အပိုင်း ၁၄၀
Viewers 44k



Chapter 140





 အကယ်၍ ထာဝရ အတူတူ လက်တွဲသွားမည့်သူနှင့် တွေ့ခဲ့ပါလျှင် သူ့ကို အမှတ်အသား‌ ပေးချင်ကာ သူ့ဘက်မှ အမှတ်အသား ပေးလာမည်ကိုလည်း မုချ လိုလားလာမည်ဖြစ်သည်။ ထိုအမှတ်အသားက လက်ရှိ ရှိနေသူကို လက်မလွှတ်ရန်နှင့် ထိုစဉ်က ခံစားချက်တို့ကို မေ့ဖျောက်မပစ်ရန် အသိပေးနေလိမ့်မည်။ ၎င်းမှာ အလွန်အမင်း စိတ်ကြည်နူးအေးချမ်းဖွယ် ကောင်းလှကာ ကျိမြန်မှာလည်း စိတ်နှလုံး‌ အေးချမ်းမှုကို တစ်သက်လုံး ရှာဖွေနေခဲ့သူ ဖြစ်ပေသည်။ 


"ရှောင်ရှု ကိုယ့်ကို ချစ်လား ..." 


သူက ဖုန်းကိုချကာ ချစ်သူလေးအား အဝတ်စင်ပေါ် ဖိချလိုက်သည်။  


ရှောင်ကျားရှုက လက်နှစ်ဖက်ကို သူ့ရင်အုပ်ပေါ် တင်ထားလျက် အလေးအနက် ခေါင်းငြိမ့်ပြလိုက်သည်။ 


"သေချာပေါက်ကို ချစ်တာပေါ့ ..." 


ကျိကော ကောကို ချစ်တဲ့ အချစ်တွေက များလွန်းလို့ ပေါက်ကွဲထွက်လာတော့မတတ်ပဲ ... 


ထိုစကားကိုမူ စိတ်ထဲမှသာ တိတ်တိတ်လေး ဖွင့်ဟပြောလိုက်သည်။ 


ဒီလိုစကားတွေကိုတော့ လက်လွယ်စပယ် အကျယ်ကြီး ထုတ်မပြောရဲပါဘူး မဟုတ်ရင် ကျိကောက သူ့ကို လက်တွေ့မကျ၊ ဂရုမပြုတတ်တဲ့ မယုံရတဲ့သူလို့ ထင်သွားမှာပေါ့ ... 


သူ့နှုတ်ဖျားမှ ထွက်လာသည့် ခံစားချက်တို့မှာ အမှန်တကယ် ခံစားနေရသည်တို့၏ တစ်ရာခိုင်နှုန်းမျှသာ ရှိပေသည်။ 


ကျိမြန်က သူ့ကို မြတ်မြတ်နိုးနိုး စိုက်ကြည့်ကာ နင့်နင့်နဲနဲ နမ်းရှိုက်လိုက်သည်။ ကြားနိုင်ခံစားနိုင်နေသည့်အတွက် သူ့နှလုံးသားတစ်ခုလုံး နူးညံ့ပျော့ပျောင်းသွားတော့၏။ နှစ်ဦးသား ကိုယ်ချင်းခွါလိုက်သည့်အခါ အခန်းထဲတွင် မည်သူမှ မရှိတော့။ ဆိုဖာပေါ်ရှိ အဆင့်မြင့်ကုတ်အင်္ကျီတစ်ထည်သာလျှင် ကျန်ခဲ့တော့သည်။ ထိုကုတ်အင်္ကျီမှာလည်း မည်သူချန်ထားခဲ့မှန်း မသိရချေ။ 


"မြန်မြန်ဝတ်လိုက် မဟုတ်ရင် ချွမ်အာ ရူးသွားလိမ့်မယ် ..." 


နာရီကို ငုံ့ကြည့်နေသည့် ရှောင်ကျားရှု၏ မျက်နှာတစ်ခုလုံး ပူလောင်နေတော့၏။ ကျိမြန်နှင့် အတူရှိလေတိုင်း အချိန်နာရီတို့ကို မေ့လျော့သွားရတော့သည်။ 


"ကျွန်တော်တို့တွေ ဒီထက်ပိုပြီး အလွမ်းသယ်နေလို့ မရတော့ဘူးနော် အလုပ်ကို ကောင်းကောင်းလုပ်မှရမယ် ..." 


