အပိုင်း ၁၈၆
Viewers 44k

Chapter 186






ရွှယ်မြောင်က သူမ၏ သားသည် ဤကိစ္စမျိုးကို ကိုယ်တိုင် ကြံစည်တတ်မည်မဟုတ်၊ သရုပ်ဆောင်တစ်ဦး အနေဖြင့် ဒါရိုက်တာ တောင်းဆိုလာသည်ကို လုပ်ရန်မှအပ မည်သည့်အကြောင်းပြချက်မှ မရှိကြောင်း သိနေပေသည်။ သို့သော် ထိုသို့ နားလည်သည့်တိုင် မသက်မသာ ခံစားနေရဆဲ ဖြစ်သည့်အတွက် လေသံခပ်ပြင်းပြင်းဖြင့် မေးလိုက်သည်။ 


"စာသားတွေရော မှတ်မိပြီလား ရိုက်ကူးရေးက မနက်ဖြန်ဆို စတော့မှာ ..." 


"ရပြီးပြီ ပြီးမှ ကျိကောနဲ့ လေ့ကျင့်လိုက်မယ် ..." 


‌ခေါင်းမော့ကြည့်လာသည့် ရှောင်ကျားရှု၏ မျက်ဝန်းတို့မှာ လွန်စွာ တောက်ပနေပေသည်။ 


ဟုတ်တယ် ကျိကောနဲ့သူ အတူတူရိုက်ရမယ့် အခန်းတွေမှ အများကြီး နောက်ပိုင်းကျ လေ့ကျင့်ရေးကို အကြောင်းပြပြီး ကျိကောနား ကပ်နေလို့ ရပြီ ကျိကောက အရမ်းကို ဉာဏ်ကောင်းတာပဲ ... 


ဒါပေမယ့် သမင်ဆယ်လှမ်း ကျားတစ်လှမ်းဆိုတဲ့ စကားပုံကလည်း အလကားမှ မဟုတ်တာ ... 


"မနက်ဖြန် ငါလည်း မင်းနဲ့အတူ သရုပ်ဆောင်ရမယ့် အခန်း ရှိတယ် ပြီးရင် ငါနဲ့ လာလေ့ကျင့်လှည့် ..." 


ရှောင်ကျားရှုက tablet ကို စားပွဲပေါ် ပစ်တင်ကာ နောက်ပြန်မှီချပြီး ခြေထောက်ချင်း ပွတ်ကာ ဖိနပ်ကို ချွတ်၍ အခိုင်အမာ ပြောလိုက်သည်။ 


"မလာဘူး ..."


ထိုင်နေရာမှတစ်ဆင့် လဲလျောင်းကာ လူးလှိမ့်ဆော့ကစားနေသည့် သားဖြစ်သူကို တွေ့လိုက်ရသည့်အခါ ရွှယ်မြောင်မှာ အမှန်တကယ်ပင် တုန့်ဆိုင်းသွားရတော့သည်။ သူ့ကို အဝေးသို့ ခေါ်ထုတ်သွားချင်သော်ငြား အသာတကြည် မလိုက်ပါလျှင် သက်တော်စောင့်များဖြင့် ဆွဲထုတ်စေ၍လည်းမရ၊ လူအမြင်တွင် ထူးဆန်းသွားပေလိမ့်မည်။ သားဖြစ်သူ၏ ဂုဏ်သတင်းကို ကာကွယ်ရမည့်အပြင် အခြားသူများက သူ့ကို ထူးဆန်းသည့် အကြည့်မျိုးဖြင့် ကြည့်ကြမည်ကိုလည်း လက်မခံနိုင်သည့်အတွက် ကျိမြန်ကို မကြိုက်သည့်တိုင် အများ၏ မျက်စိရှေ့တွင် မည်သို့မျှ မလုပ်နိုင်ချေ။ ကြွက်ကို ခြောက်လိုသော်လည်း ကျောက်စိမ်းပုလင်းကို တိုက်မိမည်အားလည်း စိုးရိမ်ရသည့်အတွက် အလျော့ပေးရုံသာ ရှိပေတော့သည်။ 


"အိုကေ ဒါဆို အရင်သွားနှင့်တော့မယ် ကျိမြန်ကို အရမ်း အနှောင့်အယှက် မပေးနဲ့ ဟုတ်ပြီလား ..." 


