အပိုင်း ၁၆၄
Viewers 44k

Chapter 164






ရွက်လှေနှင့် ရောက်လာသည်ကို မဆိုထားနှင့်၊ ရှောင်ကျားရှု၏ ရုတ်တရက် ထွက်ပေါ်လာခြင်းကပင်လျှင် လူတိုင်းအဖို့ surprise ဖြစ်နှင့်နေပြီဖြစ်သည်။ မည်သူမဆို ရွက်လှေကိုသုံးကာ ပင်လယ်စာ အရှာထွက်နိုင်ပေသည်။ တစ်နေကုန် အသီးအနှံများသာ စားခဲ့ရပြီးနောက် လူတိုင်း မျက်လုံးများပင် စိမ်းဖန့်နေသည်အထိ ဆာလောင်လာကြတော့သည်။ 


ရွက်လှေက ကမ်းစပ်နှင့် မနီးမဝေး တစ်နေရာတွင် ရပ်တန့်သွားကာ ရိုက်ကူးရေးအဖွဲ့က ရှောင်ကျားရှု ကိုယ်တိုင် လှော်ခတ်နိုင်ရန် လှေငယ်တစ်စင်းကို ချပေးလိုက်သည်။ သို့သော် ရှောင်ကျားရှုမှာ တစ်ကြိမ်တစ်ခါမှ လှေလှော်ဖူးခြင်း မရှိသည့်အတွက် ဦးတည်ရာကို မထိန်းချုပ်နိုင်၊ ကြာမြင့်စွာ လှော်ခတ်နေသည့်တိုင် ထိုနေရာတွင်သာ တဝဲလည်လည် ဖြစ်နေရာ သူ့ကို စောင့်ကြည့်နေသူများမှာ ရယ်ရလွန်း၍ သေလုမတတ်ပင် ဖြစ်လာကြတော့သည်။ 


ကျိမြန်က ခေါင်းကိုယမ်းကာ ရယ်မောလိုက်သည်။ သူ့မျက်နှာမှာ အလိုလိုက်လိုသည့် အရိပ်အယောင်တို့ အပြည့်ပင်။ 


ရှောင်ကျားရှု၏လှေ မှောက်တော့မည်ကို မြင်လိုက်ရသည့်အခါ သူက လှမ်းအော်ပြောလိုက်သည်။ 


"ရေထဲ မဆင်းနဲ့ ကိုယ် ရေကူးပြီး လာခေါ်ပေးမယ် ကြားရဲ့လား ..." 


"ဟုတ်ကဲ့ ..." 


ရှောင်ကျားရှုက လှော်တက်ကို အောက်ချကာ အော်ပြောလိုက်သည်။ 


"ကျိကော ဂရုစိုက်နော် ..." 


ရေထဲတွင် ရုတ်တရက် ရေခူများ၊ ငါးမန်းများ ထွက်ပေါ်လာမည်ကို စိုးရိမ်စိတ်ကြောင့် ကျိမြန်ကိုသာ ပူပန်တကြီး ကြည့်နေလိုက်သည်။ သို့သော် မည်သည့် ထိခိုက်မှုမှ မဖြစ်၍ တော်သေးသည်။ ကျိမြန်က လှေငယ်အနီးသို့ ရောက်လာကာ အချိန်ကြာမြင့်စွာ ခွဲခွါခဲ့ရသည့် ချစ်သူလေးကို ရင်ခွင်ထဲ ဆွဲထည့်ပြီး နောက်ကျောကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။ ရှောင်ကျားရှုကလည်း ထိုအခြေအနေကို အခွင့်ကောင်းယူကာ သူ့ခါးကို ပြန်ဖက်ပြီး နားနားကပ်ကာ တီးတိုးပြောလိုက်သည်။ 


"ကျိကော ကောကို လွမ်းနေတာ ..." 


နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စိုက်ကြည့်ကာ တောက်ပစွာ ပြုံးပြလိုက်ကြသည်။ ကျိမြန်၏ အကူအညီကြောင့် များမကြာမီမှာပင် လှေငယ်သည် ကမ်းစပ်သို့ ဆိုက်ရောက်နိုင်သွားတော့သည်။ 


အနုပညာလောကမှာ အရင်းနှီးဆုံး ကြယ်ပွင့်စုံတွဲ‌က ဘယ်သူလဲ ... 


