အပိုင်း ၁၇၂
Viewers 44k

Chapter 172




ကျိမြန်က လူတိုင်း ရယ်လို့ဝသွားသည်အထိ စောင့်ကာ ရှင်းပြလိုက်သည်။ 


"တကယ်တမ်းတော့ အဲဒီ့ဗိုက်ခေါက်က အရမ်းကြီး မကြီးပါဘူး တကယ့်တကယ်ကို ပိစိလေး ခါးပတ်ကိုသာ နည်းနည်းလောက် လျော့လိုက်ရင် လုံးဝ ရှိတယ်လို့တောင် မထင်ရဘူး ..." 


သူက လက်ညှိုးနှင့် လက်မကို သုံးကာ လက်ဟန်ခြေဟန်ပင် ပြလိုက်သေးသည်။ 


ဘလိတ်ခ်က ထိုနှစ်ယောက်အကြား တစ်ခုခုရှိနေသည်ကို ခံစားမိသွားဟန်ပင်။ 


"ခါးပတ်ကို နည်းနည်းလောက် လျော့လိုက်ရင် မရှိတော့မှန်း ဘယ်လိုလုပ် သိလဲ ..." 


"ဘာလို့လဲဆို ရှောင်ရှုက သူ့ဗိုက်ခေါက်ကိုလည်း တွေ့ရော ခါးပတ်ကို ချက်ခြင်း လျော့ပစ်လိုက်လို့လေ ..." 


သူ့စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် ရှောင်ကျားရှုက ထပ်ဖြည့်ပြောလိုက်သည်။ 


"တကယ်တမ်းတော့ အဲဒီ့အချိန်တုန်းက ကျွန်တော် တစ်ချိန်လုံး အသက်အောင့်ထားခဲ့တာ ကျိကော ရုံးခန်းထဲကနေ မထွက်ရမချင်း အသက်ကို မရှူရဲဘူး ဒါပေမယ့် သမိုင်းဝင်ဗိုက်ခေါက်က ဘယ်လိုမှကို ဖုံးလို့ဖိလို့ မရခဲ့ဘူးလေ ..." 


ပရိသတ်များအားလုံး နောက်တစ်ဖန် ပွဲကျသွား‌ပြန်တော့သည်။ 


တရုတ်ပရိသတ်များကလည်း မှတ်ချက်အများအပြား ရေးသားရင်း အားရပါးရ ရယ်မောလိုက်ကြသည်။ 


[ရှောင်အာ့ရှောက်က တစ်ချိန်လုံးကို ရယ်နေရတာပဲ ကျိလောင်ရှီးတော့ ရယ်ချင်စိတ်ကို ထိန်းနေရတာနဲ့တင် တော်တော် ဒုက္ခများနေလောက်ပြီ ထင်တယ်နော် ငါတော့ ကျိလောင်ရှီးကိုတောင် သနားလာပြီ ..." 


[တကယ်တမ်းတော့ ကျိလောင်ရှီးက ဒုက္ခမများလောက်ဘူး ဒီလို ချစ်စရာကောင်းတဲ့လူနဲ့ တစ်ချိန်လုံး အလုပ်တွဲလုပ်နေရတာကိုက စိတ်ချမ်းသာစရာ ကောင်းနေမှာပဲလေ ] 


မှတ်ချက်ကဏ္ဍတစ်ခုလုံး အမျိုးစုံသော မှတ်ချက်တို့ဖြင့် ပြည့်နှက်နေသော်ငြား ရှောင်ကျားရှုအပေါ် ချစ်ခင်စိတ်မှာမူ အတူတူပင်ဖြစ်သည်။ ကျန်းပင်းကျဲနှင့် ပြောထားသည့် စကားပြောမှတ်တမ်းကို ဖတ်ကြည့်ပြီးနောက် ရှောင်ကျားရှု၏ အတွင်းစိတ်မှာ မည်မျှ ရိုးရှင်းလှကြောင်း သဘောပေါက်သွားကြတော့သည်။ အခြားသူများကို မကောင်းမြင်ခြင်း လုံးဝ မရှိသည့်အပြင်စိတ်ခံစားလွယ်သည့် နွေးထွေးတတ်သူတစ်ဦး ဖြစ်ပေသည်။ သူ၏ သန်မာလှသည့် နောက်ခံအတွက်သာ မဟုတ်ပါလျှင် ကျန်ဘဝတစ်လျှောက်လုံး အနုပညာလောကထဲ ဆက်မနေချင်တော့မည်ကိုပင် ကြောက်ရွံ့မိနေရသည်။ သို့သော် ကောင်းမွန်စွာ ကာကွယ်ပေးခြင်းကို ခံခဲ့ရ၍သာလျှင် ယခုကဲ့သို့သော လူမျိုး ဖြစ်နေခြင်းဖြစ်ကြောင်းလည်း သိသာလှပေသည်။ 


