အပိုင်း ၁၇၃
Viewers 43k


Chapter 173





ထိုနေ့လည်ခင်းတွင် နက်နက်ရှိုင်းရှိုင်း ထိရှသွားသော တရုတ်ပရိသတ်များ‌ကြောင့် ဗီဒီယိုအပြည့်အစုံကို စာတန်းထိုးနှင့်အတူ ပြည်တွင်းဝဘ်ဆိုဒ်အားလုံးတွင် ကြည့်ရှုနိုင်သွားတော့သည်။ ထို့ကြောင့် ရှောင်ကျားရှု၏နာမည် တစ်ဖန် ကျော်ကြားသွားပြန်ကာ မိနစ်နှင့်အမျှ follower တိုးလာပြီး သန်းနှစ်ဆယ် ကျော်သွားသည့်တိုင် ရပ်တန့်မည့် အရိပ်အယောင် မတွေ့ရသေးပေ။ 


မူလကမူ <<The Lover>> တွင် ပြောင်‌မြောက်လှသည့် သရုပ်ဆောင်စွမ်းရည်ကို ထုတ်ပြနိုင်ခဲ့သည့် လင်းလဲ့ယန်သည် မျိုးဆက်သစ် သရုပ်ဆောင်များအကြား အတော်ဆုံးအဖြစ် သတင်းမွှေးနေခဲ့သော်ငြား ဤအစီအစဉ်ကို ထုတ်လွှင့်လိုက်သည်နှင့် တစ်ပပြိုင်နက် တစ်ချိန်တည်း ပွဲဦးထွက်ခဲ့သူများအကြား ခေါင်းဆောင်နေရာမှာ ရှောင်ကျားရှု၏ လက်ထဲသို့ ရောက်လာခဲ့တော့သည်။


ပြောင်မြောက်လှသည့် သရုပ်ဆောင်စွမ်းရည်မှာ ဒုတိယအချက်သာ ဖြစ်သည်။ သူ၏ အလုပ်အပေါ်ထားရှိသော သဘောထားသည် ပရိသတ်၏ ချစ်ခင်အားပေးမှုကို ပိုင်ဆိုင်ခဲ့ရသည့် အဓိကအကြောင်းအရင်းပင် ဖြစ်ပေသည်။ 


ထိုဗီဒိယိုကို ကြည့်ရှုပြီးနောက် တရုတ်ဒါရိုက်တာ အများအပြားကလည်း သူနှင့်အတူ လက်တွဲကာ အလုပ်လုပ်ချင်ကြောင်း ဖွင့်ဟပြောလာကြတော့သည်။ အကြောင်းမှာ သူနှင့်သာဆိုလျှင် အချိန်ကုန် သက်သာသည့်အပြင် ရလဒ်လည်း ကောင်းမွန်၍ဖြစ်သည်။ သရုပ်ဆောင်ကောင်းတစ်ဦးသည် နုံချာညံ့ဖျင်းသော ရုပ်ရှင်တစ်ကားကိုပင် လူထု လက်ခံနိုင်လောက်သည့် အနေအထားအထိ ပြောင်းလဲပေးနိုင်ကြသည် ရှောင်ကျားရှုမှာ ဤအရည်အချင်းမျိုးကို ပိုင်ဆိုင်ထားနှင့်ပြီး ဖြစ်ပေသည်။ 


ရှောင်ကျားရှုကမူ တရုတ်တွင် ဖြစ်ပျက်နေသည်များကို မသိသေး။ Stisen ကို ပွေ့ဖက်ပြီးနောက် အခွင့်အရေးကို အသုံးချကာ ကျိမြန်ကိုပါ ပွေ့ဖက်ပြီး နားနားကပ်၍ တီးတိုးပြောလိုက်သည်။ 


"ကျေးဇူးတင်ပါတယ် ကျိကော နောက်ကွယ်မှာ ကျွန်တော့်အတွက်ဆိုပြီး လုပ်ခဲ့သမျှတိုင်းအတွက် ကျေးဇူးတင်ပါတယ် ..." 


