အပိုင်း ၁၇၆
Viewers 46k

Chapter 176





ဟိုတယ်သို့ ပြန်ရောက်လာပြီးနောက် ကျိမြန်က သူ့ပရိသတ်များ ပေးလာသည့် လက်ဆောင်ဘူးကို စစ်ဆေးရန် သက်တော်စောင့်များ လက်ထဲသို့ ထည့်လိုက်သည်။ အလွန်အမင်း သတိကြီးကြီး ထားလွန်းနေသည့်အပေါ် သူ့ကိုလည်း အပြစ်‌တင်၍မရ၊ သူ စတင် ကျော်ကြားလာခဲ့စဉ်က Anti များထံမှ ဓားများ ရရှိခဲ့ဖူးကာ ကျန်စတားများသည်လည်း အလားတူဖြစ်ရပ်များစွာကို ကြုံတွေ့ခဲ့ရပေသည်။ အဆိပ်ခတ်၊ ခြိမ်းခြောက်ကာ နောက်ယောင်ခံလိုက်ခြင်းတို့ကဲ့သို့သော နည်းလမ်းမျိုးမှာ ရေတွက်၍ပင် ကုန်နိုင်မည် မဟုတ်ချေ။ 


ယခု သူသည် တစ်ယောက်တည်း မဟုတ်တော့သည့်အတွက် လုံခြုံရေးကို ပိုပြီး အလေးထားရပေတော့မည်။ တစ်ခုခုကို ငြိတွယ်လာသည်နှင့် တစ်ပြိုင်နက် ထိန်းမရသိမ်းမရသူများသည်ပင်လျှင် အလိုအလျောက် သတိကပ်လာကာ မည်သည့် မတော်တဆမှုကိုမှ အဖြစ်ခံတော့မည် မဟုတ်ချေ။ ၎င်းမှာလည်း မိမိ၏ လုံခြုံရေးအတွက်မဟုတ်၊ ချစ်ခင်ရသူများကို လောကအလယ်တွင် တစ်ယောက်တည်း ချန်ထားခဲ့ရမည်အား မလိုလား၍ ဖြစ်ပေသည်။ 


"စစ်ဆေးချက်ရလဒ်တွေ ထွက်လာပြီလား ..." 


ရှောင်ကျားရှုက ဇာတ်ညွှန်း ပြန်ဖတ်နေသူ၏ ပေါင်ပေါ် ထိုင်နေရင်း ပျင်းတိပျင်းရွဲဖြင့် မေးလိုက်သည်။ 


"သိပ် မကြာခင် ပြီး‌မယ်ထင်တယ် ရှေ့လျှောက် ပရိသတ်တွေဆီကနေ ဒီလို လက်ဆောင်ဘူးတွေ ရခဲ့မယ်ဆိုရင် မဖွင့်ခင် လုံခြုံရေးကို အရင် စစ်ကြည့်ခိုင်းနော် ..." 


ကျိမြန်က သူ့ကောင်လေး၏ ချောမွေ့လှသည့် ဆံနွယ်တို့ကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။ 


"နားလည်ပါပြီ ကျွန်တော်လည်း ဒီအရွယ်လေးနဲ့ မသေချင်သေးဘူး ..." 


ရှောင်ကျားရှုက ခေါင်းကို အသာယမ်းပြလိုက်သည်။ 


"ဘာလို့ သေလို့ မရသေးတာလဲ အရမ်း နာမည်ကြီးနေလို့လား ..." 


ကျိမြန်က ခပ်တိုးတိုး ရယ်မောရင်း မေးလိုက်သည်။ 


"ကျွန်တော်သေရင် ကော ဘာလုပ်မလဲ ..." 