"ဘုရားရေ မင်းပြောလို့သာ မဟုတ်ရင် 001 ဇာတ်ကောင်ကို ဒီလို ရွေးခဲ့မှန်း ယုံနိုင်မှာကို မဟုတ်ဘူး ..." 


Stisen က သူ့ကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်လိုက်သည်။ 


ကျိမြန်က တောင်းပန်သည့် အမူအယာတစ်ခု လုပ်ပြလိုက်သည်။ သူ့လေသံမှာ အလွန်အမင်း စိတ်ထိခိုက်နေဟန်ပင်။ 


"ဆိုတော့ မင်းတို့ မြင်တဲ့အတိုင်းပဲ အရွေးခံဖို့ လာ‌လျှောက်တဲ့သူတွေထဲမှာ ရှောင်ရှုကို စိတ်တိုင်းမကျဆုံးပဲ 001 ရဲ့ စရိုက်က ရှုပ်ထွေးပေမယ့် အရမ်းကို တိတ်ဆိတ်တယ်လေ ရှောင်ရှုရဲ့ စရိုက်နဲ့ဆို လုံးဝကို တစ်ခြားစီပဲ သူက အရမ်းကို တက်ကြွလွန်းတယ်လေ ..."


ဘလိတ်ခ်နှင့် ကြည့်ရှုသူများက ကျိမြန်သည် အမြဲလိုလို မှန်ကန်သည့် ဆုံးဖြတ်ချက်သာ ချခဲ့ကြောင်း သိသည့်တိုင် အနည်းငယ် အံ့ဩမိကြဆဲပင်။ 


ဘာကများ သူ့စိတ်ကို ပြောင်းလဲသွားစေပါလိမ့် ... 


"ဒါဆို ဘာလို့ နောက်ပိုင်းကျ သူ့ကို ‌ရွေးခဲ့တာလဲ ဒါက အရမ်းကို အရဲစွန့်ရတဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ်မယ်ထင်တယ်နော် ..." 


"ဟုတ်တယ် တကယ်ကို အရဲစွန့်ပြီး ဆုံးဖြတ်ချက် ချခဲ့ရတာ ..." 


ကျိမြန်က သူ့ကောင်လေးကို လှည့်ကြည့်လိုက်သည်။ 


"ဒါပေမယ့် အဲဒီ့ညမှာပဲ ရှောင်ရှုဆီကနေ ဓာတ်ပုံတွေ အများကြီး ရလာရော သူက စစ်ယူနီဖောင်းကို ဝတ်ပြီး ကင်မရာကို တည့်တည့်ကြီး စိုက်ကြည့်နေတာလေ အရမ်းကို အေးစက်ခက်ထန်တဲ့ အကြည့်နဲ့ စိုက်ကြည့်နေတာ ကျွန်တော်ထင်တယ် အဲဒီ့အချိန်ကတည်းက သူက ဇာတ်ကောင်နဲ့ နည်းနည်းလေး နီးစပ်ခဲ့တာပဲ ..." 


"အဲဒီ့ဓာတ်ပုံတွေရော ယူလာရဲ့လား ကျွန်တော်တို့ကို ပြလို့ရလား ..." 


ဘလိတ်ခ်က ချက်ခြင်း တောင်းဆိုလိုက်သည်။ 


"ယူလာတာပေါ့ ..." 


ကျိမြန်က ဖုန်းကို ထုတ်ပြလိုက်သည်။ 


"ဝိုး အရမ်းကို မိုက်တာပဲ ..." 