သူက အပြစ်မကင်းစွာဖြင့် ပြောလိုက်သည်။ 



"အိုကေပါ မင်းစကားကို နားထောင်မယ်နော် ..." 


ကျိမြန်က ရှပ်အင်္ကျီအဖြူနှင့် အနက်ရောင် အနောက်တိုင်းကုတ်အင်္ကျီကို ဝတ်လိုက်၏။ လက်ဖမိုး၊ လည်ပင်း၊ ရင်အုပ်နှင့် ညှပ်ရိုးတို့တွင် ဆွဲထားသည့် တက်တူးများမှာ လှပသည့်တိုင် သေစေနိုင်လောက်သည့် အရှိန်အဝါမျိုး ပေးစွမ်းနေသည်။ သူ၏ ပါဝင်မှုက ဟာသအတွက်သာ ဖန်တီးထားသည့် တင်းကျင်းစုန့်ဇာတ်ကောင်ကို တစ်မူထူးခြားလာစေတော့သည်။ 


မူလတင်းကျင်းစုန့်မှာ ရယ်ရွှင်ဖွယ်ကောင်းကာ အကျင့်ပျက်ခြစားသည့် စရိုက်မျိုး ဖြစ်သော်ငြား ယခုမူ စွမ်းအားကြီးကာ အန္တရာယ်များသူအဖြစ် ပြောင်းလဲလာတော့သည်။ 


အဝတ်လဲခန်းမှ ထွက်လာကာ မီးရောင်တဖျတ်ဖျတ်လက်နေသည့် ဘားရှိရာသို့ လျှောက်လာသော ကျိမြန်ကို တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ဇာတ်ညွှန်ရေးဆရာက စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ထရပ်လိုက်သည်။ 


"ဟုတ်တယ် ဒါကမှ တရုတ်ဂိုဏ်းအကုန်လုံးကို စုစည်းနိုင်တဲ့ ခေါင်းဆောင်ပဲ မစ္စတာကျိ ကျွန်တော်တို့နဲ့အတူတူ လာပူးပေါင်းပေးတာ ကျေးဇူးတင်ပါတယ် တကယ် တကယ်ကို ကျေးဇူးအများကြီး တင်ပါတယ် ..." 


ရှောင်ကျားရှုကို လှည့်ကြည့်လိုက်မိသည့်အခါ ပြောလက်စကားတို့ပင် ဗလုံး‌ဗထွေး ဖြစ်သွားတော့သည်။ 


"ဒါက ရှုထျန်းယုလား လှလိုက်တာ အရမ်းကို လှတာပဲ တင်းကျင်းစုန့်က မြင်မြင်ချင်း ကြိုက်သွားတာ မထူးဆန်းတော့ပါဘူး ဒီဇာတ်ကောင်နဲ့ တစ်ထပ်တည်းကျတဲ့သူ ရှိသေးတယ်ပေါ့ ရှောင်ချွမ် မင်း အရင်က ဘယ်လိုလူတွေကို ငှားခဲ့တာလဲ ငါ့ဇာတ်လမ်းတစ်ခုလုံး ပျက်စီးတော့မလို့ကွ ..." 


လှတယ် လှတယ် ဟုတ်လား ...


ရှောင်ကျားရှု၏ တစ်ကိုယ်လုံး မသိမသာ တုန်ရီသွားသည့်တိုင် တစ်ဖက်သူ၏ စကားကို ပြိုင်မငြင်းခဲ့။ 


ဒီလူက ရှုထျန်းယုရဲ့ အဖေလေ သူလှတယ်ဆိုတော့လည်း လှလိုက်တာပေါ့ ... 


"အိုကေ ပေါက်ကရတွေ မပြောနဲ့တော့ ဓာတ်ပုံတွေ မြန်မြန်ရိုက်လိုက်ရအောင် ..." 


ကျောက်ချွမ်က စိတ်မရှည်စွာဖြင့် လောဆော်လိုက်သည်။ 


"ဘယ်လိုရိုက်ရမှာလဲ ..." 


