အပိုင်း ၁၈၈
Viewers 44k

Chapter 188




တစ်ချိန်တည်းမှာပင် သားဖြစ်သူ၏ တိုးတက်လာသည့် သရုပ်ဆောင်စွမ်းရည်အပေါ်လည်း ဂုဏ်ယူမိရပြန်သည်။ လက်ရှိမျိုးဆက်အနက် သားဖြစ်သူသည်သာ အထူးချွန်ဆုံးဟု အတုန့်အဆိုင်းမရှိ ပြောနိုင်ပေသည်။ အကယ်၍ သူသာ လမ်းကြောင်းမှန်ပေါ် ရောက်သွားပါလျှင် အနာဂတ်အောင်မြင်မှုတို့မှာ  ကျိမြန်ထက် မလျော့နည်းနိုင်၊ ထို့ကြောင့် ကျိမြန်ကြောင့် ပျက်စီးသွားရမည့် အဖြစ်မျိုးကို လုံးဝ လက်သင့်မခံနိုင်ချေ။ 


တစ်ဖက်တွင် ‌ရိုက်ကူးရေး ပြုလုပ်နေသည့် နေရာ၌ ရပ်နေသော ရှောင်ကျားရှုက အချက်ပေးသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တစ်လှမ်းချင်း တက်လှမ်းလာခဲ့လိုက်သည်။


 တစ်ဖြည်းဖြည်း တစ်လှမ်းချင်း တက်လှမ်းလာခဲ့ရာ လေးလံသည့်တိုင် တင့်တယ်လှသည့် ဝတ်ရုံလွှာသည် တလူလူ လွင့်မျောနေသဖြင့် မြင်ရသူကို လေပေါ် ပျံဝဲနေသည့်နှယ် ခံစားမိစေတော့သည်။ သို့သော် ခြေလှမ်းတို့မှာမူ အချိန်မရွေး ပြိုလဲကျသွားနိုင်သည့် ပေါင်ချိန်ထောင်သောင်းမက လေးလံလှသည့် အလေးချိန်ကို ထမ်းရွက်ထားရသည့်နှယ် တဆတ်ဆတ် တုန်ရီနေ၏။ အတော်များများ လှမ်းတက်ပြီးနောက် နေရောင်အောက်တွင် ဝင်းလက်တောက်ပနေသည့် နန်းမြင့်မျှော်စင်ကို မော့ကြည့်လိုက်သည့် သူ့မျက်နှာမှာ တစ်စထက်တစ်စ သွေးဆုတ်ဖြူလျော်လာတော့သည်။ 


နဖူးစပ်တွင် ချွေးစအချို့ ထွက်ပေါ်လာသော်ငြား လွန်စွာ သေးငယ်လှသည့်အတွက် အနီးကပ် မကြည့်ပါလျှင် သတိမပြုမိနိုင်၊ သို့သော် သူကမူ လမ်းပျောက်နေသည့် ခံစားချက်ကို ခံစားနေရဆဲ ဖြစ်ပေသည်။ ရှုပ်ထွေးမှုတို့ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံမှာလည်း ပို၍ပင် တုန်လှုပ်လာတော့သည်။ လက်ကို အသာလွှဲကာ ရှေ့သို့ ဆက်လက် တက်လှမ်းလိုက်သော်လည်း လှမ်းလေလေ အရှိန်တစ်ဖြည်းဖြည်း နှေးကွေးလာလေပင် ဖြစ်ပေသည်။ အလယ်နားသို့ ရောက်သည့်အခါ လူအုပ်ကြားရှိ ဝေ့ဝူကျိုးကို လှမ်းမြင်လိုက်ရတော့၏။ ကြားခံလေဟာနယ်ကို ဖြတ်ကာ တစ်ယောက်နှင့်တစ်ယောက် အကြည့်တို့ ဖလှယ်လိုက်သည့် တစ်ခဏတွင်ပင် ခန္ဓာကိုယ်တစ်ခုလုံး နောက်တစ်ဖန် အားအင်ပြည့်ဖြိုးလာရတော့သည်။ 