"သိပါပြီ ..." 


ရှောင်ကျားရှုက ဆိုဖာပေါ် လှဲနေရင်း ပြန်ဖြေလိုက်သည်။ 


သေတော့မည့်ဝက် ရေနွေးပူ မကြောက်သည့် သားဖြစ်သူ၏ ပုံစံကို မြင်နေရသော ရွှယ်မြောင်မှာ ဖိနပ်ကိုချွတ်ကာ ရိုက်လိုက်ချင်စိတ်များပင် တဖွားဖွား ထွက်ပေါ်လာတော့သည်။ တံခါးဝတွင် စောင့်နေသည့် ကျန်းချွမ်ကို တွေ့လိုက်သည့်အခါ အေးစက်စွာ ပြောလိုက်၏။ 


"မင်းကို ရှောင်ရှုနောက် ၂၄ နာရီလုံး လိုက်ခိုင်းထားတာ ဒါ မင်း ‌အလုပ်လုပ်တဲ့ ပုံစံလား ..." 


ကျန်းချွမ်က သူမကို နားမလည်နိုင်ဟန်ဖြင့် ပြန်ကြည့်လိုက်၏။ 


"အထဲဝင်ပြီး စောင့်ကြည့်နေ အပြင်ဘက် ရပ်မနေနဲ့ ..." 


"ဟုတ်ကဲ့ ..." 


သူက နာခံမှုအပြည့်ဖြင့် အထဲ ဝင်သွားလိုက်သည်။ 


ကျိမြန်က သူမကို တံခါးဝအနားထိ ယဉ်ယဉ်ကျေးကျေး လိုက်ပို့လိုက်သည်။ တစ်ဖက်သူ၏ လေးစားမှုရှိသည့် အမူအယာကြောင့် သူမ၏ ဒေါသစိတ်တို့ကိုလည်း ဖွင့်ဟပြ၍ မရတော့။ ဆောင့်ကြီးအောင့်ကြီးဖြင့်သာ ထွက်သွားလိုက်ရတော့သည်။ ခြေတစ်လှမ်း ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကျိမြန်က ချက်ခြင်း တံခါးကို လော့ချကာ သူကောင်လေး၏ တုန်ခါအား ပြင်းလှသော တင်ပါးကို ရိုက်လိုက်သည်။ 


"ဟုတ်ပြီ ဂိမ်းဆော့မနေနဲ့တော့ မင်းအမေ ပြန်သွားပြီ ..." 


"ဒုသခင်လေး မင်းအမေက မစ္စတာကျိနဲ့ မင်းကြောင်း သိသွားတာလား သူမကြည့်ရတာ ကြောက်စရာကြီး ..." 


မိတ်ကပ်ပြင်ပေးသူက နှစ်သက်ဖွယ် မျက်နှာဖြင့် လှည့်ကာ မေးလိုက်သည်။ ထိုသူမှာ အမေရိကန်တွင် ရှိစဉ်က ‌ကျိမြန်၏ တက်တူးကို ဒီဇိုင်းဆွဲပေးခဲ့သည့် ရှောင်လျန်ပင် ဖြစ်ပေသည်။ သူ၏ ပြောင်‌မြောက်လှသော ဆောင်ရွက်ချက်ကြောင့် တရားဝင် စာချုပ်ချုပ်ဆိုကာ ကျိမြန်၏ ကိုယ်ပိုင် မိတ်ကပ်ပြင်ပေးသူ ဖြစ်လာတော့သည်။ 


"ဟုတ်တယ် သူမက ငါ့ကို လှောင့်ချိုင့်ထဲ သော့ခတ်ပြီး ထည့်ထားချင်နေတာလေ ..." 


ထိုအကြောင်း ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရှောင်ကျားရှုလည်း လွန်စွာ ဒေါသထွက်လာတော့သည်။ 


"အားလုံး အဆင်ပြေသွားမှာပါ ကိုယ့်ကို ယုံတယ် မဟုတ်လား ... ဟမ် ..." 


