အပိုင်း ၁၈၇
Viewers 44k


Chapter 187




ရှောင်ကျားရှုနှင့် ကျိမြန်တို့က ဘေးချင်းကပ်လျက်ထိုင်ကာ ခေါင်းချင်းဆိုင်လျက် တွတ်ထိုးနေကြသည်။ ရံဖန်ရံခါတွင် ပခုံးချင်း တိုက်လျက် ရယ်မောလိုက်ကြသေး၏။ သံသယဝင်နိုင်ချေများကိုလည်း ရှောင်ရှားခြင်းမရှိ၊ ထိုသို့ ပွင့်လင်းမြင်သာလွန်းသည့် အတွက်ပင်လျှင် အခြားသူများက များများစားစား မတွေးကြခြင်း ဖြစ်ပေလိမ့်မည်။ 


စိတ်မအေးနိုင်တော့သော ရွှယ်မြောင်က ဇာတ်ကွက်တစ်ကွက် ရိုက်ကူးပြီးသည်နှင့် တစ်ပြိုင်နက် သားဖြစ်သူ ဓာတ်ပုံရိုက်နေသည့် နေရာသို့ အပြေးအလွှား လာကြည့်လိုက်တော့၏။ လျှိုရီလိန်၏ အပြီးသတ် ဓာတ်ပုံကို ရိုက်ကူးပြီးနောက် ဓာတ်ပုံဆရာက ကျိမြန်နှင့် ရှောင်ကျားရှုကို လက်ယမ်းပြလိုက်သည်။ 


"မစ္စတာကျိ ရှောင်ကျားရှု ဒီနားကိုလာပြီး ဓာတ်ပုံရိုက်ရအောင် မင်းတို့အတွက် စီစဉ်ပေးထားတဲ့ ရိုက်ချက်က ဘုရင်နဲ့ အမတ်ဆိုတဲ့ theme နဲ့ သင့်လျော်တယ် ဘာတွေ ထပ်ပြောင်းချင်သေးလဲ ကြည့်ကြည့်လေ ..." 


ဇာတ်ဝင်ပစ္စည်း ပြင်ဆင်ပေးသူက ပြီးခဲ့သည့် အခင်းအကျင်းများကို အမြန် ဖယ်ရှားကာ ခမ်းနားတင့်တယ်လှသော နန်းတော်တစ်ခုကို ပြင်ဆင်ပေးလိုက်သည်။ ကြီးမားလှသည့် အနီရောင် စခရင်ကို ရွှေရောင်နဂါးတစ်ကောင်က ထက်ပိုင်းခြမ်းထားပြီး ရှေ့တည့်တည့်တွင် လေးထောင့်ဖျာတစ်ချပ် ခင်းကျင်းထားသည်။ စားပွဲခပ်နိမ့်နိမ့် တစ်လုံး၊ စုတ်တံ၊ မင်၊ စက္ကူနှင့် မင်သွေးကျောက်တို့ကိုသာမက ကောင်းမွန်စွာ ဖန်တီးပြုလုပ်ထားသည့် ပရိဘောဂ အများအပြားကိုလည်း ခင်းကျင်းထားသေးသညိ။ 


ထန်မင်းဆက်တွင် ကုလားထိုင် ပေါ်ပေါက်နေပြီ ဖြစ်သည့်တိုင် အများစုကမူ ကြမ်းပေါ် ဒူးတုပ်ကာ ထိုင်နေကြဆဲ ဖြစ်ပေသည်။ ထို့ကြောင့် ရှောင်ကျားရှုက ဒူးတုပ်ထိုင်ချကာ ဘေးပတ်လည်ရှိ ပစ္စည်းအခင်းအကျင်းတို့ကို ဂရုတစိုက် အကဲခတ်နေလိုက်သည်။ သံချပ်ကာအင်္ကျီနှင့် ခါးတွင် ဓားတစ်လက် ကိုင်ဆောင်ထားသော ကျိမြန်က စစ်သူကြီးတစ်ဦးနှယ် ဆင်ယင်ကာ သူ့နောက်တွင် ရပ်ရန် လျှောက်လာခဲ့လိုက်သည်။ 


