အပိုင်း ၁၇၁
Viewers 45k

Chapter 171





ဤသို့ အောင်မြင်ခြင်းမှာ သူ့မိသားစုနောက်ခံကြောင့်လေလားဟု မေးရန် ရှိလာပြန်သည်။ ထိုမေးခွန်းမှာ လုံးဝ မဖြစ်နိုင်ချေ။ သူ သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်နှစ်ကားကို အကဲဖြတ်ကြည့်လျှင်ပင် အငယ်တန်း သရုပ်ဆောင်များအကြား အကောင်းဆုံးဖြစ်ကြောင်း သိနိုင်ပေသည်။ အရည်အချင်းအရာတွင် ကျိမြန်ထက်ပင် မညံ့လှ။ ရုပ်ရည်ချောမောကာ အရည်အချင်း ရှိသော်လည်း ခပ်လျှိုလျှိုသာ နေတတ်ပြီး အလုပ်အပေါ် အလေးအနက် ထားတတ်သည်။ ဤသည်မှာ သူ အောင်မြင်ရခြင်း၏ လျှို့ဝှက်ချက်ပင် ဖြစ်ပေသည်။ 


ဤစကားများမှာ နာမည်ကြီး အမေရိကန်လူမျိုး တင်ဆက်သူ ဘလိတ်ခ်၏ နှုတ်ဖျားမှ ထွက်လာခြင်းဖြစ်သည်။ သူက ရှောင်ကျားရှု၏ နောက်ကြောင်းကို အတိုချုပ် ရှင်းပြပြီးနောက် ကျယ်လောင်စွာ ကြေငြာလိုက်သည်။ 


"ဒါဆို ဒီနေ့အတွက် ဧည့်သည်တော်တွေကို ‌ကြိုဆိုလိုက်ကြရအောင် လူတိုင်းရဲ့ နက်ရှိုင်းတဲ့ အချစ်တွေကို လက်ခံပိုင်ဆိုင်ခဲ့တဲ့ 001 ရဲ့ သရုပ်ဆောင် ရှောင်ကျားရှု ပြီးတော့ ကျွန်တော်တို့ရဲ့ မိတ်ဆွေဟောင်းတွေ ဖြစ်ကြတဲ့ ကျိမြန်နဲ့ Stisen... ကြိုဆိုပါတယ်..." 


သုံးဦးလုံး ထွက်လာပြီးနောက် ဘလိတ်ခ်က နောက်တစ်ကြိမ် ထပ်မံ အတည်ပြုလိုက်သည်။ 



"ရှောင် ... ကျား ... ရှု ... ဒါ မင်းနာမည် ဟုတ်တယ်နော် ..." 


"ဟုတ်ပါတယ် ..." 


ရှောင်ကျားရှုက ခေါင်းငြိမ့ကာ တင်ဆက်သူ၊ ကျိမြန်နှင့် Stisen တို့ကို ပွေ့ဖက်နှုတ်ဆက်လိုက်သည်။ 


သူ့အပြုံးတို့ကို အထူးတဆန်း ဖြစ်နေသော Stisen က ထိုင်ခုံတွင် ဝင်ထိုင်ရန် သတိပေးခြင်း မခံရခင်အထိ သူ့ကိုသာ အပြူးသား ငေးကြည့်နေလိုက်သည်။ ဘလိတ်ခ်က ဩဘာပေးနေသော ပရိသတ်ကို လက်ဟန်ပြကာ ငြိမ်သက်စေလျက် မေးလိုက်သည်။ 


"မိတ်ဆွေကြီး Stisen ရေ ရှောင်ကို မြင်လိုက်ရတဲ့အခါ မင်းပုံစံက နည်းနည်းလေး ထူးဆန်းနေသလိုပဲနော် ဘာလဲ အချိန်တွေ တအားကြာသွားလို့ သူ့ကို မမှတ်မိတော့တာလား ..." 


"ငါ တကယ်ကြီးကို မမှတ်မိတာ ..." 


