အပိုင်း ၁၆၁
Viewers 44k

Chapter 161




ရှောင်ကျားရှုက သူ့ရင်အုပ်ပေါ် ခေါင်းတင်ရင်း ငေးမောနေလိုက်သည်။ သူ့အဖို့လည်း ကျိကောမှာ ထပ်တူထပ်မျှပင် အရေးပါပေသည်။ ပြုတ်ကျမည်၊ ကျရှုံးမည်ကို ကြောက်ရွံ့ခြင်း မရှိပါဘဲ ကျိမြန်၏ လက်ကို တွဲထားနိုင်ကာ ဖဝါးအောက်ရှိ ခရီးလမ်းမှာလည်း ယခုကဲ့သို့ တစ်ခါမှ တည်ငြိမ်ပြတ်သားမနေခဲ့ဖူးချေ။ 


အတိုချုပ် ပြောရပါလျှင် သူတို့နှစ်ဦးလုံးသည် လူမှန်နေရာမှန်နှင့် တွေ့ဆုံခဲ့ကြခြင်းပင် ဖြစ်သည်။ 


သူ့အတွေးတို့ကို တိတ်တဆိတ် ကြားနေရပါသည့် ကျိမြန်မှာလည်း ဟန်မဆောင်နိုင်လောက်အောင်ပင် ပြုံးလိုက်မိတော့သည်။ ရှောင်ကျားရှုကို ရင်ခွင်ထဲ ဆွဲသွင်းကာ သူ့မျက်နှာ‌ကို အသာလေး ဆွဲယူလျက် ပွင့်ဟစပြုနေပြီဖြစ်သော နှုတ်ခမ်းနှစ်လွှာကို ငုံထွေးလိုက်သည်။ ထို့နောက် ဆီးနှင်းသဖွယ် ဖြူဖွေးနေသည့် သွားတို့ကို လျက်ကာ လျာထိပ်ချင်း လိမ်ထွေးလျက် အာခံတွင်းအနှံ့ စူးစမ်းလိုက်သည်။ သူ့အပြုအမူတို့မှာ အလွန်အမင်း ညင်သာကာ အာရုံမစိုက်မိပါလျှင် အချိန်မရွေး အရည်ပျော်ကျသွားနိုင်သည့် သကြားလုံးတစ်လုံး ငုံထားရသည့်နှယ် စိတ်အာရုံကို သတိကြီးကြီး ကပ်ထားနေပေသည်။ 


အထိမခံလှသည့် ချောင်ချိုချောင်ကြားပါမကျန် နေရာအနှံ့ ကြာမြင့်စွာ နမ်းရှိုက်ကာ ရှောင်ကျားရှု၏ လျာဖျားကို သူ့ခံတွင်းသို့ ဆွဲယူလိုက်၏။ အနမ်းမှာ တိမ်ပေါ် လွင့်မျောလမ်းလျှောက်နေရသည့်နှယ် ပေါ့ပါးသွက်လက်နေကာ တစ်ချိန်တည်းမှာပင် နှလုံးသားထဲသို့ တစ်ခုခု ကျဆင်းလာသည့်အလားလည်း လေးလံနေပေသည်။


နမ်းနေသည့် အချိန်တိုင်း အမြဲလိုလို အသက်ရှူရန် မေ့လျော့တတ်သည့် ရှောင်ကျားရှုမှာ ဤတစ်ကြိမ်တွင်မူ အသက်ရှူရာ၌ အခက်အခဲဖြစ်ဟန်မတူ။ ဆံချည်တစ်မျှင်၊ ချွေးပေါက်တစ်ပေါက်ကအစ ကျိကော၏ လှိုက်လှိုက်လှဲလှဲ ဂရုစိုက်မှုကို ခံ‌ရသည်ဟု ခံစားမိလာတော့သည်။ ကျိမြန်၏ လည်တိုင်ကို ဖက်တွယ်ရင်း သူ့ခန္ဓာကိုယ်မှာ ရေအိုင်တစ်ခုနှယ် နူးညံ့လာတော့သည်။ 