လီရှန်းကျစ်သည် သမိုင်းတွင် သူရဲဘောကြောင်ကာ ညံ့ဖျင်းသည့် မင်းတစ်ပါး ဖြစ်သော်လည်း သူ၏ အနုသုခုမ အတတ်ပညာပိုင်းတွင်မူ များစွာ ထူးချွန်လှပေသည်။ ကဗျာစာပေတို့ ရေးစပ်သီကုံးနိုင်ကာ ကကြိုးကကွက်၊ ဂီတသံစဉ်များ တီထွင်ဆန်းသစ်နိုင်ရုံမက ပန်းချီဆေးရေးအတတ်ကိုလည်း ကျွမ်းကျင်ပိုင်နိုင်ထားသေးသည်။ မိခင်၏ ကြိုးကိုင်ခြင်းကို ခံရကာ ငယ်စဉ်ကတည်းက လက်အောက်ခံ တိုင်းပြည်များထံ ဓားစာခံအဖြစ် သွားရောက်ခဲ့ရပြီး ထီးနန်းစည်းစိမ်ကို ရရှိခဲ့ပြီးနောက်တွင်လည်း အာဏာလုမှုများအကြား ထောင်ချောက်ဆင်ခံခဲ့ရသည်။ သူ့ကို ချစ်ခင်တွယ်တာကာ ကာကွယ်ပေးခဲ့သူဟူ၍ ငယ်ဘဝ သူငယ်ချင်း ဝေ့ဝူကျိုးသာ ရှိပေသည်။  


သူ ထီးနန်းကို ဆက်ခံခဲ့ပြီးနောက် ဝေ့ဝူကျိုးက မင်တံကို စွန့်ပစ်ကာ စစ်တပ်ထဲ ဝင်ရောက်ခဲ့သည်။ အမိမြေကို အသက်သွေးချွေးတို့ ရင်းကာ ကာကွယ်ခဲ့ပြီး တော်ဝင်မျိုးနွယ်၏ ဘုန်းတန်ခိုးအာဏာကို တစ်ဖန် ထွန်းတောက်စေခဲ့ကာ ဧကရာဇ်၏ အားအကိုးရဆုံး ကာကွယ်သူတစ်ဦး ဖြစ်လာခဲ့သည်။ တိုင်းပြည်၏ စစ်သူကြီးအဖြစ်သို့ ရောက်ရှိရန် ငါးနှစ်သာ အချိန်ယူခဲ့ရကာ နိုင်ငံ၏ အကျော်ကြားဆုံး စစ်သူကြီး ဖြစ်လာခဲ့သည်။ သို့သော် သူသည် လီရှန်းကျစ်ကိုသာ သစ္စာရှိကာ သူသာ အသက်ရှင်နေခဲ့ပါလျှင် တစ်ဖက်သူကို တစ်ဘဝလုံး ဘေးကင်းလုံခြုံအောင် ကာကွယ်ပေးသွားမည်ဖြစ်သည်။ သိူ့သော် ရည်မှန်းချက် ပြင်းထန်လှသည့် ဧကရီက သူ့ကို အသက်ရှင်သန်ခွင့် မပေး။ အကွက်ချကာ လုပ်ကြံသတ်ဖြတ်လိုက်တော့သည်။ များမကြာမီ လီရှန်းကျစ်လည်း ဆုံးပါးသွားတော့၏။ 


ရှောင်ကျားရှုက ရေမြေ့အရှင်အတွက် အမှတ်အသား ပြုထားသည့် နေရာတွင် ဝင်ထိုင်ကာ ရုံးတော်အပြင်ဘက်သို့ မျှော်ကြည့်လိုက်လျှင် အေးစက်လှသည့် သူ့မိခင်၏ မျက်နှာမှာ ရုတ်ချည်း ဝမ်းနည်းဒေါသစိတ်တို့ ပြည့်နှက်သွားကြောင်း တွေ့လိုက်ရတော့သည်။ သူ့မျက်နှာပေါ်ရှိ ခပ်ဖျော့ဖျော့ အပြုံးတစ်ပွင့် ရုတ်ချည်း ပျောက်ကွယ်သွားပြီး စားပွဲပေါ်ရှိ ကျောက်စိမ်းတံဆိပ်ကို ကောက်ကြည့်လိုက်သည့် သူ့အမူအယာမှာ ရှင်းလင်းပြတ်သားခြင်း အလျဉ်းမရှိပေ။ 