ကမ္ဘာ့အခက်ခဲဆုံး ပုစ္ဆာတစ်ပုဒ်ကို စဉ်းစားနေရသည့်နှယ် မျက်မှောင်ကိုကြုတ်ကာ မေးလိုက်၏။ သူသည် ကျိကောထက် တစ်ရက်နောက်ကျပြီး သေဆုံးနိုင်ရန် မျှော်လင့်ထားပေသည်။ သို့မှသာ ကျိကောကို သူ့လက်ဖြင့် ကိုယ်တိုင် မြှုပ်နှံပေးနိုင်မည်ဖြစ်သည်။ သင်္ချိုင်းမြေကို နှစ်ယောက်စာ ဝယ်ကာ အုတ်ဂူကို ဦးစွာ တည်ဆောက်ပြီး တမလွန်ဘဝသို့ ရောက်သွားသည့်တိုင် ကျိကောနှင့် အတူဆက်ရှိနေလိုသည်။ သူ့အသက်မှာ ၂၀ သာ ရှိသေးရာ သေပြီး‌နောက်ပိုင်း ကိစ္စရပ်များကို စဉ်းစားရန် ငယ်ရွယ်သေးသော်လည်း မစဉ်းစား၍ မရချေ။ သူနှင့် ကျိကောသည် တစ်ဘဝလုံးစာအတွက် တစ်ယောက်တည်းကိုသာ လက်တွဲသွားမည်ဟု ဆုံးဖြတ်ထားကြသူများဖြစ်သည်။ ပျိုမြစ်စဉ်မှ အိုမင်းကာ သေဆုံးသည်အထိ အတူတူ ကြီးပြင်းသွားကြမည်ဖြစ်ရာ ဘဝသက်တမ်းတစ်ခုဟူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်လွန်သွားတော့မည် ဖြစ်ပေသည်။ 


ပျော်ရွှင်ရသည့် အချိန်တို့သည် အမြဲလိုလို အလျင်အမြန် ကုန်ဆုံးသွားတတ်သော်ငြား ၎င်းမှာ အုတ်ဂူထဲတွင် ကုန်ဆုံးသွားခြင်းသာ ဖြစ်ပြီး သူနှင့် ကျိကော၏ နှလုံးသားထဲတွင်မူ လုံးဝ ကွယ်ပျောက်ခြင်း မရှိဟု ယုံကြည်ထားပေသည်။ 


အတွေးတို့အကြား နစ်မြောနေစဉ် ကျိမြန်ကလည်း ဖတ်လက်စ ဇာတ်ညွှန်းစာရွက်ကိုချကာ သူ့ဆံပင်တို့အား လက်ငါးချောင်းဖြင့် ထိုးဆွ၍ အသာအယာ ပွတ်သပ်ပေးနေလိုက်သည်။ သူ့အမူအယာမှာ တစ်စထက်တစ်စ ပိုမိုနူးညံ့ညင်သာလာတော့၏။ နောက်ဆုံးတွင် သူ့ကောင်လေး၏ ပန်းနုရောင် နှုတ်ခမ်းပါးကို ငုံ့နမ်းကာ နှစ်ထောင်းအားရစိတ်တို့ကို လွတ်မြောက်ခွင့် ပေးလိုက်တော့သည်။ 


သက်တော်စောင့်က စစ်ဆေးပြီးဖြစ်သော ‌လက်ဆောင်ဘူးကို ယူလာကာ ခေါင်းယမ်းပြလိုက်သည်။ 


"ဒါက အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ မဟုတ်ပါဘူး သိုးမွေးဦးထုပ် တစ်လုံးပါ ..." 


"ကျေးဇူးတင်ပါတယ် ပင်ပန်းသွားရပြီ ..." 


ကျိမြန်က ဘူးကိုယူကာ မတ်တပ်ရပ်နှင့်နေပြီဖြစ်သည့် ချစ်သူလေး လက်ထဲ ထည့်ပေးပြီး နှစ်သက်မှုအပြည့်ဖြင့် ပြောလိုက်သည်။ 


"အိုကေ မင်းရဲ့ လက်ဆောင်ကို ဖွင့်ကြည့်လို့ ရပါပြီ ..." 