ထိုမေးခွန်းမှာ အမေးခံရသူအပေါ် အခြေခံကာ အဖြေအမျိုးမျိုး ကွဲပြားနိုင်သော်ငြား <<Adventurers in the wilderness>>  ပထမပိုင်း စတင်ထုတ်လွှင့်သည်မှစ၍ ရှောင်ကျားရှုနှင့် ကျိမြန်၏ ညီအစ်ကိုCP သည် လူတိုင်း၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း နေရာယူသွားတော့သည်။ သူတို့၏ ဆက်ဆံရေးကို "အတုအယောင် ညီအစ်ကိုဆက်ဆံရေး" ဟု သုံးနှုန်းပါလျှင် ကာယကံရှင် နှစ်ဦးက လက်မခံမည့်အပြင် သူတို့၏ ပရိသတ်များကပင်လျှင် ကန့်ကွက်ကြမည်ဖြစ်သည်။ 


ဤသို့ဖြင့် လွန်စွာ ဆက်ဆံရေး ကောင်းမွန်လှသည်ဟူသည့် အချက်ကို အခြေခံကာ ရှောင်ကျားရှုသည် အလိုလိုပင် အနီအသင်းထဲသို့ ‌ရောက်သွားတော့သည်။ 


"ကျိကော သစ်သားတုံးချင်း ခတ်ပြီး မီးပျိုးနေတာလား ..." 


မည်းတူးနေသော သစ်သားတုံးကို တွေ့လိုက်ရသည့် ရှောင်ကျားရှု၏ အမူအယာမှာ လွန်စွာ အသစ်အဆန်း ဖြစ်နေဟန်ပင်။ 


"ဟုတ်တယ် ရှောင်ရှု သိလား မီးမွှေးတာ ခက်လိုက်သမှလေ ငါတို့လေးယောက် တစ်နေကုန် တစ်ညလုံး စမ်းလုပ်ကြည့်နေတာကို အခုထိ မီးပွားလေး တစ်စတောင် ထွက်မလာသေးဘူး ..." 


ဟွမ်ရင်ရွှယ်က မကျေမချမ်း ပြောလိုက်သည်။ 


"ငါဆို ဒီနားမှာတင် ဒေါသတွေ ပေါက်ကွဲပစ်မိတော့မလို့ ..." 


ရှောင်ကျားရှုက အင်္ကျီလက်တို့ကို လိပ်တင်ကာ ပြောလိုက်သည်။ 


"ကျွန်တော် စမ်းကြည့်မယ် ..." 


ကျိမြန်က ချက်ခြင်းပင် သူ့လက်အိတ်ကို ချွတ်ကာ ကူဝတ်ပေးပြီး သစ်သားချောင်းများကို မည်သို့မည်ပုံ ပွတ်တိုက်သင့်ကြောင်း ဂရုတစိုက် သင်ပြလိုက်၏။ နှစ်ဦးသား ခေါင်းချင်းဆိုင်ကာ အချိန်အတော်ကြာသည်အထိ အပြုံးမပျက် ကြိုးစားခဲ့ကြသည်။ တစ်နေကုန် တစ်ညလုံး တွန့်ကျုံ့နေသည့် ကျိမြန်၏ မျက်ခုံးတို့ ပြန်လည်ပြေလျော့လာကာ မြင့်မြတ်ထူးကဲသော ဘော့စ် ဟူသည့် ဂုဏ်ပုဒ်မှာ ညတွင်းချင်းပင် ပျက်စီးသွားတော့သည်။ 