ကျိမြန်က သူ့ကောင်လေး၏ ခြေဖဝါးကို ပွတ်သပ်ပေးရင်း မေးလိုက်သည်။ 


"ဆိုဖာပေါ် လှဲရင်း ဂိမ်းဆက်ဆော့နေဦးမှာလား ဒါမှမဟုတ် ကိုယ်နဲ့အတူ မိတ်ကပ်ပြင်မလား ဂိမ်းဆော့ဦးမှာဆို ကားထဲကနေ စောင်သွားယူပေးမယ် မင်းခြေထောက်တွေ မအေးအောင်လို့ ..." 


"သေချာပေါက်ကို မိတ်ကပ်လိုက်ပြင်မှာပေါ့ ဂိမ်းဆော့တာက အမေ့ရှေ့မှာ ဟန်ဆောင်ပြရုံလေးတင် ..." 


ရှောင်ကျားရှုက ပြုံးပြလိုက်သည်။ သူ့အမေကြောင့်သာ မဟုတ်ပါလျှင် ကျိကောအနားတွင် ခွေးသားရေတစ်ချပ်နှယ် ကပ်နေမည်ဖြစ်သည်။ 


သူနဲ့ မီတာအဝေးကြီးမှာ ထိုင်ပြီး tablet ကို ကြည့်နေမှာတဲ့လား ... 


နီမြန်းနေသည့် ပါးနှစ်ဖက်ကို ဖျစ်ညှစ်လိုက်သည့် ကျိမြန်၏ အကြည့်တို့မှာလည်း ချစ်ခင်နှစ်သက်စိတ်တို့ အပြည့်ပင်။ သူ့ဖိနပ်တို့ကို ကောက်ကာ တစ်ဖက်ချင်း ကူဝတ်ပေးလိုက်၏။ ထန်မင်းဆက်၏ ဖိနပ်များမှာ ဝတ်ဆင်ရန် မလွယ်ကူလှသည့်အပြင် သူ မဝတ်ဖြစ်တော့သည်မှာ ကာလကြာမြင့်လှပြီ ဖြစ်သည့်တိုင် စိတ်မရှည်ခြင်း အလျဉ်းမရှိ၊ ဒူးထောက်ထိုင်ချကာ သူ့ကောင်လေး၏ ခြေထောက်ကို ဒူးပေါ်တင်လျက် ဖိနပ်စီးပေးကာ ခြေအိတ်တို့ကိုပါ အနည်းငယ် ဆွဲဆန့်ပေးလိုက်သည်။ 


သူ့ကို နှောင့်ယှက်ရန် အလို့ငှာ ရှောင်ကျားရှုက ခြေချောင်းတို့ကို စောင်းကာ ခြေကျင်းဝတ်အား ဘယ်ညာ ယိမ်းလိုက်သော်လည်း စိတ်ဆိုးခြင်း အလျဉ်းမရှိ။ သဘောတကျသာ ရယ်မောလိုက်တော့သည်။ 


ရှောင်လျန်က သူတို့နှစ်ယောက်ကို မေးထောက်ကာ မနာလိုအားကျသည့် အကြည့်တို့ဖြင့် ကြည့်နေလိုက်သည်။ သူသည် အမေရိကန်တွင် ကောင်းစွာ နေသားကျကာ ထိတွေ့ဆက်ဆံရသမျှသူတိုင်းသည် ဖက်ရှင်နယ်ပယ်၏ ရှေ့ဆောင်လမ်းပြများ ဖြစ်သည့်အပြင် တိုးတက်နှုန်းမှာလည်း တရုတ်ပြည်ထက် သာလွန်သည့်တိုင် တရုတ်သို့သာ ပြန်လည်အခြေချခဲ့သည်။ ပထမတစ်ချက်မှာ သူ အထီးကျန်နေ၍ ဖြစ်ပြီး ဒုတိယတစ်ချက်မှာဤနှစ်ယောက်အနား ရှိနေရပါလျှင် ပျော်ရွှင်ရ၍ ဖြစ်သည်။ 


ထိုအခါမှ ကျိုးချွမ်လည်း ဘာကြောင့် မစ္စစ်ရွှယ်မြောင် ဒုသခင်လေးရှောင်ကို ၂၎ နာရီလုံး စောင့်ကြည့်ခိုင်းရကြောင်း သဘောပေါက်သွားတော့သည်။ 


ဒါပေမယ့် သူ စောင့်ကြည့်နေတော့ရော ဘာထူးမှာလဲ ဒီနှစ်ယောက်က မသင်္ကာမှုတွေကို ရှောင်နေမှာမှ မဟုတ်တာ သူတို့သာ စိတ်တိုင်းကျ ထုတ်ပြချင်နေရင် သူတို့ကို အပြေးသွားပြီး ခွဲပစ်လို့ ရမှာတဲ့လား ...