ထိုသိုးမွေးဦးထုပ်သည် ဈေးကြီးသည့် တံဆိပ်မှ ဖြစ်ပါလျှင် ပြန်ပေးမည်ဟူသော အကြံဖြင့် ရှောင်ကျားရှုက ဘူးကို ‌ဖြည်းဖြည်းချင်း ဖြည်နေလိုက်သည်။ အကယ်၍ ကိုယ်တိုင် ဖန်တီးထားသည့် သိုးမွေးဦးထုပ် ဖြစ်ပါလျှင်မူ လက်ခံမည်ဖြစ်သည်။ ဘူးကို ဖွင့်ကြည့်လိုက်သည့်အခါ အထဲရှိ ဦးထုပ်မှာ ပရိသတ်က ကိုယ်တိုင် ဖန်တီးပေးထားခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။ တံဆိပ်ကတ်ပြား မပါ၊ ပုံစံမှာ ထူးကဲကာ ဦးထုပ်၏ အစွန်းမှာ အညိုရောင်ဖြစ်ပြီး ထိပ်ဖျားတွင် အစိမ်းရောင်သစ်ရွက် အများအပြားကိုလည်း ထည့်ချုပ်ပေးထားသည်။ အနည်းငယ် ကြည့်ရဆိုးသော်ငြား ဆောင်းကြည့်လိုက်သည့် အခါတွင်မူ အနည်းငယ် ချစ်စရာကောင်းလှပေသည်။ 


"ကျိကော ကြည့်လိုက်ပါဦး ..." 


ဦးထုပ်ကို ဆောင်းကြည့်ပြီးနောက် ရှောင်ကျားရှုက ခေါင်းကို ဘယ်ညာယမ်းကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။ ဤကဲ့သို့သော ကာတွန်းဦးထုပ်မျိုး ဝတ်ထားသည့်အခါ သူ၏ ချစ်စရာကောင်းမှုက ပို၍ပင် ပေါ်လွင်များပြားလာတော့သည်။ 


"ကျွန်တော့်ဖုန်းနဲ့ ဓာတ်ပုံ ရိုက်ပေးပါဦး Weibo ပေါ် တင်ချင်လို့ ..." 


ရှောင်ကျားရှုက သူ့ဖုန်းကို လှမ်းပေးလိုက်သည်။ ခေါင်းကို ယမ်းလိုက်လေတိုင်း သစ်ရွက်လေးများ လှုပ်ရှား‌သွားသည့်မှာ သစ်ပင်ပေါက်စလေးနှင့် တစ်ပုံစံတည်းပင်။


ကျိမြန်က သူ့ကို တစ်ခဏမျှ ပြုံးကာ စိုက်ကြည့်နေပြီးကာမှ ရှုထောင့်အမျိုးမျိုးပြောင်းကာ ဓာတ်ပုံရိုက်ပေးလိုက်တော့သည်။ 


[ဒီနေ့ လက်ဆောင်လေးတစ်ခု ရလာခဲ့တယ် သစ်ပင်ပုံစံ ဦးထုပ်လေး ... လက်ဆောင်အတွက် ချစ်ရတဲ့ သစ်စေ့လေးတွေကို အများကြီး ကျေးဇူးတင်ပါတယ် ဘဝမှာ ကောင်းကောင်း နေထိုင်ချင်ရင် ခေါင်းပေါ်ကို အစိမ်းရောင်တစ်ချို့ တင်ထားသင့်တယ်နော် ဘာပြဿနာမှ မရှိဘူး သိလား] 


သူ့ပို့စ်ကို မြင်လိုက်ရသည့် သစ်စေ့လေးများအားလုံး အားရပါးရ ရယ်မောလိုက်ကြတော့၏။ 


ဘုရားရေ သစ်ပင်ပုံစံ ဦးထုပ်က ရှောင်ကျားရှုလည်း ဆောင်းလိုက်ရော ချစ်စရာလေးပါ့လား ... 


ကျိမြန်က ထိုပို့စ်ကို ချီးကျူးကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


"ကိုယ် မင်းကို သုံးရက်တောင် ကြည့်ရှုစောင့်ရှောက်ထားတာ မင်းက ပြဿနာ ရှာတယ်ပေ့ါ ဦးထုပ်စိမ်းဆောင်းတာက မကောင်းဘူး မဟုတ်လား ..." 


"ဒါဆိုလည်း ကျွန်တော့်ကို ရိုက်လိုက်လေ..." 


ရှောင်ကျားရှုက ဆိုဖာပေါ် ခုန်ချကာ ကျိကောကို နောက်မှ သိုင်းဖက်လျက် ပါးချင်းအပ်ပြီး ရှက်ရိပ်သန်းစွာ ပြောလိုက်သည်။ 


"ကျွန်တော့်ကို ဟိုဟာနဲ့ ရိုက်ပေး ..." 