ရှောင်ကျားရှုနှင့် အတူရှိနေသည့်အခါ သူ့အမူအယာတို့ မည်မျှအထိ သိမ်မွေ့နူးညံ့ကာ စိတ်ရှည်သွားတတ်ကြောင်း သူကိုယ်တိုင်ပင်လျှင် သတိထားမိလိမ့်မည် မဟုတ်ချေ။ အဆက်မပြတ် ပွတ်တိုက်နေမှုကြောင့် ရှောင်ကျားရှု၏ လက်ထဲရှိ သစ်သားချောင်းနှစ်ခု လေထဲ ပျံတက်သွားတော့မည်ကို တွေ့လိုက်ရသည့်အခါ ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်မိတော့သည်။ ဤပြောင်းလဲမှုကို သတိထားမိလိုက်သော ကင်မရာသမားက သူ၏ ညင်သာသည့် အမူအယာတို့ကို အနီးကပ် ရိုက်ကူးလိုက်သည်။ ဟွမ်ရင်ရွှယ်နှင့် ယုပိုင်ရှို့တို့ပင်လျှင် ခံစားချက်အမြောက်အများ ထွက်ပေါ်လာတော့၏။ 


နှစ်ဦးသား စကားတစ်ခွန်းမှ မပြောဘဲ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ရှောင်ကျားရှု ရောက်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ ဘဝများ ပိုမိုကောင်းမွန်လာတော့၏။ ယခင် သစ်သားချောင်းများကို ပွတ်တိုက်ခဲ့စဉ် အချိန်က ကျိမြန်၏ စိတ်အခြေအနေမှာ စခန်းချသည့်နေရာ တစ်ခုလုံးကို တိမ်စိုင်တိမ်ခဲတို့ ဖုံးအုပ်ထားသည့်နှယ် မည်းမှောင်နေပေသည်။ ယခုမူ နှစ်ယောက်သား ခေါင်းချင်းဆိုင်ကာ ရယ်ကာမောကာဖြင့် မီးပျိုးရန် ကြိုးစားနေကြ၏။ ပင်ပန်းနွမ်းနယ်မှု၊ ဆာလောင်မွတ်သိပ်ခြင်းနှင့်ရေငတ်မှုတို့အားလုံး လုံးဝ မတည်ရှိတော့သည့်နှယ်၊ တိမ်ပေါ် မျောလွင့်နေရသကဲ့သို့ ဖြစ်လာပြီး  အလွန်အမင်း ရုန်းကန်လှုပ်ရှားနေရသည့် ခံစားချက်မှသည် အပန်းဖြေခရီး ထွက်နေသည့် ခံစားချက်အဖြစ်သို့ ပြောင်းလဲကာ အလွန်အမင်း ပျော်ရွှင်မှုတို့ကို ခံစားလိုက်ရတော့သည်။ 


သူတို့ကို အကြာကြီး စိုက်ကြည့်နေသည့် Yu Yu Yu မှာလည်း အပြုံးတစ်ပွင့်ကို မနည်း ထိန်းထားနေရသည်။ ယခု ရှောင်ကျားရှု ပြန်ရောက်လာသည့်အတွက် သူ့ဇာတ်ကွက်မှာ လျော့နည်းသွားဟန်ပင်၊ ကျိမြန်ကလည်း သူ့ကို များစွာ သဘောကျဟန်မတူသည့်အတွက် အခြေအနေမှာ ပိုဆိုးလာရုံသာ ရှိပေလိမ့်မည်။ မီးပွင့်မလာစေရန် တိတ်တဆိတ် ဆုတောင်းနေစဉ်မှာပင် ရှောင်ကျားရှု၏ လက်ထဲမှ မီးစတစ်ပွင့် ထွက်ပေါ်လာ၏။ သူ့လက်နှစ်ဖက်ကို စုစည်းကာ ကျိမြန်ပါးစပ်နား တိုးသွားလျက် သူ့ကို လေမှုတ်ခိုင်းလိုက်သည်။ 


