အပိုင်း ၁၇၅
Viewers 44k

Chapter 175





ချိုးတုမှာ မပျော်မရွှင် ဖြစ်နေဆဲပင်။ ထို့ကြောင့် ဖုန်းကို ထုတ်ကြည့်လိုက်သည့်အခါ comment section ကို ပိတ်ထားဆဲ ဖြစ်သည့် ကျန်းပင်းကျဲအား တွေ့လိုက်ရ၍ နောက်တစ်ကြိမ် အော်ဟစ်ကြိမ်းမောင်းလိုက်ပြန်တော့သည်။ 


"ကျန်းပင်းကျဲ ဒီအရူးမ‌ကတော့ အများကြီးကို ဖျက်ဆီးပစ်လိုက်တာပဲ နိုင်ငံခြားမှာ အရှက်ကွဲခဲ့လို့သာ မဟုတ်ရင် "နဂါးနှစ်ကောင်ရဲ့ ရာဇဝင်" ကို ရုပ်သံလွှင့်ရုံတွေက ပယ်ချမှာ မဟုတ်ဘူး ငါ့ရဲ့ နောက်ဆုံးကျန်တဲ့ လစာကလည်း အခုထိ သတင်းမကြားရသေးဘူး စတူဒီယိုကို မြန်မြန်လေး တွန်းအားပေးလိုက်စမ်းပါ မဟုတ်ရင် အကုန် သေကုန်ကြတော့မလား မသိဘူး ..." 


ကျန်းပင်းကျဲ၏ ဂုဏ်သတင်း ပျက်စီးမှုက "နဂါးနှစ်ကောင်ရဲ့ ရာဇဝင်" ၏ ဂုဏ်သတင်းကိုပါ ထိခိုက်လာစေတော့သည်။ ထို့ကြောင့် သွေးနားထင်ရောက်နေသည့် ချိုးတုပင်လျှင် သူနှင့် ကျိစဲယွဲ့ကျီတို့ ပြင်ဆင်ခဲ့သည့် ဇာတ်ညွှန်းသည် ပရိသတ်၏ ကျေနပ်မှုကို မရနိုင်ရုံသာမက ဆူပူကြိမ်းမောင်းမှုပင် ခံရနိုင်ကြောင်း အနည်းငယ် သဘောပေါက်သွားတော့သည်။  ဤအချိန်တွင် ရုပ်ရှင်အတွက် သရုပ်ဆောင်ကြေး ရနိုင်ရန်မှာ လွန်စွာ ခဲယဉ်းလှပေသည်။ 


အေးဂျင့်က ထုတ်လုပ်သူကို ချက်ခြင်း ဆက်သွယ်နေစဉ် ချိုးတုက Weibo ကို လျှောက်ကြည့်နေလိုက်၏။ ထိုအခါ ရှောင်ကျားရှု၏ မကောင်းသတင်းအားလုံး ပျောက်ကွယ်ကာ ချီးကျူးမှုတို့သာ အစားထိုး ကျန်ရစ်ခဲ့တော့ကြောင်း တွေ့လိုက်ရ‌သည်။ သူသည် ညတွင်းချင်းပင် တရုတ်ပြည်၏ အကျော်ကြားဆုံး စတားတစ်ပွင့် ဖြစ်သွားကာ ပရိသတ် အရေအတွက်မှာလည်း အချိန်တိုအတွင်းမှာပင် သန်းပေါင်းများစွာ တိုးပွားလာတော့သည်။ ပထမတန်းစား ကြယ်ပွင့်တစ်ယောက်နှင့် အဆင့်ချင်း တူညီလုနီးပါး ဖြစ်လာကာ ကျော်ကြားမှုမှာ ပထမတန်းစားကြယ်ပွင့်တို့ထက် လုံးဝ မလျော့နည်းလှချေ။ 