ခေါင်းကိုလှည့်ပြီး ကျိမြန်၏ လျာဖျားထိပ်တို့ကို ဂရုတစိုက် လျက်ကာ ရှုထောင့်တစ်ခုပြောင်း၍ နမ်းရှိုက်လိုက်သည်။ ကျိကောသာ သူ့ကို အမြဲလိုလို ဤကဲ့သို့ အလွန်အမင်း နူးညံ့စွာ နမ်းရှိုက်မည် ဆိုပါလျှင် အနမ်းပြိုင်ပွဲသို့သွားကာ သုံးရက်သုံးညတိုင်တိုင် အိပ်စက်ခြင်း မရှိဘဲ အနမ်းတိုက်ပွဲ ဆင်နွှဲနိုင်သည်ဟုပင် ခံစားမိလာတော့သည်။ 


သို့သော် သုံးရက်သုံးညဟူသည့်စကားမှာ လက်တွေ့တွင် မဖြစ်နိုင်ပေ။ ဆယ်မိနစ်ခန့်အကြာတွင် ဖန်ခွင်းက တံခါးကို တွန်းဖွင့်ကာ ပြုံးဖြဲဖြဲမျက်နှာပေးဖြင့် ပြောလာ၏။ 


"ကျိကော ကျွန်တော် အခုပဲ အီးမေးလ်တစ်ခု ရလာတယ် တစ်ချက်လောက် ကြည့်ကြည့်ပေး ... အာ ဆောရီး ဆောရီး ဆက်လုပ်ကြပါ ..." 


တံခါးကို ဝုန်းကနဲ ပြန်ပိတ်ကာ ပြင်းပြင်းထန်ထန် ကျိန်ဆဲလိုက်တော့၏။ 


နေ့လည်ခင်းကြီး ပြီးတော့ လူတွေ ဒီလောက်များနေတဲ့ ရုံးမှာတောင် ကျိမြန် မင်းကတော့ တကယ်ကို သတ္တိကောင်းနေတာပဲ ဟိုးအရင်က သီးသန့်ဆန်၊ သတိကပ်ပြီး ဆင်ဆင်ခြင်ခြင် နေတတ်တဲ့ အပြုအမူတွေ ဘယ်ရောက်ကုန်တာလဲ ခွေးကို ကျွေးလိုက်တာလား ... 


ကျိမြန်က ချိုမြသည့် အနမ်းတစ်ပွင့်ကို အပြီးသတ်ကာ ‌ရှောင်ကျားရှု၏ နှုတ်ခမ်းပေါ်ရှိ သွားရည်တို့ကို လက်မဖြင့် ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် နီမြန်းနေသည့် မျက်ဝန်းတစ်စုံကို ငုံ့နမ်းလိုက်ပြန်ကာ ပွေ့ဖက်လျက် ညင်သာစွာ ပြောလိုက်သည်။ 


"ကိုယ် အလုပ်ကိစ္စတွေ အရင် လုပ်လိုက်ဦးမယ် ပြီးမှ ဇာတ်လမ်းဆက်ကြတာပေါ့ ..." 


"ဇာတ်လမ်းဆက်မယ် ..." 


ရှောင်ကျားရှုက အံ့ဩသွားဟန်ဖြင့် သူ့နှုတ်ခမ်းတို့ကို ပွတ်သပ်လိုက်သည်။ သို့သော် အတွင်းစိတ်ထဲတွင်မူ ပျော်လွန်း၍ ထခုန်မိလုမတတ်ပင်။ 


ဒီလိုအနမ်းမျိုးက ကြက်အစာကောက်သလို အနမ်းမျိုး လုံးဝ မဟုတ်ဘူး သူ့အတွက် တစ်နေကုန်စာတောင် လုံလောက်နေပြီ ... 


ကျိမြန်မှာ ရယ်ချမိလုနီးပါးပင်။ 


ဖြည်းညှင်းတဲ့ အနမ်း၊ ပြင်းရှတဲ့အနမ်း၊ ခြောက်သွေ့တဲ့ အနမ်း၊ စိုစွတ်တဲ့ အနမ်း၊လျာနဲ့ နှုတ်ခမ်းပါ သုံးပြီး နမ်းတဲ့အနမ်း ဒီလိုမျိုးတွေပဲ ကြားဖူးပါတယ် ကြက်အစာကောက်တဲ့ အနမ်းလို့ တစ်ခါမှကို မကြားဖူးဘူး ဒါ ရှောင်ကျားရှု တီထွင်ထားတဲ့ဟာပဲ ဖြစ်ရမယ် ... 


