အပိုင်း ၁၆၂
Viewers 44k

Chapter 162




"နင်က CP fan ဖြစ်သွားတာလား ..." 


ခေါင်းဆောင်မိန်းကလေးက သူမ၏ ခေါင်းကို လက်ညှိုးဖြင့်ထိုးကာ ဒေါသတကြီး ပြောလိုက်သည်။ 


"မြန်မြန်ထွက်လိုက် မစ္စတာကျိကို ဒုက္ခမရောက်စေနဲ့ အနုပညာလောကထဲမှာ အချိန်အကြာကြီး ကျင်လည်လာရတာ သူ့အတွက် လွယ်ကူမှာ မဟုတ်ဘူး သူ့ရဲ့ ဂုဏ်သတင်းကို မဖျက်ဆီးစမ်းနဲ့ ယောက်ျားတစ်ယောက်နဲ့ သတင်းထွက်ချင်တဲ့သူ ဘယ်သူ ရှိလို့လဲ ဒါက ကောင်းတဲ့ကိစ္စမှ မဟုတ်တာ CP fan တွေက မျှော်လင့်ချက် မရှိနိုင်ဆုံးပဲ အိုင်ဒေါတွေ အတူတူ ရှိနေရင် ပျော်ရပေမယ့် မရှိတော့ဘူးဆိုရင် အသည်းတွေ ကွဲကြတာလေ နင့်ကိုယ်နင်အတွက်ရော မစ္စတာကျိအတွက်ပါ စဉ်းစားပြီးတော့ တပ်မကြီးဆီသာ မြန်မြန်ပြန်လာခဲ့တော့ ..." 


အခြားမိန်းကလေးများပါ ဘေးနား ဝိုင်းအုံလာကာ သူမကို မကောင်းသည့်ကိစ္စတစ်ခုခု လုပ်ထားလေဟန်ဖြင့် အသည်းအသန် နားချလိုက်ကြတော့သည်။ ထိုကောင်မလေးက ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း အသာ လှုပ်ယမ်းနေစဉ် သူတို့အော်သံကို ကြား၍ လှည့်ကြည့်လိုက်သော ကျိမြန်၏ အပေါ်နှုတ်ခမ်းတို့ အနည်းငယ် ကွေးညွတ်သွားတော့သည်။ 


သူ့ချစ်သူကောင်လေး၏ နာမည်‌အပေါ် ယခင်ထက် ပိုမို၍ပင် အထိမခံ ဖြစ်လာကာ နာမည်ကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ချက်ခြင်းပင် လိုက်ရှာမိတော့သည်။ သူ့နာမည်ကို ကြားမိလျှင်ပင် ဤကဲ့သို့ ချက်ခြင်းလက်ငင်း တုန့်ပြန်မိမည်မထင်။ 


အဆူပူခံနေရသည့် ကောင်မလေးမှာ ကြောင်အသွားကာ သူမမျက်လုံးကိုပင် မယုံကြည်နိုင်တော့။ 


"မစ္စတာကျိက ကြားလိုက်တာလား မသိဘူး သူ ငါတို့ကို လှမ်းကြည့်နေတယ် အား တကယ်ကြီး တကယ်ကြီး လှမ်းကြည့်နေတာလို့ ပြီးတော့ ပြုံးလည်း ပြုံးလိုက်သေးတယ် ..."


ဒေါသထွက်နေသော မိန်းကလေးများက ချက်ခြင်းပင် လက်ကို အောက်ချကာ အပြုအမူကို ပြန်လည်ပြင်ဆင်လိုက်သည်။ CP fan အဖွဲ့ဝင် မိန်းကလေးမှာ အနည်းငယ် ဆိုးသွမ်းသည့် စရိုက်သဘာဝ ရှိဟန်ပင်၊ သူမက အလန့်တကြား အော်ပြောလိုက်ပြန်သည်။ 


"မစ္စတာကျိ ရှောင်ကျားရှုရောဟင် ..." 