ချိုးတု၏ ရုပ်သွင်မှာ ပို၍ပင် ဆိုးဝါးလာတော့သည်။ မနာလိုစိတ်တို့က သူ့နှလုံးသား တစ်ခုလုံးကို အဆိပ်ရှိပိုးကောင်များသဖွယ် တမြေ့မြေ့ တိုက်စားနေတော့သည်။ 


ရိုက်ကူးနေစဉ်အတွင်း ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များမှာ ပရိသတ် အနှစ်ခြိုက်ဆုံးဖြစ်ရာ Stisen ကလည်း ပရိသတ်ကို အလိုလိုက် အကြိုက်ဆောင်ရန် အလို့ငှာ ရှားပါးမှတ်တမ်းများစွာကို ယူဆောင်လာခဲ့သည်။ 


"ဒီအပိုင်းကလည်း အရမ်း စိတ်ဝင်စားဖို့ကောင်းတယ် ရှောင်က အရမ်းကို နူးညံ့တဲ့ပုံ ပေါ်တော့လေ ကျိကို တစ်ကြိမ်တည်းနဲ့ မ နိုင်လိမ့်မယ်လို့ လုံးဝ မထင်ခဲ့မိဘူး ..." 


ရိုက်ချက်တစ်ခုကို မြင်လိုက်သည့် ဘလိတ်ခ်က စနောက်လိုက်သည်။ 


"ဒါက မခက်ပါဘူး ကျွန်တော့်ကိုယ်ကျွန်တော် "မင်းက 001 အနိုင်မခံ အရှုံးမပေးတတ်တဲ့ 001 " ဆိုပြီး ရေရွတ်နေရုံပဲ ပြီးရင် ကျိကောနားသွားပြီး သူ့ကို မ လိုက်လို့ ရပြီ ဒါပေမယ့် ရိုက်ကူးရေး မလုပ်တဲ့ အချိန်မှာ သူ့ကို မ ချီပြဖို့ တောင်းဆိုရင်တော့ ခြေချောင်းလေး တစ်ချောင်းကိုတောင် မ နိုင်မှာ မဟုတ်ဘူး ..." 


ရှောင်ကျားရှုက ပြောလိုကိသည်။ 


"တကယ်ကြီး အခုရော အဲဒီလို လုပ်လို့ ရသေးလား လူတိုင်း မြင်ရအောင် အခု လုပ်ပြပေးလို့ ရမလား ..." 


ဘလိတ်ခ်က အလွန်အမင်း စိတ်အားထက်သန်စွာ ပြောလိုက်သည်။ 


ပွဲကြည့်ပရိသတ်များ အထူးသဖြင့် အမျိုးသမီး ပရိသတ်များက စိတ်လှုပ်ရှားခြင်း ကြီးစွာဖြင့် အော်ဟစ်လိုက်ကြတော့သည်။ တရုတ်ပရိသတ်များကမူ ရင်ဘက်ကို ဖိလျက် အချိုများ လျှံထွက်လာမည်ကိုသာ တိတ်တဆိတ် စောင့်နေလိုက်ကြတော့သည်။ 


ဘလိတ်ခ် ရှင်က တော်လိုက်တာ အရမ်းကို တော်တဲ့ အစီအစဉ် တင်ဆက်သူပဲ ... 


"အိုကေ တစ်ခေါက်လောက် စမ်းကြည့်ပါ့မယ် ရိုက်ကူးရေး ပြီးတာလည်း ကြာပြီဆိုတော့ အောင်အောင်မြင်မြင် လုပ်နိုင်ပါဦးမလားတောင် မသိတော့ဘူး ..." 


ရှောင်ကျားရှုက ရှက်ရွံ့စွာ ပြုံးလိုက်သည်။ 


ကျိမြန်က မတ်တပ်ထရပ်ကာ သူ့ကို စိတ်အေးလက်အေး စိုက်ကြည့်နေလိုက်သည်။ 


"ငါက 001 အနိုင်မခံ အရှုံးမပေးတတ်တဲ့ 001..." 