သွေးဆုတ်ဖြူလျော်နေသည့် ပါးနှစ်ဖက်လုံး သွေးရောင်ပြန်လွှမ်းလာကာ ပြုံးလိုသည့်စိတ်ကို အချိန်မှီ ထိန်းသိမ်းထားလိုက်သည်။ စိတ်ရှုပ်ထွေးနေသည့် အကြည့်တို့မှာ အပြာရောင် ကောင်းကင်နှယ် တိတ်ဆိတ်ငြိမ်သက်သွားတော့၏။ ရှေ့သို့ ဆက်ကာ လှမ်းလိုက်သော်လည်း ဤတစ်ကြိမ်တွင်မူ ခြေလှမ်းတို့မှာ တုန်ရီနှေးကွေးနေခြင်း အလျဉ်းမရှိတော့။ တစ်ကိုယ်လုံး၏ အလေးချိန်ကို ထမ်းပိုးထားသည့် ခြေလှမ်းတို့ကို မြေပေါ်သို့ မြဲမြဲမြံမြံ ချလှမ်းကာ ခပ်ဖြည်းဖြည်း လျှောက်လှမ်းနေသည့်တိုင် ဖြောင့်တန်းနေသ‌ည့် ကျောပြင်နှင့် လေယူရာ လွင့်နေသည့် ဝတ်ရုံရှည်တို့သည် တော်ဝင်ဆန်သည့် အငွေ့အသက်တစ်မျိုးကို ပေးစွမ်းနေပေသည်။ 


ဤနေ့မှ စတင်ကာ သူသည်သာ ဤတိုင်းပြည်၏ ဆက်ခံသူ ဖြစ်ပေတော့သည်။ 


"Cut ..." 


သူပင် ‌ခြေလှမ်းတို့ကို ပြီးအောင် မလှမ်းရသေး၊ ဒါရိုက်တာက ကျေနပ်အားရမှု အပြည့်ဖြင့် လက်ကို မြှောက်ပြလိုက်သည်။ 


"ဒီတစ်ခု ပြီးသွားပြီ ‌ခြေထောက်နဲ့ မျက်နှာကို အနီးကပ် ရိုက်လိုက်ကြရအောင် ရှောင်ကျားရှု မင်းလမ်းလျှောက်သွားတာ အရမ်းကို ကောင်းတယ် စည်းချက်ညီချက်ပဲ ဒါကမှ ငါတို့ လိုချင်နေတဲ့ အရှိန်မျိုး ..." 


ရှောင်ကျားရှုက မည်သည့် ဝင့်ကြွားမှုကိုမှ မပြ၊ ရှက်ပြုံးလေးသာ ပြုံးပြလိုက်တော့သည်။ 


မော်နီတာအနားတွင် လူငယ်သရုပ်ဆောင်များစွာ ရှိနေသည်။ အားလုံးမှာ သက်တူရွယ်တူ အသိုင်းအဝိုင်း အတူတူပင် ဖြစ်သည့်အတွက် တစ်ယောက်နှင့် တစ်ယောက် နှိုင်းယှဉ်ခံရသည့် ကိစ္စမှာ ရှောင်လွှဲ၍ မရချေ။ မူလကမူ အချို့က ရှောင်ကျားရှု၏ အရည်အချင်းကို မယုံကြည်၊ သူ့အမေကြောင့်သာ ဤမျှ အရေးပါလှသည့် လီရှန်းကျစ် ဇာတ်ကောင်ကို ရခဲ့ခြင်း ဖြစ်သည်ဟု ထင်ခဲ့သော်လည်း ယခုမူ ထိုအတွေးတို့ လုံးဝ မရှိတော့။ သူ့သရုပ်ဆောင်ချက်များမှာ အမှန်တကယ်ပင် ပြောင်မြောက်ကာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရည်အသွေးမှာလည်း သူတို့အားလုံးထက် များစွာ ကြံ့ခိုင်ပေသည်။ ကျိမြန်နှင့် ဟဲကျိမင်တို့ကဲ့သို့သော နာမည်ကြီး သရုပ်ဆောင်များနှင့် ယှဉ်တွဲကာ သရုပ်ဆောင်ရသည့်တိုင် စိတ်လှုပ်ရှားမှု စိုးစဉ်းမျှပင် မတွေ့ရ၊ ပိုမိုအံ့ဩဖွယ် ကောင်းလှသည့် စွမ်းရည်တို့ကိုပင် ထုတ်ပြလိုက်သေးသည်။ 


အသန်မာဆုံးသူနှင့်‌ တွေ့သည့်အခါ သန်မာတတ်သည့် သရုပ်ဆောင်မျိုး ဖြစ်ပြီး ဤစွမ်းရည်မှာ လူတိုင်းတွင် မရှိချေ။ ယခုရိုက်သွားသည့် အခန်းတွင်လည်း သူသည် အချက်အလက်အားလုံးကို အသေးစိတ် ဂရုတစိုက် ပြင်ဆင်ထားရာ ရှုထောင့်မတူညီသည့် ကင်မရာများဖြင့် အမျိုးမျိုး ပြောင်းလဲ ကြည့်ရှုစေကာမူ ပြစ်မျိုးမှဲ့မထင်သည့် သရုပ်ဆောင်ချက်ကြောင့် အံ့ဩတုန်လှုပ်သွားရမည်ဖြစ်ပေသည်။ ခန္ဓာကိုယ် လှုပ်ရှားမှုနှင့် အကြည့်တို့သာမက အဝတ်အစားနှင့် ဖိနပ်တို့တွင်ပင် ဇာတ်လမ်း၏ အနှစ်သာရ ကိန်းအောင်းနေကာ ဒါရိုက်တာ၏ အချက်ပေးသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရှောင်ကျားရှုဟူ၍ မရှိတော့၊ ကြောက်လန့်နေသည့် လီရှန်းကျစ်သာ ရှိပေတော့သည်။