ထိုသို့တွေးပြီးနောက် သူ့စိတ်တို့ တည်ငြိမ်သွားကာ နံရံဘက်သို့သာ ခေါင်းလှည့်ထားလိုက်တော့သည်။ 


သူ့ချစ်သူလေးကို ဖိနပ်စီးပေးပြီးနောက် ဉာဏ်နီဉာဏ်နက်များကာ စိတ်အားထက်သန်လှသည့် မျက်ဝန်းတို့နှင့် ရင်ဆိုင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း နမ်းလိုက်မိတော့သည်။ ရှောင်ကျားရှုကလည်း သူ့လည်ပင်းကို ခိုတွဲကာ သူ၏ ညင်သာဂရုစိုက်မှုတို့ကို ခံစားသက်ဝင်နေလိုက်သည်။ 


"ထပ်နမ်းရင် ဒီနေ့ ဓာတ်ပုံရိုက်ဖို့ မိတ်ကပ်လိမ်းလိုက်ရတော့မှာကို မဟုတ်ဘူး ..." 


ချစ်ရသူ၏ နှုတ်ခမ်းပါးကို နှေးကွေးဆိုင်းတွစွာ လွှတ်ပေးရင်း ကျိမြန်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ 


ဟိုးအရင်က သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း ကြီးပါတယ်ဆိုပြီး ဂုဏ်ယူခဲ့သမျှက ရှောင်ရှုရှေ့ရောက်ရင် အကုန် အလကားပဲ ... 


"ဟုတ်သားပဲ ဓာတ်ပုံရိုက်ရဦးမှာပဲ ..." 


ရှောင်ကျားရှုမှာ ထိုအကြောင်း လုံးဝ မေ့လျော့နေဟန်ပင်။ နဖူးကိုရိုက်ကာ ပြောလိုက်သည်။ 


ကျိမြန်က သူ့နဖူးကို ကိုင်ထားရင်း ပြုံးလိုက်သည်။ အကြည့်တို့မှာလည်း ချစ်မြတ်နိုးစိတ်တို့ အပြည့်ပင်။ နှစ်ဦးသား ဘေးချင်းကပ်လျက် ထိုင်ကာ တစ်ဦး မိတ်ကပ်ပြင်နေသည်ကို ကျန်တစ်ဦးက စိတ်ဝင်တစား ကြည့်နေသည့်အတွက် လေထုတစ်ခုလုံး လွန်စွာ သဟဇာတ ဖြစ်နေလှသည်။ ရှောင်လျန်က ကျိမြန်ကို ဆံပင်အတု ကူစွပ်ပေးနေရင်း သူတို့ ပြောနေသည်များကိုလည်း တိတ်တဆိတ် နားစွင့်နေလိုက်သည်။ အကြောင်းအရာဟူ၍ မည်မည်ရရ မရှိ၊ ကြုံရာကျပန်း ပြောနေခြင်းသာ ဖြစ်သော်ငြား လွန်စွာ စိတ်ဝင်စားဖွယ် ကောင်းလှသည့်အတွက် ရံဖန်ရံခါတွင် သူပင်လျှင် တိတ်တခိုး ရယ်မောလိုက်မိတော့သည်။ 


"ကျိကော ဘဲစာကျွေးတုန်းကလေ ဘာလို့ အဲဒီ့လိုအသံမျိုး လုပ်ခဲ့တာလဲ ..." 


"ကိုယ်လည်း မသိဘူး တစ်ခါသားက လယ်သမားတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ဖူးတယ်လေ အဲဒါ ဆင်ခြေဖုံးဘက်ကို အတွေ့အကြုံယူဖို့ သွားတော့ အဲဒီ့က ဘဲမွေးတဲ့သူတွေက ဒါမျိုး လုပ်ကြလို့ ..." 


