြီး ရင်းနှီးမြှုပ်နှံထားရသေးတယ် အခု အကြွေးတွေ တစ်လှေကြီး ရှိနေပြီ ..." 


ဝူချွမ်းရီ၏ ထူးဆန်းနေသော မျက်နှာမှာ ချက်ခြင်း ပုံမှန် ပြန်ဖြစ်သွားကာ နားနားကပ်၍ တိုးတိုးပြောလိုက်သည်။ 


"ငါရောပဲ ..." 


နှစ်ဦးသား အပြန်အလှန် စိုက်ကြည့်လျက် ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်မောလိုက်ကြသည်။ တွေ့ဆုံချိန် ဆယ်မိနစ်သာ ရှိသေးသည့်တိုင် တစ်ဖက်သူမှာ အလွန်ရိုးစင်းကာ အတူတူ ရှိနေပါလျှင် စိတ်ချမ်းမြေ့ဖွယ် ကောင်းလှသည်အထိ သန့်စင်သူများ ဖြစ်ကြကြောင်း ကိုယ်စီ အကဲခတ်မိသွားကြတော့သည်။ 


"လာ လာ အုပ်စုလိုက် ဓာတ်ပုံရိုက်ကြရအောင် ..." 


ရှောင်ကျားရှုက ဝူချွမ်းရီ၏ ပုခုံးကို လှမ်းဆွဲလိုက်လျှင် တစ်ဖက်သူကလည်း ပူးပေါင်းပေးကာ ခေါင်းချင်းဆိုင်လျက် ဓာတ်ပုံရိုက်လိုက်ကြသည်။ 


"ငါ့ဂုဏ်သတင်းက သိပ်မကောင်းတော့ မင်းကို ဆွဲချမိမှာ ကြောက်လို့သာ မဟုတ်ရင် Weibo မှာ တင်ပါတယ် ..." 


ရှောင်ကျားရှုက ဓာတ်ပုံကို အနည်းငယ် ပြုပြင်ရင်း သက်ပြင်းချလိုက်သည်။ 


"ကိစ္စမရှိဘူး ငါတင်လိုက်မယ်လေ ငါ့ရဲ့ အရွယ်ကောင်းတွေကို ကျော်ဖြတ်ပြီးသွားပြီဆိုတော့ ဒီလိုကိစ္စမျိုးမှာ ဆွဲထည့်ခံရမှာကို မကြောက်တော့ဘူး ..." 


ဝူချွမ်းရီက ရယ်ကာမောကာဖြင့် ပို့စ်တင်လိုက်သည်။ 


"သူငယ်ချင်းအသစ်တစ်ယောက် ထပ်ရလာပြန်ပြီ အရမ်းကို စိတ်တူကိုယ်တူ ရှိတယ် ... အတွက် မျှော်လင့်နေပြီ" 


မည်သည်ကို မျှော်လင့်နေကြောင်း ထည့်ပြောမသွားသည့်တိုင် များမကြာမီ နားလည်သွားကြမည်ဖြစ်သည်။ 


ရှောင်ကျားရှုကလည်း ချက်ခြင်း like ပေးကာ သူ့ account တွင် forward လုပ်လိုက်သည်။ 


ဒီလိုခက်ခဲတဲ့ အခြေအနေမျိုးမှာ ဘေးက ရပ်တည်ပေးတဲ့ သူငယ်ချင်း ရှိနေတာ တကယ်ကို ကောင်းတာပဲ ... 