ကျွန်တော့်ဇာတ်ကောင်ကို ဖျက်ပစ်ဖို့ ကြိုးစားခဲ့တယ် ဆိုရင်တောင် ကောကြောင့် ကျွန်တော့်စိတ်တွေ လှုပ်ခတ်သွားရတုန်းပဲ ... 


ကျိမြန်က သူ့နောက်ကျောကို ပုတ်ရင်း မသဲမကွဲ ပြောလိုက်သည်။ 


"ကိုယ့်ကို ကျေးဇူးတင်စကား မပြောနဲ့ ..." 


ကိုယ် မင်းအတွက်ဆို ဘာမဆို လုပ်ပေးမှာ ... 


စကားပြောစက်များ တပ်ဆင်ထားသည့်အတွက် နောက်ဆုံးစာကြောင်းကို ပြော၍ မရခဲ့။ သို့သော် ရှောင်ရှုက သူ့ခံစားချက်ကို နားလည်မည်ဖြစ်ကြောင်း အသေအချာ သိနေပေသည်။ 


ရှောင်ရှုက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ သူ့မျက်ဝန်းအိမ်တစ်ခုလုံး ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည်။ 


နှစ်ဦးသား နေရာတွင် ပြန်ထိုင်လိုက်ပြီးကာမှ ဘလိတ်ခ်က သက်ပြင်းချကာ ပြောလိုက်သည်။ 


"ကျိ မင်းနဲ့ရှောင်က တော်တော်လေးကို ဆက်ဆံရေး ကောင်းကြသလိုပဲနော် ..." 


"ဟုတ်တယ် ငါက ရှောင်ရှုကို အရမ်းကို ချစ်တာလေ ..." 


ကျိမြန်က သူ့ချစ်သူလေးအပေါ် နှစ်သက်စိတ်ကို စိုးစဉ်းမျှပင် ဖုံးကွယ်မထား။ 


စင်အောက်ရှိ ဖန်ခွင်းမှာမူ နဖူးကိုသာ အုပ်ကိုင်ထားရတော့သည်။ 


စိတ်ထားပွင့်လင်းသည့် နိုင်ငံခြားသားများအဖို့ ချစ်သည်ဟူသည့် စကားမှာ နေရာစုံသုံး၍ရသည့် စကားမျိုး ဖြစ်ပေသည်။ မိဘ၊ဇနီး၊ သားသမီးနှင့် ညီအစ်ကိုမောင်နှမ၊ သူငယ်ချင်းများအပါအဝင် သူစိမ်းများကိုပင် ပြောနိုင်ရာ မည်သူကမှ ကျိမြန်၏ ‌အဖြေကို မှားယွင်းသည်ဟု မခံစားရပေ။ 


ပြည်တွင်းပရိသတ်များကလည်း နိုင်ငံခြားသားတို့၏ တွေးခေါ်ပုံကို နားလည်သည့်တိုင် အနည်းငယ် နှိုးဆွခံလိုက်ရဆဲဖြစ်သည်။  ထို့ကြောင့် ဤအစီအစဉ်ကို ရုပ်သံလွှင့်ပြီးသည်နှင့် တစ်ပြိုင်နက် ယခင်ကတည်းက ကြီးမားနေပြီဖြစ်သော CP fan base မှာ နောက်တစ်ကြိမ် ထပ်မံ ကြီထွားလာပြန်သည်။ 


ဒီ CP က တရားဝင် အချိူကျွေးရတာကို အရမ်း သဘောကျကြတာပဲ အရင်းအမြစ်တွေ ဆက်တိုက်ကို ရနေလွန်းလို့ သူဌေးလို့တောင် ခံစားနေရပြီ ... 