ရှောင်ကျားရှုက ဤစကားတို့ကို ဆီမန်းမန်းသည့်နှယ် တဖွဖွ ရေရွတ်ကာ ကျိမြန်ကို ပွေ့ချီပြီး နှစ်ကြိမ်တိုင် ထိုင်ထ လုပ်ပြလိုက်သည်။ ထိုအခါ အားလုံး စူးစူးဝါးဝါး အော်ဟစ်လိုက်ကြတော့၏။ နောက်တစ်ကြိမ် ကျိမြန်ကို ပွေ့ချီသည့် အခါတွင်တော့ ထိုဂါထာကို မရွတ်ဆိုတော့။ လက်တစ်ဖက်က သူ့ခါးကို ဖက်ကာ ကျန်လက်တစ်ဖက်ဖြင့် ခြေထောက်ကို မ လိုက်သော်ငြား လုံးဝ မ မ နိုင်။  မျက်နှာနှင့် လည်ပင်းတို့ ချက်ခြင်း နီမြန်းလာသည်မှာ ရယ်စရာပင် ကောင်းလှပေသည်။ 


ကျိမြန်မှာ လုံးဝ သည်းမခံနိုင်တော့။ လက်နောက်ပြန်ဖြင့်ပင် သူ့ကို ပွေ့ချီကာ ဝှေ့ယမ်းလိုက်တော့သည်။ သူ့ကိုယ်နေဟန်ထားမှာ အလွန်ပင် ပေါ့ပါးသွက်‌လက်နေဟန်။ 


ကြည့်ရှုနေသူအားလုံး အားရပါးရ ရယ်မောလိုက်ကြတော့သည်။ 


ဒီနှစ်ယောက်ကတော့လေ တကယ်ကို ရယ်စရာ ကောင်းတာပဲ ...


ဘလိတ်ခ်က လက်ခုပ်တီးကာ ပြောလိုက်၏။ 


"ရှောင် မင်းက တကယ်ကို မှော်ဆန်တဲ့ ကောင်လေးပဲ ဂါထာကို မရွတ်ရင် တကယ်ကို ကျိကို မချီနိုင်ဘူးလား ..." 


"တကယ်ပဲ ..." 


ကျိမြန်က သူ့ချစ်သူလေး ပြန်ဖြေမည်ကိုပင် မစောင့်ဘဲ ခေါင်းငြိမ့်ပြလိုက်သည်။ 


"သူ ငါ့ကို အခြေအနေ နှစ်ခုမှာပဲ ပွေ့ချီနိုင်တယ် တစ်ခုက ရိုက်ကူးရေးလုပ်ရင်း လိုအပ်လာတဲ့အချိန် နောက်တစ်ခုက ငါ အန္တရာယ်တောထဲ ရောက်နေလို့ ကယ်ထုတ်ချင်တဲ့အချိန် ... အခုလေးတင် သူ့ကို တစ်ခုလောက် မေးကြည့်လိုက်သေးတယ် .." 


"အိုး ဘာမေးတာလို့လဲ ..." 


ဘလိတ်ခ်က နားစွင့်ထားဟန် ပြုလျက် ပြောလိုက်သည်။ 


"ကိုယ့် ခန္ဓာကိုယ်က လေးလား ..." 


"ရှောင်က ဘယ်လို ပြန်ဖြေလဲ ..." 


ရှောင်ကျားရှုက ဝင်ဖြေလိုက်သည်။ 


"တစ်ခွန်းတည်းပဲ‌ ပြောလိုက်တယ် အရမ်းလေးတယ်လို့ ..." 