ကျိမြန်က အသက်ကို ဖြေးညှင်းစွာ ရှုထုတ်လိုက်သည်။  နောက်တစ်ကြိမ် မီးငြိမ်းသွားမည်ကို စိုးရိမ်နေခြင်း အလျဉ်းမရှိတော့။ ရှောင်ကျားရှု ရှိနေသရွေ့ သူ့နှလုံးသားတစ်ခုလုံး တည်ငြိမ်ကာ မီးငြိမ်းသွားပါစေ အစာရေစာ ပြတ်လပ်နေပါစေ အရေးကြီးကိစ္စ မဟုတ်တော့ချေ။ အမျိုးသားအမျိုးသမီးစုံတွဲများမှာ အတူတကွ အလုပ်လုပ်ရခြင်းကို လုံးဝ မပင်ပန်းဟု ပြောစမှတ်ပြုကြသည်။ သို့သော် ထိုစကားကို အကြင်ခင်ပွန်းတို့မည်သည် အတူတူ အလုပ်လုပ်ရပါလျှင် မမောနိုင်မပန်းနိုင်ဟု ပြောင်းလဲရပေလိမ့်မည်။ အကြိမ်ရာထောင်သောင်းမက ကျရှုံးသည့်တိုင် ကျိမြန်သည် အစမှ ပြန်စရန် ယုံကြည်ချက် ပြည့်ဝနေဆဲ ဖြစ်ပေသည်။ 


တည်ငြိမ်သည့် စိတ်အခြေအနေသည် ကောင်းမွန်သည့် ဘဝ၏ စမှတ်ပင် ဖြစ်သည်။ ရှောင်ကျားရှု ရောက်လာပြီးနောက် သူ့စိတ်နှလုံးတစ်ခုလုံး တည်ငြိမ်လာကာ အချိန်အတော်ကြာ မီးညှိ၍ မရသည့် သစ်သားခြောက်များကိုပင် မီးညှိနိုင်သွားတော့သည်။ မီးပုံတစ်ခု ဖြစ်လာသည့်အခါ အနီအသင်းသားအားလုံး ကမ်းခြေသို့သွားကာ ကခုန်ကြ၍ အပြာအသင်းသားတို့ အားကျသွားရတော့သည်။ 


ကျိမြန်နှင့် ရှောင်ကျားရှုတို့သာလျှင် တစ်ယောက်နှင့်တစ်ယောက် ပြုံးကာကြည့်လျက် မီးပုံဘေးနား ထိုင်နေလိုက်သည်။ ကျိမြန်က သူ့ကောင်လေး၏ ခေါင်းကို ဆွဲငုံ့စေကာ တီရှပ်အနားစကို အသုံးပြုလျက် နဖူးပေါ်ရှိ ချွေးနှင့် အညိုအမည်းများကို သုတ်ပေးလိုက်သည်။ ထိုအခါ နှလုံးသားရှိရာတွင် ထွင်းထုထားသည့် အင်္ဂလိပ်စာလုံးတို့ ခပ်ဖျော့ဖျော့ ထွက်ပေါ်လာတော့၏။ 


ရှောင်ကျားရှုမှာ ရှက်သွေးဖြန်းနေသည့်နှယ် ထိုစာလုံးတို့ကို နီမြန်းနေသည့် မျက်နှာဖြင့်သာ အသာစိုက်ကြည့်လိုက်သည်။ ကျိမြန်၏ ရင်ဘက်ကို ပုတ်ကာ ထိုစာလုံးတို့အား လက်ဖြင့် အသာ ပွတ်သပ်လိုက်၏။ ကျိမြန်ကလည်း နားလည်သည့်ဟန် လက်ကို သူ့ခါးရှိရာအထိ လျောဆင်းကာ လက်ချောင်းတို့ကို ဘောင်းဘီထဲ တိုးဝင်လျက် တက်တူးထိုးထားသည့် အချစ်အမှတ်အသားကို ခပ်ဖွဖွ ထိတွေ့လိုက်သည်။ 


ကင်မရာ၏ စောင့်ကြည့်မှုအောက်တွင် သူတို့အချင်းချင်းသာ နားလည်နိုင်သည့် နည်းလမ်းမျိုးဖြင့် ချစ်ကြောင်းခင်ကြောင်း ထုတ်ပြရသည်မှာ စိတ်လှုပ်ရှားစရာပင်ဖြစ်သည်။ 