သူမ၏ စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် ရည်ရည်မွန်မွန်ဖြစ်ဟန်ဆောင်နေကြသော မိန်းကလေးအားလုံး ချက်ခြင်းပင် မျက်မှောင်ကြုတ်ကာ သူမကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ကြတော့သည်။ 


ဒီ ဝက်လို အသင်းဖော်ကတော့ ကိုယ့်အိုင်ဒေါကို ရှေ့ထားပြီး သူနဲ့ သတင်းထွက်နေတဲ့ တစ်ယောက်အကြောင်း မေးရဲသေးတယ်ပေါ့ ကိုယ့်ကိုယ်ကို တွင်းတူးမိသလို ဖြစ်နေတာရော သိရဲ့လား တွင်းမှ ရိုးရိုးတွင်းတောင် မဟုတ်ဘူး တွင်းအကြီးစားကြီး မစ္စတာကျိနဲ့ လေဆိပ်မှာ တွေ့ဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲသလဲ သိရဲ့လား ကိုယ့်ရဲ့ သဘောကျတဲ့ စိတ်တွေကို အကောင်းဆုံး မဖော်ပြနိုင်ဘူးလား ရတယ် ထားလိုက် တစ်ခြား ဘာစကားတွေ လျှောက်ပြောနေရတာလဲ ဘယ် အဖြောင့်ကမှ သူတို့နာမည်ကို တစ်ခြားယောက်ျားတစ်ယောက်ရဲ့ နာမည်နဲ့ ယှဉ်တွဲပြီး အပြောခံရတာမျိုးကို မကြိုက်ဘူးဟဲ့ သိရဲ့လား နင်ကတော့ ဓာတ်ပုံနဲ့ လက်မှတ်ထိုးပေးတာကို မလိုချင်တော့ဘူးထင်တယ်   ... 


မိန်းမပျိုလေးမှာလည်း သူမ စကားမှားသွားမှန်း သဘောပေါက်သွားဟန်ပင်၊ မျက်နှာကို လက်ဖြင့် အုပ်လျက် ဗလုံးဗထွေး ရေရွတ်လိုက်သည်။ 


သွားပါပြီ မစ္စတာကျိ ရွံသွားပြီး CP ကို ပျက်စီးအောင် လုပ်လိုက်မိတာလား အခုမှ ဒီလောကလေးထဲကို ရောက်လာကာစ ရှိသေးတယ် အမှန်တရားရဲ့ လှုပ်နှိုးတာကို ခံရတော့မှာလား သေချာနေပါပြီ CP လောကမှာ အနာဂတ်ဆိုတာ မရှိလောက်တော့ဘူး ဝူးဝူးဝူး ... 


ကျိမြန်၏ တုန့်ပြန်ပုံမှာ အားလုံး တွက်ဆထားသည်နှင့် တစ်ခြားစီပင်။ သူက ဘေးဘီကို အကဲခတ်ကာ သူ့ကို အာရုံစိုက်နေသူ သိပ်မရှိကြောင်း သိလိုက်ရသည့်အခါ လက်ညှိုးကို မြှောက်ပြီး တိတ်တိတ်လေး နေပေးရန် အချက်ပြလိုက်သည်။ ထို့နောက် နူးညံ့သည့် အပြုံးတစ်ပွင့် ဆင်မြန်းရင်းပင် ကော်ဖီဆိုင်မှလူကို အချက်ပြလိုက်သည်။ 


ခဏအကြာ ထသွားထလာဝတ်စုံကို ဆင်မြန်းထားသည့် ရှောင်ကျားရှု ထွက်လာတော့သည်။ စားစရာအိတ်တစ်လုံးကို တံတောင်ဆစ်တွင် ချိတ်ဆွဲထားကာ လက်နှစ်ဖက်လုံးတွင်လည်း ကော်ဖီတစ်ခွက်စီ ကိုင်ဆောင်ထားသည်။ ခေါင်းကိုငုံ့ကာ ညာဘက်လက်ထဲရှိ ကော်ဖီခွက်ကို သောက်လိုက်ပြီး ဘယ်လက်ထဲရှိ ကော်ဖီခွက်ကိုမူ ကျိမြန်အား တိုက်လိုက်သည်။ ပန်းနုရောင် နှုတ်ခမ်းပါးတစ်စုံမှာမူ တစ်ခုခု ပြောနေဟန် အဆက်မပြတ် ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေပေသည်။ မျက်မှန်သာ တပ်မထားပါလျှင် ဝင်းလက်တောက်ပနေသည့် သူ့အမူအယာကို မြင်နေရ ပေမည်။ အကြောင်းမှာ ကျိမြန်၏ အရှေ့သို့ ရောက်လေတိုင်း သူ့ပုံစံမှာ အမြဲလိုလို ရွှင်လန်းတောက်ပလာတတ်၍ ဖြစ်သည်။ 