နောက်တစ်ခန်းမှာ အရိုက်အရာ ဆက်ခံပွဲအပြီး ဝေ့ဝူကျိုးကို ဆင့်ခေါ်ကာ ပွဲကျင်းပရာ နန်းဆောင်ဆီသို့ တက်လှမ်းစဉ်က သူမည်မျှ ကြောက်ရွံ့ခဲ့ရကြောင်း၊ တစ်ဖက်သူကို တွေ့ပြီးမှသာ မည်သို့မည်ပုံ စိတ်‌တည်ငြိမ်သွားခဲ့ရကြောင်း ပြောပြရန် မစောင့်နိုင်တော့သည့် လီရှန်းကျစ်၏ ခံစားချက်တို့ ဖြစ်ပေသည်။ ထိုစကားများကို နားဆင်ပြီးနောက် ဝေ့ဝူကျိုးက သူ့ကို ဓားမြှောင်တစ်ချောင်းပေးကာ မည်သည့်အချိန်တွင်မှ ပြန်လာရတော့မည် မသိရသည့် စစ်တပ်ထဲသို့ ဝင်ရောက်ရန် အခိုင်အမာ ဆုံးဖြတ်လိုက်တော့သည်။ လီရှန်းကျစ်က ထိုဓားမြှောင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း စွန့်ပစ်ခံလိုက်ရသည့် ကလေးတစ်ယောက်နှယ် မျက်ဝန်းတို့ နီရဲလာသည်အထိ သည်းသည်းထန်ထန် ငိုကြွေးလိုက်တော့သည်။ 


ငိုကြွေးသည့် အခန်းများမှာ ရိုက်ကူးရန် မခဲယဉ်းလှ၊ ဒါရိုက်တာ စိတ်တိုင်းကျ ငိုကြွေးရသည်ကသာလျှင် ခက်ခဲလှပေသည်။ သို့သော် ရှောင်ကျားရှုကမူ အကောင်းဆုံး လုပ်နိုင်ခဲ့ဆဲပင်။ ချောမောကာ ဆွဲဆောင်မှု ရှိလှသည့် မျက်နှာသည် ငိုကြွေးနေသည့် အချိန်တွင်မူ ကလေးတစ်ယောက်သဖွယ် ကရုဏာသက်ဖွယ် ကောင်းလှပြီး မြင်ရသူတိုင်း လိုက်ပါငိုကြွေးချင်စိတ်များ ဖြစ်ပေါ်လာရတော့သည်။ 


သူ့ငိုကြွေးချက်ကြောင့် မိန်းမစိုးအဖြစ် သရုပ်ဆောင်ရသည့် ကောင်ငယ်လေးပင်လျှင် ဇာတ်ကောင်စရိုက်ထဲ ဈာန်ဝင်စားကာ ဒူးထောက်ချလျက် နှာတရှုံ့ရှုံ့ ဖြစ်သွားတော့သည်။ 


"အရှင် မငိုလိုက်ပါနဲ့ ဧကရီမယ်မယ် သတိပြုမိသွားပါလိမ့်မယ် သခင်ဝေ့ကလည်း သေချာပေါက် ပြန်လာမှာပါ ..." 


မော်နီတာကို စိုက်ကြည့်နေသည့် ဒါရိုက်တာလည်း အတော်လေး စိတ်သက်သာရာ ရသွားတော့သည်။ 


ကောင်းတယ် ဒီအခန်းကို ရိုးရှင်းပြီး ပြည့်စုံအောင် သရုပ်ဆောင်သွားတာပဲ ... 