"ဘယ်ဟာလဲ ..." 


သူ့ကို လှည့်ကြည့်လာသည့် ကျိမြန်၏ မျက်ဆန်တို့မှာ မင်ရောင်သဖွယ် မည်းမှောင်နေသည်။ 


"ဟိုဟာ ..." 


ရှောင်ကျားရှုမှာ အနည်းငယ် စိတ်လှုပ်ရှား ကြောက်ရွံ့နေဟန်။ ကျိမြန်၏ နားနားသို့ကပ်၍ တီးတိုး ပြောလိုက်၏။ သူ့လေသံမှာ မကြားရလောက်အောင်ပင် တိုးညှင်းနေသော်ငြား ရှုထုတ်လိုက်သည့် လေငွေ့တို့မှာမူ လွန်စွာ ပူပြင်းနေပေသည်။ 


ကျိမြန်က လည်စည်းကို ဖြည်ချရင်း မသဲမကွဲ ပြောလိုက်သည်။ 


"မင်းက အရိုက်ခံရမှာ မဟုတ်ဘဲ f..k ခံရဖို့ လိုနေတာ ..." 


ထိုသို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ရှောင်ကျားရှုကို ပွေ့ချီကာ အိပ်ခန်းထဲ ဝင်သွားလိုက်တော့၏။ တစ်ညလုံး အရိုင်းဆန်လှသည့် ရာဂနွံကြား နစ်မြောကာ ပုံစံအမျိုးမျိုး စမ်းသပ်ရင်း တစ်ယောက်၏ ခန္ဓာကိုယ်ကို ကျန်တစ်ယောက်က အဆက်မပြတ် စူးစမ်းလေ့လာခဲ့ကြသည့်အတွက် နောက်တစ်နေ့မနက်တွင် လေယာဉ်ချိန်ကိုပင် လွတ်လုမတတ် ဖြစ်သွားတော့သည်။ 


ပေကျင်းကို ရောက်သည့်အချိန်မှာ ည၁၂ နာရီနီးပါးပင် ရှိနေပြီဖြစ်သည်။ လေယာဉ်ပေါ်မှ ဆင်းလာပြီးနောက် မနီးမဝေးတွင် အေးစက်သည့် အမူအယာဖြင့် သူတို့ကို စိုက်ကြည့်နေသော ရွှယ်မြောင်ကို တွေ့လိုက်ရတော့သည်။ သူမ၏ နောက်တွင်မူ ရှို့ချန်ယုက လည်ပင်းကို လက်ဖြင့် လှီးပြကာ အခြေအနေ မကောင်းလှဟု အရိပ်အယောင် ပြနေပေသည်။ 


"မား ဘယ်လိုဖြစ်လို့ ဒီရောက်နေတာလဲ ..." 


ရှောင်ကျားရှုက တစ်ခဏမျှ ဝေဝါးသွားကာ နှုတ်ဆက်လိုက်သည့် သူ့လေသံမှာလည်း အနည်းငယ် ပျာယာခတ်နေဟန်ပင်။ 


ဘယ်လို ဝန်ခံရမလဲ စဉ်းစားနေတုန်းပဲ ရှိသေးတယ် အမေက သူနဲ့ ကျိကောအကြောင်း သိသွားပြီထင်တယ် ဘယ်လိုလုပ်ရမလဲ ... 


"ခရီးဆောင်အိတ်ကို ရှောင်ကျိုးလက်ထဲ ထည့်ခဲ့ ပြီးရင် ကားထဲဝင်ပြီး စောင့်နေ ခဏနေ လိုက်လာခဲ့မယ် ...." 


ရွှယ်မြောင်က သားဖြစ်သူကို စကားပြောခွင့်ပင် မပေး။ ကျိမြန်ကိုသာ ခေါင်းဆတ်ပြလိုက်သည်။ 


"သီးသန့် ပြောကြရအောင် ..." 


"ဟုတ်ကဲ့ပါ အန်တီရွှယ် ..." 