ကျိမြန်လည်း ချက်ခြင်းပင် အူလှိုက်သည်းလှိုက် ရယ်မောမိလိုက်တော့သည်။ ယခု ပြန်စဉ်းစားကြည့်ကာမှ သူနှင့်‌ ရှောင်ကျားရှုတွင် မချစ်ကြိုက်ရသေးစဉ်ကတည်းကပင် ရယ်မြူးဖွယ် အမှတ်တရများစွာ ရှိနှင့်နေပြီဖြစ်ကြောင်း သတိပြုမိသွားတော့သည်။ 


ဘလိတ်ခ်နှင့် ပရိသတ်များကလည်း အတူတူ လိုက်ရယ်လိုက်ကြသည့်တိုင် ရှေ့က ပြောခဲ့သည်များကို မေ့မသွား။ မည်ကဲ့သို့သော အန္တရာယ်မျိုးနှင့် ကြုံတွေ့ခဲ့ရ၍ သူ့အား ပွေ့ချီကာ ဘေးကင်းသည့် နေရာသို့ ခေါ်ဆောင်ပေးရန် ရှောင်ကျားရှုအား တောင်းဆိုခဲ့ရကြောင်း သိလိုစိတ် ပြင်းပျသွားတော့သည်။ 


"‌ဒါက နောက်ထပ်ရုပ်ရှင်တစ်ကား ရိုက်နေတဲ့အချိန်မှာ ဖြစ်ခဲ့တာပါ အဲဒီ့ရုပ်ရှင်ကို ဒီနှစ် နှစ်ကုန်ပိုင်းလောက်ကျ တရုတ်ပြည်မှာ ရုပ်သံလွှင့်ဖြစ်မယ်ထင်တယ် <<Running all the way>> တဲ့ ဟာသအက်ရှင်ကား တစ်ကားလေ ဒီရှိုးကို ကြည့်နေကြတဲ့ သူတွေထဲမှာ တရုတ်လူမျိုးတွေများ ပါကြလား မသိဘူး ပါရင် ဒါနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ပရိုမိုးရှင်း ဆင်းချင်လို့ ..." 


"ပါလောက်တာပေါ့ ကျွန်တော်တို့ အစီအစဉ်ကို တစ်ကမ္ဘာလုံးက ကြည့်နေကြတာလေ ဒါပေမယ့် ကျသင့်ငွေကိုတော့ အပိုထပ်ပေးရမယ်နော် ..." 


ဘလိတ်ခ်က ကောက်ကာငင်ကာ စနောက်လိုက်သည်။ 


ကျိမြန်က ပြုံးကာ ခေါင်းငြိမ့်ပြလိုက်၏။ 


"ကိစ္စ မရှိပါဘူး ဒီမှာ ချက်လက်မှတ် ..." 


သူက လေထဲမှ ချက်လက်မှတ်စာအုပ်တစ်အုပ် ဆွဲထုတ်လာဟန် ပြုလိုက်လျှင် ဘလိတ်ခ်ကလည်း ကျေနပ်အားရမှု အပြည့်ဖြင့် လှန်လှောကြည့်‌နေဟန် ပြုလိုက်တော့သည်။ 


Stisen ကပါ ဝင်ပြောလိုက်၏။ 


"မင်းတို့တွေကတော့ အကောင်အထည် မပါတဲ့ ပစ္စည်းတွေနဲ့ကို ကောင်းကောင်းကြီး အလုပ်ဖြစ်နေကြတာပဲ ..." 