ရှောင်ကျားရှုက ပါးစပ်ကိုအုပ်ကာ တစ်ခစ်ခစ် ရယ်မောလိုက်သည်။ မြင်နေရသည့် အသားအရေအားလုံး ပန်းရောင်သမ်းကာ တောက်ပနေသည့် မျက်ဝန်းအစုံမှာလည်း ချစ်စဖွယ်ပင်။ 



ဘလိတ်ခ်က သူ့ကို လှည့်ကြည့်ကာ သက်ပြင်းချလိုက်သည်။ 


"အခုတော့ ရှောင်က ပုံမှန်ပြန်ဖြစ်သွားပြီ မဟုတ်လား ..." 


"ဟုတ်တယ် ကျွန်တော် ပုံမှန် ပြန်ဖြစ်လာအောင်လည်း ကျိကောပဲ ကူညီပေးခဲ့တာ အားလုံး သိကြတဲ့အတိုင်းပဲ သူက ကျွန်တော့်ရဲ့ အခွင့်ရ ပိုင်ရှင်လေ ..." 


သူ့စကားအဆုံးတွင် စင်အောက်ရှိ အမျိုးသမီးပရိသတ်များက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အော်ဟစ်လိုက်ကြတော့သည်။ 


နိုင်ငံခြားက CP fan မိန်းကလေးတွေကိုလည်း လျော့မတွက်နဲ့ သူတို့က အရေအတွက်မှာရော တိုက်ခိုက်နိုင်စွမ်းမှာပါ ထပ်တူ အံ့ဩဖို့ကောင်းတယ် ပြီးတော့ ဒီအမျိုးသားနှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့အချက်တွေကိုလည်း တစ်ဖြည်းဖြည်း ရှာတွေ့လာကြပြီ ... 



"ကျွန်တော် အိမ်ပြန်မယ့်နေ့မှာ လေယာဉ်အချိန် နောက်ကျလို့ အရမ်းကို စိတ်ဖိစီးခဲ့ရတယ်လေ နှင်းမုန်တိုင်း ကျနေတဲ့ကြားကနေ သတ္တိရှိရှိ ရောက်လာပေးတဲ့ ကျိကောကြောင့်သာ ကျွန်တော့်စိတ်တွေ ပြန်ပြီး တည်ငြိမ်လာခဲ့တာ ကျွန်တော့်ကို သူ့အမေအိမ် ခေါ်သွားပေးပြီး မိသားစုဘဝကို စိတ်အေးအေးလေးထားပြီး ခံစားကြည့်ဖို့ ပြောခဲ့တယ် ဒီလိုပြောကာမှ ကျွန်တော့်ကို ဆွယ်တာထိုးနည်း သင်ပေးခဲ့တဲ့ အမေကျိကိုပါ ကျေးဇူးတင်ရလိမ့်မယ် ဆွယ်တာထိုးတာကလေ OCD အတွက် ကုသနည်းတစ်မျိူးပဲ သိလား ဘာလို့ဆို သူက အရမ်း စနစ်တကျ လုပ်ရပြီး တိုင်တစ်ခုလောက် လွဲသွားရင်ကို အကုန် ရှုပ်သွားတတ်လို့ အာရုံစိုက်ထားရတယ်လေ ဒါက အဲဒီ့အချိန်တုန်းက ပူပန်မှုတွေကို‌ ဖြေလျော့နိုင်တဲ့ အကောင်းဆုံးနည်းလမ်း ဖြစ်ခဲ့တာပဲ ..." 


သူက ကင်မရာကို စိုက်ကြည့်ကာ ကျိမြန်၏ မိခင်အား လေလှိုင်းမှတစ်ဆင့် ကျေးဇူးတင်လိုက်သည်။ 


ဘလိတ်ခ်က အံ့အားသင့်သွားဟန်။ 


"ဘုရားရေ မင်းက ဆွယ်တာလည်း ထိုးသေးတယ်ပေါ့ အပြီးသတ်ပြီးသားလက်ရာ တစ်ခုလောက်များ ရှိလား ကြည့်ကြည့်ရအောင်လို့လေ ..."


