အပိုင်း ၁၆၃
Viewers 45k

Chapter 163




လင်းလဲ့ယန်နေရာတွင် အစားရောက်လာသူမှာ  traffic star ဖြစ်သူ Yu Yu Yu ဖြစ်ပေသည်။ သူသည် အလွန်ယဥ်ကျေးကာ ကျန်သူများကို 

အစ်ကိုကြီး၊ အစ်မကြီးဟု ခေါ်ဝေါ်လိုက်သည်။ သို့သော် သူ့ကိုယ်သူ သရဖူလေးဟု အမည်ခံကာ ကျိမြန်၏ အနောက်သို့ တကောက်ကောက် လိုက်နေပုံမှာ ရှောင်ကျားရှု ‌ နေရာကို ယူချင်သည့်အလားပင်။ 

(Yu Yu Yu က အသံထွက်တူပေမယ့် ရေးတဲ့ pinyin မတူပါဘူး မြန်မာလို ရေးနေရင် နည်းနည်း ကြောင်တောင်တောင်နိုင်လို့ ဒီတိုင်းပဲ ရေးပါမယ်နော်) 


"ကော ကျွန်တော်တို့ ဒီနေ့ မီးဆက်မွှေးကြမှာလား ..." 


သူက ကျိမြန် ကိုယ်တိုင်လုပ်ထားသော မီးမွှေးသည့် ကိရိယာကို ညွှန်ပြကာ မေးလိုက်သည်။ 


"အရင်ဆုံး စမ်းကြည့်ကြည့်တာပေါ့ မရမှပဲ စားစရာနဲ့ သောက်ရေ သွားရှာကြမယ်လေ ..." 


ကျိမြန်က မျက်မှောင်ကြုတ်ကာ ထိုင်ချလိုက်သည်။ မနေ့ကတစ်နေကုန် ကြိုးစားနေသည့်တိုင် ယခုထိ မီးမမွှေးနိုင်သေး။ ထိုအခါမှ ရှေးဦးလူသားတို့၏ဘဝ မည်မျှအထိ ခက်ခဲကြောင်း နားလည်သွားရတော့သည်။ ကိရိယာများမှာ အလွန်ရိုးစင်းလှသေးရာ သစ်သားအချင်းချင်း ပွတ်တိုက်မှု အရှိန်ကိုလည်း မတိုးမြှင့်နိုင်၊ ပွတ်တိုက်ခြင်းဖြင့် အပူကူးရနပင် မလွယ်လှသည့်အပြင် အသုံးပြုသည့် မြက်ခြောက်များမှာလည်း လုံလောက်အောင် ခြောက်သွေ့မနေပေ။ 


"အလုပ်မဖြစ်ရင်လည်း မီးမမွှေးဘဲ နေကြတာပေါ့ ..." 


သူက ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်သည်။ အမှန်တကယ် တောတွင်းနေထိုင်မှုဘဝအစီအစဉ် မဟုတ်ဘဲ ကြိုတင်ရိုက်ကူးတည်းဖြတ်သည့် အစီအစဉ် ဖြစ်နေ၍သာ တော်သေးသည်။ သို့မဟုတ်ပါလျှင် အနှေးနှင့်အမြန် ဤကျွန်းပေါ်တွင်သာ အသက်ဆုံးရပေလိမ့်မည်။ 


Yu Yu Yu က နာခံမှုရှိစွာ ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဟုတ်သားပဲ ကျွန်တော်တို့တွေ မီးမရှိလည်း အသီးအနှံတွေ စားလို့ ရသားပဲဟာ ကော အရမ်းကြီး ဖိစီး‌မနေပါနဲ့ ..." 