ရှောင်ကျားရှုက ဝေဝါးနေသေးသော်ငြား ကျိမြန်ကမူ ဇိမ်ရှိလှသည့် ဆိုဖာပေါ် ဝင်ထိုင်ကာ သူ့ချစ်သူလေးကို လက်မောင်းကြား ဆွဲထည့်လျက် မေးကို သူ့လက်ချောင်းများဖြင့် ဖျစ်ညှစ်ထားလိုက်သည်။ မှိန်ဖျော့ဖျော့အလင်းရောင်အောက်တွင် တောက်ပနေသည့် အကြည့်နက်နက်တို့မှာ အနိုင်ယူရန် ဆုံးဖြတ်ထားဟန်ပင်။ 


ရှောင်ကျားရှုမှာ ပြင်ဆင်ခြင်း အလျဉ်းမရှိဘဲ ရှက်‌သွေးဖြာလာတော့သည်။ လက်တစ်ဖက်က ရင်အုပ်ကို တွန်းနေကာ ကျန်လက်တစ်ဖက်ကမူ သဘာဝကျကျပင် လည်တိုင်တွင် သွားချိတ်မိလျက် မျက်ဝန်းအစုံမှာလည်း ပြူးကျယ်နေတော့သည်။ 


အချိန်အတော်ကြာ စောင့်ဆိုင်းနေသည့် ဓာတ်ပုံဆရာက ကင်မရာခလုတ်ကို ဆက်တိုက်နှိပ်လျက် အဆက်မပြတ် ချီးကျူးလိုက်သည်။ 


"ဟုတ်တယ် ဟုတ်တယ် ဒါက မင်းပြေး ငါလိုက်မယ် ဆိုတဲ့ ခံစားချက်မျိုးပဲ ပုံစံပြောင်းပြီး နောက်ထပ် နည်းနည်းလောက် ထပ်ရိုက်ကြရအောင် မင်းတို့နှစ်ယောက်က အရမ်းကို ပြီးပြည့်စုံတဲ့ အတွဲပဲ သိရဲ့လား ..." 


သေချာပေါက်ကို သိတာပေါ့ ... 


ဆို‌ဖာပေါ်သို့ ကျိမြန်၏ တွန်းချခြင်းကို ခံနေရင်း စိတ်ထဲမှ တီးတိုး ပြန်ပြောလိုက်သည်။ ထို့အပြင် ကျိကောနှင့် အတူတူ ရိုက်ကူးရေး လုပ်ရ၍ ပျော်နေသည့်တိုင် စိတ်မပါ ဒေါသထွက်နေသည့် အမူအယာမျိုး လုပ်နေရသည်မှာ အလွန်အမင်း ဆန့်ကျင်ဘက် ဖြစ်လွန်းနေပေသည်။ 


နောက်ဆုံးဓာတ်ပုံ ရိုက်ရန်ကျိမြန်က သူ့ကို ‌ဆွဲထူလိုက်သည့်အခါ အင်္ကျီကော်လံကို ဆွဲလျက် လက်သီးဖြင့်ချိန်ကာ ခြိမ်းခြောက်သည့်ဟန် လုပ်ပြလိုက်သည်။ နှစ်ဦးလုံး မျက်လွှာချကာ အပြုံးတို့ကလည်း ထင်ရှားနေပြီး ကျန်တစ်ဦးက မျက်နှာ‌ကို ပင့်မော့လျက် စပ်ဖြဲဖြဲ ပြုံးနေသည်။ တောက်လောင်နေသည့် အကြည့်တို့ ကြားခံလေထဲတွင် တိုက်မိသွားကာ အရောင်အဝါတို့ ဖြာထွက်လုမတတ် ဖြစ်လာတော့သည်။ 


"အိုကေ ဒါ အကောင်းဆုံးပုံပဲ ပြီးတော့ အရမ်းကိူ ပြီးပြည့်စုံတဲ့ အဆုံးသတ်လေး ..." 