"ပြောရရင် ဒီနေ့ ခင်ဗျားအတွက် လက်ဆောင်တစ်ခု ပြင်ဆင်လာပါတယ် ကျွန်တော့်လက်နဲ့ ကိုယ်တိုင် ဖန်တီးခဲ့တဲ့ လည်စည်းပဝါလေးပေါ့ ကြိုက်မယ်လို့ မျှော်လင့်ပါတယ် ..." 


ရှောင်ကျားရှုက သူ့ဘေးတွင် ထားထားသည့် လက်ဆောင်ဘူးကို လှမ်းပေးလိုက်သည်။ 


ဘလိတ်ခ်က ဘူးကို ဖွင့်ကြည့်လိုက်သည့်အခါ အမှန်တကယ်ပင် လည်စည်းတစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။ ခဲရောင်အောက်ခံပေါ်တွင် အမည်းရောင်အကွက်တို့ ဖန်တီးပေးထားပြီး လက်ရာမှာလည်း စတိုးဆိုင်များတွင် ရောင်းသည့် လည်စည်းများထက် မညံ့လှ။ ချက်ခြင်း ထုတ်ပတ်ကြည့်ကာ ရှောင်ကျားရှုကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဟုတ်မဟုတ်ကို ကြိမ်ဖန်များစွာ အတည်ပြုနေလိုက်သည်။  


တကယ်ကို အံ့ဩဖို့ကောင်းတာပဲ ... 


ရှောင်ကျားရှုမှာလည်း မတတ်နိုင်၊ ဖုန်းထဲရှိ သူ သိုးမွေးထိုးနေသည့် ဗီဒီယိုကို ထုတ်ပြရန်သာ ရှိတော့သည်။ ချက်ခြင်းပင် နိမိတ်ဆိုးတစ်ခုကို ခံစားလိုက်မိတော့၏။ ထိုဗီဒီယိုမှာ ဒါရိုက်တာလက်ထဲ ရောက်သွားကာ ထိုသူက ပရိသတ်အားလုံး ကြည့်နိုင်ရန် စခရင်အကြီးပေါ်သို့ တင်ပေးလိုက်သည့်အတွက် စတူဒီယိုတစ်ခုလုံး ရယ်မောသံတို့ တသောသော ညံသွားတော့သည်။ 


တရုတ်ပရိသတ်များက နှလုံးသားကို ထိန်းကိုင်ထားရင်း ပြောလိုက်သည်။  


[ဘုရားရေ ရှောင်ကျားရှုရဲ့ ချစ်စရာကောင်းမှုတွေကြောင့် အသက်ကို ထွက်တော့မှာပဲ ချည်ထိုးအပ်နှစ်ချောင်းကို ကိုင်ပြီး ဘယ်ဘက်ကထိုးလိုက် ညာဘက်ကထိုးလိုက် လုပ်နေတာ တကယ်ကို ချစ်စရာလေး ဟားဟားဟား ] 


[ငါ ရှောင်ကျားရှုကို မြေခွေးကောင်လို့ပဲ အမြဲတမ်း ထင်ခဲ့တာ ပြီးတော့ ရွံစရာကောင်းတဲ့သူလို့ သိလိုက်ရပြန်ရော တကယ်တမ်းတော့ သူက ဇနီးကောင်းလေးဖြစ်မှန်း သိသွားပြီ သူ့လိုမျိုး အရည်အချင်းကောင်းတွေအားလုံးနဲ့ ပြည့်စုံတဲ့သူမျိုး နောက်တစ်ယောက် ရှိနိုင်တော့မှာ မဟုတ်ဘူး မစ္စတာကျိရေ သူ့ကို အမြန်ဆုံး လက်မခံသေးဘူးလား ] 