သူက ကျိမြန်ဘေးတွင် ဝင်ထိုင်ကာ ဒူးပေါ် လက်တင်လျက် တစ်ဖက်သူကို တစူးတစိုက် စိုက်ကြည့်နေလိုက်သည်။ 


ပရိုဂရမ်အသင်းမှာ အသိတရား ကုန်‌ဆုံးသေးဟန်မတူ၊ ကျိမြန်ကို လက်အိတ်တစ်စုံတော့ ထောက်ပံ့ပေးထားသေးသည်။ သို့မဟုတ်ပါလျှင် သူ့လက်ဖဝါးတစ်ခုလုံး အစောကြီးကတည်းကပင် ပေါက်ပြဲနေလောက်ပြီဖြစ်သည်။ 


သစ်သားချောင်းများကို ပွတ်နေရသည့်တိုင် ရှောင်ကျားရှုအကြောင်းကို မစဉ်းစားဘဲ မနေနိုင်။ ဟော်တယ်တွင် တစ်ယောက်တည်း နေရသည့်အခါ အိပ်ပျော်ပါ့မလား၊ ညလုံးပေါက် ဂိမ်းဆော့နေမလား၊ စားသောက်ရန် မေ့နေလေမလား၊ လမ်းပေါ် လျှောက်သွားရင်း အလိမ်ခံရလေမလား ... အစရှိသဖြင့် အမျိုးစုံ တွေးပူမိနေတော့၏။ 


ရှောင်ကျားရှု၏ အတွေးအားလုံး အမှန်ပင်၊ ရိုက်ကူးရေးကိုသာ သူ ပါမလာခဲ့ပါလျှင် ကျိမြန်မှာ အလွန်ဝမ်းနည်းနေမိမည်ဖြစ်သည်။ 


ရှောင်ကျားရှု ပါဝင်မည်ဟု သတင်းကြိုသိထားပြီး ဖြစ်သည့်တိုင် ကျိမြန်မှာ အနည်းငယ် ပူပန်ကာ စောင့်မျှော်နေမိဆဲပင် ဖြစ်သည်။ သူ့အဖို့ ရှောင်ကျားရှုကို မြင်တွေ့နေရခြင်းကပင်လျှင် ကြီးမားလှစွာသော surprise ဖြစ်ရာ သူ ကြိုသိထားခြင်း ရှိမရှိမှာ များစွာ အရေးမပါလှချေ။ 


"ရေး မီးပွားလေး ထွက်လာပြီ ..." 


Yu Yu Yu ၏ အာမေဋိတ်‌သံက သူ့အတွေးစတို့ကို နှောင့်ယှက်ဖျက်ဆီးလိုက်တော့၏။ သစ်သားကို အလျင်အမြန် ကောက်ယူကာ လက်ဖဝါးနှစ်ခုကြား ထည့်ပြီး ပွတ်သပ်လိုက်သည်။ တမင်တကာလေလား မရည်ရွယ်ပဲ ဖြစ်သည်လားတော့ မပြောတတ်၊ Yu Yu Yu ကပါ နှုတ်ခမ်းကို စုဝိုင်းလျက် သူ့မျက်နှာနားကပ်ကာ လေမှုတ်လိုက်တော့သည်။ 


ကျိမြန်က ကိုယ်ကို အနောက်သို့ အနည်းငယ် ပြန်ဆုတ်လိုက်သည်။ ပင်လယ်လေညှင်းကြောင့် ငြိမ်းသက်သွားသည့် မီးတောက်မှာ စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ရာပင်။ မည်းတူးနေပြီဖြစ်သော သစ်သားကို ချထားကာ နက်ရှိုင်းသည့် အသံဖြင့် ပြောလိုက်သည်။ 


"မင်း စမ်းကြည့်လို့ရတယ် ငါ အပြင်ခဏ သွားမလို့ ..." 


သူ့ကို မော့ကြည့်လာသည့် Yu Yu Yu ၏ မျက်ဝန်းတို့မှာ မကျေနပ်ချက်တို့ ပြည့်နှက်နေပြီး ကင်မရာသမားက ချက်ခြင်းပင် သူ့မျက်နှာကို အနီးကပ် ရိုက်ကူးလိုက်တော့သည်။ 


ကျိမြန်ကမူ စကားတစ်ခွန်းမှ မပြော။ ဒါရိုက်တာရှိရာသို့သာ တန်းတန်းမတ်မတ်သွားကာ ရှောင်ကျားရှု မည်သည့်အချိန်မှ ရောက်မလဲဟု တီးတိုး မေးနေလိုက်တော့သည်။ 


"ရှောင်ကျားရှုက ထွက်လာနေပြီ ဒီကိုရောက်ဖို့ တစ်နာရီလောက်တော့ စောင့်ရမယ် ရွက်လှေနဲ့ လာမှာတဲ့ ပြီးရင် ကော ငါးသွားမျှားနေလို့ ရတယ်လေ ..." 