ကျောက်ချွမ်လည်း share သင့်သော်ငြား စိုးရိမ်စိတ်တို့ ဖိစီးနေ၍ ဤကိစ္စကို ဂရုမစိုက်အား။ ယခင်လူထက် ပိုမိုသင့်လျော်သူကိုသာ ရှာမတွေ့ပါလျှင် ရုပ်ရှင်တစ်ခုလုံး ပျက်စီးပေလိမ့်မည်။ ထိုသူ၏ ဇာတ်ကောင်မှာ အရန်ဇာတ်ကောင်သာ ဖြစ်သော်ငြား အဓိကဇာတ်လိုက်နှစ်ယောက်ထက် ဇာတ်ကွက်မနည်းလှ။ ရုပ်ရှင်၏ ပြက်လုံးထွင်လုံးနှင့် လူကြိုက်များနိုင်သည့် အချက်အားလုံးတို့မှာ အရန်ဇာတ်ကောင်အပေါ် မူတည်နေ၍သာ သူ့ရင်းနှီးမြှုပ်နှံငွေ သန်းသုံးဆယ်၏ ခြောက်ပုံတစ်ပုံဖြစ်သော ငါးသန်းအထိ လစာတိုးပေးခဲ့ခြင်း ဖြစ်ပေသည်။ 


"စောက်ကျိုးနည်း အခုခေတ်မှာ ငွေမက်ပြီး ကျေးဇူးမသိတတ်တဲ့သူတွေ ပိုပိုပြီးကို များလာတာပဲ ..." 


ဖုန်းခေါ်ဆိုမှု တစ်ဒါဇင်ကျော်ခန့် ဖျက်ချခံလိုက်ရသည့် ကျောက်ချွမ်မှာ ဒေါသထွက်လွန်း၍ တစ်ယောက်ယောက်ကို ကိုက်လိုက်ချင်စိတ်များပင် ပေါက်လာတော့သည်။  


သူရိုက်ခဲ့တဲ့ web drama ကြောင့် ပေါက်သွားတဲ့ လူသစ်လေးတွေ ဘယ်လောက်တောင် များလိုက်သလဲ ဒါပေမယ့် အခုကျတော့ရော? အကူအညီ လိုအပ်တဲ့အချိန်ကျ ဘယ်သူမှ မလာချင်ကြတော့ဘူး ဇာတ်ကားတစ်ကားအတွက် ငါးသန်းပေးတာကိုမှ နည်းတယ် ထင်နေရင် ကောင်းကင်ဘုံကိုပဲ တက်လိုက်ကြပါတော့လား ... 


သို့သော် တရုတ်အနုပညာလောကတွင် လစာမြင့်မားခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်ပင်ဖြစ်ကြောင်းကိုတော့ သူလည်း သဘောပေါက်ထားပြီးဖြစ်သည်။ ယွမ်သန်းရာပေါင်းများစွာကို မတတ်နိုင်ပါလျှင် နာမည်ကြီးသရုပ်ဆောင်များကို ငှားရမ်းရန် မလွယ်ကူ။ ၎င်းမှာ လက်ခံရမည့် အမှန်တရားပင်ဖြစ်သည်။ လက်မှိုင်ချနေရတော့မည့် အချိန်မှာပင် ရင်းနှီးနေသော ဖုန်းနံပါတ်တစ်လုံး ဝင်လာသည့်အတွက် ကြောင်အသွားတော့၏။ 


"ကျိကော ..." 


ထောင့်နားသို့ သွားကာ မရေမရာ ခေါ်လိုက်သည်။ 


"ဟုတ်တယ် ငါပဲ မင်း ငှားထားတဲ့ သရုပ်ဆောင်က စာချုပ်ဖျက်သွားတယ်ဆို ..." 


ကျိမြန် ရောက်နေသည်မှာ နှစ်ရက်ရှိနေပြီ ဖြစ်သော်ငြား ရှောင်ကျားရှုအရှေ့သို့ ပေါ်လာနိုင်မည့် အချိန်ကောင်းကို ရှာမတွေ့သေးချေ။ 


"ကောက တကယ်ကို သတင်းစုံတာပဲ ..." 


ကျောက်ချွမ်က ဆံပင်များကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။ 


"ငါ သရုပ်ဆောင်ပေးမယ် ဘယ်လိုလဲ ..." 


ကျိမြန်က သင့်လျော်သည့် ဝတ်စုံကို ရွေးနေရင်း ပြောလိုက်သည်။ 


ကျောက်ချွမ်မှာ ဖုန်းကိုပင် ပစ်ချမိလုမတတ်ပင်။ တဆတ်ဆတ် တုန်ရီနေသော အသံဖြင့် မေးလိုက်သည်။ 


"ကျိကော ကျွန်တော် ကောကိုငှားဖို့ မတတ်နိုင်ဘူး ..." 