ပင်လယ်ရေကို ကျိုချက်ရန် ပလက်စတစ်စအများအပြား လိုအပ်ဆဲ ဖြစ်သော်ငြား ရိုက်ကူးရေးအဖွဲ့က လိုအပ်သည့် ကိရိယာများကို ထောက်ပံ့လိုခြင်း မရှိ။ ရေဆာလွန်းမက ဆာလာသူများအဖို့ တောင်ပေါ်တက်ကာ ရေရှာရုံသာ ရှိတော့သည်။ ထိုစဉ်အတွင်း ရှောင်ကျားရှုက ကျိမြန်ကို ကျောက်တုံးကြီးတစ်တုံးနောက် ဆွဲခေါ်ကာ ချိုမြိန်နက်ရှိုင်းသည့် အနမ်းရှည်ကြီးတစ်ခု ခြွေလိုက်သည်။ 


"ကောရဲ့ နှုတ်ခမ်းနဲ့ လည်ချောင်းတွေ စိုလာအောင် ကူလုပ်ပေးမယ် နှုတ်ခမ်းက အရေခွံလန်နေလို့ ..." 


ရှည်လျားသည့်အနမ်း အဆုံးတွင် ရှောင်ကျားရှုက မည်သည့်ကိစ္စမှ မဖြစ်ခဲ့လေသယောင် ပြန်ထွက်လာလိုက်သည်။ 


သူ့နောက်မှ လိုက်ပါလာသည့် ကျိမြန်ကလည်း ခြောက်ကပ်ခြင်း မရှိတော့သည့် နှုတ်ခမ်းများကို ထိကိုင်ကာ ဖုံးဖိ၍ မရစွာ ပြုံးလိုက်သည်။ ရှောင်ကျားရှုသာ အနားရှိနေပါလျှင် ဆာလောင်မွတ်သိပ်မှုမှာ ပြဿနာ မဟုတ်တော့၊ အားလုံး အဆင်ပြေနေပေတော့သည်။ 


ဝါးရုံတောတစ်ခုကို တွေ့လိုက်ရသည့်အခါ အထူဆုံး ဝါးကို ရွေးပြီး အခြေနားတွင် အပေါက်တစ်ပေါက် ဖောက်လိုက်သည်။ ထို့နောက် ဝါးဖြင့် လုပ်ထားသည့် ပိုက်တစ်ခုကို ထိုအပေါက်ထဲ ထည့်ကာ ဝါးရည်တို့ စိမ့်ထွက်လာမည်ကို စောင့်နေလိုက်ကြသည်။ 


"ရေက တကယ်ကြီး ထွက်လာမှာလား ..." 


ရှောင်ကျားရှုက မြေကြီးပေါ် ငုတ်တုတ်ထိုင်ချရင်း ဝါးပင်ရှိ အပေါက်ကို မျက်တောင်မခတ်စတမ်း ကြည့်ကာ  မေးလိုက်သည်။ 


"ဟုတ်တယ် ..." 


ကျိမြန်က ကျောက်တုံးတစ်တုံးကိုယူကာ အစွန်းတို့ တွန့်လိမ်နေပြီဖြစ်သော ဓားမြှောင်ကို သွေးလိုက်သည်။ 


"ဒါပေမယ့် ကျွန်တော်တို့မှာ ခွက်မှ မရှိတာ ဘယ်လိုလုပ် ရေရမှာလဲ ..." 


ရှောင်ကျားရှုက ချက်ခြင်းပင် အရေးကြီးမေးခွန်းတစ်ခုကို စဉ်းစားမိသွားသည်။ 


"ပါးစပ်နဲ့ ဒီအတိုင်းပဲ သောက်လေ ..." 


ကျိမြန်က သူ့ကို တမင်တကာ စနောက်ကျီစယ်လိုက်၏။ 


"အပေါက်က တအား နိမ့်လွန်းနေတဲ့ဟာကို ဘယ်လိုလုပ် သောက်လို့ ရမှာလဲ ..."