သူက ခေါင်းငြိမ့်ကာ ဝန်ခံလိုက်သည်။ ထို့နောက်မှ ဖြစ်ကြောင်းကုန်စင် ရှင်းပြပေးလိုက်၏။ 


"ဒါပေမယ့် မမှတ်မိဘူးဆိုတာ ရှောင်ကို မချစ်လို့ မတွေ့တော့တာနဲ့ ချက်ခြင်း မေ့သွားတာမျိုး မဟုတ်ဘူးနော် တကယ်တမ်းတော့ ငါ သူ့ကို အရမ်းအထင်ကြီးတာ သူ့လို သရုပ်ဆောင်မျိုးကို အချစ်ဆုံးပဲ ..." 


"ဒါဆို ဘယ်လိုဖြစ်ပြီး ..." 


ဘလိတ်ခ်က သိလိုစိတ် ပြင်းပြနေဟန်ပင်။ 


"ဘာလို့ဆို ဒီနေ့ ရှောင်က အရမ်းကို တောက်တောက်ပပ ပြုံးနေလို့လေ သူ့အမူအယာက အရမ်းကို တက်ကြွလွန်းနေလို့ ငါ အံ့ဩသွားတာ ငါသိခဲ့တဲ့ရှောင်က ဒီလိုလူမျိုး မဟုတ်ဘူးလေ လုံးဝကို တစ်ခြားတစ်ယောက်လိုပဲ ..." 


Stisen က လက်ဟန်ခြေဟန်အပြည့်ဖြင့် ပြောလိုက်သည်။ 


ကျိမြန်က နက်ရှိုင်းသည့်အသံဖြင့် ရယ်မောလိုက်သည်။ 


"ငါ့ကိုယုံ ဒါကမှ သူ့ပုံစံ အစစ်အမှန် မင်းသိခဲ့တဲ့ ပုံစံက အတုလေ ..." 


ရှောင်ကျားရှုမှာလည်း တစ်ခုခု တွေးမိသွားသည့်ဟန် ပါးနှစ်ဖက်လုံး နီမြန်းနေတော့သည်။ 


ဘလိတ်ခ်မှာ ပို၍ပင် သိလိုသွားဟန်ပင်။ ချက်ခြင်း ဆက်မေးလိုက်သည်။ 


"ဒါဆို မင်းသိတဲ့ ရှောင်က ဘယ်လိုပုံစံမျိုးလဲ ငါ့ကို ပြောပြလို့ရမလား ..." 


"ရတာပေါ့ ..." 


ကျိမြန်နှင့် Stisen တို့ နှစ်ယောက်လုံး ဖုန်းကို တစ်ပြိုင်တည်း ထုတ်လိုက်ကြပြီး ရှောင်ကျားရှုကမူ နာကျင်မှုအပြည့်ဖြင့်သာ ညဉ်းတွားလိုက်တော့သည်။ 


ဒါရိုက်တာက သူတို့ရွေးပေးထားသည့် ဓာတ်ပုံများဖြင့် slide တစ်ခု အမြန်လုပ်ပေးလိုက်၏။ ဓာတ်ပုံထဲရှိ ရှောင်ကျားရှုမှာ တောက်တောက်ပပပြုံးနေကြသည့် အလယ်တွင် မျက်နှာသေဖြင့် ရပ်နေလေသည်။ သူ့ပုံစံမှာ တစ်ယောက်ယောက်က သူ့ထံမှ သန်းပေါင်းများစွာ ချေးငှားထားသည့်နှယ်ပင်။ နောက်ထပ်ဓာတ်ပုံတစ်ခုတွင် Stisen က သူ့လည်ပင်းကို ရယ်ရယ်မောမော ဖက်ကာ ပြုံးနေသော်ငြား ရှောင်ကျားရှု၏ မျက်နှာထားမှာမူ အေးစက်နေဆဲပင်။ ဓာတ်ပုံတစ်ဒါဇင်ထက်မနည်း ရှိနေကာ တစ်ခုချင်းစီတိုင်းတွင် ရှောင်ကျားရှုသည် အမူအယာ ကင်းမဲ့ကာ အားလုံးနှင့် ကင်းကွာနေဟန်ပင်။ 