ကျိမြန်ကလည်း ကော်ဖီခွက်ကို ငုံ့သောက်ကာ သူ သောက်ပြီးကာမှ မိန်းကလေးများ ရှိရာဘက်သို့ ညွှန်ပြလိုက်သည်။ လှည့်ကြည့်လိုက်သည့် ရှောင်ကျားရှု၏ နှုတ်ခမ်းပါးတို့ ချက်ခြင်းပင် ကွေးညွတ်သွားကာ နှင်းလို ဖြူဖွေးသည့် သွားတို့က ဝင်းလက်စွာ ထွက်ပေါ်လာတော့သည်။ 


နှစ်ဦးအကြား ရင်းနှီးမှုကို မျက်မြင် ကြုံတွေ့လိုက်ရသည့် မိန်းကလေးများမှာ နေရာတွင်သာ အတိုင်းသား ကြောင်အနေကာ လက်မှတ်ထိုးပေးခိုင်း၊ ဓာတ်ပုံရိုက်ပေးခိုင်းရန်ပင် မေ့လျော့သွားတော့သည်။ ထိုသူနှစ်ဦးမှာ အလောတကြီး ဖြစ်နေဟန်ပင်၊ ကျေးဇူးတင်ကြောင်း လက်ဟန်ခြေဟန်ပြကာ ထွက်ခွါသွားကြတော့သည်။ ရှောင်ကျားရှုက ကျိမြန်လက်ထဲရှိ ခရီးဆောင်အိတ် တင်ထားသော လှည်းကို ဆွဲယူလိုက်သော်ငြား ကျိမြန်က သူ့ကို ယူခွင့်မပေး၊ သူ့လက်မောင်းတွင် ချိတ်ထားသည့် အိတ်ကိုပင်လျှင် ဆွဲယူလိုက်သေးရာ ရှောင်ကျားရှု‌တွင် သူ့ကို ကော်ဖီတိုက်ပေးရသည့် အလုပ်တစ်ခုသာ ကျန်ရစ်နေတော့သည်။ 


ဤသို့ လမ်းလျှောက်ရသည်ကို  အနည်းငယ် ငြီးငွေ့လာဟန်ပင်။ ရှောင်ကျားရှုက သူ့လက်ထဲရှိ ကော်ဖီခွက်ကို ကုန်စင်အောင်သောက်ကာ အမှိုက်ပုံးထဲ ထည့်လိုက်ပြီး အားနေသည့် လက်ဖြင့် ကျိမြန်၏ ပုခုံးကို ခိုစီးလိုက်သည်။ သူ့ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံး နီးပါးကို ကျိမြန်၏ လည်ပင်းတွင် ခိုစီးထားသဖြင့် ကျိမြန်မှာလည်း ခေါင်းကိုငုံ့ကာ သူနှင့်အတူ ပူးပေါင်းပေးလိုက်ရတော့သည်။ သို့သည့်တိုင် သူ့မျက်နှာတွင် စိတ်မရှည်မှု၊ မသက်မသာဖြစ်မှုတို့ကို စိုးစဉ်းမျှပင် မတွေ့ရ။ ထိုအစား သူ့ကို များစွာ အလိုလိုက်ချစ်ခင်ဟန်အပြည့်ဖြင့်သာ စိုက်ကြည့်နေကာ သူပြောသမျှတိုင်းကို ဂရုတစိုက် နားထောင်နေပေးလိုက်သည်။ 


နှစ်ဦးသား တစ်ဖြည်းဖြည်း အဝေးသို့ ရောက်သွားသည်အထိ ငေးကြည့်နေသည့် CP fan မိန်းကလေးမှာ စူးစူးရှရှ မအော်မိစေရန် အလို့ငှာ ပါးစပ်ကို အတင်းအကြပ် အုပ်ထားရပေသည်။ 