ကျိမြန်က သူ့လက်ကောက်ဝတ်တွင် စည်းနှောင်ထားသည့် ဓားမြှောင်အား ဖြည်ကာ စားပွဲပေါ် တင်ပေးလိုက်သည်။ ဤဓားမြှောင်သည် စစ်တိုက်ရန် မသွားမီ ဝေ့ဝူကျိုးက သူ့ကို ပေးခဲ့သော ဓားမြှောင် ဖြစ်သည်ဟု ဇာတ်ညွန်းတွင် ဖော်ပြထားသည်။ လီရှန်းကျစ်၏ အကြိုက်နှင့် ကိုက်ညီလှသည့် တန်ဖိုးကြီးရတနာတို့ကို စီခြယ်ထားသည့်အတွက် သွင်ပြင်မှာ များစွာ ဆန်းကြယ်လှပေသည်။ လီရှန်းကျစ်က ၎င်းကို မြင်မြင်ချင်း သဘောကျသွားကာ အင်္ကျီလက်မောင်းအိုးကြား ဖွက်ထားပြီး သူ ချစ်ရသူကို သတိရ‌လေတိုင်း တယုတယ ပွတ်သပ်လေ့ရှိသည်။ နန်းဆောင်အစေခံ၏ သစ္စာဖောက်မှုကြောင့် ဧကရီ၏ သိမ်းဆည်းခြင်းကို ခံလိုက်ရကာ မည်သို့ပင် ကြိုးစားပါစေ ပြန်မရနိုင်၊ ထို့ကြောင့် နာမကျန်း ဖြစ်လာရတော့သည်။ 


သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ဧကရီ ရိပ်မိသွားခြင်းသည် ကံဆိုးမိုးမှောင်မှုတို့၏ အစပင် ဖြစ်ပေတော့သည်။


ဤဓားမြှောင်မှာ အရေးကြီး ဇာတ်ဝင်ပစ္စည်း ဖြစ်ပေသည်။ ကျိမြန် ဆိုလိုချင်သည်ကို သဘောပေါက်လိုက်သော ရှောင်ကျားရှုက ချက်ခြင်း ကောက်ကိုင်ကာ လက်ထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ တစ်ဖက်သို့ လှည့်ကာ တံတောင်ဆစ်ကို စားပွဲပေါ် တင်ပြီး ပျင်းတိပျင်းရွဲ ကိုယ်နေဟန်ထားသို့ ပြောင်းလဲကာ ကျောက်စိမ်းတံဆိပ်ကို ညာဘက်လက်က ကိုင်ကာ ဓားမြှောင်ကို ဘယ်ဘက်လက်က ကိုင်နေလိုက်သည်။ ဤနှစ်ခု၏ အလေးချိန်ကို ချိန်ဆကြည့်နေဟန်ပင်။  


ထို့နောက် ညာဘက်လက်ကို ဖြည်းဖြည်းချကာ ဘယ်လက်လက်ကို အသာမြှောက်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းတို့ကို အနည်းငယ် ကွေးညွတ်လျက် ရှင်းလင်းစွာ ပြုံးလိုက်သည်။ မျက်လွှာချကာ ဓားမြှောင်ကို ငုံ့ကြည့်နေသည်ဟု ထင်ရသော်ငြား သူ့အကြည့်တို့သည် နောက်တွင် ရပ်နေသည့် စစ်သူကြီးထံ အသာအယာ ရောက်ရှိနေကာ စစ်သူကြီးကလည်း ပူပြင်းသည့် ချစ်ခြင်း၊ ပြင်းထန်သည့် ကာကွယ်လိုခြင်းတို့ ပြည့်နှက်လျက် ခေါင်းကိုငုံ့ကာ စိုက်ကြည့်နေလိုက်သည်။ 