ဘလိတ်ခ်က သူ့နဖူးကို ကိုင်လိုက်သည့်အခါ ပရိသတ်အားလုံး ပွဲကျသွားပြန်တော့သည်။ 


ကျိမြန်က အလွန်ညင်သာသည့် လေသံဖြင့် စကားလမ်းကြောင်းကို ပြန်ဆွဲယူလိုက်၏။ 


"ရှောင်ရှုက အမြင့်ကြောက်တတ်တယ် ဒါပေမယ့် "Running all the way"မှာ သူ တံတားပေါ်ကနေ ခုန်ချဖို့ လိုအပ်လာတယ်လေ အောက်မှာ လုံခြုံရေးအခင်း ခင်းထားပြီးသား ဆိုပေမယ့် ဆယ်မီတာကျော် မြင့်တဲ့နေရာကနေ ငုံ့ကြည့်လိုက်ရင်ကျ သေးသေးလေးပဲ မြင်နေရတော့ သူ ဘယ်လိုမှ သတ္တိစိတ်မွေးလို့ မရတော့ဘူး ဒါနဲ့ ငါလည်း သူ့ကို ပြောလိုက်တယ် ဒီလိုဆိုရင်ရော ဘယ်လိုလဲ ကိုယ် အရင် ခုန်ကြည့်ပြီး မင်းအတွက် အန္တရာယ်ကင်းတာ သေချာလား စမ်းသပ်ကြည့်ပေးမယ်လေလို့... သူ့မျက်နှာတစ်ခုလုံး ဖြူလျော်သွားတဲ့အထိကို ကြောက်ပြီး ချက်ခြင်း ငါ့လက်ကို ဆွဲပြေးတော့တာပဲ ပါးစပ်ကနေလည်း မရဘူး မရဘူး မခုန်နဲ့ ကျွန်တော်ပဲ ခုန်ချမယ်ဆိုပြီး ပြောနေသေးတယ် ..." 


ရှောင်ကျားရှုက နီမြန်းနေသည့် ပါးနှစ်ဖက်ကို အုပ်ထားလိုက်သော်ငြား ငွေ့ရည်ဖွဲ့နေသည့် မျက်ဝန်းတစ်စုံမှာမူ သူ့ကိုသာ တန်းတန်းမတ်မတ် စိုက်ကြည့်နေလိုက်သည်။ ထိုကိစ္စများကို ပြန်တွေးလေတိုင်း သူ့ရင်အစုံ လှုပ်ခတ်သွားဆဲဖြစ်သည်။ 


သူ့ကို လှည့်ကြည့်လိုက်သည့် ကျိမြန်၏ မျက်ဝန်းတို့မှာလည်း ဝင်းလက်တောက်ပနေပေသည်။ 


"ဒါနဲ့ပဲ ငါတို့နှစ်ယောက် အတူတူ ခုန်ချလိုက်တယ် တစ်ခုမှ ကြောက်စရာ မကောင်းတော့သလိုပဲ သိလား အဲဒီလိုနဲ့ပဲ ဒီအခန်းကို တစ်နေကုန် အချိန်ယူပြီး ငါးခေါက်ခြောက်ခေါက်လောက် ပြန်ရိုက်လိုက်ရတော့တာပဲ ..." 


ဘလိတ်ခ်က ရယ်လိုက်သည်။ 


"မင်းတို့နှစ်ယောက်လုံး အတူတူ ခုန်ချကြတာလား အရမ်းကို ပျော်စရာ ကောင်းမှာပဲ ..." 


"ဟုတ်တယ် ရှောင်ရှုကို သတ္တိလေး နည်းနည်းလောက်ဖြစ်ဖြစ် ပေးချင်လို့လေ ..." 


သူက နူးညံ့စွာ ပြုံးလိုက်သည်။ 


ရှောင်ကျားရှုက သူ့ဆံပင်တို့ကိုဆွဲကာ အလေးအနက် ပြောလိုက်သည်။ 


"ကျွန်တော်သာ လူနှစ်ယောက်စာ သတ္တိတွေကို သုံးရမယ်ဆိုရင် မကျော်လွှားနိုင်တဲ့ အခက်အခဲရယ်လို့ မရှိနိုင်လောက်တော့ဘူး ..." 