"ကော ဘဲစာကျွေးတိုင်း ကျွမ်းကျင်သူလို့ ခံစားနေရတာ မထူးဆန်းတော့ပါဘူး လေ့ကျင့်ထားတာကိုး အားလုံးက ပြောကြတယ် ကောက ကြမ်းတမ်းပြီး အဆင့်အတန်း မမြင့်ဘူး ပြီးတော့ ကျွန်တော်က ကောကို ဆွဲချခဲ့တဲ့သူတဲ့ ..." 


"ကိုယ်သာ အဆင့်အတန်း မမြင့်ရင် မင်းကို မော်ပြီးတောင် ကြည့်နိုင်ပါ့မလား ..." 


"ဟုတ်သားပဲ ဟားဟားဟားဟားဟား ... ဒါနဲ့ ကျိကော ကျွန်တော်<<Adventurers in the wilderness >> ရဲ့ ဒုတိယပိုင်းနဲ့ တတိယပိုင်းကို ကြည့်ပြီးပြီ ကောရော ကြည့်ပြီးပြီလား ..." 


"မကြည့်ပါဘူး မင်းမှ မပါတာ ဘာကြည့်စရာ ရှိမှာလဲ အဲဒီ့ရက်တွေထဲမှာ ခံစားခဲ့ရတာတွေကို ပြန်မစဉ်းစားချင်တော့ဘူး အရမ်းပင်ပန်းတယ် ..." 


"မခက်ခဲပါဘူး မခက်ခဲပါဘူး မွ မွ ..." 


ကျိမြန်ကို နှစ်ကြိမ်တိုင် နမ်းလိုက်ပြီးကာမှ တာဝန်သိစိတ် အပြည့်ဖြင့် ရှောင်လျန်ကို ပြန်လှည့်မေးလိုက်သည်။ 


"ငါ ဒီနှစ်နေရာကို နမ်းလိုက်မိသွားပြီ ကျိကောကို မိတ်ကပ်ပြန်လိမ်းပေးဖို့ မမေ့‌နဲ့နော် ..." 


ရှောင်လျန်က ပြုံးကာ ပြောလိုက်သည်


"ခဏနေကျရင် ပြန်ပြင်ပေးလိုက်ပါ့မယ် ဒါနဲ့ နောက်ထပ် နမ်းချင်လာရင်ရော ဘယ်လိုလုပ်မလဲ ..." 


"ဟုတ်သားပဲ ခဏခဏ ပြန်ပြင်နေရရင် အတော် ဒုက္ခများမှာနော်..." 


သူ့အကြောင်းသူ ကောင်းကောင်းသိနေသည့် ရှောင်ကျားရှုက သနားမိလာတော့သည်။ ရက်အတော်ကြာ ခွဲခွါခဲ့ရသည့်အတွက် ကျိကောသည် သူ့မျက်လုံးထဲတွင် ဧရာမရေခဲမုန့်ကြီး တစ်ခုနှယ်၊ တစ်ကိုက် ကိုက်ကြည့်၍လည်း အားမရ၊ နှစ်ကိုက်ကိုက်ကြည့်၍လည်း စားမဝ၊ လုံးဝ ပြောင်စင်သွားသည်အထိ စားသောက်ပစ်ချင်စိတ်တို့ မြိုသိပ်၍ မရနိုင်လောက်အောင်ပင် ထွက်ပေါ်လာတော့သည်။ 


ကျိမြန်မှာ မရယ်ဘဲပင် မနေနိုင်။ သူ့ကို ရင်ခွင်ထဲ ဆွဲထည့်ကာ ပွတ်သပ်ပေးရင်း အားရပါးရ ပြုံးလိုက်သည်။ 


"ပေါင်ပေ့ ဘာလို့ တအား ချစ်ဖို့ကောင်းနေရတာလဲ ဟင် ..." 