အား အား ချစ်စရာကောင်းလိုက်တာ တော်သေးတာပေါ့ ကြိုသိနေလို့ ရှောင်ကျားရှု ထွက်လာကတည်းက ဖုန်းထုတ်ပြီး ဗီဒီယိုရိုက်ထားမိလို့ ဒါကိုသာ group ထဲ ပြန်ပို့လိုက်ရင် အားလုံးက သူမကို ခေါင်းဆောင်တင်ကြတော့မှာ ကျိန်းသေတယ် ဒီ CP က မျှော်လင့်ချက် မဲ့နေတာမျိုး လုံးဝ မဟုတ်ဘူးကွ ...


CP ညီမလေးက ဗီဒီယိုကို တိတ်တဆိတ် ဖြန့်ချီနေစဉ် ကျန်ညီအစ်မများ၏ ခံစားချက်မှာလည်း ရှုပ်ထွေးလာတော့သည်။ လက်တွေ့ဘဝတွင် တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသည့်အတွက် အမျိုးသားနှစ်ဦး အတူရှိသည့် မြင်ကွင်းကို စိတ်ကူးပင် ယဉ်မကြည့်နိုင်ခဲ့။ သို့သော် ကျိမြန်နှင့် ရှောင်ကျားရှုမှာမူ တစ်မူထူးခြားလှသည်။ နှစ်ဦးလုံးမှာ ချောမောခန့်ညားကာ ခန္ဓာကိုယ်အချိုးအစား ကောင်းမွန်လှသည့်အပြင် ကောင်းမွန်သည့် စိတ်နေစိတ်ထားနှင့် လွှမ်းမိုးနိုင်ဖွယ် အရှိန်အဝါတို့ကိုပါ ပိုင်ဆိုင်ထားကြသေးသည်။ 


တစ်ယောက်ချင်း သီးသန့်ရှ်ိနေပါလျှင် မည်သူမှ အနားမကပ်နိုင်သည့် အရှိန်အဝါမျိုး ဖြစ်နေသော်ငြား နှစ်ယောက်အတူတူ ရှိနေချိန်တွင်မူ တိမ်ပေါ်မှ ပြုတ်ကျလာသည့်သဖွယ်၊ ရှက်ဖွယ်လိလိ အပြုအမူမျိုး မဟုတ်ဘဲ ရယ်ကာမောကာ ပြဿနာ ရှာနေရင်းပင် သက်တောင့်သက်သာနှင့် ပျော်ရွှင်ကာ လိုက်ဖက်ညီနိုင်သည့် ပုံစံမျိုး ဖြစ်ပေသည်။ 


တစ်ဖြည်းဖြည်း ဝေးသွားသော နောက်ကျောပြင်တို့ကို ငေးကြည့်ရင်း ခေါင်းဆောင်မိန်းကလေးက ချောင်းဟန့်ကာ ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။ 


"ကျိလောင်ရှီးက ငါတို့ကို ရှောင်ကျားရှုရဲ့ ဖန်တွေလို့ထင်သွားလောက်လား သူနဲ့ ရှောင်ကျားရှုရဲ့ ဆက်ဆံရေးက တကယ်ကို ကောင်းတာပဲ တကယ်ကို ညီအစ်ကို CP နဲ့ အရမ်းတူတာပဲ ..." 


"ဟုတ်တယ် ဟုတ်တယ် သူတို့က ညီအစ်ကို CP တွေ ဒီ့ထက် ဘာမှ မပိုဘူး ..." 


CP fan မိန်းကလေးက ပြောလိုက်သည်။ 


သူတို့က ငါတို့ CP ကို အသိအမှတ်မပြုလည်း ဘာအရေးလဲ နေ့တိုင်း အချိုတွေ ပြည့်လျှံနေအောင် စားနေရတာပဲဟာကို ... 