[လူတိုင်းပဲ ဒီကို အာရုံစိုက်ပေးကြပါဦး သူ့လက်ထဲက ဆွယ်တာအင်္ကျီကို ရင်းနှီးနေတယ် မထင်ဘူးလားမစ္စတာကျိ ဟိုးတလောက ပို့စ်တင်သေးတယ်လေ အခုလည်း ဝတ်ထားသေးတယ်] 


ထိုမှတ်ချက်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် လူတိုင်းက ကျိမြန်၏ အဝတ်အစားများကို လှန်လှောရှာဖွေကာ ဆွယ်တာနှစ်ထည်အကြား တူညီသည့် အချက်များကို ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာလိုက်သည်။ သို့သော် ကျိမြန်က တိုက်ရိုက် ဝန်ခံလိမ့်မည်ဟုတော့ မမျှော်လင့်ခဲ့ချေ။ သူ့အမူအယာမှာ လွန်စွာ သဘောတွေ့နေဟန်ပင်။ 


"ငါ ဝတ်ထားတဲ့ ဆွယ်တာကလည်း ရှောင်ရှု ထိုးပေးထားတာပဲလေ အရမ်းကို နွေးတာ ပြီးတော့ ဒီခြေအိတ်တွေရောပဲ ..." 


အခြားသူများ သတိမထားမိမည်ကို စိုးရိမ်သည့်အလား ဘောင်းဘီကိုပင် မ ပြလိုက်သေးသည်။ 


ရှောင်ကျားရှုက ရှက်သွေးဖြန်းကာ ရယ်သွမ်းလိုက်ပြီး Stisen ကမူ မတရားဟု ဆက်တိုက် ရေရွတ်နေတော့သည်။ အစီအစဉ်ပြီးပါလျှင် ရှောင်ကျားရှုအား သူ့ကိုလည်း လက်ဆောင်ပေးရန် တောင်းဆိုရမည်ဟု တေးမှတ်ထားလိုက်တော့သည်။ 


ဖန်ခွင်းကမူ ကျိမြန်အပေါ် မျှော်လင့်ချက်ပင် မထားနိုင်တော့။ ကြည့်ရှုသူ သန်းပေါင်းများစွာ၏ ရှေ့တွင် အချစ်တို့ ထုတ်ပြနေသည့် ခွေးစုံတွဲကို သည်းမခံနိုင်တော့သည့်အတွက် ခန်းမအပြင်ဘက်သို့သာ ထွက်လာခဲ့လိုက်တော့သည်။  Weibo ကို ဖွင့်ကြည့်လိုက်သည့်အခါ ကျိမြန်ဖန်ကလပ်၏ အဖွဲ့ခွဲခေါင်းဆောင်က သူတို့အိုင်ဒေါနှင့် ရှောင်ကျားရှုအကြောင်း သတင်းမှား ဖြန့်နေခြင်းသည် နှစ်ဖက်လုံးအတွက် မကောင်းသည့်အတွက် ရပ်တန်းမှ ရပ်ပေးရန် တောင်းဆိုနေသည်ကို တွေ့လိုက်ရ၏။ ထိုအခါမှ သူလည်း စိတ်အေးသွား‌ရတော့သည်။ 


ဟုတ်တယ် ဟုတ်တယ် ထပ်ပြီး မလုပ်ကြနဲ့တော့ မဟုတ်လို့ ကျိမြန် တကယ်ကြီး come out လုပ်လိုက်ကာမှ မင်းတို့တွေ ငိုစရာနေရာကို မရှိဘဲ နေလိမ့်မယ် ... 