"ဟုတ်တယ် ဆက်ကြဦးမယ်လေ မလိုချင်ဘူးလား ..." 


နှုတ်ခမ်းကို လက်သီးဆုပ်ဖြင့် တေ့လျက် ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်ကာ မေးလိုက်ရသည်။ 


"လိုချင်တယ် လိုချင်တယ်လို့ ..." 


ရှောင်ကျားရှုက ထိုင်ခုံပေါ်မှ ထကာ အလောတကြီး ပြောလိုက်သည်။ 


"သန့်စင်ခန်း သွားလိုက်ဦးမယ် ကျွန်တော် ပြန်မလာခင် အလုပ်ကိစ္စတွေကို အပြီးလုပ်ထားနော် ..." 


"အိုကေ ..." 


ကျိမြန်က သူ့ဖိနပ်များကို ကူကောက်ကာ တစ်ဖက်ချင်း ဝတ်ပေးလိုက်သည်။ 


ရှောင်ကျားရှုက သူ့နဖူးကို ငုံ့နမ်းကာ ဝမ်းသာအားရ ပြေးထွက်သွားတော့သည်။ ကျိမြန်က မျက်နှာကို လက်ဖြင့် အုပ်ကာ ခပ်တိုးတိုး ရယ်မောလိုက်သည်။ ထို့နောက်တွင်မှ တည်ကြည်လေးနက်သည့် အမူအယာသို့ ပြောင်းလဲလျက် နက်ရှိုင်းသည့်အသံဖြင့် ပြောလိုက်တော့သည်။ 


"ဝင်လာခဲ့ နောက်တစ်ခါဆို တံခါးခေါက်ဖို့ သတိရ ..." 


သန့်စင်ခန်းထဲမှ ပြန်ထွက်လာပြီးနောက် ရှောင်ကျားရှုသည် လက်ဆေးမည် ပြုစဉ် ၁၆ နှစ်အရွယ် ကောင်လေးတစ်ဦးနှင့်အတူ ရယ်ကာမောကာ စကားပြောရင်း အထဲဝင်လာသော လင်းလဲ့ယန်ကို တွေ့လိုက်ရသည်။ 


ယခုလက်ရှိတွင် <<The Lover>> ကို ရုံတင်နေဆဲ ဖြစ်ကာ ပရိသတ်၏ တုန့်ပြန်ပုံမှာလည်း ကောင်းမွန်လှပေသည်။ အသည်းကွဲသည့် ဖြစ်ရပ်ကြောင့် လင်းလဲ့ယန်မှာ လူမှုရေး ခေါင်းပါးသော စိတ္တဇလူသတ်သမားတစ်ဦး၏ သရုပ်ကို အပြည့်အဝ ဖော်ပြနိုင်ခဲ့ရာ ရုပ်ရှင်ဝေဖန်ရေးသမားတို့၏ အသိအမှတ်ပြုမှုကိုပင် ရရှိခဲ့တော့သည်။ အလားအလာရှိသည့် လူငယ်သရုပ်ဆောင်ဟူသော ဂုဏ်ပုဒ်ကိုပင် တစ်ဟုန်ထိုး ရရှိခဲ့ပြီး သူ့အနာဂတ်မှာ အလွန် အလားအလာကောင်းနေပေသည်။ 


လတ်တလော ထုတ်လွှင့်နေဆဲဖြစ်သည့် "Adventurers in the wilderness" တွင် အပျက်သဘောဆောင်သည့် မှတ်ချက်အချို့ ရရှိခဲ့သည့်တိုင် PR ဌာန၏ ဆီလျော်သော ကိုင်တွယ်မှုကြောင့် များမကြာမီမှာပင် မုန်တိုင်း ရပ်စဲသွားတော့သည်။ ကျိမြန်သည် အကြောင်းပြချက် မရှိဘဲ သူ့ကိုယ်ပိုင် အနုပညာရှင်ကို ဖျက်ဆီးလိမ့်မည်မဟုတ်။ အကယ်၍ ထိုအနုပညာရှင်သာ ကောင်းစွာ တိုးတက်လာပါလျှင် ကုမ္ပဏီသည်လည်း မြောက်များစွာသော အကျိုးအမြတ်တို့ကို ရရှိမည်ဖြစ်ရာ နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် အခြေအနေမျိုးပင် ဖြစ်ပေသည်။ 