"နောက်ထပ်တစ်နာရီတောင်လား ..." 


ကျိမြန်က လက်ပတ်နာရီကို ငုံ့ကြည့်ကာ မျက်မှောင်ကို ခပ်တင်းတင်း ကြုတ်ထားလိုက်သည်။ 


ဒါရိုက်တာထံမှ ပြန်လာပြီးနောက် စခန်းချရာနေရာအရောက်တွင် အလွန်အမင်း နာကျင်နေဟန် မျက်ရည်ပေါက်ကြီးငယ်ကျရင်း လက်ကို ဆုပ်ကိုင်ထားသည့် Yu Yu Yu ကို တွေ့လိုက်ရသည့်အတွက် သူ့စိတ်အာရုံတို့ ပိုမိုညစ်ညူးသွားရတော့သည်။ ရှောင်ကျားရှုနှင့် အတူတူ ရှိနေပြီး ဖြစ်သည့်တိုင် အချိန်ကြာမြင့်စွာ ခွဲခွာရပါလျှင် သူ့စိတ်ကို မထိန်းချုပ်နိုင်၊ မည်သည့်အရာကိုမှ အာရုံ မစိုက်နိုင်တော့ဘဲ မျက်လုံးထဲတွင် မြင်သမျှကို စိတ်တိုင်းမကျ ဖြစ်နေမိကြောင်း တစ်ဖြည်းဖြည်း သတိပြုမိလာတော့သည်။ 


"ဘာဖြစ်တာလဲ ..." 


ဒေါသစိတ်ကို ဖိနှိပ်ကာ မေးလိုက်သည်။ 


"လက်အရေပြား လန်သွားလို့ ..." 


Yu Yu Yu က ဖြူဖွေးနူးညံ့သည့် လက်ဖဝါးပြင်ကို မြှောက်ပြရင်း မျက်ရည်လည်ရွှဲဖြင့် ပြောလိုက်သည်။


ထူးဆန်းလိုက်တာ ဒီလို အပြုအမူမျိုး လုပ်တဲ့သူက ရှောင်ကျားရှုဆိုရင် ချစ်စရာကောင်းလိုက်တာ ဆိုတာနဲ့ စိတ်ပူတာနဲ့ပဲ ခံစားရတယ် ဒါပေမယ့် တစ်ခြားသူတွေ လုပ်တော့ကျ ဘာလို့ အားနည်းလွန်းတယ်လို့ပဲ ခံစားမိနေရတာလဲ လက်အရေခွံလန်တာ ဘာထူးဆန်းလို့လဲ ရှောင်ကျားရှုဆို ဟိုးအစောပိုင်းကတည်းက သူ့ခြေဖဝါးတစ်ခုလုံး စုတ်ပြတ်သွားတာ ဒါတောင် နာလို့ဆိုပြီး ငိုတာမျိုး လုံးဝ မတွေ့ရဘူး ... 


မဟုတ်သေးပါဘူး ဒီအကြောင်း စဉ်းစားနေလို့ မရဘူးလေ ... 


ဆက်တွေးနေပါလျှင် ဒေါသစိတ်တို့ ပေါက်ကွဲထွက်လာတော့မည် ဖြစ်သဖြင့် စိတ်မရှည်မှုတို့ကို ဖိနှိပ်ရင်းသာ မေးလိုက်တော့သည်။ 


"ဒါရိုက်တာက လူတိုင်းကို လက်အိတ်တွေ ပေးထားတယ် မဟုတ်လား မင်း မဝတ်ဘူးလား ..." 