ဓာတ်ပုံကို မြင်လိုက်ရသည့်အခါ ပရိသတ်အားလုံး တအံ့တဩ ဟစ်ကြွေးလိုက်တော့သည်။ 


တရုတ်ပရိသတ်များက ဂုဏ်ယူတကြီး ပြောလိုက်ကြ၏။ 


[ငါတို့ရှောင်ရှုက ရယ်စရာကောင်းတယ် ဆိုပေမယ့် အလေးအနက် ဖြစ်တဲ့အချိန်မှာတော့ စင်ပေါ်ကပဲ ] 


"ပင်ကိုယ်စိတ်ရင်းကတော့ 001 နဲ့ တော်တော်နီးစပ်နေပြီနော် ..." 


ဘလိတ်ခ်က အခိုင်အမာ ထောက်ခံလိုက်သည်။ 


"နီးစပ်ရုံပါပဲ ဒါပေမယ့် ငါ့လိုအပ်ချက်တွေနဲ့တော့ မကိုက်သေးဘူး ..." 


ကျိမြန်က သူ့ကောင်လေး၏ ခေါင်းကို အသာဆွဲဖွလိုက်သည်။ 


"ဒါပေမယ့် မတတ်နိုင်ဘူး အဲဒီ့ကတည်းက ရှောင်ကျားရှုရဲ့ ဦးနှောက်ဆေးတာကို ခံလိုက်ရပြီလေ ငါ့ကိုယ်ငါ စဉ်းစားကြည့်လိုက်တယ် ကောင်းပြီလေ 001 က တကယ်ကို အပြည့်စုံဆုံး စက်ရုပ်ပဲဟာ ရုပ်ရည်ပိုင်းအရဆိုရင်တော့ မင်းကို အခွင့်အရေးတစ်ခု ပေးလိုက်ပါ့မယ် ..." 


"မင်းက ရှောင်ရဲ့ အလှအောက်မှာ မျောသွားတယ်လို့ ပြောလို့ရလား ..." 


ဘလိတ်ခ်က အရွှန်းဖောက်လိုက်သည်။ 


ကျိမြန်က ရယ်လိုက်သည်။ 


"သေချာပေါက်ပဲပေါ့ ..." 


တိုက်ရိုက်ကြည့်ရှုနေသူအားလုံး ရှက်သွေးဖြန်းသွားကြတော့၏။ ကျိမြန်က ဘလိတ်ခ်ကို ပြန်လည်စနောက်နေသည်နှင့်မတူ၊ ရှောင်၏ ဆွဲဆောင်မှုကို အမှန်တကယ် ခံလိုက်ရပုံနှင့်ပင် ပို၍ တူနေသေးသည်။ 


တရုတ်ပရိသတ်များကမူ မျက်နှာကို အုပ်လျက်သာ ငြီးတွားလိုက်ကြတော့သည်။ 


ဖာ့ခ် သွေးကန်ကတော့ ကုန်တော့မယ်ထင်တယ် ဒီအချစ်ဇာတ်လမ်းက အရမ်းကို အံ့ဩစရာ ကောင်းလွန်းတယ် ... 


သည်းမခံနိုင်သူတစ်ဦးက ဤသို့ ရေးလိုက်ပြန်၏။ 


[ရှောင်အာ့ရှောက်ရဲ့ ခါးပတ်က ပြုတ်နေပြီဟာကို သူ့ကို လွှတ်ပေးဦးမလို့လား မစ္စတာကျိ ခင်ဗျားကို တကယ်ကို စိတ်ပျက်သွားပြီ] 