ရှောင်ကျားရှုကို မြင်လိုက်ရသည့်အခါ လင်းလဲ့ယန်၏ လှုပ်ရှားမှုအားလုံး အေးခဲသွားတော့၏။ သူ့ကို မည်သို့ ရင်ဆိုင်သင့်ကြောင့် မသိတော့ချေ။ ရှောင်ကျားရှုနှင့် ကျိမြန်တို့၏ ပို့စ်များကို နေ့တိုင်း လိုက်ကြည့်နေခဲ့ရာ ထိုသူနှစ်ဦး တွဲနေကြပြီဖြစ်ကြောင်းလည်း သူ သဘောပေါက်ပြီး ဖြစ်ပေသည်။


သူ့အလိမ်အညာတွေက ပေါ်သွားလောက်ရောပဲ ဟုတ်တယ်မဟုတ်လား ဒါက တော်ရုံတန်ရုံ ရှက်စရာကောင်းတာမျိုးကို မဟုတ်ဘူးလေ ... 


ယခု ပြန်စဉ်းစားကြည့်ပါလျှင်ပင် သူ့ကိုယ်သူ ဤမျှ စက်ဆုပ်ဖွယ် လုပ်ရပ်မျိုး လုပ်ခဲ့မိကြောင်း မည်သို့မှ မယုံကြည်နိုင်သေးချေ။ 


သူနှင့် မတွေ့ရသေးခင်အထိ ရှောင်ကျားရှုသည် လင်းလဲ့ယန် ရှိနေသေးကြောင်းကိုပင် မေ့လျော့နေခဲ့သည်။ တစ်ဖက်သူ၏ အင်္ကျီကော်လာကို ဆောင့်ဆွဲ၍  သန့်စင်ခန်းထဲ ဆွဲခေါ်ပြီး ဝမ်းဗိုက်ကို လက်သီးဆုပ်ဖြင့် ထိုးနှက်ကာ အံတင်းတင်းကြိတ်လျက် ပြောလိုက်သည်။ 


"လင်းလဲ့ယန် မင်းကို ဟိုးအရင်ကတည်းက ဒီလို လုပ်ချင်နေခဲ့တာ ..." 


လင်းလဲ့ယန်မှာ နာကျင်မှုကြောင့် မတ်တပ်ပင် မရပ်နိုင်၊ သို့သော် ပြန်လည်၍လည်း မခုခံခဲ့ချေ။ သူနှင့် အတူ ပါလာသူက ရှောင်ကျားရှုကို ကာဆီးလျက် ဒေါသတကြီး အော်ဟစ်လိုက်သည်။ 


"ဟေး ဘယ်လိုဖြစ်လို့ လူတွေကို လိုက်ရိုက်နေတာလဲ ဒီနေရာက စတူဒီယိုကွ မင်းလုပ်ချင်သလို လုပ်လို့ရမယ့်နေရာ မဟုတ်ဘူး ..." 


"လုပ်တော့ရော ဘာဖြစ်လဲ ..." 


လက်သီးတစ်ချက်အပြီးတွင် ရှောင်ကျားရှု၏ ဒေါသအားလုံး လွင့်စင်ပပျောက်သွားတော့သည်။ အနည်းငယ် တွန့်ကြေစပြုနေပြီဖြစ်သော အင်္ကျီကို ဘောင်းဘီထဲ ပြန်ထည့်ကာ လက်ဆေးပြီး တုန့်ဆိုင်းခြင်းမရှိ ပြန်ထွက်သွားတော့သည်။ 