"ကောင်းပြီ ကောင်းပြီ ညီအစ်ကို CP လောက်ကတော့ သိပ် အရေးမကြီးပါဘူး ရှေ့လျှောက် အဖွဲ့ထဲမှာ ‌ပြောရင်သာ စကားကို ဂရုစိုက် သိပ်ပြီး ဘောင်မကျော်မိစေနဲ့ အနုပညာလောကက ရှုပ်ထွေးလွန်းတယ် မစ္စတာကျိအတွက် ရင်းနှီးတဲ့သူငယ်ချင်းအစစ်ကို ရနိုင်ဖို့ဆိုတာ သိပ်မလွယ်ဘူး ငါတို့က သူတို့ကို သေချာပေါက် ထောက်ပံ့ပေးရမယ် ..." 


ခေါင်းဆောင်အစ်မကြီးက လက်ကိုယမ်းကာ ပြောလိုက်သည်။ 


"သွားကြမယ် check-in လုပ်ရဦးမယ် ..." 


ကျန်မိန်းကလေးများကလည်း တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ကြည့်ကာ နာခံမှုရှိစွာ ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် CP fan မိန်းကလေးအနားသို့ အဖွဲ့သားတစ်ဦး ရောက်လာကာ အလွန်အမင်း တိုးညှင်းသည့် လေသံဖြင့် ခပ်သွက်သွက် ပြောလိုက်သည်။ 


""ငါလည်း ဘုရားကျောင်းထဲ ဝင်ချင်လို့ ကူညီပေးပါဦး ..." 


CP fan ကောင်မလေးပင် ခေါင်းငြိမ့်မပြရသေး၊ သူမက ဘာမှ မပြောခဲ့လေဟန်ဖြင့် ခပ်သုတ်သုတ် ထွက်သွားနှင့်နေပြီဖြစ်သည်။ 


များမကြာမီ နောက်ထပ်တစ်ယောက် ထပ်ရောက်လာပြန်ကာ သူမလက်ကို ဆွဲလျက် အလောတကြီး ပြောလိုက်ပြန်သည်။ 


"ငါလည်း ဘုရားကျောင်းထဲ ဝင်ချင်လို့ group ထဲ မြန်မြန်လေး ထည့်ပေးနော် မျှဝေစရာ အရင်းအမြစ်ကောင်းတွေ ရှိတယ်လို့ ..." 


ဟေး ဒီလူတွေက ဘာလဲဟ စောစောကကျ ငါ့ကို သူတို့မြေးလားကျလို့ ဆူလိုက်ပူလိုက်ကြတာများ အခုကျပြန်တော့လည်း ငါ့မြေးလေးတွေလို လာလုပ်ကြပြန်ပြီ အံ့ဩဖို့ ကောင်းလိုက်တာကို ထားပါ တစ်ယောက်ဆိုလည်း တစ်ယောက်ပဲ ဒီညီမလေးကပဲ စိတ်ထားကောင်းကောင်းနဲ့ group ထဲ ထည့်ပေးပါ့မယ် ဘာပဲဖြစ်ဖြစ် CP fan အရေအတွက် တိုးလာတာပေါ့ ..." 


ခရီးစဉ်မှာ ရှည်လျားသည့်တိုင် ဘေးနားတွင် ချစ်ရသူ ပါနေသည့်အတွက် မျက်စိတစ်မှိတ်မျှသာ ကြာလိုက်သလိုပင်။ ကျွန်းနှင့် အနီး‌ဆုံးမြို့သို့ ရောက်သည့်အခါ ကျိမြန်က သူနှင့် ခွဲရတော့မည် ဖြစ်သည့်အတွက် မခွဲခင် မှာတမ်းရှည်ကြီးကို မမောနိုင်မပန်းနိုင် မှာကြားနေတော့သည်။ ရှောင်ကျားရှုလည်း ထပ်တူပင် စိတ်မကောင်းဖြစ်နေကာ နှစ်ရက်‌တိုင် အိပ်ရေးပျက်ခဲ့သည့်အတွက် မျက်လုံးအောက်ခြေများ ညိုမည်းနေတော့သည်။ 