"အဲဒီ့အချိန်တုန်းက ရှောင်ရှုက 001 နဲ့ အပြင်ပိုင်းပဲ ကိုက်ညီနေသေးတာ အတွင်းပိုင်းက လိုအပ်နေတုန်းပဲ Reiner ကို ဇာတ်ညွှန်းကို စီစဉ်ပေးဖို့ တောင်းဆိုခဲ့တယ် ပြီးတော့ သူနဲ့ စကားပြောဖို့ ဇာတ်ညွှန်းကို ယူလာတဲ့ အချိန်မှာ သူက ငါ့ထက်တောင် ဒီဇာတ်ကောင်ကို ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်နေမှန်း သိသွားလိုက်တယ် ငါ့အတွက်တော့လေ ဒါ ထိတ်လန့်စရာကောင်းတယ်လို့တောင် ပြောရမယ်ထင်တယ် သူက ငါ့ကို အရင်လာရှာပြီး ဒီလို ပြောခဲ့တယ် သိလား "ကျိကော ကျွန်တော် ဒီဇာတ်ကောင်ကို ဘယ်လို သရုပ်ဆောင်ရမလဲ သိပြီ ကျွန်တော့်ကိုယ်ကျွန်တော် လုပ်ငန်းစဉ်တွေ၊ ညွှန်ကြားချက်တွေကိုပဲ အတိအကျ လိုက်နာတဲ့ စက်ရုပ်အစစ် တစ်ရုပ်အဖြစ် ပြောင်းပစ်ချင်တယ် ကျွန်တော့်ရဲ့ နေ့စဉ်ဓူဝကိစ္စတွေအတွက် ညွှန်ကြားချက်တွေ လုပ်ထားတယ် ပြီးတော့ အဲဒါကို တိတိကျကျ လိုက်နာမလို့ ..." တဲ့ ..." 


သူ ပြောနေစဉ်အတွင်းမှာပင် ဒါရိုက်တာက ရှောင်ကျားရှု ရေးဆွဲထားသော ပရိုဂရမ်စာရွက်များကို စခရင်ပေါ် တင်ပေးလိုက်သည်။ စာရွက်တိုင်း၏ ထိပ်ဆုံးတွင် ရက်စွဲများ ရေးသားထားပြီး အချိန်ကာလအားဖြင့် လေးငါးလခန့် ကြာမြင့်ပေသည်။ ဇယား၏ အောက်တွင်မူ သတ်မှတ်ချိန်အတွင်း ပြီးစီးရမည့် အလုပ်တာဝန်များအား မှတ်သားထားပြီး သွားတိုက်ခြင်း၊ မျက်နှာသစ်ခြင်းကဲ့သို့သော ကိစ္စအသေးအဖွဲလေးများမှအစ အလုပ်အစီအစဉ်များအထိ အားလုံး တစ်ခုမကျန် ပါဝင်ပေသည်။


ထိုအချိန်ဇယား တစ်ခုစီတိုင်းကို ကြိုတင်ကာ ဘာသာပြန်ထားပြီးဖြစ်၍ ဥရောပနှင့် အမေရိကန်သား ကြည့်ရှုသူအားလုံး ကြောင်အသွားရတော့သည်။ ဇာတ်ကောင်တစ်ခုကို ကောင်းစွာ သရုပ်ဆောင်နိုင်ရန် အလို့ငှာ ဤကဲ့သို့ အလုံးစုံ ရင်းနှိီးမြှုပ်နှံ ကြိုးစားသည့်သူမျိုး ရှိနေလိမ့်မည်ဟု စိတ်ကူးပင် မယဉ်ခဲ့ဖူးချေ။ 


ဘလိတ်ခ်က ထိုဇယားတို့၏ ကြောက်မက်ဖွယ်ကောင်းမှုကို သတိမပြုမိသေးသော်ငြား Stisen ကမူ မျက်မှောင်ကြုတ်လျက်သာ စိုက်ကြည့်နေလိုက်သည်။ 


"လူတစ်ယောက်က အကျင့်တစ်ခု ဖြစ်လာဖို့ ၂၁ ရက်ပဲ ကြာတယ် ငါတို့တွေက ကိုယ့်စိတ်ကို အလွယ်တကူ အကျဉ်းချနိုင်တယ်ဆိုတဲ့ သဘော‌ပဲ မင်းသာ ဒီပုံစံအတိုင်း လေးငါးလ ဆက်တိုက်ကြီး နေခဲ့မယ်ဆိုရင် OCD ရသွားမှာတောင် ကြောက်ရတယ် ..." 


သူသိခဲ့တဲ့ ရှောင်က ဒီလိုပုံစံမျိုး ဖြစ်ခဲ့တာ မဆန်းတော့ပါဘူး ... 