Yu Yu Yu ၏ လှုပ်ရှားမှုတို့ အနည်းငယ် တုန့်ဆိုင်းသွားကာ လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။ 


"ကျွန်တော် မေ့သွားလို့ပါ ..." 


ထိုသို့ ပြောနေရင်း ဘောင်းဘီအိတ်ကပ်ပေါင်းများစွာကို လှန်လှောရှာဖွေပြီးနောက်တွင်တော့ လက်အိတ်ကို သူ့တင်ပါးအနောက်ဘက်မှ ရှာတွေ့လိုက်တော့သည်။ 


"ဒီမှာ ဒါက အပ်ချုပ်ပစ္စည်းတွေ အနာကို ဖောက်ပစ်လိုက် အရေပြားကိုတော့ ဆွဲမလှန်မိစေနဲ့ ..." 


ကျိမြန်က အပ်ချုပ်ပစ္စည်းများ ပေးလိုက်ကာ သစ်သားတုံးကို ကောက်ကိုင်ပြီး ဆက်လက် မီးခတ်နေလိုက်သည်။ မိနစ်အနည်းငယ် ကြာလေတိုင်း နာရီကို ငုံ့ကြည့်နေကာ သူ့ပုံစံမှာ တစ်ဖြည်းဖြည်း နေမထိ ထိုင်မသာ ဖြစ်လာတော့သည်။ ရှောင်ကျားရှုနှင့် အတူရှိနေသည့် တစ်နာရီမှာ မျက်စိတစ်မှိတ်စာမျှသာ ဖြစ်သော်ငြား သူနှင့် ဝေးနေသည့်အခါ တစ်နာရီမှာ တစ်ရာသီအလားပင်။ "တစ်ရက်တာ ဝေးရရင်ဖြင့် တစ်နှစ်တာ ဝေးရသလိုပင်" ဟူသည့် စာသားမှာ ဤခံစားချက်ကို ရည်ညွှန်းခြင်းပင် ဖြစ်ပေလိမ်မည်။ 


ရှေးလူကြီးတွေက ခံစားချက်ကို ဘယ်လိုဖော်ကျူးရမလဲ ကောင်းကောင်းကြီးကို သိနေတာပဲ ... 


Yu Yu Yu က ပျာတီးပျာယာဖြင့် အနာကို အပ်ဖြင့် ဖောက်နေစဉ် စားစရာ သွားရှာနေသော ယုပိုင်ရှို့နှင့် ဟွမ်ရင်ရွှယ်တို့ ခါးသီးသော အမူအယာများကို အသီးသီး ဆင်မြန်းလျက် ပြန်ရောက်လာကြတော့သည်။ 


"အာ ရှောင်ယုရဲ့ လက်တွေက အရည်ကြည်ဖု ထကုန်တာလား လာ လာ ကျဲ မင်းကို ကူလုပ်ပေးမယ်  ..." 


ဟွမ်ရင်ရွှယ်က သူ့လက်ကို ခပ်သွက်သွက် ဆွဲယူလိုက်လျှင် ခန္ဓာကိုယ်ကိုပါ သူမအနား တိုးလျက် လေသံလေးဖြင့် မေးလိုက်တော့သည်။ 


"ကျဲ ကျိကောက ကျွန်တော့်ကို သဘောမကျဘူးလား စကားလည်း အများကြီး မပြောဘူး ..." 


"မဟုတ်ဘူး သူက ဘယ်သူ့မဆို ဒီလိုပဲ ..." 


အပိုင်းသုံးပိုင်း ရိုက်လာပြီးဖြစ်သည့် ဟွမ်ရင်ရွှယ်သည် ကျိမြန်ကို သိမ်မွေ့နူးညံ့ကာ ချဉ်းကပ်ရန် လွယ်ကူသူအဖြစ် သဘောမထားတော့။ သူသည် လူတိုင်းအပေါ် မနီးလွန်း မဝေးလွန်းသည့် အကွာအဝေးတစ်ခု ခြားထားတတ်ရာ အရှက်မရစေသည့်တိုင် ရလဒ်လည်း မကောင်းလှချေ။ သူနှင့် နီးကပ်ရန် ကြိုးစားလိုခြင်းမှာ ကိုယ့်ကိုယ်ကို အယုံသွင်းနေခြင်းသာ ဖြစ်ပေသည်။ 