စင်အောက်ရှိ ပရိသတ်များက သူတို့နှစ်ဦး၏ ခင်မင်ရင်းနှီးမှုကို ဩဘာပေးနေကြစဉ် တရုတ်ပရိသတ်များမှာမူ အချိုစားရလွန်း၍ ရင်ကြပ်နေကြတော့သည်။ 


[ဒီနိုင်ငံခြားသားတွေကတော့လေ အမှန်တရားကို မမြင်နိုင်ကြဘူးပဲ မစ္စတာကျိ လွယ်လွယ်လေး ပြောလိုက်တာကိုပဲ မြင်မနေကြနဲ့ တကယ်ဆို သူလည်း အမြင့်ကြောက်တတ်တာ ဆိုတော့ ဒါက အမြင့်ကြောက်တတ်တဲ့သူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အားပေးရင်း တံတားပေါ်က ခုန်ချတဲ့ ဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်းလေးပဲ]


[တရားဝင်စားရတဲ့ သကြားက အသေစေနိုင်ဆုံးပဲ မစ္စတာကျိက ငါတို့ကို ဒီနေ့ ဘယ်နှကြိမ်လောက် အချိုကျွေးချင်နေတာလဲ သူနဲ့ ရှောင်ရှု အပြန်အလှန်ပြောတဲ့ အပိုင်းတွေကို တည်းဖြတ်ပြီး သီချင်းသံ ထည့်ဖို့တောင် စဉ်းစား‌ပြီးနေပြီ "ကယ်လ်ဖိုးနီးယားမှ ချစ်ပုံပြင်" ဆိုပြီး  နာမည်ပေးမယ်လို့တောင် စဉ်းစားထားတယ်] 


[မစ္စတာကျိရဲ့ ရှောင်ကျားရှုကို ကြည့်တဲ့ အကြည့်တွေကလေ အချစ်တွေ၊ အလိုလိုက်ပေးချင်တာတွေနဲ့ ပြည့်နှက်နေတာနော် ဒီလိုစုံတွဲကမှ အစစ်မဟုတ်ရင် ငါတော့ live လွှင့်ပြီးပဲ ချီးစားပြလိုက်တော့မယ်] 


[ငါက ကီးဘုတ်စားပြမယ်] 


[ငါက ဖိနပ် ] 


အင်တာနက်ပေါ်တွင် ပစ္စည်းမျိုးစုံ စားပြမည့်သူများနှင့် ပြည့်နှက်နေသော်လည်း ကျိမြန်နှင့် ရှောင်ကျားရှုတို့ စကားစပြောလာသည်နှင့် တစ်ပြိုင်နက် အားလုံး တန်းစီကာ အချိုစားရန် စောင့်ဆိုင်းနေလိုက်ကြတော့သည်။ 


ဒီစုံတွဲက အရမ်းအရမ်းကို ချိုမြိန်တာပဲ ... 


အင်တာဗျူးပြီးသည်နှင့် တစ်ပြိုင်နက် ဖန်ခွင်းက သူတို့နှစ်ယောက်လုံးကို ကားထဲထည့်ကာ စတူဒီယိုနှင့် ဝေးရာသို့ ခေါ်သွားလိုက်တော့သည်။ လမ်းတစ်ဖက်တစ်ချက်စီတွင် သူတို့နာမည်ကို အော်ခေါ်ရင်း စောင့်ဆိုင်းနေကြသည့် ပရိသတ်များ ပြည့်နှကိနေကာ အများစုမှာ တရုတ်လူမျိုးများ ဖြစ်ပေသည်။ 


"ဒီမှာ ဒါ ပရိသတ်တွေဆီက လက်ဆောင် ငါ မင်းတို့နှစ်‌ယောက်ကို အတူတူ ဖွင့်ကြည့်စေချင်လို့ ..." 


ဖန်ခွင်းက လက်ဆောင်ဘူးကို ထုတ်မပြချင်သော်ငြား ဖုံးကွယ်ထားရန်မှာလည်း ခဲယဉ်းလွန်းလှပေသည်။ 


"ပြန်ယူသွားပြီး မဖွင့်ခင် သက်တော်စောင့်တွေကို စစ်ဆေးခိုင်းလိုက်ဦး ..." 


ကျိမြန်က ယူတော့မည့်ဟန် ပြင်နေသည့် သူ့ကောင်လေး၏ လက်ကို ဆွဲထားလိုက်သည်။ 


"အိုကေ ..." 