ကျိမြန်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ 


"ဟုတ်တယ် အဲဒါကြောင့် သူ ဒီ့ထက်ပိုပြီး တင်းကြပ်တဲ့ စက်ဘဝ ပြောင်းမသွားအောင် စောင့်ကြည့်နေခဲ့တာ သူ့ကိုယ်သူ ညွှန်ကြားချက် အမိန့်တွေ ရမှ အလုပ်လုပ်တဲ့ စက်အဖြစ် တကယ်ကြီး ပြောင်းပစ်တာလေ ဒါက သူ့ရဲ့ လူသားဆန်မှုတွေကို တမင်တကာ ဖျက်ဆီးနေတာပဲ မဟုတ်ဘူးလား ငါ အဲဒီ့အချိန်က ဘယ်လောက်တောင် ပူပန်သွားရလဲ မင်းတို့ မသိကြလို့ ရှောင်ရှု ဒီဟာကြောင့် ပျက်စီးသွားရမှာကို စိုးရိမ်လို့ 001 ဇာတ်ကောင်ကို ဖျက်ပစ်ဖို့တောင် တွေးခဲ့သေးတယ် သူ့ကို ဆက်ပြီး သရုပ်ဆောင်ခွင့် မပြုနိုင်တော့ဘူး ..." 


သူ့ကို ဖျတ်ခနဲ လှည့်ကြည့်လာသည့် ရှောင်ကျားရှုမှာလည်း အလွန်အံ့အားသင့်နေဟန်ပင်။  


ကြည့်ရှုနေသူအားလုံး လုံးဝ မရယ်မောနိုင်တော့။ ဖြစ်မလာနိုင်မှန်း သိသည့်တိုင် လက်ကိုယမ်းလျက် အသည်းအသန် ငြင်းဆန်လိုက်ကြတော့သည်။ 


"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ကျေးဇူးပြုပြီး အဲဒီ့လိုကြီး မလုပ်လိုက်ပါနဲ့ ..." 


ကျိမြန်က သူ့ကောင်လေး၏ နောက်ကျောကို ခပ်ဖွဖွ ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်သည်။ 


"ဒါပေမယ့် သူနဲ့ ဒီဇာတ်ကောင်ကို အများကြီး မြင်‌‌ယောင်ကြည့်မိလို့လား မသိဘူး ဒီအကြံကို လက်လျော့ခဲ့မိတယ် ဇာတ်ကောင်ကို ဖြုတ်ပစ်တာက သူ့ကို ကူညီရာ မရောက်ဘဲ သူ့ရဲ့ အိပ်မက်တွေ အားစိုက်ထုတ်ခဲ့ရတာတွေကို ဖျက်ဆီးပစ်ရာ ရောက်မယ်မှန်း သိနေလို့ ဒါ အရမ်းကို ရက်စက်ရာ ကျလွန်းတယ်လေ ငါလုပ်နိုင်တာဆို‌လို့ သူ့ကို ဘေးကနေ စောင့်ကြည့်ပြီး အသူတစ်ရာချောက်ထဲ ပြုတ်မကျအောင် ကာကွယ်ပေးဖို့ပဲ ရှိတော့တယ် ..." 


ရှောင်ကျားရှုလည်း ထိုအခါမှသာ သက်ပြင်းချနိုင်တော့သည်။ <<Zerg 3>> ရိုက်ကူးစဉ်က ကျိကောသည် သူ့ကို ဂရုစိုက်လွန်းသည့်အတွက် ထိုဇာတ်ကောင်ကို ဖျက်ပစ်ရန်ပင် တွေးခဲ့ဖူးကြောင်း မသိခဲ့ချေ။ လွန်စွာ ဒေါသထွက်မိသော်ငြား ဒေါသစိတ် အပြီးတွင် နွေးထွေးမှုကို တစ်ဖန် ခံစားလိုက်ရပြန်သည်။ 


သူ့ကို အရိပ်တကြည့်ကြည့် စိုက်ကြည့်နေသည့် ကျိမြန်၏ မျက်ဆံအိမ်ထဲတွင်လည်း အပြုံးသေးသေးလေးတစ်ပွင့် ပေါ်ထွက်လာတော့သည်


ဘလိတ်ခ်က တစိမ့်စိမ့်တွေးရင်း ပြောလိုက်သည်။ 


"ရှောင်ရဲ့ အတွေ့အကြုံတွေက လူတစ်ယောက်ကို သွားပြီး အမှတ်ရမိစေတယ် ..." 