မူလကမူ သူမ၏ အလှအပ၊ လိင်အမျိုးအစားကြောင့် ကျိမြန်၏ ပစားပေးမှုကို ရရှိလိမ့်မည်ဟု ထင်ခဲ့ဖူးသေးသည်။ သို့သော် ပထမတစ်ပိုင်းတည်းနှင့်ပင် ဦးစားပေးခံရမှုမှာ မိုက်ရူးရဲဆန်သည့် အိပ်မက်မျှသာဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ ခြွင်းချက်အချို့ ရှိနေသည့်တိုင် ထိုသူမှာ အပိုင်းတစ်ဝက်စာမျှသာ ရိုက်ကူးပြီး ထွက်ခွါသွားပြန်သည်။ 


ဆိုးတာပဲ မဟုတ်ရင် သူမတို့ရဲ့နေ့ရက်တွေက အခုထက် အများကြီး ပိုကောင်းနေမှာကို ... 


သူမ၏ အတွေးတို့ နယ်လွန်နေစဉ်မှာပင် ယုပိုင်ရှို့က တဆတ်ဆတ် တုန်ရီစ ပြုလာတော့သည်။ 


"ကပ္ပတိန် ကျွန်တော် ကျွန်တော်တို့ ဒါလေးပဲ ရှာတွေ့ခဲ့တယ် စားဖို့ လုံလောက်ပါ့မလားတော့ မသိဘူး ..." 


ကုတ်အင်္ကျီနှင့် ထုပ်ထားသည်များကို ဖွင့်ပြလိုက်လျှင် ယနေ့အဖို့ အုန်းသီးတစ်လုံး၊ ဆီးသီးရိုင်းအချို့နှင့် ငှက်ပျောသီးအစိမ်း တစ်ခိုင်ကိုသာ ရခဲ့ကြောင်း တွေ့လိုက်ရသည်။ 


ရုပ်သံလွှင့်ပြီးနောက် ကျိမြန်မှာ အမြင့်ကြောက်တတ်ကြောင်း သိသွားသည့်အတွက် အုန်းသီးခူးရန် တာဝန်ကို သူတို့ကိုယ်တိုင် လိုလိုလားလား ယူလိုက်ကြတော့သည်။ သို့သော် ယုပိုင်ရှို့မှာလည်း သစ်ပင်မတက်နိုင်။ အကြိမ်ပေါင်းများစွာ ကြိုးစားသည့်တိုင် မအောင်မြင်သည့်အတွက် ကျောက်တုံးနှင့်ပစ်၊ ဝါးလုံးဖြင့်ထိုးကာ အချိန်အတော်ကြာ ကြိုးစားပြီးမှသာ အုန်းသီးတစ်လုံး ရလာတော့သည်။ 


လူလေးယောက်ကို အုန်းသီးတစ်လုံး ဘယ်လိုလုပ် လောက်မှာလဲ အကုန် ရေငတ်သေကုန်မှာပေါ့ ဟုတ်တယ် မဟုတ်လား ... 


ကျိမြန်သည်လည်း ပြဿနာ၏ အတိမ်အနက်ကို သဘောပေါက်သွားကာ သက်ပြင်းချလိုက်မိတော့သည်။ 


"ကြည့်ရတာ မီးမွှေးမှကို ရတော့မယ်ထင်တယ် ဒါမှ ပင်လယ်ရေကို ကျိုပစ်လို့ ရမှာ ..." 


"ဟုတ်တယ် ရင်ရွှယ်နဲ့ ကျွန်တော်ကလည်း သစ်ပင် မတက်နိုင်ဘူး ရှောင်ယုရဲ့ လက်ကလည်း ခိုက်မိထားတာဆိုတော့ ပင်လယ်ရေကို ကျိုတာနဲ့ နှင်းစက်တွေကို စုဆောင်းတာပဲ လုပ်လို့ရတော့မှာ ..." 