အတူပါလာသည့် လူငယ်လေးမှာ အလွန်ပင် မကျေမချမ်း ဖြစ်နေဟန်ပင်။ ရှောင်ကျားရှုကို ကျော်တက်ကာ ကျိမြန်၏ ရုံးခန်းရှိရာသို့ ပြေးသွားလိုက်သည်။ တံခါးပင် မခေါက်နိုင်၊ အခန်းထဲသို့ ရုတ်တရက် ပြေးဝင်သွားကာ ဖြစ်ကြောင်းကုန်စင်အားလုံးကို ကျိမြန်အား ပြောပြလိုက်သည်။ 


လင်းကောက ကုမ္ပဏီရဲ့ နာမည်အကြီး‌ဆုံးလူသစ်လေ ဥက္ကဌကျိက အလကားတော့ ထိုင်ကြည့်မနေလောက်ဘူး မဟုတ်လား ... 


လင်းလဲ့ယန်မှာ သူ့ကို လှမ်းဆွဲမထားနိုင်‌လိုက်သည့်အတွက် အလျင်အမြန် ပြေးလိုက်သွားလိုက်ရတော့သည်။ သူ့အမူအယာမှာ အလွန်အမင်း ရှက်ရွံ့စိတ်တို့ ပြည့်နှက်နေကြောင်းကိုမူ ထုတ်ပြောရန်ပင် မလိုအပ်ချေ။ 


ခြေတစ်လှမ်း နောက်ကျသွားသော ရှောင်ကျားရှုကမူ တံခါးဝတွင် နှုတ်ခမ်းစူလျက်သာ ရပ်နေလိုက်သည်။ 


"ဘယ်မှာလဲ ..." 


စာရွက်ကို အောက်ချကာ မေးလိုက်သည့် ကျိမြန်၏ လေသံမှာ စိတ်ဝင်စားခြင်း ကင်းမဲ့နေဟန်ပင်။ 


"ဗိုက်မှာပါ ..." 


လူငယ်လေးက လင်းလဲ့ယန်၏ အင်္ကျီကို လှန်ပြလိုက်ချင်သော်ငြား လင်းလဲ့ယန်က သူ့လက်ကို လှမ်းဆွဲထားလိုက်သည်။ 


"မျက်နှာမှာလည်း မဟုတ်ဘူး ပြီးတော့ ဖြစ်ပြီးသွားပြီပဲ မဟုတ်လား မင်းရဲ့ လက်ရှိ လုပ်နေတဲ့ အစီအစဉ်တွေ မနှောင့်နှေးပါဘူး ..." 


ကျိမြန်က သူ့ချစ်သူလေးကို လှမ်းကြည့်လိုက်လျှင် တစ်စက္ကန့်အတွင်းမှာပင် သူနှင့် စကားများလိုဟန် ပါးနှစ်ဖက်ကို ဖောင်းထားလျက် ဒေါသတကြီး စိုက်ကြည့်နေသော အမူအယာမှ နှုတ်ခမ်းတို့ကို စုကျုံ့ကာ အနမ်းတို့ ပို့လွှတ်နေသည့် အမူအယာသို့ ပြောင်းလဲသွားကြောင်း တွေ့လိုက်တော့သည်။  


သူက တည်ငြိမ်စွာ ပြောလိုက်သည်။ 


"အတိတ်က ပြီးသွားပြီ ရှေ့လျှောက် အလုပ်ကိုပဲ ကောင်းကောင်းကြိုးစား ..." 


"ဟုတ်ကဲ့ပါ ဥက္ကဌကျိ ကျွန်တော် ကြိုးစားပါ့မယ် ..." 


လင်းလဲ့ယန်က ထပ်ကာထပ်ကာ ခေါင်းငြိမ့်ပြကာ ကြောင်အနေသူကို ဆွဲခေါ်လျက် ရုံးခန်းထဲမှ ထွက်လာလိုက်တော့သည်။ 


ကျိမြန်က သူ့ချစ်သူလေးကို လက်ယမ်းပြကာ အလို‌လိုက်မှု အပြည့်ဖြင့် ပြောလိုက်သည်။ 


"စောစောက ဘာတွေ နှုတ်ခမ်းစူနေတာလဲ ကိုယ်က မင်းကို ဆူပူမယ်လို့ ထင်လို့လား ... " 


"စိတ်တောင် မကူးနဲ့ ဆူကြည့်ပါလား ကျွန်တော် ... ကျွန်တော် ..." 