"Heath Ledger..." 


Stisen ၏ အမူအယာမှာ ဝမ်းနည်း‌နေဟန်ပင်။ 


"ထာဝရ Heath Ledger..." 


ကျိမြန်က ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဟုတ်တယ် သူ ရုန်းမထွက်နိုင်ခဲ့ဘူး တစ်ချို့လူတွေကတော့ ထင်ကြလိမ့်မယ် ဟာ သရုပ်ဆောင်တယ်ဆိုတာ အလွယ်လေးပါလို့ တကယ်တမ်းတော့ မဟုတ်ဘူးနော် ဥပမာပြောရရင် Joker ကို သရုပ်ဆောင်သွားတဲ့ Heath Ledger ကိုပဲ ကြည့် စိတ်ရူးပေါက်ပြီး အော်ဟစ်ရုံတင် မကဘူး သူ့အရိုးထဲမှာကို ရူးသွပ်မှုတွေ၊ အကြောက်အလန့်ကင်းမှုတွေက စွဲမြဲနေပြီ သရုပ်ဆောင်တစ်ယောက်က ဇာတ်ကောင်ရဲ့စရိုက်သဘာဝထဲကို မဝင်စားနိုင်ရင် သူ သရုပ်‌ဆောင်တာက ဘယ်လိုနည်းနဲ့မှ ပီပြင်မှာ မဟုတ်ဘူး ပြီးတော့ ဒါက သေချာပေါက်ကို အန္တရာယ် အများဆုံးပဲ တော်သေးတာပေါ့ ရှောင်ရှုကတော့ ပြန်သက်သာလာလို့ အဲဒီ့အဖြစ်အပျက်တွေကို ပြန်စဉ်းစားတိုင်း စိုးရိမ်ရလွန်းလို့ သူ သရုပ်ဆောင်တဲ့ နည်းလမ်းကို ပြောင်းဖို့ ပြောရတာလည်း အကြိမ်ပေါင်းကို မနည်းတော့ဘူး ..." 


"ဆိုတော့ ပြောင်းခဲ့လား ကောင်လေး ..." 


ဘလိတ်ခ်က ရှောင်ကျားရှုကို လှမ်းကြည့်လိုက်သည်။ 


"ကြိုးစားနေပါတယ် ..." 


သူက အလေးအနက် ပြန်ဖြေလိုက်၏။ 


"ဒါပေမယ့် အလားတူ ဇာတ်ကောင်မျိုး ရခဲ့ဦးမယ် ဆိုရင်လည်း သူ့ရဲ့ စရိုက်သဘာဝကို နှလုံးသားနဲ့ရင်းပြီး ခံစားမိဦးမယ်ထင်တယ် ကျွန်တော့်အတွက်တော့ လက်ထဲရောက်လာသမျှ ဇာတ်ကောင်တိုင်းက စိတ်ကူးယဉ် ဇာတ်ကောင်သက်သက်ပဲ မဟုတ်ဘူး အဲဒါကြောင့် သူတို့ကို သေချာပေါက် အသက်သွင်းပေးရမယ် စခရင်ပေါ်မှာ ရှင်သန်နိုင်အောင် ကြည့်ရှုသူရဲ့ နှလုံးသားထဲမှာ ရှင်သန်သွားနိုင်အောင်လေ ရုပ်ရှင်သမိုင်းမှာ နာမည်ကောင်းတစ်ခု ချန်ထားနိုင်ခဲ့တဲ့ ဘယ်သရုပ်ဆောင်မဆို ဂန္တဝင်ဇာတ်ကောင် တစ်ခုထက် ပိုရှိပြီးတော့ အကုန်လုံးကလည်း ပရိသတ်ရဲ့ အောက်မေ့သတိရမှုကို ခံရတယ် ကျွန်တော်လည်း သူတို့လိုပဲ ဖြစ်ချင်တယ် ကျွန်တော့်ကို တွေ့လိုက်လို့ နာမည်ကို မသိချင်နေ ကျွန်တော် သရုပ်‌ဆောင်ခဲ့တဲ့ ဇာတ်ကောင်ကို ခေါ်ခံရရင်ကို ရပြီ ဒါကိုက ကျွန်တော့်အတွက် အကောင်းဆုံး ချီးကျူးမှု ဖြစ်နေပြီ ..." 