ရှောင်ကျားရှုက နာနာခံခံဖြင့်ပင် ခေါင်းငြိမ့်ကာ ဖုန်းကို ထုတ်ကြည့်နေလိုက်သည်။ ကျိကော၏ Weibo ကို ဦးစွာ ကြည့်ပြီးကာမှ သူ့ကိုယ်ပိုင် Weibo ကို ကြည့်‌ရသည်အား နေသားကျနေပြီဖြစ်သည်။ သူ့ Weibo မှာ အလွန်အမင်း စည်ကားနေကာ ပရိသတ်အများအပြားက ထိန်းသိမ်းနေရကြောင်း တွေ့လိုက်ရတော့၏။ 


[သဲလေးတို့ ကျိလောင်ရှီးရဲ့ Weibo အောက်မှာ ရှောင်ရှုအကြောင်း မပြောကြနဲ့ ဟုတ်ပြီလား သူနဲ့ ကျိလောင်ရှီးက သူငယ်ချင်းကောင်းတွေပဲ ဘယ်လို ထူးထူးခြားခြား ဆက်ဆံရေးမှ မရှိဘူး မင်းတို့ရဲ့ စည်းမဲ့ကမ်းမဲ့ စကားတွေ၊ အပြုအမူတွေက နှစ်ယောက်လုံးကို အခက်ကြုံစေလိမ့်မယ် ] 


[အချစ်လေးတို့ရေ ဒီမှတ်ချက်တွေကို ဖျက်ပေးလို့ ရမလား ကျိလောင်ရှီးကို သန့်သန့်လေးပဲ နေပါစေနော် သူ့ကို ချစ်ရင် ကာကွယ်ပေးရမယ်လေ အတူတူ လုပ်ကြရအောင်နော်] 


အလားတူ မှတ်ချက်များကို ဆက်တိုက် တွေ့နေရသည့်အတွက် ရှောင်ကျားရှုမှာ စိတ်မသက်မသာ ဖြစ်လာတော့သည်။ သူက ဖုန်းကို ကျိကောလက်ထဲ ထည့်ပေးရင်း သက်ပြင်းချလိုက်သည်။ 


"ကောရဲ့ ပရိသတ်တွေက ကျွန်တော်နဲ့ ပတ်သက်ပြီး အရမ်းကို ကာကွယ်နေကြတာပဲ တကယ်လို့ အနာဂတ်မှာ ကျွန်တော်တို့သာ come out လုပ်ရင် သူတို့တွေ အရမ်း ဝမ်းနည်းသွား‌လောက်မယ်နော်..." 


"ဒီအကြောင်းတွေ တွေးမနေနဲ့ အကုန် ကိုယ့်တာဝန်သာ ထားလိုက် ..." 


ကျိမြန်က သူ့ကို ပွေ့ဖက်ကာ ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။ 


"ကိုယ်တို့က ကိုယ့်အတွက်ကိုယ် ရှင်သန်နေတာလေ တစ်ခြားသူအတွက် မဟုတ်ဘူး ..." 


"ဟုတ်တယ် ကျွန်တော်တို့သာ ဖွင့်မပြောရင် သေချာပေါက် ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မှာပဲ ဒါပေမယ့် ကျွန်တော်က ငြိမ်းငြိမ်းချမ်းချမ်း‌ နေရဖို့ထက် ပွင့်ပွင့်လင်းလင်း နေရတာကို ပိုပြီး အားသာတယ် လုံခြုံတဲ့ဘဝမှာ နေနိုင်ဖို့အရေး ကောကို အမှောင်ထဲ ဖွက်မထားချင်ဘူး နေရောင်အောက်မှာ လက်ချင်းတွဲပြီး အတူတူ လမ်းလျှောက်ချင်တာ တစ်ခြားသူတွေ ဘယ်လို ထင်မလဲ ဆိုတာက တကယ် အရေးမကြီးဘူး ..." 