ရှောင်ကျားရှုက အချိန်ကြာမြင့်စွာ စဉ်းစားနေသည့်တိုင် ကျိမြန်ကို မည်ကဲ့သို့ အပြစ်ပေးသင့်မှန်း မသိသေး။ သူ့ကို လျစ်လျူရှုမည်ဟု ပြောရန်မှာလည်း မဖြစ်နိုင်၊ အိပ်ယာပေါ် တက်လာခွင့် မပြုတော့ဟု ပြောရန်မှာ သာ၍ပင် မဖြစ်နိုင်သေးသည်။ 


ဒါက ကျိကောကို အပြစ်ပေးနေတာလား သူ့ကိုယ်သူ အပြစ်ပေးနေတာလား ... 


မိနစ်အနည်းငယ် ကြာပြီးကာမှသာ ရက်စက်သည့် စကားတစ်ခွန်း ပြောထွက်နိုင်သွားတော့သည်။ 


"ကြက်သွန်ဖြူတွေ စားပြီး ကောကို နမ်းပစ်မှာ ..." 


Pfft ... 


ကျိမြန်မှာ အမှန်တကယ်ပင် အကျယ်ကြီး အော်ရယ်လိုက်မိတော့သည်။ သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းကာ တရှိုက်မက်မက် နမ်းရှိုက်ရင်း ကျီစယ်လိုက်သည်။ 


"ကောင်းပြီလေ ကိုယ်လည်း ကြက်သွန်ဖြူအနံ့ ရောနေတဲ့ အနမ်းကို ကြိုက်တယ် ..."


.........


ထုတ်လုပ်သူများနှင့် ညှိနှိုင်းအပြီး ကျိမြန်သည်သာလျှင် "Adventurers in the wilderness" ၏ စတုတ္ထအပိုင်းတွင် ရှောင်ကျားရှု ပါဝင်မည်ဖြစ်ကြောင်း သိရှိသည့် ဧည့်သရုပ်ဆောင် ဖြစ်လာတော့သည်။ လေယာဉ်အချိန်မီရန် အလို့ငှာ မနက်အစောကြီး ထလာရသည့်အတွက် မနက်စာစားရန်ပင် အချိန်မရှိခဲ့။ 


"ကျိကော ဗိုက်ဆာနေပြီလား ကျွန်တော် တစ်ခုခု သွားဝယ်ပေးမယ်လေ ..." 


ရှောင်ကျားရှုက ဖုန်းကို ယမ်းပြရင်း ပြောလိုက်သည်။ 


"အတူတူ သွားရအောင်လေ လိုလိုပိုပို ပေါင်မုန့်နည်းနည်းလောက်ပါ ဝယ်ထားကြတာပေါ့ လမ်းပေါ်မှာ ဗိုက်ဆာရင် စားရအောင်လို့ ..." 


ကျိမြန်က သူ့ပုခုံးကိုဖက်ကာ ကော်ဖီဆိုင်တစ်ဆိုင်ဆီသို့ လျှောက်လာလိုက်သည်။ 


စားသောက်ပြီးနောက် ရှောင်ကျားရှုက မြောက်များစွာသော လက်ထောက်တို့အတွက် မနက်စာ သယ်လာကာ ကျိမြန်က ခရီးဆောင်အိတ်နှစ်လုံးကို ဆွဲလျက် တံခါးဝနားတွင် သူ့ကို ရပ်စောင့်နေသည်။ ဦးထုပ်နှင့် မျက်မှန်ကို ဝတ်ဆင်ထားသည့်တိုင် ပုံမှန်ထက် ထူးကဲနေသည့် ရုပ်ရည်သွင်ပြင်ကြောင့် ဖြတ်သန်းသွားလာနေသည့် ပရိသတ်များက သူ့ကို မှတ်မိသွားကြတော့သည်။ 


"အိုး အဲဒါ မစ္စတာကျိ မဟုတ်လား ..." 