ကျိမြန်က သူ့ကောင်လေးကို စိတ်အေးအေးထားရန် အချက်ပြလိုက်ပြီးကာမှ သူမ နောက်သို့ လိုက်သွားလိုက်သည်။ 


ရှို့ချန်ယုက လိုက်သွားလိုသည့် ရှောင်ကျားရှုကို ဆွဲထားရင်း တီးတိုးပြောလိုက်သည်။ 


"လိုက်မသွားနဲ့ မင်းအမေက စိတ်ဆိုးနေတာ ကျိမြန်က နည်းလမ်းတစ်ခုခု ရှာလိမ့်မယ် လိမ်လိမ်မာမာလေး ထိုင်စောင့်နေ သွားရအောင် အန်ကယ်ရှို့က အိတ်တွေ ကူသယ်ပေးမယ် ..." 


ထိုသို့ ပြောရင်းပင် သူ့ကို ဆွဲခေါ်သွားလိုက်တော့သည်။ 


"ဟေး နိုး ဘယ်လိုဖြစ်ပြီး အမေက သိသွားရတာလဲ သူမကို ဘယ်သူ လက်ထောက်ချလိုက်တာလဲ ..." 


ရှောင်ကျားရှုမှာ ဒေါသထွက်လွန်း၍ မျက်ဆန်များပင် နီရဲလာတော့သည်။ 


"မင်းတို့နှစ်ယောက်က အင်တာဗျုးအစီအစဉ်မှာတောင် ကလူကျီဆယ်နေကြတာလေ ဘယ်လိုလုပ်ပြီး သတိမပြုမိဘဲ နေမှာလဲ သူမက ကျိမြန်အကြောင်း မသိဘူးပဲထား မင်းအကြောင်းကို မသိဘဲ နေမလား မင်းခေါင်းပေါ်မှာ ဆံပင် ဘယ်နှပင်ရှိလဲတောင် သိတဲ့သူကို မေးနေလည်း အသုံးမဝင်ဘူး ဘာဆက်လုပ်မလဲသာ စဉ်းစားထား  ..." 


ရှို့ချန်ယုက ခေါင်းကိုယမ်းကာ သက်ပြင်းချလိုက်သည်။ 


ကျိမြန်က ရှောင်ကျားရှုကိုတောင် တိတ်တိတ်လေး သိမ်းသွင်းထားရဲတယ် တကယ်ကို အကြောက်အလန့်ကင်းပြီး သတ္တိရှိလိုက်တာ ရွှယ်မြောင်က သူ့ကို ဘယ်လို ကိုင်တွယ်မလဲ မသိဘူး သူမရဲ့ နောက်မှာ ရှောင်တင်းပန်းနဲ့ ရှောင်ချီကျဲလည်း ရှိနေသေးတယ် အိုက်ယား ကံဆိုးမှုတွေနဲ့ ပြည့်နေမယ့် အနာဂတ်ကြီးပါ့လား ... 


လူရှင်းသည့် ထောင့်နားတစ်နေရာသို့ ရောက်သည့်အခါ ရွှယ်မြောင်က ဆေးလိပ်တစ်လိပ်ကိုထုတ်ကာ ပါးစပ်ဖြင့် ကိုက်လိုက်၏။ အိတ်ထဲရှိ မီးခြစ်ကို ထုတ်တော့မည့်အချိန်တွင် ကျိမြန်က မီးခြစ်ကို မီးညှိကာ အလွန်ရိုသေလေးစားဟန်ဖြင့် သူမ၏ အရှေ့သို့ မြှောက်ပေးလိုက်သည်။ 


"မင်းရော တစ်လိပ်လောက် ယူဦးမလား ..." 


သူမက လက်ထဲရှိ ဆေးလိပ်ဘူးကို လှုပ်ယမ်းပြရင်း မေးလိုက်သည်။ 


"မယူတော့ပါဘူး ကျွန်တော် ဆေးလိပ်ဖြတ်ထားပြီးပြီ ..." 