ဓာတ်ပုံဆရာက လက်ကိုမြှောက်လျက် စိတ်လှုပ်ရှားစွာ ကြော်ငြာလိုက်သည်။ 


ထိုပုံများ၏ သရုပ်ဖော်ပြချက်မှာ လွန်စွာ ရယ်ရွှင်ဖွယ် ကောင်းလှသည့်တိုင် ဇာတ်ကောင်များမှာမူ များစွာ ရသမြောက်လှပြီး သန်မာလှသည့် ရုပ်ပိုင်းဆိုင်ရာ လွန်ဆွဲမှုတစ်ရပ် ပေးစွမ်းနေသည်။ ပို၍ အရေးကြီးသည့်အချက်မှာ ဇာတ်ကောင်နှစ်ဦးအကြား ခံစားချက်မှာ ရန်လိုမုန်းတီးမှုတို့အပြင် ထိန်းချုပ်၍ မရနိုင်လောက်အောင် ဆွဲဆောင်ခံရမှုတို့လည်း ပါဝင်နေသည်။ ခံစားချက်တို့ကို မျက်လုံးအောက်ခြေသို့ ဖုံးကွယ်ထားသည့်တိုင် ဓာတ်ပုံအားလုံးမှတစ်ဆင့် ခံစားနေရရာ ရယ်ရသည့်တိုင် နက်ရှိုင်းသည့် ခံစားချက်တစ်ရပ်ကိုပါ ပေးစွမ်းနေပေသည်။ 


ထိုပုံများကိုသာ ပိုစတာအဖြစ် ထုတ်လိုက်ပါလျှင် ရလဒ်မှာ ပို၍ပင် ကောင်းလာပေလိမ့်မည်။ သရုပ်ဆောင်နှစ်ဦးအကြား interaction ကြောင့် ရုပ်ရှင်လည်း မုချ နာမည်ကျော်ကြား လူကြိုက်များလာလိမ့်မည်ဟုဓာတ်ပုံဆရာက ပုံများကို ဂရုတစိုက် ဆန်းစစ်ရင်း တွေးမိလိုက်တော့သည်။ 



ဓာတ်ပုံများ၏ ရလဒ်မှာ အင်မတန် ကောင်းမွန်လှပေသည်။ ဘား၏ ဖွဲ့စည်းပုံမှာ အဆင့်အတန်းမြင့်ကာ မှိန်ဖျော့ဖျော့အလင်းရောင်က ဇာတ်ကောင်နှစ်ယောက်၏ စရိုက်ကို ပိုမိုတောက်ပလာစေသည်။ ခေါင်းထက်တွင် ထွန်းညှိထားသော ခပ်စူးစူး မီးလုံးများကလည်း နှစ်ဦးအကြား မပြတ်မသားအခြေအနေတို့ကို ရိုမန့်တစ်ဆန်သည့် ခံစားချက်တို့ ထပ်ထည့်ပေးနေသယောင်။ ကိုယ်နေဟန်ထားတို့မှာ လွန်စွာ ရယ်ရသည့်တိုင် မြင်ရသူကို မနှစ်မျို့ဖွယ် အပေါစားဆန်သည့် ခံစားချက်တို့ မရစေ၊ ထိုအစား ချစ်သူနှစ်ဦးကြားက ရန်ပွဲနှယ် စိတ်ဝင်စားဖွယ်‌ ခံစားချက်ကိုသာ ပေးစွမ်းနေပေသည်။ 


ထို့အပြင် နှစ်ဦးလုံး၏ ရုပ်ရည်မှာ အနုပညာလောက၏ အထွတ်အထိပ်ဟုပင် ဆိုရလောက်ရာ ထို ချောမောလှသည့် မျက်နှာနှစ်ခုကို တစ်ပြိုင်တည်း ရိုက်ကူးထားသည့် ဓာတ်ပုံမှာ ကြည့်ရှုသူအားလုံးကို များစွာ လွှမ်းမိုးသွားနိုင်မည်ဖြစ်သည်။ 


ကျောက်ချွမ်မှာ ပုံများကို တစ်ပုံချင်း အသေးစိတ် ကြည့်ရှုရင်း အဆင်မပြေသည့်ပုံကို ရွေးထုတ်ရန် ခဲယဉ်းလာတော့သည်။ ပိုကောင်းသည့်ပုံကို ရွေးထုတ်နိုင်ရန်မှာမူ သာ၍ပင် ခဲယဉ်းလှသေးသည်။ ဓာတ်ပုံတစ်ခုစီတိုင်းမှာ ပိုစတာအဖြစ် ပြန်ထုတ်နိုင်လောက်အောင် သဘောကျဖွယ် ကောင်းနေရာ ရုပ်ရှင်ကို ပရိုမိုးရှင်းဆင်းရန် အလို့ငှာ ထိုပိုစတာများကိုသာ မီဒီယာများထံ ပို့လိုက်ပါလျှင် ပရိသတ်တို့ မည်မျှအထိ ဝမ်းသာလုံး ဆို့သွားလောက်ကြောင်း မြင်ယောင်ကြည့်၍ ရပေသည်။ 


ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ဒီမျက်နှာနှစ်ခုရဲ့ နှစ်လိုဖွယ်ကောင်းမှုကို တောင့်ခံနိုင်တဲ့သူ ဘယ်သူရှိမှာတဲ့လဲ ... 