ရှောင်ကျားရှုက သူ့ခေါင်းကို အနိမ့်ဆုံးအထိ နှိမ့်ချကာ ဝါးပိုက်ကို ကိုင်ထားလိုက်သည်။ ဤပုံစံမှာ အလွန်ပင်ပန်းဖွယ် ကောင်းလှသည်ဟု ခံစားမိသည့်အတွက် မြေကြီးပေါ် လှဲချကာ ခေါင်းကို ဝါးပြွန်အောက်ထားပြီး ပါးစပ်ဟထားလိုက်သည်။ သို့သော် အချိန်အတော်ကြာ စောင့်ဆိုင်းပြီး ပါးများပင်‌ ညောင်းညာလာသည့်တိုင် ရေက ထွက်မလာခဲ့။ 


သူ၏ ကြောင်တောင်တောင်အမူအယာကို ကြည့်နေရင်း ကျိမြန်က ရယ်ချင်စိတ်ကို ထိန်းချုပ်ကာ လက်ကိုယမ်းပြလိုက်သည်။ 


"ဒီဝါးပင်က လေကို မျက်နှာမူထားတော့ ရေမရှိလောက်ဘူး တစ်ခြား ဝါးအမျိုးအစားတစ်ခုကို စမ်းကြည့်ရမယ်ထင်တယ် ဝါးပင် ငြိမ်သက်နေမှ ရေထွက်တာ ..." 


"အိုး အိုကေလေ ..." 


ရှောင်ကျားရှုက သူ့နောက်မှ ကပ်လိုက်လာပြီး အလွန်ကြာမှသာ အမှန်တရားကို သဘောပေါက်သွားတော့သည်။ 


"ဟေး ကျိကော စောစောက ကျွန်တော့်ကို စနေတာ မဟုတ်လား မြေကြီးပေါ် လှဲပြီး ရေကို ပါးစပ်နဲ့ ခံခိုင်းထားတာ ကျွန်တော် အရူးလုပ်ခံရတာကို မြင်ချင်လို့ မဟုတ်လား ..." 


ကျိမြန်က ကျယ်ကျယ်လောင်လောင် အော်ရယ်ကာ သူ့နောက်ကျောကို ရိုက်နေသူအား ခွင့်ပြုပေးထားလိုက်သည်။ ဟွမ်ရင်ရွှယ်နှင့် အခြားသူများမှာလည်း ရှောင်ကျားရှုမှာ အလွန်ရိုးရှင်းကာ အရူးလုပ်ခံရရန် လွယ်ကူလှသည်ဟု ခံစားမိ၍ ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်ကြသည်။ 


တစ်ခဏတာ ဆက်လျှောက်နေပြီးနောက် ရှောင်ကျားရှုက နောက်တစ်ဖန် သဘောပေါက်သွားပြန်သည်။ 


"အာ မဟုတ်သေးပါဘူး ရေရဖို့ဆို ပါးစပ်နဲ့ ခံနေစရာမှ မလိုတာ ဝါးပြွန်တွေကို ဖြတ်လိုက်လို့ ရသားပဲ ကျိကော ကျွန်တော့်ကို အခုထိ ကစားနေတုန်းလား ..." 


ကျိကောကို အလွန်အကြူး ယုံကြည်ခြင်း၏ အကျိုးဆက်မှာ တစ်ဖက်သူ ပြောသည့်စကားကို စဉ်းပင် မစဉ်းစားဘဲ ယုံကြည်မိခြင်းပင် ဖြစ်ပေသည်။ 


အပေါ်ယံတွင် ဒေါသထွက်ပြသည့်တိုင် အတွင်းစိတ်မှာမူ ပျော်ရွှင်လွန်း၍ ရယ်ချင်စိတ်ကိုပင် ထိန်းချုပ်၍ မရတော့။ ကျိကော၏ ရံဖန်ရံခါ စနောက်ကျီစယ်မှုများကို အမှန်တကယ်ပင် သဘောကျပေသည်။ ၎င်းတို့မှာ ဘဝကို အရသာတစ်မျိုး ထပ်မံဖြည့်စွက်လိုက်သည့်နှယ်။ ကျိကောကို ရိုက်ပုတ်မည့်အစား သူ့နောက်ကျောပေါ် ခုန်တက်ကာ လက်နှစ်ဖက်က လည်ပင်းကို ဖက်လျက် ခါးကို ခြေထောက်တို့ဖြင့် တင်းတင်းကြပ်ကြပ် ခွထားလိုက်သည်။ အောက်သို့ဆင်းရန် ငြင်းဆန်ကာ အသည်းအသန် အော်ဟစ်လိုက်၏။ 


"ကောကို သေတဲ့အထိကို ဖိပစ်ဦးမယ် စောင့်ကြည့်နေလိုက် ..." 