သူမှတ်မိတာသာ မမှားဘူးဆိုရင် ကျိကောက သန်းကိုးဆယ်နီးပါး ပေးရတာ မဟုတ်လား သူ့ကိုယ်သူ ပြန်ရောင်းစားရင်တောင် ဒီလောက် မတန်ဘူး ... 


"ပိုက်ဆံ မယူဘူး ဒါ့အပြင် ရိုက်ကူးရေးအဖွဲ့အတွက်ပါ ရန်ပုံငွေ ရှာလာပေးဦးမယ် ..." 


ကျိမြန်က လည်စည်းကို ဂရုတစိုက် ပြန်ပြင်ရင်း ပြောလိုက်သည်။ 


"ဘယ်ဇာတ်ကောင်နေရာကို လိုချင်လဲ ကော ကြိုက်တာကိုသာ ပြောလိုက် အဆင်ပြေမလား ကျွန်တော် ကြည့်ပေးမယ် ..." 


ဝူချွမ်းရီကို ကြည့်နေသည့် ‌ကျောက်ချွမ်၏ အကြည့်တို့မှာ ရက်စက်တော့မည့် အရိပ်အယောင်တို့ ထင်ဟပ်နေပေသည်။ 


ပိုက်ဆံကြောင့်ဆို လိုအပ်ရင် သူငယ်ချင်းလည်း သစ္စာဖောက်သင့် ဖောက်ရမှာပဲ ‌ဘာပဲဖြစ်ဖြစ် ဇာတ်လိုက်နဲ့ အရန်ဇာတ်ကောင်ရဲ့ အခန်းတွေက အတူတူနီးပါးလောက်ပဲဟာ ရှောင်ရီက စိတ်မဆိုးလောက်ပါဘူး ဟုတ်တယ်မဟုတ်လား ... 


"ငါ ဇာတ်ညွှန်းကို ဖတ်ပြီးသွားပြီ အရန်ဇာတ်ကောင်နေရာကိုပဲ ယူမယ် ..."


ကျိမြန်က "running all the way" ဇာတ်ညွှန်းကို လက်ဆွဲအိတ်ထဲ ထည့်လိုက်သည်။ ၎င်းကို စာချုပ်ဖျက်လိုက်သည့် သရုပ်ဆောင်ထံမှ တောင်းထားခြင်း ဖြစ်ကာ ဇာတ်ညွှန်းအရေးအသား ကောင်းမွန်လှသည့်အပြင် အရန်ဇာတ်ကောင်၏ ဇာတ်ရုပ်ကပင်လျှင် ပိုပြီး ကောင်းမွန်နေသေးသည်။ 


"သေချာလို့လား ..." 


ကျောက်ချွမ်က မဝံ့မရဲ မေးလိုက်သည်။ 


"သေချာတာပေါ့ မင်းအနေနဲ့ သင့်တော်တယ်လို့ ထင်ရင် အခုပဲ လာခဲ့ရမလား ..." 


ကျိမြန်က စပရေးဖြန်းကာ ဆံပင်ကို အကျအန ပုံသွင်းလိုက်သည်။ 


ရှောင်ရှုက ဒီလို ကပိုကရိုဖြစ်နေတဲ့ ဆံပင်စတိုင်မျိုးကို အကြိုက်ဆုံးပဲ ... 


"ကောင်းပြီ ကောင်းပြီ ဒါဆို အရင်ဆုံး ထွက်လာခဲ့လိုက်လေ ပြီးမှ အသေးစိတ် ဆွေးနွေးကြတာပေါ့ ..." 


ကျောက်ချွမ်က နှစ်ထောင်းအားရစွာ ပြုံးလိုက်သည်။ 


"ကောင်းပြီ အခုပဲ လာခဲ့မယ် ရှောင်ရှုကို မပြောနဲ့ဦး သူ့ကို အံ့ဩသွားစေချင်လို့ ..." 