ကျိမြန်က တစ်ခုခုကို တွေးနေသည့်ဟန်၊ သူ့မျက်ဝန်းတစ်ခုလုံး နူးညံ့မှုတို့ ပြည့်လျှမ်းသွားတော့သည်။


ရွှယ်မြောင်က ဒေါသတကြီးဖြင့် အော်ဟစ်ကြိမ်းမောင်းခြင်း အလျဉ်းမရှိဘဲ အေးစက်စွာ ပြောလိုက်သည်။ 


"အခုတလော ဘာလို့ အန်တီရွှယ်လို့ အခေါ်ခံနေရပါလိမ့် စဉ်းစားနေတာ မထူးဆန်းတော့ပါဘူး မိသားစုထဲက ရှောင်ရှုရဲ့‌ နေရာနဲ့ ပတ်သက်ပြီး ငါ အရမ်း စိုးရိမ်ခဲ့ရတာ ကျိမြန် ဘယ်သူနဲ့ တွဲတယ်ဆိုတာက မင်းရဲ့ လွတ်လပ်ခွင့်ပါ ဒါပေမယ့် ငါတို့ရှောင်ရှုကိုတော့ ထိခိုက်စေလို့ မရဘူးလေ ..." 


ကျိမြန်က သူမစကားကို ဖြတ်ပြောလိုက်သည်။ 


"အန်တီရွှယ် ကျွန်တော့်ကို ဆူချင်ဆူ ရိုက်ချင်ရိုက် ကြိုက်တာလုပ်ပါ ဒါပေမယ့် ရှောင်ရှုနဲ့ လမ်းခွဲခိုင်းရင်တော့ ကျွန်တော် ဘယ်လိုနည်းနဲ့မှ သဘောတူမှာ မဟုတ်ပါဘူး ..." 


"မင်းက အတော်‌လေး ခေါင်းမာတာပဲ ..." 


သူမ၏ ဒေါသဒီကရီတို့ ရုတ်ချည်း မြင့်တက်လာတော့သည်။ 


"ကျွန်တော်က ခေါင်းမာတာ မဟုတ်ဘဲ ဇွဲကောင်းတာပါ အန်တီရွှယ် ရှောင်ရှုက အန်တီရဲ့ ထားရာနေ စေရာသွားရမယ့်သူ မဟုတ်ဘူးလေ သူ့မှာလည်း သူ ဘယ်လိုဘဝမျိုးကို လိုချင်လဲဆိုတာ ရွေးချယ်ခွင့်ရှိ ..." 


"အခု ဒီလိုဘဝမျိုးက သူလိုချင်တဲ့ ဘဝမျိုးပါလို့ မင်း အာမခံနိုင်လား သူက အခုမှ လူ့လောကထဲ ရောက်လာကာစပဲ ရှိသေးတယ် မင်းသာ သူ့ကို လမ်းမှားရောက်အောင် သွေးမဆောင်ခဲ့ရင် သူက ဒီလမ်းကြောင်းကို ရွေးမှာတဲ့လား ငါ ပြောလိုက်မယ် ရှေ့လျှောက် ရှောင်ရှုနဲ့ နီးစပ်ဖို့ မကြိုးစားနဲ့ မဟုတ်ရင် မင်း တရုတ်ပြည်ကို ပြန်လာမိတာ နောင်တရအောင်ကို လုပ်ပေးလိုက်မယ် ..."



သူမက စကားကြမ်းတို့ဖြင့် တိုက်ခိုက်ရင်း ဒေါသတကြီး လှည့်ထွက်သွားလိုက်သည်။ 


ကျိမြန်က သူမ၏ နောက်ကျောကို စိုက်ကြည့်ရင်း မခိုးမခန့် ပြုံးလိုက်သည်။ ရှို့ချန်ယု၏ အကူအညီ၊ သူ့ကိုယ်ပိုင်အရည်အချင်းတို့၏ ကျေးဇူးကြောင့် ယခုလက်ရှိ အနေအထားသို့ ရောက်ရှိလာပြီဖြစ်ရာ ရွှယ်မြောင်၏ ခြိမ်းခြောက်မှုကို ကြောက်နေရန် မလိုအပ်တော့။ သို့သော် ရှောင်ရှု၏ မိသားစုဖြင့် ပြဿနာ မဖြစ်လို။ အကယ်၍ ပြဿနာ ဖြစ်ခဲ့ပါလျှင် ဝမ်းအနည်းရဆုံးလူမှာ သူမဟုတ်၊ နှစ်ဖက်ကြား ဗျာများနေရမည့် ရှောင်ရှုပင် ဖြစ်ပေလိမ့်မည်။ 


ထိုသို့ တွေးကာ သူ့ချစ်သူလေးကို ချက်ခြင်း စာတစ်စောင် ပို့လိုက်သည်။ 


[ပေါင်ပေ့လေး အမေနဲ့ စကားမများနဲ့နော် သူမ ဘာပြောပြော နားပဲ နားထောင်နေလိုက် ကိုယ့်မှာ အစီအစဉ်တွေ ရှိနေပြီးသား ကိုယ့်ကို ယုံတယ် မဟုတ်လား .] 