"မင်းတွေ့လား ရိုက်ကွင်းမှာ သူက အမြဲတမ်း ဒီလိုပဲ ရယ်လည်းမရယ် စကားလည်း အများကြီး မပြောဘူး ဒါပေမယ့် ရိုက်ချက်တိုင်းကိုတော့ အရမ်းကို ကောင်းကောင်းမွန်မွန် ရိုက်ကူးနိုင်လို့ ငါတို့အားလုံး သူ့ကို အရမ်းသဘောကျကြတယ် ငါကတော့ သူကမှ ဒီဇာတ်ကောင်ရဲ့ မူလသရုပ်လို့ပဲ ထင်မိတယ် နည်နည်းလေး ရှိုးတိုးရှန့်တန့်နဲ့ ပေါင်းသင်းဆက်ဆံရေးလည်း မကောင်းဘူး အပေါင်းအသင်းတွေနဲ့ ခေါ်တယ်ပြောတယ်ဆိုတာကကို ရှားတယ် ..." 


Stisen က ရှင်းပြလိုက်သည်။ 


ဘလိတ်ခ်က ရီမုကိုယူကာ ကျိမြန် ရွေးချယ်ထားသည့် ဓာတ်ပုံများကို ပြသလိုက်၏။ ထိုပုံများထဲရှိ  ရှောင်ကျားရှုသည် ဒူးလောက်နက်သော ပင်လယ်ရေထဲတွင် လက်နှစ်ချောင်းထောင်ကာ ရပ်နေပြီး သွားရှစ်ချောင်းလုံး နေရောင်အောက်တွင် ဝင်းလက်တောက်ပြောင်နေသည်။ နောက်တစ်ပုံမှာ အုန်းသီးတစ်လုံး ကိုင်ထားရင်း သဲသောင်ပြင်တွင် ထိုင်နေသည့်ပုံဖြစ်ပြီး မျက်လုံးတို့ မှေးကျဉ်းသည်အထိ ရယ်မောနေပုံမှာ ဆီခိုး၍ ရလာသည့် ကြွက်တစ်ကောင်နှယ်ပင် ...


တင်းမာကာ စိတ်ဝင်စားမှု ကင်းမဲ့ပါသည့် ယခင်ဓာတ်ပုံများနှင့် နှိုင်းယှဉ်ပါလျှင် ယခုဓာတ်ပုံများတွင် သူ၏ ကလေးဆန်မှုနှင့် ရိုးသားဖြူစင်မှုကို အတိုင်းသား မြင်နေရပေသည်။ တစ်ချိန်တည်းမှာပင် နေရောင်သဖွယ် လင်းလက်တောက်ပနေသေးသည်။ 


"ဒီနှစ်ယောက်က သေချာပေါက်ကို တစ်ယောက်စီပဲ ဖြစ်ရမယ် ..." 


ဘလိတ်ခ်က ရေရွတ်လိုက်သည်။ 


"ရှောင်က စိတ်ကစဉ့်ကလျား ဖြစ်နေတာများလား ..." 


ကျိမြန်က သူ့ကောင်လေးကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။ 


"စိတ်ကစဉ့်ကလျား ဖြစ်တော့မလို့ နီးပါးပဲ ဒါတွေအား‌လုံးရဲ့ တရားခံကလည်း <<Zerg 3>> ရုပ်ရှင် ဖြစ်နေတယ်လေ ..." 


ထိုစကား ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ဘလိတ်ခ်အပါအဝင် ကြည့်ရှုနေသူအားလုံး နားကို စွင့်ထားလိုက်ကြတော့၏။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည့် တရုတ်ပရိသတ်အားလုံးကလည်း တန်းစီကာ အချိုစားရန် ... မဟုတ်သေးပါဘူး ... ဖြစ်ကြောင်းကုန်စင်ကို နားထောင်ရန် ပြင်လိုက်ကြသည်။ 


ဒီပုံတွေက အရမ်းကို ချစ်ဖို့ကောင်းတာပဲ အိုး ကျိလောင်ရှီးကို ဒါတွေအားလုံး တင်ပေးဖို့ တောင်းဆိုချင်လိုက်တာ ဒါမှ လူတိုင်း စခရင်ကို လျက်လို့ရမှာ ...