သူတို့သည် စည်းကို ကျော်၍ မရသည့် ရှင်ဘုရင်နှင့် မှူးမတ်တို့ ဖြစ်သော်လည်း စိတ်ဝိဉာဉ်တို့မှာမူ ဓားမြှောင်တွင် ချည်နှောင်ထားသည့် ပန်းပွားသဖွယ် ဖယ်ထုတ်၍ မရနိုင်လောက်အောင် ရစ်ပတ်ဖွဲ့နှောင်ထားကြတော့သည်။ 


နှစ်ဦးအကြား နွေးထွေးမှုကို ရိုက်ကူးနေသည့် ဓာတ်ပုံဆရာက လွန်စွာ သဘောကျနေဟန်ပင်၊ ရှုထောင့်အမျိုးမျိုး ပြောင်းလဲရိုက်ကူးကာ အလွန်အမင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ 


"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ဒါ ငါလိုချင်တဲ့ အတိုင်းပဲ ဒါကမှ သမိုင်းထဲက လီရှန်းကျစ်နဲ့ ဝေ့ဝူကျိုး အပေါ်ယံမှာ ထိန်းချုပ်ထားပေမယ့် အတွင်းစိတ်က တောက်လောင်ပြင်းပြနေတာလေ ..." 


ရွှယ်မြောင်ကလည်း သားဖြစ်သူနှင့် ကျိမြန်အကြား လိုက်ဖက်ညီမှုကို နားလည်သော်ငြား ထိုအတွက်ပင်လျှင် သူတို့ကို ခွဲခွါလိုသည့် သူမ၏ ဆန္ဒ ပိုမိုပြင်းပြလာတော့သည်။ သူမ၏ သားနှင့် လီရှန်းကျစ်အကြား တူညီမှုများမှာ လွန်စွာ များပြားလှပေသည်။ နှစ်ဦီးလုံးမှာ စိတ်ခံစားချက်ကို အလေးပေးကာ ကြင်နာတတ်လွန်းလှသည်။ 


လီရှန်းကျစ်က သူချစ်တဲ့သူအတွက် ထီးနန်းကို စွန့်လွှတ်ခဲ့တာ သူမရဲ့ သားကရော ဘယ်လိုဖြစ်မလဲ ကျိမြန်နဲ့ ကမ္ဘာအဆုံးအထိ ထွက်ပြေးသွားမှာလား သူ့အမေကိုပါ စွန့်ပစ်လိုက်မှာလား ... 


အင်္ကျီလက်အနားစထဲတွင် ထည့်ထားသည့် လက်ချောင်းတို့ကို ခပ်တင်းတင်းဆုပ်ကာ အေးစက်စွာ ပြောလိုက်သည်။ 


"အိုကေ ရလဒ်ကလည်း ကောင်းနေမှတော့ တစ်စုံစာပဲ ရိုက်ကြတာပေါ့ ကျိမြန် မင်း ကုမ္ပဏီကို ပြန်ပြီး အစည်းအဝေးတက်ရဦးမယ် မဟုတ်လား..." 


သားက ဒီအမေနဲ့လာပြီး ကစားချင်တယ်ပေါ့ ဟုတ်လား ဒါဆိုလည်း ကစားပေးရမှာပေါ့ ... 


ကျိမြန်က ယောက္ခမလောင်းကို မျက်နှာမပျက်စေလိုရာ ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။ 


"သတိပေးပေးလို့ ကျေးဇူးတင်ပါတယ် အန်တီရွှယ် ဝူလောင်ရှီး ဒီပုံတွေက ဘယ်လိုနေလဲ ရလဒ်က အဆင်ပြေရင် ဒါကိုပဲ သုံးလိုက်လေ မဟုတ်ရင်လည်း နောက်တစ်ခေါက်မှ ထပ်ရိုက်ကြတာပေါ့ ..." 