သို့သော် မကြာမီမှာပင် အတွင်းလူထံမှ သတင်းရလာ၏။ အဖွဲ့ခွဲခေါင်းဆောင်က ရှေ့တွင် လူများကို ပြန်စုပြီးနောက် နောက်ကွယ်တွင် ရှုကွမ်အဖွဲ့ထဲ တိတ်တဆိတ် ဝင်ကာ အဖွဲ့ခေါင်းဆောင်ပင် လုပ်လိုက်သေးသည်။ 


သရုပ်ဆောင်ကလည်း ကောင်းလိုက်သမှ မင်းတို့ကိုယ်မင်းတို့ လျှို့ဝှက်အေးဂျင့်တွေလို့များ ထင်နေကြသလားပဲ ... 


မည်သို့ပင်ဖြစ်စေ သူသည် ဥရောပနှင့် အမေရိကန်နိုင်ငံသား မိန်းကလေးတို့မှာ နိုင်ငံကို ဖြတ်ကျော်၍ ထိုအဖွဲ့ပိုင်ရှင်တို့နှင့် အရင်းအမြစ် ဖလှယ်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်းကိုမူ မသိသေးချေ။


 ရှုကွမ်အဖွဲ့သည် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုအဖြစ်သို့ ကူးပြောင်းစ ပြုလာတော့သည်။ 


..........


သရုပ်ဆောင် ရွေးချယ်သည့်အပိုင်းနှင့် စပ်လျဉ်း၍ တိုတိုထွာထွာ ပြောကြပြီးနောက် ဘလိတ်ခ်က ချက်ခြင်း ပြောလိုက်သည်။ 


"ရှောင် <<Robocop>> ထဲက တရုတ်မင်းသမီးတစ်ယောက်ရဲ့ အခန်းတွေ ဖြတ်ချခံလိုက်ရတာကို သိပြီးပြီ မဟုတ်လား ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုထင်လဲ ..." 


ရှောင်ကျားရှုက တစ်ခဏမျှ တွေးပြီးမှ ပြန်ဖြေလိုက်သည်။ 


"ပထမဆုံးအနေနဲ့ အားလုံးကို တရုတ်ပြည်မှာ တကယ်ကို ထူးချွန်တဲ့ သရုပ်ဆောင်ကောင်းတွေလည်း ရှိသေးတယ်ဆိုတာကို ပြောချင်ပါတယ် ဥပမာပေးရရင် ကျွန်တော့်ဘေးက တစ်ယောက်လိုပေါ့ ..." 


သူက ကျိမြန်ကို ပြုံးကာ လှည့်ကြည့်လိုက်သည်။ 


"ဒါကြောင့် ကျေးဇူးပြုပြီး တရုတ်သရုပ်ဆောင်တွေကို နားလည်မှု မလွဲကြပါနဲ့ ကျွန်တော်တို့ ရုပ်ရှင်လောကက စတင်ချိန်လည်း နောက်ကျတယ် ‌တိုးတက်တာလည်း နှေးကွေးတယ် ဆိုပေမယ့် အများကြီး ကြိုးစားပြီး ထူးချွန်တဲ့ သရုပ်ဆောင်တွေ ပြောင်မြောက်တဲ့ အနုပညာလက်ရာတွေလည်း အများအပြား ပေါ်ထွက်နေပါပြီ အချိန်ရလို့ရှိရင် ဒီအကြောင်းနဲ့ ပတ်သက်ပြီး အသေးစိတ် လေ့လာကြည့်လို့ ရပါတယ် ဒုတိယတစ်ချက်အနေနဲ့ သရုပ်ဆောင်အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက် တိုက်ခိုက်ရေးအခန်းတွေ အကုန်လုံးကို မလုပ်နိုင်ဘူးဆိုတာက နားလည်လို့ရတဲ့ အချက်ပါ ကျား မ ခွဲခြားတာတော့ မဟုတ်ပေမယ့် အမျိုးသားနဲ့ အမျိုးသမီးကြားမှာ ခွန်အားအရာမှာရော၊ သတ္တိအရာမှာပါ ကွာခြားချက်တွေ ရှိနေ‌တယ်လေ ဒါကို တွန်းအားပေးလို့ မရပါဘူး ..." 