၁၆ နှစ် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးက အံ့ဩတကြီး ရေရွတ်လိုက်သည်။ သူမနှင့် အတူပါလာသူကလည်း ကမန်းကတမ်း ခြေဖျားထောက်ကြည့်လိုက်သည့်တိုင် အနားသို့သွားကာ နှုတ်မဆက်ရဲချေ။ 


မတ်တပ်ရပ်နေသည့် အမျိုးသားမှာ ဖြတ်သန်းသွားလာနေကြသော နိုင်ငံခြားသားများထက်ပင် အရပ်ပိုရှည်နေသေးသည်။ ပွယောင်းသည့် ထသွားထလာ အဝတ်အစားမျိုးကိုသာ ဝတ်ဆင်ထားသည့်တိုင် ပြီးပြည့်စုံသည့် ခန္ဓာကိုယ် အချိုးအစားကို ဖုံးကွယ်မထားနိုင်၊ နေကာမျက်မှန် တပ်ထားသော်ငြား မြင်နေရသည့် နှုတ်ခမ်း၊ နှာခေါင်းနှင့် မေးရိုးတို့မှာ အလွန်အမင်း ဆွဲဆောင်အား ပြင်းလွန်းလှပြီး နေကာမျက်မှန် မပါသည်ထက်ပင် ပိုပြီး မိမိုက်ချောမောကာ လျှို့ဝှက်ဆန်းကြယ်လှသည့် အသွင်ကို ဆောင်ကြဉ်းနေပေသည်။ 


ဖြတ်သွားသူတိုင်း သူ့အနား ရောက်ပါလျှင် အလိုလိုပင် အရှိန်နှေးသွားကာ အမျိုးသမီးအချို့ဆိုလျှင် အသိအမှတ်ပြုမှုတို့ ပြည့်နှက်နေသည့် အကြည့်တို့ဖြင့်ပင် လည်ပြန်လှည့်ကြည့်သွားကြသေးသည်။ ထို့ကြောင့်လည်း ပင်ကိုယ်စိတ်ရင်းဟူသည်မှာ ကိုင်တွယ် ထိတွေ့၍ မရသည့် ဒြပ်မဲ့တစ်ခုသာ ဖြစ်သည့်တိုင် ချန်လှပ်ထား၍ မရခြင်း ဖြစ်ပေသည်။ ထူးထွေကောင်းမွန်သည့် စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားသူမှာ မည်သည့်နေရာပင် ရောက်စေကာမူ အများ၏ အာရုံစိုက်ခြင်းကို ခံနေရပေသည်။ 


"ဟုတ်တယ် အဲဒါ မစ္စတာကျိပဲ ငါက သူ့ရဲ့ အမာခံပရိသတ်လေ သူ ဖုန်မှုန့်အဖြစ် ပြောင်းသွားရင်တောင် မှတ်မိနေဦးမှာ ..." 


နောက်ထပ် မိန်းကလေးတစ်ဦးက လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။ သို့သော် သူမ အော်ခေါ်လိုက်မိသည့် နာမည်မှာ "ရှောင်ကျားရှု" ဖြစ်နေ၍ ချက်ခြင်းပင် ရှက်ရွံ့မိသွားရတော့သည်။ 


သူမနှင့် အဖော်ပါလာသူအားလုံးက ပြစ်တင်ရှုံ့ချသည့် အကြည့်ဖြင့် စိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်ကြသည်။ 


"ဘာလို့ ရှောင်ကျားရှုကို ခေါ်တာလဲ ..." 


"ငါ ငါလည်း မသိဘူး ..." 


အော်ခေါ်လိုက်မိသည့် မိန်းကလေးမှာ ပါးစပ်ကို ကမန်းကတမ်း အုပ်ကာ ကြောက်လွန်း၍ တဆတ်ဆတ် တုန်‌နေတော့သည်။ သူမ၏ သူငယ်ချ

င်းအများစုမှာ ကျိမြန်၏ ပရိသတ်စစ်စစ်များသာ ဖြစ်ကြရာ သူမ ကိုင်းကူးသွားမှန်းသာ သိနေပါလျှင် ဤခရီးသည် ငရဲသို့ အလည်ခရီးအဖြစ် ကူးပြောင်းသွားတော့မည်ဖြစ်သည်။ 




Xxxxx