ရုပ်ရှင်သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးရုပ်ရှင်တစ်ခုဖြစ်သော <<Zerg>> အပေါ် လူထု၏ စိတ်ဝင်စားမှုမှာ လွန်စွာ အားကောင်းလှပေသည်။ talk show ၏ rating များ ခုန်တက်လာကြောင်း နားကြပ်မှတစ်ဆင့် ကြားလိုက်ရသည့်အခါ ဘလိတ်ခ်က စကားဝိုင်းကို လမ်းကြောင်း‌တည်ပေးလိုက်သည်။ 


"ကြည့်ရတာ ဇာတ်လမ်းအရှည်ကြီး ထင်တယ် ..." 


ကျိမြန်က ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဟုတ်တယ် တကယ့်ကို အရှည်ကြီး ..." 


"ဒါဆို အစကနေပဲ စလိုက်ကြမလား ကျွန်တော့်အထင်တော့ လူတိုင်းလည်း စိတ်ဝင်စားနေကြတယ်ထင်တယ် ..." 


ဘလိတ်ခ်က လက်မြှောက်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ကြည့်ရှုနေသူအားလုံး တက်တက်ကြွကြွ လက်ခုပ်တီးလိုက်ကြတော့သည်။ VPN ကျော်ကာ ကြည့်နေရသည့် တရုတ်ပရိသတ်များမှာမူ တိတ်တဆိတ်သာ မျက်နှာကို ကိုင်ထားလိုက်တော့၏။ 


အမ်း ဒါက အရမ်းကို ကြည်နူးဆွတ်ပျံ့စရာ ကောင်းတဲ့ အချစ်ပုံပြင်လေးပဲ ဖြစ်လိမ့်မယ် ... 


"အစကနေလား ..." 


ကျိမြန်က မေးကိုပွတ်ကာ ပြောလိုက်သည်။ 


"စဉ်းစားလိုက်ဦးမယ် ... တကယ်တမ်း ပြောရရင် တရုတ်မှာ ဇာတ်ကောင်ရွေးနေတုန်းက မိတ်ဆက်စာတွေ အများကြီး ရခဲ့ဖူးတယ် ငါ့အနားကို အရမ်း တက်တက်ကြွကြွနဲ့ ချဉ်းကပ်လာတဲ့ အနုပညာရှင်တွေဆိုတာလည်း အများကြီးပဲ ပြီးတော့ ရှောင်ရှု အိုး ဒါက ငါ သူ့ကို ခေါ်တဲ့ နာမည်ပြောင်လေ ... ရှောင်ရှုကလည်း အဲဒီလို လာချဉ်းကပ်တဲ့အထဲက တစ်ယောက် အပါအဝင်ပဲ ..." 


"ရှောင်ရှု ..." 


ဘလိတ်ခ်က ထိုနာမည်ပြောင်ကို လွန်စွာ စိတ်ဝင်စားနေဟန်ပင်။ တရုတ်သံ မပီမသဖြင့်ပင် အကြိမ်ကြိမ်အခါခါ လိုက်ပြောကြည့်နေလိုက်သည်။ 


"ဟုတ်တယ် ‌သစ်ပင်လေးဆိုတဲ့ အဓိပ္ပါယ်လေ ..." 


ကျိမြန်က သူ့ကော‌င်လေးကို အလွန်အမင်း ချစ်မြတ်နိုးသည့် အကြည့်တို့ဖြင့် ပြုံးကာ ကြည့်လိုက်သည်။ 


ရှောင်ရှုက သူ့နှလုံးသားထဲမှာ ကြီးထွားနေတဲ့ သစ်ပင်လေး အမြစ်တွယ်နေပြီဖြစ်လို့ ဖယ်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး သူ့နာမည်လေးကို တစ်ခါ ရွတ်လိုက်မိတိုင်း သူ့ကို ချစ်တဲ့အကြောင်းတွေ ဖွင့်ဟဝန်ခံလိုက်ရသလိုပဲ... 