ကျိမြန်က ပြုတ်ကျမည်ကို စိုးရိမ်စိတ်ဖြင့် သူ့တင်ပါးကို တင်းတင်းကြပ်ကြပ် ထိန်းကိုင်ထားပေးလိုက်သည်။ သူ့မျက်နှာပေါ်ရှိ အပြုံးတို့မှာလည်း ပို၍ပင် သက်ဝင်ရွှင်ပျလာတော့၏။ တစ်လမ်းလုံး စကားများရင်း ရန်သတ်လာသည့်အတွက် ဟွမ်ရင်ရွှယ်နှင့် အခြားသူများ နားဝေတိမ်တောင် ဖြစ်ကုန်ကြတော့သည်။ 


စောက်ကျိုးနည်း ဒါက တည်ကြည်အေးစက်တဲ့ ကပ္ပတိန် ပြီးတော့ ကြောက်စရာကောင်းတဲ့ အာဏာရှင်ကြီးရော ဟုတ်ရဲ့လား စတိုင်က ချက်ခြင်းကြီးကို ပြောင်းလဲသွားလိုက်တာများနော် ... 


စိတ်အခြေအနေ ကောင်းနေပါလျှင် မည်သည့်အရာမဆို လုပ်ဆောင်ရ ပိုမိုလွယ်ကူလာပေသည်။ အဖွဲ့သားများမှာ များမကြာမီတွင်ပင် ဝါးရည်များကို  ကိုယ်တိုင် လုံလောက်စွာ သောက်နိုင်ခဲ့သည့်အပြင် ဝါးပြွန်များဖြင့်ပင် အများအပြား ပြန်သယ်လာနိုင်တော့သည်။ ရေနှင့် မီးပြဿနာကို ဖြေရှင်းပြီးနောက် ဝါးလုံးနှင့် ငှက်ပျောရွက်တို့ကို သုံးကာ တဲတစ်လုံး ဆောက်လုပ်လိုက်ကြသည်။ ထို့နောက် လှေကိုယူကာ ငါးမျှားထွက်လာလိုက်ကြတော့၏။ 


သူ့ချစ်သူလေး မဆာလောင်စေရန် အလို့ငှာ ကျိမြန်က ပင်လယ်ထဲ ဒိုင်ဗင်ထိုးဆင်းကာ ဂုံးကောင်နှင့် ပုစွန်ထုပ်ကြီးများ ဖမ်းဆီးလိုက်သည်။ အခြားသူများကမူ မည်သည်မှ မဖမ်းမိ၊ လက်ဗလာဖြင့်သာ ပြန်လာခဲ့ကြရသည်။ စားသောက်ကြသည့်အခါ သူ့ချစ်သူလေးကို ပိုမိုစားစေလိုသည့်အတွက် ကျိမြန်က သူ့ဗိုက်ကို အုပ်ကိုင်ကာ ပြောလိုက်သည်။ 


"ကိုယ် ဗိုက်ပြည့်ပြီ ရှောင်ရှု ထပ်စားလေ ..." 


တစ်ချိန်တည်းမှာပင် ဗိုက်ကိုအုပ်ကာ ပြောလိုက်သည့် ရှောင်ကျားရှု၏ စကားသံလည်း ထွက်ပေါ်လာသည်။ 


"ကျွန်တော် ဗိုက်ပြည့်သွားပြီ ကျိကော ထပ်စားဦးလေ ..." 


နှစ်ဦးသား အပြန်အလှန် စိုက်ကြည့်ကာ ရယ်မောလိုက်ကြတော့သည်။ 


တစ်

ဖက်သူရဲ့ အတွေးပိစိလေးကို ဘယ်လိုလုပ် မသိဘဲ နေမလဲ ဗိုက်ဆာနေသေးပေမယ့် ဒီအချိန်မှာ အတိုင်းထက်အလွန်ကို စိတ်ကျေနပ်မိလာသလိုပဲ ... 



Xxxxxxx