သူက တစ်ခဏမျှ ရပ်ပြီးကာမှ ဆက်ပြောလိုက်သည်။ 


"အမျိုးသားတွေထက်ကို ပိုပြီး သာလွန်တဲ့ အမျိုးသမီးတွေလည်း ရှိတာပေါ့ ပြောရရင် နာတာရှာလို အမျိုးသမီးမျိုးလေ ကျွန်တော့်အတွက်တော့ သူမက ပြိုင်စံရှားပဲ သာမန်သူတွေအနေနဲ့ သူမကို အမှီလိုက်နိုင်ဖို့ဆိုတာ တကယ်ကို ခက်ခဲတဲ့အလုပ်လေ ..." 


သူ့စကားသံပင် မဆုံးသေး၊ ပရိသတ်၏ သောင်းသောင်းဖျဖျ ဩဘာသံတို့ ထွက်ပေါ်လာတော့သည်။ အများစုမှာ နာတာရှာ၏ ပရိသတ်များဖြစ်ကြောင်း အတိုင်းသား မြင်နေရပေသည်။ သူမသည် ဟောလိဝုဒ်၏ တန်ဖိုးထားခြင်း ခံရသော အက်ရှင်သရုပ်ဆောင်များအနက် တစ်ဦး အပါအဝင် ဖြစ်ရာ သူမအပေါ် လူထု၏ စိတ်ဝင်စားမှုမှာ လွန်စွာ အားကောင်းလှပေသည်။ 


"အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ လူတွေကို အကဲဖြတ်တဲ့နေရာမှာ အမြင့်ဆုံး စံချိန်တွေကိုပဲ သုံးနေလို့ မရဘူး ..." 


ထို့နောက် စကားလုံးတို့ ပြောင်းလဲသွားတော့၏။ 


"ဒါပေမယ့် သရုပ်ဆောင်တစ်ယောက်အတွက်တော့ ကိုယ် သရုပ်ဆောင်ရမယ့် အပိုင်းအပေါ် ပိုင်နိုင်ကျွမ်းကျင်တာက ရှိသင့်ရှိထိုက်တဲ့ အခြေခံကျင့်ဝတ် တစ်ခုပါ ကြောက်တယ်ဆိုတာကို အကြောင်းပြပြီး ရှိရှိသမျှအလုပ် အကုန်လုံးကို လူစားထိုးသရုပ်ဆောင်အပေါ် ပုံချထားလို့တော့ လုံးဝ မရဘူးပေါ့ ..." 


ဘလိတ်ခ်က သူ့စကားများတွင် မလျော့မတင်း စောင်းကြိုးညှင်းနှယ် ‌အုန်းအုန်းကျွက်ကျွက် ဖြစ်သွားစေမည့် အချက်တို့ မပါဝင်သေးကြောင်း သတိပြုမိလိုက်သည့်အတွက် လမ်းကြောင်းပြောင်းလဲပေးလိုက်သည်။ 


"ဒါဆို တကယ်လို့ အဲဒီ့နေရာမှာ မင်းသာဆိုရင်ရော ဘယ်လိုလုပ်မလဲ ..." 