ရှောင်ကျားရှုမှာလည်း မျက်နှာပေါ် ပေါ်လာသည့် ခံစားချက်တို့ကို ပရိသတ် မမြင်နိုင်စေရန် အလို့ငှာ လက်ဖြင့်သာ အုပ်ထားလိုက်ရတော့သည်။ သူ့ကို‌ ရှောင်ရှုဟု နူးနူးညံ့ညံ့ ခေါ်ဝေါ်သည့် ကျိကော၏ လေသံကို အမှန်တကယ် သဘောကျလှပေသည်။ ထိုသို့ အခေါ်ခံရလေတိုင်း သူ့ကိုယ်သူ ကျိကော၏ ပျိုးထောင်မှုကို ခံနေရသည့် တကယ့်အပင်ပေါက်လေး တစ်ပင်နှယ် ခံစားလိုက်ရတော့သည်။ 


[ကျိလောင်ရှီးရဲ့ "ရှောင်ရှု" လို့ ခေါ်လိုက်တဲ့ အသံကလေ ချက်ခြင်းကြီး ပြောင်းလဲသွားသလိုပဲနော် အရင်အသံတွေထက် ပိုနိမ့်ပြီး အများကြီးကို နူးညံ့သွားတာ လျာဖျားလေးနဲ့ပဲ ခေါ်နေတဲ့ အတိုင်းပဲ ] 


တက်ကြွလှသည့် တရုတ်လူမျိုး ကြည့်ရှုသူတစ်ယောက်က ဗီဒီယိုအောက်တွင် မှတ်ချက်တစ်ခု ချန်ထားလိုက်သည်။ 


[ငါတစ်ယောက်တည်း အတွေးလွန်နေတယ် ထင်နေတာ အခုတော့ လူတိုင်း အတူတူပဲကို အကျယ်ကြီးကို အော်ရယ်ချမိပြီ] 


ဖရဲသီးစားနေသူများမှာ ချက်ခြင်းပင် စိတ်အားတက်ကြွလာကြတော့သည်။ တစ်ကမ္ဘာလုံး အတွေးလွန်နေကြသည့် အချိန်တွင် ဤCP သည် အစစ်အမှန် မဟုတ်မှန်း သိနေသည့်တိုင် သူတို့၏ စိတ်ကူးယဉ် အတွေးကမ္ဘာလှလှလေးထဲတွင် ပျော်မွေ့နေကြဆဲဖြစ်သည်။ 


အပြင်လူများက ရှင်းရှင်းလင်းလင်း မြင်နေကြသည့်တိုင် အတွင်းလူများမှာမူ ရိပ်ပင် မရိပ်မိကြသေး။ သူ့စကားနှင့် ပတ်သက်၍ မူမမှန်မှု တစ်ခုကိုမှ မရိပ်မိသေးသော ဘလိတ်ခ်က အံ့ဩတကြီး ရေရွတ်လိုက်သည်။ 


"ဝိုး ဒီနာမည်ပြောင်က ချစ်စရာကောင်းလိုက်တာ ..." 


"ငါလည်း ဒီလိုပဲ ထင်တယ် ..." 


ကျိမြန်က ဝမ်းသာအားရ ခေါင်းငြိမ့်ပြကာ ရှောင်ကျားရှုရှိရာဘက်သို့ ထိန်းမနိုင်သိမ်းမရ လှည့်ကြည့်မိလိုက်တော့၏။ 


စင်အောက်ရှိ ဖန်ခွင်းက သူ့ကို စိုက်ကြည့်ကာ အသံတိတ် သတိပေးနေလိုက်သည်။ 


"မင်းစိတ်ကိုယ်မင်းလည်း ထိန်းပါဦး နည်းနည်းလောက်လေးဖြစ်ဖြစ် ထိန်းထိန်းသိမ်းသိမ်း နေစမ်းပါ နိုင်ငံခြားမှာဆို ဂယက်မထနိုင်လောက်ဘူးလို့ ထင်နေတာလား ပြည်တွင်းပရိသတ်ရဲ့ အင်အား ဘယ်လောက်အထိ များလဲဆိုတာ သိရဲ့လား CP fan အရေအတွက် နည်းနေသေးတယ် ထင်လို့လား ..." 