ရှောင်ကျားရှုက သူ့နှလုံးသားထဲရှိ သိမ်းဆည်းထားသော အမှန်တရားတို့ကို မတော်တဆ ထုတ်ပြောမိသွားတော့သည်။ 


ကျိမြန်က သူ့နဖူးကို ငုံ့နမ်းကာ အက်ကွဲစွာ ပြောလိုက်၏။ 


"အိုကေ မင်း ကြိုက်တဲ့ပုံစံအတိုင်းပဲ အမြဲတမ်း နေသွားကြမယ် ..." 


နောက်ခုံတွင် ထိုင်နေသည့် ဖန်ခွင်းမှာ ထိတ်လန့်မှုတို့ လွှမ်းခြုံသွားတော့၏။ 


ကျိမြန်ကို ပြောလိုက်တဲ့ ရှောင်ကျားရှုရဲ့ စကားတွေကိုပဲ ကြည့်မနေနဲ့ဦး ကျိမြန်မှာ အနာဂတ်အတွက် အစီအစဉ်မရှိဘူးလို့ ထင်ရနိုင်ပေမယ့် သူက ဟိုးအရင်ကတည်းက ဒီလိုမျိုး ပြောခဲ့ဖူးပြီးသား အဲဒီ့အချိန်တုန်းကဆို ပွဲဦးထွက်ပြီး နာမည်တောင် မကြီးသေးဘူး စာချုပ်ချူပ်ပြီးပြီးချင်း အလန့်တကြားဖြစ်အောင် လုပ်လိုက်တာလေ 


"ကျွန်တော်က ဂေးတစ်ယောက် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အနှေးနဲ့ အမြန် come out လုပ်မှာ ဒီဟာအတွက် ကြိုပြီး ပြင်ဆင်ထားပေး ... နာမည်ကြီးလာတာနဲ့ come out လုပ်မှာ လုံးဝ စိတ်ကူးပြောင်းမှာ မဟုတ်ဘူး ... ဘာလို့လဲ သိလား....ဘာလို့ဆို လွတ်လွတ်လပ်လပ် နေချင်လို့ ..." 


ယခုမှသာ ဖန်ခွင်းလည်း ကျိမြန် ဘာကြောင့် ရှောင်ကျားရှုနှင့် ချစ်ကြိုက်သွားကြောင်း သဘောပေါက်သွားတော့သည်။ သူတို့နှစ်ဉီးလုံးမှာ လုံးဝ ကိုက်ညီနေကာ တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ပြီဖြစ်သော စက်ဝိုင်းခြမ်းနှစ်ခုနှယ်ပင်။ ထိုမှတ်ချက်ကဏ္ဍကို ထိန်းချုပ်နေသူများမှာ အမာခံ CP fan များ ဖြစ်ကြောင်းကိုတော့ လုံးဝ ပြောပြမည် မဟုတ်ချေ။ အချို့သော ဦးနှောက်မရှိသည့်ပရိသတ်များကြောင့် သံသယအဝင်ခံရကာ ကျိမြန်နှင့် ရှောင်ကျားရှုတို့ ခွါပြဲသွားမည်ကို စိုးရိမ်သဖြင့် Weibo တွင် နေ့စဉ် အခြေချနေထိုင်နေကြရခြင်း ဖြစ်ပေသည်။ 


ဒါကလည်း CP အဖွဲ့ပဲလား မြေအောက်

အဖွဲ့ပဲ ဖြစ်ရမယ် ... 



ဖန်ခွင်းက ခေါင်းကို ယမ်းလျက် တီးတိုး ‌ရယ်မောလိုက်သည်။ 


ကျိမြန်ကလည်း အနည်းငယ် ပြုံးရိပ်လွှမ်းနေသော အကြည့်တို့ဖြင့် သူ့ကို ပြန်ကြည့်လိုက်၏။ 



Xxxxxxx