Adventurers in the wilderness သည် ပြင်းထန်လှသည့် survival show တစ်ခု ဖြစ်ရာ ပါဝင်သည့် ဧည့်သရုပ်ဆောင်များကို စားစရာတစ်ခု၊ ရေတစ်ပေါက်ကိုမျှ ထောက်ပံ့ပေးမည် မဟုတ်ချေ။ အရာအားလုံးကို ကိုယ်တိုင် ရှာဖွေတည်ဆောက်ရမည်ဖြစ်ပေသည်။ ကျိမြန်သည် ရှေ့အပိုင်းများကဲ့သို့ပင် အနီအသင်း၏ ခေါင်းဆောင် ဖြစ်နေဆဲဖြစ်ကာ ယခင် ဆောက်လုပ်ထားသည့် သစ်ပင်အိမ်မှာ ပျက်စီးသွားပြီဖြစ်၍ အခြေစိုက်စခန်းတစ်ခု ပြန်ရှာကာ အစမှ ပြန်လည် တည်ဆောက်ရတော့မည်ဖြစ်သည်။ 


သူ၏ အတွေ့အကြုံ ကြွယ်ဝမှုကို အခြေခံကာ ကျိမြန်သည် နေရောင်လည်း မပြင်း၊ ရေဒဏ်လည်း မခံရမည့် နေရာတစ်ခုကို ရွေးချယ်ပြီး လူတိုင်းကို အလုပ်တာဝန်များ ခွဲဝေပေးလိုက်သည်။ လတ်တလောတွင် ရာသီဥတုအခြေအနေ ကောင်းမွန်နေရာ ရုတ်ချည်း မိုးရွာချဦးမည် မဟုတ်သည့်အတွက် အိမ်ကို အေးအေးဆေးဆေး ဆောက်လုပ်၍လည်း ရပေသည်။ သို့သော် စားစရာနှင့် ရေမီးတို့မှာမူ အလွန်အရေးပါလှသည်။ မီးကို ဦးစွာ ပျိုးထားရမည်ဖြစ်ကာ အသက်ရှင်သန်နိုင်ရန် အလို့ငှာ လတ်ဆတ်သန့်ရှင်းသည့် ရေနှင့် အစားအစာတို့ကိုလည်း လုံလောက်အောင် ရှာဖွေရပေမည်။ 


ဤအစီအစဉ်မှာ အလွန်ပြင်းထန်လှသည်ဟု ပြောလျှင်ပင် လွန်အံ့မထင်။ ဤတစ်ကြိမ်တွင် ထုတ်လုပ်ရေးအဖွဲ့က လူတိုင်းကို ဓားမြှောင်တစ်ချောင်း၊ သံလိုက်အိမ်မြှောင်တစ်ခုနှင့် အပ်ချုပ်ပစ္စည်းများမှအပ မည်သည်ကိုမှ မထောက်ပံ့တော့၊ စည်းကမ်းချက်များမှာလည်း ယခင်အပိုင်းထက်ပိုကာ တင်းကြပ်လာတော့သည်။ အကယ်၍ တစ်စုံတစ်ယောက်ကသည်းမခံနိုင်တော့ဘဲ ဝန်ထမ်းများကို အစာရေစာ တောင်းခံခဲ့ပါလျှင် ချက်ခြင်း ထုတ်ပယ်ခံရကာ သူ့အဖွဲ့တစ်ခုလုံးလည်း ရှုံးနိမ့်ရမည်ဖြစ်သည်။ 


မူလကမူ ဧည့်သည်များမှာ ထုတ်လုပ်ရေးအဖွဲ့က ဟာသလုပ်နေသည်ဟုသာ ထင်ခဲ့ကြသည်။ အမှန်တကယ် သည်းမခံနိုင်တော့သည့်အခါ အကူအညီ တောင်းခံခဲ့ကြသော်လည်း များမကြာမီမှာပင် သူတို့ကိုယ်သူတို့ အင်မတန် နုံအလှကြောင်း သဘောပေါက်သွားတော့သည်။ ပထမဆုံးနေ့တွင် မည်သည့်အဖွဲ့ကမှ မီးမဖိုနိုင်ခဲ့။ ရေငတ်သည့်အခါ အုန်းရေကိုသာ သောက်ရကာ စားစရာ ရှာမတွေ့ပါလျှင် ခါးသက်သက် ငှက်ပျောသီးများနှင့် ချဉ်စူးနေသော သစ်သီးရိုင်းတို့ကိုသာ စားသုံးရသည်။ အရသာမှာ လုံးဝကို လက်မခံနိုင်လောက်စရာပင်။ 