သို့သော် ကျိမြန်ကမူ သူ့ကို စိုးစဉ်းမျှပင် စောင်းငဲ့ကြည့်မလာ၍ ရူးချင်စိတ်ပင် ပေါက်သွားတော့သည်။ 


ထိုခွေးစုံတွဲအကြောင်း လူသိသွားမည်ကို စိုးရိမ်နေရသောကြောင့် ဖန်ခွင်းသည် သေချင်စိတ်ပင် ပေါက်လာတော့သည်။ သို့သော် စိုးရိမ်နေ၍လည်း အသုံးမဝင်။ ကာယကံရှင် ကိုယ်၌ကပင်လျှင် ပူးပေါင်းခြင်း မရှိ။ အခြားသူတို့ မမြင်နိုင်မည်ကိုပင် စိုးရိမ်သည့်အလား သူ့အချစ်တို့ကို လူသိရှင်ကြား ထုတ်ဖော်ပြသနေပေသည်။ လူအများစုက သူတို့နှစ်ဦးကြားတွင် ဆက်ဆံရေးတစ်ခုရှိနေသည်ဟု လုံးဝ မယုံကြည်ကြရာ တမင်တကာ ဖုံးကွယ်လိုစိတ် မရှိသည်ကိုပင် ကျေးဇူးတင်ရမည့်သဘော ရောက်နေတော့သည်။ 


ဆန့်ကျင်ဘက်အနေဖြင့် CP fan အရေအတွက်သာ အဆပေါင်းများစွာ တိုးပွားလာတော့သည်။ 

(ဆိုလိုချင်တာကလေ သူတို့နှစ်ယောက် တွဲနေတာကို ဖုံးကွယ်မထားတော့ လူတွေက သူတို့ကို တကယ် ကြိုက်နေတယ် မထင်တော့ဘဲ ship တဲ့သူတွေ များလာတယ်လို့ ပြောချင်တာပါ)


သူသိရ‌သလောက်ဆိုလျှင် ကျိမြန်၏ နိုင်ငံလုံးဆိုင်ရာ ဖန်ကလပ်၏ အဖွဲ့ခွဲခေါင်းဆောင် တစ်ဒါဇင်နီးပါးခန့်မှာ ကျိမြန်၏ ပရိသတ်စစ်စစ်မှ CP fan အဖြစ်သို့ ကူးပြောင်းသွားကြသည့်အပြင် တစ်ဦးချင်းစီ၏ အမည်အောက်တွင် အလွန့်အလွန် အင်အားများပြားသည့် အဖွဲ့ပေါင်းများစွာ ရှ်ိနေသေးသည်။ ဖန်ခွင်းမှာ ထိုသူတို့၏ တိုက်ခိုက်နိုင်စွမ်းအကြောင်း တွေးပင်မတွေးရဲတော့။ ကျန်းပင်းကျဲမှာလည်း လုံလုံလောက်လောက် ခံစားရပြီးဖြစ်၍ သူမ၏ comment section ကို ပိတ်ထားလိုက်ရတော့သည်။ 


အကယ်၍ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဤခွေးစုံတွဲသာ လမ်းခွဲခဲ့ပါလျှင် အသည်းအသန် ဖြစ်နေသည့် CP fan များသည် မီးတုတ်များ ကိုင်လျက် သူတို့ကို မီးရှို့သတ်လေမလားဟုပင် တွေးလိုက်မိတော့သည်။ 


လက်တွေ့ဘဝမှာ အတူတူ မရှိနိုင်မှတော့ အရိုးပြာအဖြစ် ပေါင်းစည်းကြပေါ့ ... 


ဖန်ခွင်းက သူ့ကိုယ်ပိုင်အတွေးတို့ဖြင့် တိုက်ခိုက်နေသည့်တိုင် ဤလူနှစ်ဦး လမ်းခွဲသည်မှာ ဖြစ်မလာနိုင်ကြောင်းလည်း သိနေပေသည်။ ရှောင်ကျားရှုက ကျိမြန်ကို ဟိုးယခင်ကတည်းကပင် ကြံစည်နေခဲ့သူဖြစ်ကာ ကျိမြန်မှာမူ ကျိုးကြောင်းစဉ်းစားတတ်သူဟု ထင်ရနိုင်သော်ငြား ဤအကြောင်းကို အခြားအရာများထက်ပင် ပို၍ စေ့စပ်စွာ အကွက်ချထားပြီးဖြစ်သည်။ 


"ဆိုတော့ ရှောင်က သူ့ကိုယ်သူ ဘယ်လိုမျိုး တင်ဆက်ခဲ့လဲ ..." 