သူ့မျက်ဝန်းထဲတွင်လည်း ရှောင်ကျားရှုသည် အရောင်အသွေး စုံလင်လှသည့် ဧရာမ သကြားလုံး တစ်ခုနှယ်ပင်။ အရသာကို မမြည်းစမ်းရသေးသည့်တိုင် နှုတ်ဖျားမှ ချိုမြိန်မှုကို စဉ်းစားကြည့်၍ ရပေသည်။ 


ပွေ့ဖက်ကျီဆယ်နေကြသည့်အတွက် ရှောင်လျန်မှာ နောက်တစ်ဖန် မိတ်ကပ်ပြန်ပြင်လိုက်ရသည့်တိုင် စိတ်ဆိုးခြင်း အလျဉ်းမရှိ၊ ထိုအစား ပို၍ပင် စိတ်လှုပ်ရှားလာတော့သည်။ 


မစားရတာ ကြာနေတဲ့ ခွေးစာတွေ စားလိုက်ရတာ ကောင်းလိုက်တာ ... 


ကျန်းချွမ်ကမူ နားနှစ်ဖက် နီရဲလျက် အသံတိတ်သာ ရပ်နေလိုက်တော့သည်။ အမျိုးသားနှစ်ဦး ချစ်ကြိုက်နိုင်ကြောင်း သိထားသည့်အပြင် သူ့ကုမ္ပဏီတွင်ပင် အလားတူ စုံတွဲမျိုး ရှိသည့်အတွက် မထူးဆန်းလှသော်ငြား ဤမျှအထိ ကောင်းမွန်သည့် ဆက်ဆံရေးမျိုးမှာမူ ရှားပါးလှပေသည်။ ရှောင်ကျားရှုအရှေ့ရှိ ရုပ်ရှင်ဧကရာဇ်မှာ ဤသို့ ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထား။ 


ဒါကို ဘယ်လို ခေါ်ပါလိမ့် အာ ဟုတ်သားပဲ "အလိုလိုက်မှုမှာ ကုန်ဆုံးသည်မရှိ" ဆိုလားပဲ ရုပ်ရှင်ဧကရာဇ်က ဒုသခင်လေးရှောင်ကို တကယ်ကို အလိုလိုက်တာပဲနော် ... 


ကျိမြန်က သူ့ကောင်လေး၏ နှုတ်ခမ်းပါးကို နှစ်ကြိမ်တိုင် ငုံ့နမ်းကာ သူ့ဘေးနားရှိ ထိုင်ခုံပေါ် တင်ပေးပြီးကာမှသာ ရှောင်လျန်ကို မိတ်ကပ်ဆက်ပြင်ခိုင်းလိုက်တော့သည်။ 


ရှောင်ကျားရှုက စားပွဲပေါ် လက်နောက်ပြန်ထောက်ကာ သူ့ကို တောက်ပသည့် မျက်ဝန်းတို့ဖြင့် စိုက်ကြည့်နေလိုက်သည်။ 


"ကျိကော ဒုတိယအပိုင်းမှာ ရတနာ ရှာကြတုန်းက ဟွမ်ရင်ရွှယ်က လမ်းမလျှောက်နိုင်လို့ နားချင်တယ်လို့ ပြောခဲ့တယ်လေ ဘာလို့ သူမကို နားခွင့်မပြုခဲ့တာလဲ မှတ်ချက်တွေထဲမှာ ပြောကြတာ ကောကို လူကြီးလူကောင်း မဆန်ဘူးတဲ့ ..." 


"ဟွမ်ရင်ရွှယ်က ရေခဲပြင်စကိတ်စီးတဲ့သူလေ လမ်းလျှောက်နိုင်ပါတယ် ..." 


"ဒါဆို တကယ်လို့ နားချင်တယ်ဆိုပြီး ပြောလာတဲ့သူက ကျွန်တော်ဆိုရင်ရော သဘောတူမှာလား ..." 


"ဟင့်အင်း ..." 


ကျိမြန်က ခပ်တိုးတိုး ရယ်မောရင်း ပြောလိုက်သည်။ 


"တစ်လမ်းလုံး မင်းကို ကျောပိုးပြီး သယ်လာပေးမှာ ..." 


ရှောင်ကျားရှုက သူ့ရင်ခွင်ထဲ ခေါင်းတိုးကာ တစ်ခစ်ခစ် ရယ်မောလိုက်တော့သည်။ ကျိမြန်ကလည်း သူ့ကို ပြန်ဖက်ကာ ခေါင်းအနောက်ဘက်ကို အသာ ပွတ်သပ်ပေးနေလိုက်တော့သည်။ 


ရှောင်လျန်က မိုးပေါ်သို့ မျက်လုံးလှန်ကြည့်လျက် တိတ်တခိုး ရေရွတ်လိုက်သည်။ 


CP fan တွေ ပြောတာ အမှန်ပဲဟေ့ ကျိမြန်က တကယ်ကို မိန်းမကို အရူးအမူး ချစ်တတ်တဲ့ သူမျိုးပဲ ... 