"ရှောင် မင်းပြောသွားတာ ကောင်းလိုက်တာ ဟုတ်တယ် ပရိသတ်ရဲ့ ရင်ထဲမှာ မှတ်မှတ်ထင်ထင် ကျန်နေတဲ့ ဇာတ်ကောင်ကို သရုပ်ဆောင်နိုင်တဲ့သူကမှ တကယ့်ကို သရုပ်ဆောင်ကောင်းအစစ်ပဲ ..." 


ဘလိတ်ခ်က ပြင်းပြင်းပျပျ ချီးကျူးလိုက်သည်။ ဤအရှေ့တိုင်းသား ကောင်လေးသည် သရုပ်ဆောင်ခြင်း အနုပညာနှင့် သူ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းအပေါ် ဤမျှအထိ နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်နေလိမ့်မည်ဟု လုံးဝ မျှေယ်လင့်မထားခဲ့ချေ။ 


ကျိမြန်က Stisen ၏ ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။ 


"ဒါဆို ငါ ဘာလို့ ရှောင်ရှုကို ရွေးခဲ့လဲ သိပြီလား ..." 


"သိသွားပြီ ..  ရှောင် ငါ မင်းကို အရမ်းချစ်တာပဲ ..." 


Stisen က ကျိမြန်ကို ကျော်ကာ သူ့ကို လာဖက်ရင်း အခိုင်အမာ ပြောလိုက်သည်။ 


"မင်းက တကယ်ကို သရုပ်ဆောင်ကောင်းတစ်ယောက်ပဲ အနာဂတ်မှာလည်း ကျိန်းသေကို ထူးချွန်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာလိမ့်မယ် ..." 


ပရိသတ်ကလည်း တက်တက်ကြွကြွ ဩဘာပေးလိုက်ကြသည်။ တရုတ်ပရိသတ်များမှာမူ ပြောစရာစကား ကင်းမဲ့သွားကာ အတော်ကြာကာမှ ဂုဏ်ယူတကြီး ရေရွတ်လိုက်ကြတော့သည်။ 


[အရမ်းကို အံ့ဩစရာပဲ ဒီအချိန်လေးမှာတင် ရှောင်ကျားရှုက ငါ သူ့အပေါ် နားလည်ထားတာတွေကို လုံးဝကို‌ ပြောင်းပြန်လှန်ပစ်လိုက်တာပဲ ] 


အခြားသူများကလည်း ငေါ့တော့တော့ ပြောလိုက်ကြသည်။ 


[အရင်ရက်တွေက သူ့ကို ပညာရှင် မပီသဘူး ဇာတ်ညွှန်းကို ပြောင်းပစ်တယ်ဆိုပြီး အပုပ်ချတဲ့ လူလိမ်ကောင်တွေ ဘယ်ရောက်ကုန်ပြီလဲ သူတို့တွေ မြင်ရအောင် ဒီဗီဒီယိုကို ပြည်တွင်းဝဘ်ဆိုဒ်တွေမှာ တင်ပေးရမယ့်အချိန် ရောက်လာပြီ "နဂါးနှစ်ကောင်ရဲ့ ရာဇဝင်" ကို မနက်ဖြန် ရုပ်သံလွှင့်မှာဆိုတော့ ရှောင်ကျားရှုထက်ပိုပြီး စိတ်ပါဝင်စားမှုရှိ၊သရုပ်ဆောင်စွမ်းရည်ပြည့်ဝတဲ့ ဘယ်လိုစတားတွေများ ပါကြမလဲ စောင့်ကြည့်ရသေးတာပေါ့ ‌အရမ်းကို ရင်သပ်ရှုမောစရာ ကောင်းလောက်တယ် ဟားဟားဟား  ...  ] 


[ငါ တကယ် ငိုချင်နေပြီ

ကျိလောင်ရှီးသာ မပြောရင် ရှောင်ကျားရှု ဒီဇာတ်ကောင်ကို ဘယ်လောက်အထိ တိတ်တိတ်လေး ပေးဆပ်ထားရလဲဆိုတာ သိမှာမဟုတ်ဘူး ဒါကမှ သရုပ်ဆောင်တစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ထား] 



Xxxxxx