ကျောက်ချွမ်က မသိလိုက် မသိဘာသာဖြင့်ပင် သဘောတူလိုက်မိကာ သူ့ဘက်မှ မတုန့်ပြန်ရသေးခင်မှာပင် ဖုန်းကျသွားတော့သည်။ 


သောက်ကျိုးနည်း ကျိမြန်လို စူပါစတားက သူ့ရဲ့ မွဲတေနေတဲ့ ရိုက်ကွင်းကို လာပြီး အလုပ်လုပ်မှာတဲ့ပေါ့ ကြည့်ရတာ သူက ရှောင်ကျားရှုကို ကြိတ်ကြိုက်နေတာထင်တယ် ဒါက ... သောက်ရမ်း ရိုမန့်တစ်ဆန်တာပဲ ... 


ဝူချွမ်းရီနှင့် ရယ်ရယ်မောမော စကားပြောနေသော ရှောင်ကျားရှုကို အနီးကပ် ကြည့်ပြီးနောက်တွင်မူ ကျိမြန်၏ အမြင်ကို အနည်းငယ် ချီးကျူးလိုက်ရတော့သည်။ 


သေးကျဉ်တဲ့ခါး ‌လုံးဝန်းနေတဲ့ တင်ပါး ပြီးတော့ ရှည်လျားတဲ့ ခြေတံ သူ့ကိုသာ အဝတ်တွေ အကုန် ချွတ်ချလိုက်ရင် ဘယ်လောက်တောင် ကြည့်ကောင်းလိုက်မလဲ လှပချောမောတဲ့ မျက်နှာလေးဆိုတာ ထည့်ကို ပြောမနေနဲ့တော့ ကျိကောရဲ့ အမြင်က တကယ်ကို ကောင်းတာပဲ ... 


ကျောက်ချွမ်မှာ ဂေးအသိုင်းအဝိုင်းတွင် လွန်စွာ ဝင်ဆံ့လှသူဖြစ်ရာ ရှောင်ကျားရှုမှာ Charles de Gaulle အဆင့် လေယာဉ်တင်သင်္ဘောကို ပိုင်ဆိုင်ကာ ကျိမြန်မှာ Nimitz အဆင့် လေယာဉ်တင်သင်္ဘောကို ပိုင်ဆိုင်ကြောင်း သူ၏ ဂေးသူငယ်ချင်းများထံမှ ကြားခဲ့ဖူးသည်။ 

(နှစ်ခုလုံးက လေယာဉ်တင်သင်္ဘော နာမည်တွေပါ အောက်မှာလည်း ရှင်းပြထားတာ မပါတော့ ဒီနားမှာ ဘာကို ဆိုလိုချင်မှန်း နားမလည်ဘူး ဒါပေမယ့် sex နဲ့ ပတ်သက်တဲ့ တစ်ခုခုပဲ ဖြစ်လောက်မယ် ထင်တယ်) 


ဒီနှစ်ယောက်ထဲက တစ်ယောက်လောက်နဲ့များ နှီးနှောခွင့်ရရင်ကို သေပျော်ပြီတဲ့ ဟားဟား အခုတော့ အဆင်ပြေသွားပြီ ဒီနှစ်ယောက်သာ အတူတူ ရှိနေမှန်း သိသွားရင် လူဘယ်နှယောက်လောက်များ အိမ်သာ‌ထဲ ပုန်းပြီး ငိုကြမလဲ မသိဘူး ... 


တစ်ခဏမျှ ဆက်တွေးနေပြီးကာမှ လက်ခုပ်တီးကာ ပြောလိုက်သည်။ 


"ငါ တော်တော်လေး အဆင်ပြေတဲ့ အရန်မင်းသားတစ်ယောက်ကို တွေ့ထားတယ် သိပ်မကြာခင်

သူရောက်လာလိမ့်မယ် ပြီးရင်တော့ ရိုက်ကူးရေးကို တရားဝင် စကြတာပေါ့ ဖွင့်ပွဲအခမ်းအနားကတော့ ပိုက်ဆံမရှိလို့ မလုပ်တော့ဘူး ..." 


"ကောင်းပါပြီ ဒါရိုက်တာကြီး ..."



Xxxxxx