ဓာတ်ပုံဆရာက သံသယမဝင်။ ဓာတ်ပုံများကို ဂရုတစိုက် စစ်ဆေးပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဒါတွေက ငါ ဒီနေ့ ရိုက်ခဲ့သမျှထဲ အကောင်းဆုံးပဲ နည်းနည်းလောက် ပြန်ပြင်လိုက်ရင် ပိုစတာထဲတောင် သုံးလို့ ရလောက်တယ် ပြန်ရိုက်ဖို့ မလိုတော့ဘူး ..." 


"ကောင်းတယ် ..." 


ကျိမြန်က သူ့ကောင်လေး၏ ပုခုံးကိူ ပုတ်ပေးကာ ပြောလိုက်သည်။ 


"ရှောင်ရှု မိတ်ကပ်သွားဖျက်ကြရအောင် ..." 


ဟုတ်သားပဲ မိတ်ကပ်ဖျက်ရင် ကျိကောနဲ့ နည်းနည်းလောက် ပိုနေလို့ ရသေးတယ်လေ ဆံပင်အတုတွေက ချွတ်တဲ့အချိန်ဆို အရမ်း ဒုက္ခများတယ် မဟုတ်လား ရှောင်လျန်ကို ‌ဖြည်းဖြည်းပဲ လုပ်ခိုင်းလိုက်ပ့ါမယ် ငါတို့လည်း အလျင်လိုနေတာမှ မဟုတ်တာ ... 


ထိုသို့တွေးကာ ရှောင်ကျားရှုက ချက်ခြင်း ပျော်မြူးသွားတော့သည်။ ကျိကော၏ ဆွဲခေါ်ခြင်းကို ခံရပြီးနောက် မတ်တပ်ထရပ်ကာ အရုပ်ဆိုးနေသည့် မျက်နှာပိုင်ရှင် ရွှယ်မြောင်ကို တောက်တောက်ပပ ပြုံးပြလိုက်တော့သည်။ 


.........


နောက်တစ်နေ့တွင် ရှောင်ကျားရှုနှင့် ကျိမြန်တို့၏ ရိုက်ကူးရေးကို တရားဝင် စတင်လိုက်တော့သည်။ သူတို့သည် ချစ်သူစုံတွဲများ ဖြစ်ကြသည့် အားလျော်စွာ ခံစားချက်များကို အပြည့်အဝ ထည့်သွင်းနိုင်ရာ နှစ်ယောက်အပြိုင် ရိုက်ကူးရမည့် အခန်းများကို တစ်ခန်းပြီးတစ်ခန်း အမှားအယွင်းမရှိ အပြီးသတ်နိုင်ခဲ့သည့်အတွက် ဒါရိုက်တာလည်း လွန်စွာ ‌စိတ်ကျေနပ်သွားရတော့သည်။ ကျိမြန် သရုပ်ဆောင်လေချိန်တိုင်း ကင်မရာနောက်ကွယ်တွင် သရုပ်ဆောင်အငယ်များ စုစည်း ရောက်လာလေ့ ရှိကြသည်။ အချို့က အပျော်သဘောဖြင့် လာကြည့်ခြင်းဖြစ်ကာ အချို့ကမူ သရုပ်ဆောင်စွမ်းရည်ကို လေ့လာရန် လာကြခြင်းဖြစ်သည်။ အချို့မှာ အရှုံးကို ဝန်မခံ၊ သူတို့နှင့် ကျိမြန်အကြား ကွာဟချက်ကို နှိုင်းယှဉ်ကြည့်လိုကြဆဲ ဖြစ်ပေသည်။ 


သို့သော် များမကြာမီမှာပင် ကျိမြန်နှင့် ယှဉ်နိုင်ရန် မဆိုထားနှင့် ရှောင်ကျားရှု၏ စွမ်းရည်ကပင်လျှင် သူတို့ကို အပြတ်အသက် ဖိနှိပ်နိုင်ကြောင်း သိရှိသွားရတော့သည်။ 


"အိုကေ ဒီတစ်ခု ပြီးပြီ ..." 