ဘလိတ်ခ်က အကြောင်းအရာကို ပြန်ဆွဲခေါ်လိုက်သည်။ 


"သူက ငါ့ရုံးခန်းထဲလာပြီး သူ့ရဲ့ ကောင်းကွက်တွေကို ထုတ်ပြတယ်လေ ..." 


ကျိမြန်က ရယ်မောလိုက်သည်။ 


"မင်းတို့တော့ မသိလောက်ဘူး အဲဒီ့အချိန်တုန်းက ဇာတ်ညွှန်းလည်း အပြည့်အစုံ ထွက်မလာသေးဘူးလေ စက်ရုပ်အဖြစ် သရုပ်ဆောင်ရမယ် ဆိုတာကလွဲရင် သူ ဘာမှ မသိဘူး အဲဒီ့မှာ ဒီလိုပြောတယ်သိလား "ဟေး ကျိကော ကျွန်တော့်ကို ကြည့်ကြည့်ပါဦး တရုတ်မှာ ကျွန်တော့်ထက် ချောတဲ့ယောကျာ်း ရှာနိုင်ပါ့မလား ရုပ်ရည်ရော ခန္ဓာကိုယ်ရောက လုံးဝ ပြီးပြည့်စုံပြီး ကမ္ဘာပေါ်မှာ အသန်မာဆုံး စက်ရုပ် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကွက်တိပဲနော်" တဲ့ ပြီးလည်းပြီးရော သူ့ရဲ့ ပြီးပြည့်စုံတဲ့ ကြွက်သားတွေကိုပြဖို့ ရှပ်အင်္ကျီကို လှန်ပြတယ်လေ ဒါပေမယ့် ... ဗိုက်ခေါက်တစ်ခုကိုပဲ တွေ့လိုက်ရတယ် ..." 


စင်အောက်ရှိ ကြည့်ရှုနေသူအားလုံး လက်ခုပ်လက်ဝါး တီး၍ပင် ရယ်မောလိုက်ကြတော့သည်။ ဘလိတ်ခ်သည်ပင်လျှင် ရယ်ချင်စိတ်ကို ထိန်းမရတော့။ ရှောင်ကျားရှု၏ ဝမ်းဗိုက်ကိုလည်း ခဏခဏ ခိုးကြည့်နေလိုက်သေးသည်။ 


ရှောင်ကျားရှုလည်း ဗိုက်ကို အမြန်ဖုံးအုပ်ကာ ကျိမြန်ကို ခိုးကြည့်ပြီး အားလုံးနှင့်အတူ ရယ်မောလိုက်တော့သည်။ သူ၏ ရှက်စရာ ဖြစ်ရပ်များအား ကျိကောက အခြားသူ‌များကို ထုတ်ပြောခြင်းအပေါ် မည်သို့မှ စိတ်မကွက်မိ၊ အကြောင်းမှာ ကျိကော ပြောသမျှတိုင်းသည် သူ့အပေါ် ဂုဏ်ယူချစ်ခင်စိတ်ဖြင့်သာ ပြောခြင်းဖြစ်ကြောင်း သိနေ၍ဖြစ်သည်။ 


ကျိမြန်က သည်းခံပြီးရင်း သည်းခံနေသေးသော်ငြား နောက်ဆုံးတွင်တော့ စိတ်ကို မထိန်းချုပ်နိုင်တော့။ လက်ကို ဆန့်ထုတ်ကာ ရှောင်ကျားရှု၏ ဆံပင်တို့အာ

း ခပ်ဖွဖွ ပွတ်သပ်ပေးမိလိုက်တော့သည်။ 


ဖရဲသီးစားနေသူများမှာလည်း ဤအတွဲ၏ ချစ်စရာကောင်းမှုကြောင့် သူတို့၏ နှလုံးသားလေးကို မနည်း ထိန်းသိမ်းနေရတော့သည်။ 



Xxxxxxx