ယုပိုင်ရှို့မှာ အစီအစဉ်၏ ခက်ခဲမှုကို ခံစားလာမိ၍ မျက်နှာကို ပွတ်သပ်လျက် ပြောလိုက်သည်။ နှင်းရည်ခံခြင်းမှာ လွန်စွာ ကရိကထ များလှသည့်အပြင် နာရီပေါင်းများစွာ စုဆောင်း၍ပင် ဝလင်အောင် သောက်နိုင်မည်မဟုတ်၊ အလဟဿသာ ဖြစ်ပေသည်။ 


"ဒါဆိုလည်း သစ်သားတုံးနဲ့ မီးခတ်ဖို့ပဲ ပြန်လုပ်ကြတာပေါ့ ..."


ကျိမြန်က လက်ခုပ်တီးကာ ပြောလိုက်သည်။ 


အပြာသင်းကမူ အလားတူ ပြဿနာမျိုးကို မကြုံရ။ ရှစ်ထင်းဟန်သည် သစ်ပင်တက် ကျွမ်းကျင်သူဖြစ်ရာ အုန်းသီးများကို အလိုရှိသလောက် ခူးနိုင်သည့်အပြင် အစိမ်းစား၍ရသော သီးနှံအချို့လည်း ရှိနေသေးသည်။ သူတို့လည်း မီးမွှေးရန် ကြိုးစားခဲ့ဖူးသော်ငြား မအောင်မြင်သည့်အတွက် ချက်ခြင်း လက်လျော့လိုက်တော့သည်။ 


သစ်သားဖြင့် မီးပျိုးခြင်းမှာ မလွယ်ကူလှ။ တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုတွင် ဝါရင့် စူးစမ်းသွားလာသူတစ်ဦးက မီးပျိုးရန် တစ်ခုတည်းကပင်လျှင် ၁၂ ရက်ခန့် ကြာမြင့်ကာ တောတွင်းတွင် အသက်ရှင်သန်ရန် ကြိုးစားရာ၌ အကြီးမားဆုံး အခက်အခဲဟုပင် ပြောခဲ့ဖူးသေးသည်။ ထို့ကြောင့် တောထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ရန် အစီအစဉ်ရှိသူမှအပ မီးပျိုးရာတွင် မဖြစ်မနေ ဇွဲကောင်းမနေသင့်ကြောင်းလည်း သတိပေးခဲ့သေးသည်။ 


အချိန်အတော်ကြာ အလုပ်များနေပြီးနောက် ဟွမ်ရင်ရွှယ်က လက်အိတ်ကို မြေကြီးပေါ် ပစ်ပေါက်ကာ ပြောလိုက်သည်။ 


"စောက်ကျိုးနည်း မလုပ်တော့ဘူးဟေ့ လာပါ ဒီနေ့ မီးမွှေးနိုင်တဲ့သူ ဘယ်သူ့ကိုမဆို ဒူးထောက်ပြီးကို အဖေလို့ ခေါ်ဦးမယ် ..." 


"မင်းသာ မီးမွှေးနိုင်ရင် ငါ မင်းကို ဒူးထောက်ပြီး အမေလို့ ခေါ်မယ်လေ ..." 


ယုပိုင်ရှို့ကမူ သူ့ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့။ 


"ကျွန်တော် ထပ်ကြိုးစားကြည့်လိုက်မယ် ..." 


Yu Yu Yu က ခပ်တိုးတိုး ပြောလိုက်သည်။ 


ကျိမြန်က မျက်မှောင်ကိုသာ တင်းကြပ်စွာ ကျုံ့ထားလိုက်၏။ ထိုသစ်သားတုံးကို ပင်လယ်ထဲ လွှင့်ပစ်လိုက်လိုဟန်ပင်။ ကင်မရာသမားက သူ၏ သည်းမခံနိုင်တော့သည့် မျက်နှာကို အနီးကပ် ရိုက်ကူးလိုက်၏။ 