ရှောင်ကျားရှု၏ ဖုန်းကို ကျိုးလျန်လျန်က သိမ်းထားပေသည်။ အထူးသီးသန့်ထားထားသည့် အချက်ပေးသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ရှောင်ကျားရှုက သူ့ကို တိုက်ခိုက်ကာ ဖုန်းလုရန် ကြိုးပမ်းတော့၏။ ကျိုးလျန်လျန်မှာ ဒုတိယသခင်လေးကိုလည်း ကလန်ကဆန် မလုပ်ရဲ၊ ဒေါသထွက်နေသည့် နတ်ဆိုးကိုလည်း ရန်မစရဲသည့်အတွက် ဖုန်းကို ရင်ခွင်ထဲ ပိုက်လျက် စူးစူးဝါးဝါး အော်ဟစ်ရုံသာ ရှိပေတော့သည်။ 


"မစ္စတာရှို့ရေ ကျွန်တော့်ကို ကယ်ပါဦး ဒုသခင်လေးက ရူးသွားပြီ ... အား ...  ကျွန်တော့်လက်ကို ကိုက်‌ဆွဲနေတယ် ..." 


ရှို့ချန်ယု၏ မျက်နှာတစ်ခုလုံး မည်းမှောင်ကာ သူ့ကိုသာ တိတ်တဆိတ် ဖျောင်းဖျလိုက်တော့သည်။ 


"ကြည့်ခိုင်းလိုက်စမ်းပါကွာ တိတ်တိတ်လေး ခိုးကြည့်တော့ ဘာဖြစ်သွားတာမှတ်လို့ ..." 


"ဒါ ငါ့ဖုန်းလေ ဘာလို့ သိမ်းသွားတာလဲ အခုချက်ခြင်း ပြန်ပေး ကျိုးလျန်လျန် မင်းကို အလုပ်ထုတ်လိုက်ပြီ အခုချက်ခြင်း ဒီနေရာကနေ ထွက်သွားတော့ ..." 


ရှောင်ကျားရှုက ခြိမ်းခြောက်လိုက်သည်။ 


"ဒုသခင်လေးရေ အခုလောလောဆယ်မှာ ကျွန်တော့်ရဲ့ လစာကို ရွှယ်ကျဲက ပေးတာပါ ဒါကြောင့် သခင်လေးမှာ ကျွန်တော့်ကို အလုပ်ထုတ်ပိုင်ခွင့် မရှိပါဘူး ..." 


ကျိုးလျန်လျန်က နှုတ်လှန်ထိုးနေလိုက်သည့်တိုင် ဖုန်းကိုလည်း ပြန်ပေးလိုက်ရတော့သည်။ မပေး၍လည်း မရ။ သို့မဟုတ်ပါလျှင် သူ၏ သနားစရာကောင်းလောက်အောင် နည်းပါးလှသော ဆံပင်အားလုံး ဒုသခင်လေး၏ လက်ချက်ကြောင့် မျိုးတုံးသွားတော့မည်ဖြစ်သည်။ 


ရှောင်ကျားရှုက chat page ကို ရတနာသဖွယ် ဖွင့်ကြည့်ကာ စာအချို့ကို ခက်ခက်ခဲခဲ ပြန်ပို့လိုက်သည်။ 


[ကျိကော ကျွန်တော် ကောကို သေချာပေါက် ယုံတာပေါ့ ကျွန်တော်လည်း ဘယ်တော့မှ အရှုံ

းမပေးဘူး ] 


သူ နောက်ထပ် စာအချို့ ထပ်ပို့ရန် ကြံစည်နေကြောင်း တွေ့လိုက်ရသည့်အခါ ရှို့ချန်ယုက ရေးကြီးသုတ်ပျာ ပြောလိုက်၏။ 


"ဖုန်းပေးတော့ မင်းအမေ ပြန်လာနေပြီ ..." 




Xxxxxx