အခန်းတစ်ခန်းကို အပြီးသတ် ရိုက်ကူးပြီးနောက် ဒါရိုက်တာက သူတို့နှစ်ဦးကို လက်ယပ်ကာ လှမ်းခေါ်လိုက်သည်။ 


"နောက်လာမယ့် အခန်းက လီရှန်းကျစ်ကို အိမ်ရှေ့စံအဖြစ် အရိုက်အရာ လွှဲအပ်တဲ့ အခမ်းအနား သူက တစ်ဖြည်းဖြည်းချင်း တက်လာပြီး ထီးနန်းကို လက်ခံဖို့အတွက် ပွဲကျင်းပရာ နန်းဆောင်ထဲကို ဝင်လာရမယ် ဘေးတစ်ဖက်တစ်ချက်စီမှာ နန်းတွင်းသူနန်းတွင်းသားတွေက ဒူးထောက်နေကြလိမ့်မယ် ဒါပေမယ့် သူကတော့ နန်းမြင့်မျှော်စင်ကိုပဲ မော့ကြည့်နေပြီး ဘာရည်မှန်းချက်မှမရှိ လမ်းပျောက်နေတဲ့ ပုံစံမျိုး သူ့ခန္ဓာကိုယ်က အားနည်းတယ်ဆိုပေမယ့် ဉာဏ်ရည်ပိုင်းမှာ ထက်မြက်တဲ့အတွက် သူ့အမေရဲ့ ဩဇာ ပြီးတော့ မှူးမတ်တွေရဲ့ အကြပ်ကိုင်မှုကို မရှောင်လွှဲ မခုခံနိုင်ဘူးဆိုတာ သိထားတယ် သူ့အဖေကလည်း အပြင်းအထန် နာမကျန်းဖြစ်နေပြီး သူ့ကိုမထောက်ပံ့ပေးနိုင်လို့ အရမ်းအရမ်းကို ကြောက်နေတယ် ဒါပေမယ့် သူက မင်းသားတစ်ပါး ပြီးတော့ ထန်မင်းဆက်ရဲ့ ကိုယ်စားပြု ဖြစ်တဲ့အတွက် ရှက်ကြောက်နေလို့ မရဘူး ရှောင်ကျားရှု ဒီနားမှာ သေချာ အာရုံစိုက်ရမယ်နော် ခြေလှမ်းတွေ လှမ်းတဲ့အချိန်မှာ တည်ငြိမ်နေရုံတင် မကဘူး မသိစိတ်ထဲက ကြောက်ရွံ့မှုကိုပါ ဖော်ပြရမယ် အသရေတင့်တယ်နေရမယ် တစ်ချိန်တည်းမှာလည်း သတိကြီးကြီး ထားရမယ် နားလည်ရဲ့လား ..." 


တည်ငြိမ်ပေမယ့် ကြောက်တယ် ကျက်သရေရှိပေမယ့် သတိကပ်နေရတယ် ... ဇာတ်ကောင်တစ်ခု ဇာတ်ကွက်တစ်ခုတည်းမှာ အဓိပ္ပါယ် ဆန့်ကျင်ဘက် ဖြစ်နေတဲ့ စကားလုံး‌တွေ အများကြီး ပါနေတာ ဘယ်လိုလူက သရုပ်ဆောင်နိုင်မှာလဲ ... 


ဘေးနားရှိ လူငယ်သရုပ်ဆောင်များအားလုံး ကြောင်အသွားသော်ငြား ရှောင်ကျားရှုကမူ အဆက်မပြတ် ခေါင်းငြိမ့်ကာ အခိုင်အမာ ပြောလိုက်သည်။ 


"နားလည်ပါတယ် ကျွန်တော် ဘယ်လိုလုပ်ရမလဲ သိပါတယ် ..." 