ရှောင်ကျားရှုက ထိုအကြောင်းကို စဉ်းစားကာ အလေးအနက် ပြန်ဖြေလိုက်သည်။ 


"ကျွန်တော်သာဆိုရင် ဇာတ်ကောင်နဲ့ ကိုယ့်ရဲ့ စွမ်းရည်ကို ပြန်ပြီး ချိန်ညှိကြည့်မယ် တကယ်လို့ ဒါကို ကောင်းကောင်း သရုပ်ဆောင်ပြနိုင်မယ့် စွမ်းရည်ရှိရင်တော့ ဒီဇာတ်ကောင်ကို ယူမယ် တကယ်လို့ လုပ်နိုင်မယ်လို့ မထင်ရင်တော့ အနုပညာကြေး ဘယ်လောက်ပဲမြင့်မြင့် ဇာတ်ညွှန်း ဘယ်လောက်ပဲ ကောင်းကောင်း လုံးဝ ယူမှာမဟုတ်ဘူး ကိုယ် မကိုင်တွယ်နိုင်လောက်တဲ့ ဇာတ်ကောင်တစ်ခုကို အတင်းအကြပ်ကြီး သရုပ်ဆောင်ဖို့ ကြိုးစားမှာ မဟုတ်ဘူး ဒါက အလုပ်အပေါ် မလေးစားရုံတင် မကဘဲ ပရိသတ်အပေါ်ပါ မလေးစားရာ ကျတယ်လေ ..." 


ဘလိတ်ခ်က အထင်ကြီးစိတ်အပြည့်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဟုတ်တယ် ငါလည်း စိတ်ကျေနပ်အောင်နဲ့ မျက်စိပသာဒ ဖြစ်အောင်ဆိုပြီး ရုပ်ရှင်လက်မှတ်တစ်စောင် ဝယ်ခဲ့ဖူးတယ် ဒါပေမယ့်ကွာ တစ်ချို့စတားတွေရဲ့ သရုပ်ဆောင်တာကလေ ချာတူးလံနေလိုက်တာများ အာရုံကြောတွေတောင် နာတယ် တကယ်ကို ကပ်ဆိုးကြီးပဲဟေ့ ..." 


ရှောင်ကျားရှုက ခေါင်းငြိမ့်ပြလိုက်သည်။ 


"ပရိသတ်ကို စိတ်ပျက်စေမိတယ်ဆိုတဲ့ ဖြစ်ရပ်မျိုးကို ကျွန်တော် မဖြစ်ချင်ဆုံးပဲ ရုပ်ရှင်ရုံထဲကနေ ထွက်လာတဲ့သူတိုင်း ပျော်ပျော်ရွှင်ရွှင် ထွက်လာတာကိုပဲ ဖြစ်စေချင်တယ် ဒါက ခက်ခဲတဲ့ ရလဒ်ဆိုပေမယ့် ကျွန်တော်ကတော့ ဇွဲမလျော့စတမ်း ကြိုးစားနေဦးမှာပဲ ကိုယ့်အပိုင်း အဖြတ်ခံရလေမလားလို့ ပူနေရမှာနဲ့စာရင် ဇာတ်ကောင်ကို အကောင်းဆုံးဖြစ်အောင် ဖော်ပြ၊ ဇာတ်ကြောင်းနဲ့ တစ်သားတည်းဖြစ်ပြီး ဒီရုပ်ရှင်ရဲ့ လုံးဝကို ခွဲထုတ်ပစ်လို့ မရတဲ့ တစ်စိတ်တစ်ဒေသ ဖြစ်လာတဲ့အထိ ကြိုးစားတာက ပိုကောင်းတယ် ကိုယ့်အပိုင်းကိုသာ ဖြတ်ထုတ်လိုက်ရင် ရုပ်ရှင်က မပြည့်မစုံနဲ့ ရသမြောက်မှုတွေ လျော့နည်းသွားတယ်ဆိုတဲ့ အချက်ကမှ သရုပ်ဆောင်တစ်ယောက်အတွက် အကြီးမားဆုံး အောင်မြင်မှုပဲ ဘယ်နေရာကိုပဲ ရောက်ရောက် ခွန်အားက ပထမ သူ့နောက်မှာမှ ကြိုးစားမှု

က လိုက်လာတယ်လို့ပဲ ခံယူထားတယ် ..." 


ဘလိတ်ခ်က ထပ်ကာထပ်ကာ ခေါင်းငြိမ့်နေလိုက်ပြီး Stisen ကမူ ခံစားချက်အပြည့်ဖြင့် ထောက်ခံလိုက်သည်။




Xxxxxxx