သင့်လျော်သည့် သရုပ်ဆောင်ကို ဖိတ်ကြားနိုင်ခြင်းကပင်လျှင် ရိုက်ကူးရေးကို တစ်ဝက်ခန့် အောင်မြင်နေပြီဟု ပြောနိုင်ရာ ကျိမြန်ကဲ့သို့ စူပါစတားတစ်ယောက်ပါ ပါဝင်လာသည့်အခါ အောင်မြင်မှုအကြောင်း ထည့်ပြောနေရန်ပင် မလိုအပ်တော့ချေ။ ကျိမြန်သည် တစ်ကြိမ်တစ်ခါမှ ဟာသကား မရိုက်ခဲ့ဖူးသော်ငြား သူရိုက်ခဲ့သမျှ ရုပ်ရှင်အားလုံးထက် ပိုပြီးကောင်းစွာ သရုပ်ဆောင်နိုင်လိမ့်မည်ဟု ကျောက်ချွမ်က ယုံကြည်ထားသည်။ အကြောင်းမှာ ဤဇာတ်ကား၏ အဓိကဇာတ်လိုက်သည် ရှောင်ကျားရှုဖြစ်နေ၍ပင် ဖြစ်သည်။ 


အလားတူပင် ရှောင်ကျားရှုကလည်း ကျိမြန်ရှိနေသည့်အတွက် ယခင်ထက် အဆပေါင်းများစွာ ပိုမိုကြိုးစားလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် ‌ဆွဲချသွားနိုင်မည့် လုပ်ရပ်မျိုးကို မည်သူကမှ စိတ်ကူးလိမ့်မည် မဟုတ်ချေ။ 


ကျောက်ချွမ်က tablet ကို ချကာ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ 


"အဓိကပိုစတာကို နောက်ပိုင်းမှ ရွေးတော့မယ် ဘာပဲဖြစ်ဖြစ် မကောင်းတာကို ရွေးမိမှာမှ မဟုတ်တာ လာ လာ ရိုက်ကူးရေးကိုပဲ အရင်လုပ်လိုက်ရအောင် အားလုံးပဲ နေရာယူ အဆင်သင့်ပြင် ရိုက်ကူး‌ရေး ပြန်စမယ် ..." 


အားလုံး ချက်ခြင်း အလုပ်များသွားကြတော့သည်။ 


သူက ရှောင်ကျားရှုကို တံခါးဝအနား ခေါ်လာကာ ပြိုင်ကားတစ်စီးကို ညွှန်ပြလျက် ပြောလိုက်သည်။ 


"ဒီကားကို ဆယ်မီတာလောက် အကွာအထိ လှည့်ပြီးမှ ဘားရှေ့အထိ ဖြည်းဖြည်းလေး ပြန်မောင်းလာ ပြီးမှ တံခါးကိုဖွင့်ပြီး ဆင်းလာခဲ့ မြေကြီးပေါ်ကို ခြေတစ်ဖက်ပဲ အရင်ချဦး မင်းရဲ့ ခြေကျင်းဝတ်နဲ့ ဈေးကြီးတဲ့ လယ်သာဖိနပ်ကို အနီးကပ် ရိုက်မလို့ လမ်းကို တတ်နိုင်သလောက် ဖြည်းဖြည်းလေးနဲ့ ဟန်တစ်လုံးပန်တစ်လုံးနဲ့ လျှောက်လာခဲ့နော် ဘားထဲကို ဝင်လိုက်တာနဲ့ နံရံမှာ အလှဆင်ထားတဲ့ မှန်တွေကို တွေ့လိမ့်မယ် လမ်းလျှောက်နေရင်း မှန်ကြည့်ပြီး ဆံပင်ကို ပြန်ပြင်လိုက်ဦး ဘေးနားမှာလည်း မိန်းမ‌လှ‌လေးတွေ အများကြီး ရှိနေလိမ့်မယ် နှစ်ယောက်လောက်ကို ဖက်ပြီး ပိုက်ဆံတွေ ကြဲချပေးလိုက် လူတိုင်း အလုအယက် ကောက်နေကြတဲ့အချိန် မင်းရှေ့က ပင်မကင်မရာက မင်းကို အနီးကပ် ရိုက်နေလိမ့်မယ် အဲဒါကို စိုက်ကြည့်ပြီး မျက်စိတစ်ဖက် မှိတ်ပြဖို့ သတိရဦး မင်းက တစ်ကမ္ဘာလုံးမှာ အချမ်းသာဆုံး၊ ဆွဲဆောင်မှု အရှိဆုံးနဲ့ အချောမောဆုံးယောကျာ်းဆိုတာကို သိထား မင်းက စကြဝဠာကြီးရဲ့ ဗဟိုချက် ကမ္ဘာတစ်ခုလုံးရဲ့ ဘုရင်ပဲ နားလည်လား ..." 