တစ်နာရီကြာပြီးနောက် နှစ်ယောက်လုံး အဝတ်လဲခန်းမှ ထွက်လာချိန်တွင် ဓာတ်ပုံရိုက်ပြီးသူများ မရှိတော့သည့်အတွက် လျှိုရီလိန်နှင့် အခြားသရုပ်ဆောင်တစ်ဦးသာ ကျန်ရစ်ခဲ့တော့သည်။ 


"မစ္စတာကျိ ရောက်လာပြီပဲ ကျိလောင်ရှီးကိုပဲ အရင် ရိုက်ခိုင်းလိုက်မယ်လေ..." 


ပို့စ်ပေးတော့မည် ပြင်နေသည့် လျှိုရီလိန်က ချက်ခြင်း ပြောလိုက်၏။ 


"မလိုပါဘူး အရင်ရိုက်လိုက်ပါ စောင့်နိုင်ပါတယ် ..." 


ကျိမြန်က နူးနူးညံ့ညံ့ ပြုံးပြလိုက်သည်။ ကုလားထိုင်ရှိရာဆီသို့ သွားနှင့်နေပြီဖြစ်သော ရှောင်ကျားရှုကို တွေ့လိုက်သည့်အခါ သူ့ထက်ဦးအောင် အရင်သွား၍ ထိုင်ခုံကို ဆွဲထုတ်ပေးပြီး လက်ကိုင်ပဝါဖြင့် ဖုန်သုတ်ပေးလိုက်သည်။ သူ့ကိုယ်သူ ပထမတန်းစား သရုပ်ဆောင်ဟုပင် သတိရတော့ဟန်မတူ။ 


ဒီနှစ်ယောက်က တကယ်ကို ထူးဆန်းတဲ့ ဆက်ဆံရေးတစ်ခု ရှိနေတာပဲ ... 


လျှိုရီလိန်က မျက်နှာထက်တွင် မပေါ်လွင်စေဘဲ စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်သည်။ 


ရှောင်ကျားရှု ဒီလောက်အထိ မြန်မြန်ကြီး နာမည်ကြီးလာတာ ကျိမြန်ရဲ့ အားကောင်းတဲ့ အထောက်အပံ့တွေကြောင့် ဖြစ်လိမ့်မယ် ကျိမြန်ကြောင့်သာ မဟုတ်ရင် ဘယ်လိုလုပ်ပြီး တစ်နေ့နှစ်ကြိမ် hot search ထဲ ရောက်မှာလဲ သေချာပေါက်ကို ထောက်ပံ့ပေးနေတဲ့သူတွေ ရှိနေလို့ပေါ့ သူတို့နဲ့များ တစ်ခြားစီ အကုန် ကိုယ့်အားကိုယ် ကိုးပြီး တစ်လှမ်းချင်း တက်နေရတာ ... 


ထိုသို့ တွေးနေရင်း မျက်မှောင်ကို အနည်းငယ် ကြုတ်ကာ တွေးတောနေသည့် အမူအယာတစ်ခု လုပ်ပြလိုက်သည်။ သူ သရုပ်ဆောင်ရမည့် ပဉ္စမမင်းသား ဇာတ်ကောင်သည် အကြံသမားဖြစ်ရာ ယခုလက်ရှိ သူ့စိတ်နေစိတ်ထားနှင့် လွန်စွာ ကိုက်ညီလှပေသည်။ 


"ကောင်းတယ်

သိပ်ကောင်းတယ် ဒီအမူအယာကို ဆက်ထိန်းထား ..." 


ဓာတ်ပုံဆရာက ဝမ်းသာအားရ‌ အော်ပြောလိုက်ကာ ဓာတ်ပုံမြောက်များစွာ ရိုက်ပြီးလေတိုင်း ပုံစံ ပြောင်းပေးရန် တောင်းဆိုလိုက်သည်။



Xxxxxxx