ထိုစဉ် ကမ်းခြေသို့ ရွက်လှေတစ်စီး ‌ဆိုက်ကပ်လာကာ လှေဘောင်ပေါ်တွင် ရပ်နေသူက တက်တက်ကြွကြွ လက်ယမ်းပြနေသည်။ ကျိမြန်မှာ တစ်ခဏမျှ ကြောင်အသွားကာ သစ်သားတုံးကို လွှင့်ပစ်ပြီး ကမ်းစပ်သို့ ပြေးသွားကာ မျက်လုံးကို ကာထားလျက် ပင်လယ်ထဲ လှမ်းမျှော်ကြည့်လိုက်သည်။ ရွက်လှေ တစ်ဖြည်းဖြည်း ကပ်လာသည်နှင့်အမျှ လှေပေါ်တွင် ရှိနေသူက လက်တန်းကို ဆွဲကာ ရှေ့သို့ ကုန်း၍ အားသွန်ခွန်စိုက် အော်ခေါ်လိုက်သည်။ 


"ကျိကော ကျွန်တော် ဒီမှာ ..." 


တစ်နေ့လုံး တစ်ညလုံး တင်းမာနေသည့် ကျိမြန်မျက်နှာမှာ ပြေလျော့သွားကာ နှုတ်ခမ်းပါးတို့ကို ယောင်ယောင်လေး ကော့ညွတ်လျက် ‌ဝမ်းသာအားရ ပြုံးလိုက်သည်။ လက်ကို ဝှေ့ယမ်းလျက် စိုးရိမ်တကြီး ပြောလိုက်၏။ 


"လက်တန်းကို မမှီနဲ့ ပြုတ်ကျမယ် ဂရုစိုက်ဦး ..." 


"အိုး ..." 


အလောတကြီး ဖြစ်နေသူ ရှောင်ကျားရှုက ချက်ခြင်းပင် နောက်ပြန်ဆုတ်ကာ ခုံပေါ်တက်လျက် လှည့်ပတ်ခုန်ပေါက်လိုက်သည်။ ကျိကောကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လိုဟန် လည်တိုင်ကိုလည်း ဆန့်ထုတ်ထားလိုက်သေး၏။ ပင်လယ်ထဲ ခုန်ဆင်းကာ ကျိကောထံ ရေကူးသွားလိုစိတ်များပင် ဖြစ်ပေါ်လာတော့သည်။ 


"ကျိကော ဘယ်လိုလဲ ..." 


သူက ခပ်မြင့်မြင့် ခုန်ပေါက်လိုက်သည်။ 



"ကျိကော ကျွန်တော့်ကို လွမ်းနေလား ..." 


နောက်တစ်ကြိမ် ထပ်ခုန်လိုက်ပြန်၏။ 


"ကျိကော နိဟောင် ကျွန်တော့်ကို ကြည့်ပါ ..." 


ခုန်ပေါက်ကာ သီချင်းပင် ဆိုလိုက်သေးသူမှာ အလွန်အမင်း စိတ်လှုပ်ရှားနေသည့် ယုန်တစ်ကောင်နှယ်ပင်။ 


ကျိမြန်ကလည်း နဖူးကို ကိုင်ထားကာ ကျယ်ကျယ်လောင်လောင် ရယ်ချလိုက်တော့သည်။ ယမန်နေ့ညနှင့် ဒီနေ့တစ်မနက်လုံး ဒေါသထွက်ခဲ့သမျှ ထို surprise ကြောင့် ပျောက်ဆုံးသွားရတော့သည်။ 


ဟွမ်ရင်ရွှယ်၊ ယုပိုင်ရှို့နှင့် အခြားသူများမှာ ရယ်ရလွန်း၍ ခါးပင် မဆန့်နိုင်၊ ပင်လယ်ထဲ ပြု

တ်ကျတော့လုမတတ်ပင်။ ပထမအပိုင်းကတည်းကပင် ရှောင်ကျားရှုသည် အနီအသင်း၏ လူပြက်ဖြစ်ကာ သူရှိနေပါလျှင် လူတိုင်း၏ ဘဝ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း သိနေကြပေသည်။ 



Xxxxxx