"သိပ်နားမလည်ဘူး ..." 


ရှောင်ကျားရှုက ခေါင်းကိုယမ်းပြလိုက်သည်။  


"ရှုထျန်းယုရဲ့ စရိုက်က သူ့ကိုယ်သူ အရမ်းချစ်တတ်ပြီး သတ္တိကြောင်တယ်ဆိုတာကိုတော့ သိပါတယ် ဒါပေမယ့် စကြဝဠာတစ်ခုလုံးရဲ့ ဗဟိုချက်ဆိုတဲ့ ခံစားချက်က ဘယ်လိုကြီးလဲ ဒါကို တကယ် နားမလည်ဘူး ဒီလိုတွေးရအောင် သူက ဘယ်လောက်အထိ ကြီးမြတ်နေလို့လဲ ..." 


"မင်းတောင် နားမလည်တာ ငါက ဘယ်လိုလုပ် နားလည်မှာလဲ ငါက ဒါရိုက်တာလေ သရုပ်ဆောင် မဟုတ်ဘူး ငါ့ concept ကို ပြောပြပေးရုံပဲ တတ်နိုင်မှာ ဘယ်လို အကောင်အထည် ဖော်ရမလဲ ဆိုတာက မင်းဆုံးဖြတ်တဲ့အပေါ်မှာပဲ မူတည်တယ် ..." 


ကျောက်ချွမ်က လက်လွယ်စပယ် ပြောလိုက်သည်။ 


"ခံစားချက်ကို ရှာဖွေဖို့ အရင်ဆုံး ရိုက်လိုက်ကြရအောင် လာ လာ ကားကို မောင်းလာခဲ့လိုက် ..." 


"အိုကေ ..." 


ရှောင်ကျားရှုက ဝင်းလက်နေသည့် ငွေရောင်ပြိုင်ကားကို လှည့်ပတ်ကြည့်ရှုရင်း‌ လေချွန်လိုက်သည်။ 


"Koenigsegg အာ ‌ချွမ်အာ မင်း ဒါကို ဘယ်ကနေများ ရှာလာတာလဲ ဒါက တစ်ကမ္ဘာလုံးမှာမှ ခြောက်စီးပဲ ရှိတာ မဟုတ်လား ..."


"ဂရုစိုက်နော် ဒီကားကို ငှားခက ဘားနဲ့ စတူဒီယို နှစ်ခုပေါင်း ငှားခထက်ကို ပိုများတယ် ဆေးတွေ ပျက်သွားလို့ကတော့ မင်းကို အသေသတ်ပစ်မှာ ..." 


ကျောက်ချွမ်က ခြိမ်းခြောက်လိုက်သည်။ 


"ရှောင်ရှု ဝင်လေ ..." 


ကားဘေးတွင် ရပ်နေသည့် ကျိမြန်က ကားတံခါးကို ဖွင့်ပေးပြီး ဖြစ်သည့်အပြင် ရှောင်ကျားရှု ဝင်လာပါလျှင် ကားအမိုးနှင့် မတိုက်မိစေရန် အလို့ငှာ လက်တစ်ဖက်ဖြင့်ပင် အဆင်သင့် ကာထားပေးပြီး ဖြစ်ပေသည်။ သူက သတိပေးလိုက်၏။ 


"လီဗာနင်းရင် အရှိန်လျှော့နော် အရမ်း ပြင်းပြင်းကြီး မနင်းမိစေနဲ့ ဒီကားက သုံးစက္ကန့်အတွင်းကို မီတာတစ်ရာနီးပါး သွားနိုင်တယ် ပြီးတော့ စထွက်တဲ့ အရှိန်ကလည်း တော်တော်လေးကို မြန်တာ ..." 