တစ်ရက်တာကို ခက်ခက်ခဲခဲ ရှင်သန်ရပြီးနောက် အားလုံး၏ နှုတ်ခမ်းအားလုံး ဖြူလျော့ခြောက်ကပ်ကာ အနာများ ပေါက်လာပြီး တစ်ဦးတစ်ယောက်မကျန် ပေရေညစ်ပတ်သွားကြတော့သည်။ နောက်ဆုံးတွင်တော့ ထုတ်လုပ်ရေးအဖွဲ့သည် သူတို့ကို အသေသတ်ရန်ပင် ကြံစည်နေကြောင်း သဘောပေါက်သွားတော့၏။ သူတို့သာ ကြိုးကြိုးစားစား အလုပ်မလုပ်ပါလျှင် သုံးရက် မပြည့်ခင်မှာပင် ရိုက်ကူးရေးအဖွဲ့ကို ဒူးထောက်ကာ စားစရာတောင်းခံရပေတော့မည်။ ၎င်းမှာ တွေးကြည့်လျှင်ပင် ရှက်စရာကောင်းလှသည့် ကိစ္စမျိုး ဖြစ်ပေသည်။ 


"ဧည့်သည်တော်များခင်ဗျာ ကျွန်တော့်မှာ သတင်းဆိုးတစ်ခု ရှိနေပါတယ် ဒီနေ့ည မှောင်စပျိုးတာနဲ့ မိုးသည်းထန်စွာ ရွာသွန်းလာနိုင်တဲ့အတွက် ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ထားကြပါ ကျွန်တော်တို့အနေနဲ့ သန့်ရှင်းခြောက်သွေ့တဲ့ အဝတ်အစားတွေကို ထောက်ပံ့ပေးမှာ မဟုတ်တဲ့အတွက် ကိုယ့်ဘာသာကိုယ် ပြင်ဆင်ကြရမှာ ဖြစ်ပါတယ် ..." 


ဒါရိုက်တာက သူ့ဘဝကို လောင်းကြေးထပ်ရင်း ပြောလိုက်သည်။ 


ဧည့်သည်များမှာ မျက်ရည်မကျဘဲ ငိုရတော့မည့် အခြေအနေမျိုးကို ကြုံလိုက်ရသည့်အတွက် ချက်ခြင်းပင် ပုန်ကန်လိုစိတ်တို့ ရုန်းကြွကာ ဒါရိုက်တာကို ဖိနပ်များဖြင့် ပစ်ပေါက်လိုက်ကြတော့သည်။ 


"ပြီးသွားရင် စားစရာ သွားရှာကြတော့ ကျွန်တော် မြင်သလောက်ဆို ခင်ဗျားတို့မှာ အုန်းသီးနဲ့ တစ်ခြား အသီးအနှံတွေ သိပ်မရှိတော့ဘူး သိပ်မကြာခင် ရေငတ်သေမလား အစာငတ်ပြီး သေမလားပဲ ..." 


ဒါရိုက်တာက နှာတံပေါ်ရှိ မျက်မှန်ကို တွန်းတင်ကာ အေးစက်စွာ ပြောလိုက်သည်။ 


လျန်မင်ကျန့်နှင့် ဟွမ်ရင်ရွှယ်တို့ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ကာ သူတို့မှာ ရိုက်ကူးရေး အဖွဲ့၏ လှည့်စားခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း၊ ဤအကျိုးနည်း အစီအစဉ်ကို အစောကြီးကတည်းက လာရန် မဆုံးဖြတ်ခဲ့သင့်ကြောင်း ငိုယိုပြောဆိုလိုက်ကြတော့သည်။ သို့သော် သူတို့ ပိုပြီး ငိုယိုလေ ပိုပြီး သနားစရာကောင်းလေဖြစ်ကာ ပရိသတ်များက ကြည့်ရှုရန် ပိုမိုနှစ်သက်လာကြတော့သည်။ ဤသည်မှာ တောရိုင်းသဘာဝအကြား ရှင်သန်ခြင်းအစီအစဉ်၏ ပျော်စရာကောင်းသည့်အချက်ပင် ဖြစ်ပေသည်။ 




Xxxxxx