ဒါရိုက်တာက သူ့ကို အသေးစိတ် စူးစမ်းလိုက်ကာ အမှန်တကယ် သဘောပေါက်ကြောင်း သိကာမှသာ ဇာတ်လမ်းနှင့် ပတ်သက်၍ ဆက်ရှင်းပြလိုက်တော့သည်။ 


"လီရှန်းကျစ် လမ်းတစ်ဝက်လောက်လည်း ရောက်ရော နန်းတွင်းသူနန်းတွင်သားတွေ ကြားထဲမှာ သူ့သူငယ်ချင်းကောင်း ဝေ့ဝူကျိုးကို တွေ့လိုက်တဲ့အခါ သူ့နှလုံးသားက ချက်ခြင်း တည်ငြိမ်သွားတယ် အဝေးကနေ တစ်ဖက်သူကို လှမ်းကြည့်လိုက်ပြီး အဲဒီ့လူကလည်း သူ့ကို ‌ယောင်ယောင်လေး ငေးကြည့်နေမှန်း သိလိုက်ကာမှ ရှေ့ကို ဆက်လှမ်းခဲ့တယ် အဲဒိ့အချိန်ကနေ စပြီးတော့ သူ့ရဲ့ ကိုယ်နေဟန်ထားက မြဲမြံအေးဆေးသွားခဲ့တယ် ဒီခံစားချက် အလှည့်အပြောင်းကို ခန္ဓာကိုယ်ကိုသုံးပြီး‌ ဖော်ပြပေးရမယ် နားလည်ရဲ့လား ..." 


"နားလည်ပါတယ် ..." 


ရှောင်ကျားရှုက ဆက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ 


"သိပ်ကောင်းတယ် ..." 


ဒါရိုက်တာက ကျိမြန်ကို ဆက်‌ရှင်းပြလိုက်သည်။ 


"မင်းအပိုင်းနဲ့ ပတ်သက်ပြီး သိပ်ပြောနေစရာ မရှိပါဘူး ဇာတ်ရန်တွေနဲ့ အတူ ဒူးထောက်နေရုံပဲ ရှောင်ကျားရှု ဝင်လာတဲ့အခါ သူ့ကို ကြည့်နေလိုက် အကြည့်တွေကတော့ ချုပ်တည်းမှုတွေနဲ့ ပြည့်နေရမယ်  ..." 


"ဟုတ်ကဲ့ပါ ဒါရိုက်တာကြီး ..." 


ကျိမြန်က နူးညံ့စွာ ပြုံးလိုက်သည်။ 


"ကောင်းပြီ ဒါဆို အားလုံးပဲ နေရာယူ အဆင်သင့်ပြင် ရိုက်ကူးရေး စကြမယ် ..." 


သူ့စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် သရုပ်ဆောင်အားလုံး အပြေးအလွှား နေရာယူကာ ရှောင်ကျားရှု ထွက်လာပါလျှင် ဒူးထောက်ရန် အဆင်သင့် ပြင်လိုက်ကြတော့သည်။ 


အပူခံခွက်တစ်ခုကို ကိုင်ကာ ဘေးမှ ရပ်ကြည့်နေသည့် ရွှယ်မြောင်မှာ လွန်စွာ အေးစက်နွမ်းနယ်နေဟန်ပင်။ ကျိမြန်နှင့် သူမ၏ သားတို့ ခုနစ်ညရှစ်ညခန့် ဆက်တိုက် ရိုက်ကူးနေကြရရာ သူတို့နှစ်ဦးကြား ဆက်ဆံရေးသည် ထုတ်ပြောရန် မလိုအပ်ဘဲ အလိုလို နားလည်သည်အထိပင် နက်ရှိုင်းနေပြီဖြစ်ကြောင်း သ‌ဘောပေါက်သွားတော့သည်။ သို့သော် ထိုသို့ မြင်တွေ့ရလေလေ သူတို့ကို ခွဲပစ်လိုသည့်ဆန္ဒ ပြင်းပြလာလေ ဖြစ်ပေသည်။ အကြောင်းမှာ သူတို့ကို

သာ လွှတ်ပေးလိုက်ပါလျှင် သားဖြစ်သူသည် ဘယ်တော့မှ ပြန်လည်သက်သာလာနိုင်တော့မည် မဟုတ်၍ ဖြစ်သည်။





Xxxxx