"အရမ်းမြန်တာပဲ ..." 


ရှောင်ကျားရှု၏ မျက်နှာတွင် အံ့အားသင့်သည့် အမူအယာတို့ ဖုံးလွှမ်းသွားသော်ငြား စိတ်ထဲတွင်မူ ဆိုင်းတွမှုတို့ ပြည့်နှက်သွားတော့သည်။ ပိတ်လှောင်ကြောက်လွန်စိတ်ရောဂါကို ခံစားခဲ့ရသဖြင့် ကားထဲသို့ ဝင်လေတိုင်း အလွန်အမင်း ကြောက်လန့်ခဲ့ရသည်။ နောက်ပိုင်းတွင် ထိုရောဂါကို ကုသနိုင်ခဲ့သည့်တိုင် ဟဲမင်မှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ရသည့်အတွက် နေရာကျဉ်းမြောင်းသည့် ပြိုင်ကားများကို အမြဲလိုလို ရှောင်ရှားခဲ့သည်။ 


ကျိမြန်လည်း အနည်းငယ် ကြက်သေသေသွားကာ ကားထဲ ဝင်တော့မည့် ရှောင်ကျားရှုကို လှမ်းဆွဲပြီး တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ 


"ကိုယ် ကားကို နောက်ပြန်ဆုတ်ပေးမယ် မင်း လျှောက်လာခဲ့ ..." 


ထိုသို့ပြောရင်း ကားထဲဝင်ကာ စက်နှိုးလိုက်သည်။ 


ရှောင်ကျားရှုက စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ကျိမြန်က ကားကို သူ့ခြေလှမ်းလှမ်းသလောက်သာ တစ်ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်ပေးနေကြောင်း တွေ့လိုက်ရသည့်အခါ ကားပြတင်းပေါက်နား သွားလျက် သူ့ကို ငုံ့ကြည့်လိုက်သည်။ 


"ကျိကော သိလား ..." 


ထို့နောက် မျက်ခုံးကို နားလည်ရခက်စွာ ပင့်ပြလိုက်၏။ 


"ဘာကို သိရမှာလဲ ..." 


ကျိမြန်ကလည်း ပူးပေါင်းမှုအပြည့်ဖြင့် ပြန်မေးလိုက်သည်။ 


"အခုလေးတင် ကောကို နည်းနည်း ပိုချစ်မိလာသလိုပဲ ..." 


လက်မနှင့် လက်ညှိုးကိုသုံးကာ ခြေဟန်လက်ဟန်ပြရင်း ပြောလိုက်သည်။ 


ကျိမြန်ကလည်း ဝမ်းသာအားရပြုံးကာ စနောက်လိုက်သည်။ 


"နည်းနည်းလေးပဲလား ကိုယ့်ရဲ့ ရှောင်ရှုက တော်တော်လေး ကပ်စေးနည်းတာပဲ ..." 


ရှောင်ကျားရှု၏ စနောက်နေသည့် အမူအယာမှာ ချက်ခြင်း လေးနက်သွားတော့သည်။ 


"အာ မဟုတ်ပါဘူးနော် ကျွန်တော်က ကောကို တစ်စက္ကန့်ကို နည်းနည်းစီ ပိုပိုချစ်လာတာလေ တစ်ရက်စာ၊ တစ်နှစ်စာ ပြီးတော့ တစ်သက်လုံးစာဆို ဘယ်လောက်တောင် များလိုက်မလဲ စကြ

ဝဠာကြီး တစ်ခုလုံးနဲ့တောင် မဆန့်တော့ဘူးလေ ဟုတ်တယ်မဟုတ်လား ..." 


လက်ကိုမြှောက်ကာ ညဘက်ကောင်းကင်ကို မော့ကြည့်ပြီးနောက် ရုတ်ချည်း ကြက်သေသေသွားတော့သည်။ 



Xxxxxxxxx