ခမ်းနားကြီးကျယ်လှသည့် နန်းဆောင်ရှေ့တွင် ပူဆွေးသောကရောက်နေသည့် လူငယ်လေးတစ်ဦး တစ်ကိုယ်တည်း ရပ်တန့်နေကာ မျက်ရည်တို့ ပြည့်နှက်နေသည့် မျက်ဝန်းမှာ လက်ဖဝါးထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့် ဓားမြှောင်မှအပ ကျန်မည်သည့်အရာကိုမှ မမြင်နိုင်တော့သည့်ဟန်။ ဝတ်ရုံအနားစကို လေညှင်းက တိုးတိုက်လိုက်သည့်အခါ သွယ်လျသည့် ခန္ဓာကိုယ်ထံ ကပ်ငြိကာ လွန်စွာ သေးသွယ်အားနည်းဟန် ပေါ်သွားတော့သည်။ ခြေဖဝါးအောက် ဒူးထောက်နေသည့် မိန်းမစိုးလေးမှာလည်း ထပ်တူထပ်မျှ အားနည်းကာ သနားစဖွယ်ပင်။ နှာခေါင်းတို့ ရဲရဲနီသည်အထိ သည်းထန်စွာ ငိုကြွေးနေပေသည်။ 


ခမ်းနားလှသည့် နန်းတော်နှင့် ပူဆွေးဝမ်းနည်းလှသည့် ပုံရိပ်တို့က အားကောင်းသည့် လွန်ဆွဲမှုတစ်ရပ်ကို ပေးစွမ်းနေပြီး ဇာတ်ဝင်ခန်းတစ်ခုလုံး၏ နက်ရှိုင်းပြင်းပြသည့် ဝမ်းနည်းစိတ်ကို သရုပ်ဖော်ပြနေတော့သည်။ 


"Cut ..." 


ဒါရိုက်တာက ပြုံးကာ ပြောလိုက်သည်။ 


"ရှောင်ကျားရှု ရှောင်လျောင် မငိုနဲ့တော့ ဒီတစ်ခန်း ပြီးသွားပြီ ..." 


မိန်းမစိုးအဖြစ် သရုပ်ဆောင်သည့် သရုပ်ဆောင်ငယ်လေးက ချက်ခြင်း မျက်ရည်သုတ်ကာ ပျော်ရွှင်သည့် အရိပ်အယောင် ပြသလိုက်သော်လည်း ရှောင်ကျားရှုမှာမူ မရပ်တန့်နိုင်သေး။ ဓားမြှောင်ကို လက်ထဲ ဆုပ်ထားရင်း မျက်ရည်တို့ တရစပ် ကျစီးနေဆဲ ဖြစ်ပေသည်။ 


ရွှယ်မြောင်က မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။ 


"ရိုက်ကူးရေး ပြီးသွားတာကို ဇာတ်ကောင်စရိုက်ထဲက ထွက်မလာနိုင်သေးဘူးလား ..." 


အခြားသူများက သားဖြစ်သူ၏ လိင်စိတ်တိမ်းညွတ်မှုအား သတိထားမိသွားမည်ကို လွန်စွာ ကြောက်ရွံ့မိပေသည်။ 


"ရှောင်ရှုက ဇာတ်ကောင်ထဲ အရမ်း နစ်ဝင်နေတာ အန်တီရွှယ် သူ့ကို အချိန်နည်းနည်းလောက် ပေးလိုက်ပါ  ..." 


ကျိမြန်က နွေးထွေးစွာ ရှင်းပြလိုက်သည်။ 


ထိုစကားကို ကြားလိုက်ရသည့်အခါ ဘေးနားတွင် စုရုံးနေကြသော သရုပ်ဆောင်ငယ်အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြတော့၏။ ဇာတ်ကောင်ထဲ နစ်ဝင်လွန်း၍ ပြန်လည်ရုန်းမထွက်နိုင်ဟူသည့် အနေအထားမျိုးမှာ သူတို့ လက်လှမ်းမမီသည့် အဆင့်မျိုး ဖြစ်ပေသည်။ 


သူတို့က ဇာတ်ကောင်နဲ့ အပြည့်အဝ မပေါင်းစပ်နိုင်ပေမယ့် ဘယ်သူက ဒီအဆင့်အထိ ရောက်သွားတာလဲ ... 


လတ်တလောတွင် မီဒီယာများက ရှောင်ကျားရှုအား သရုပ်ဆောင်ခြင်းအပေါ် စိတ်နှစ်မြှုပ်ထားကာ လွန်စွာ အရည်အချင်း ရှိလှသူအဖြစ် ရေးသားကြသော်ငြား ဤသည်မှာ ရှောင်ကျားရှုက အခကြေးငွေပေးကာ ရေးသားခိုင်းထားခြင်း ဖြစ်သည်ဟုသာ ထင်ခဲ့ကြပေသည်။ သူနှင့်အတူ ရိုက်ကူးရေး လုပ်ကာမှသာ သူသည် သရုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ မည်မျှအထိ အလေးအနက် ထားတတ်သူဖြစ်ကြောင်း သဘောပေါက်သွားရတော့သည်။ 


အချို့လူများသည် နောက်ခံကြောင့်သာ နာမည်ကျော်ကြားလာခြင်းဖြစ်ပြီး ထိုနောက်ခံ ပျက်စီးသည်နှင့် တစ်ပြိုင်နက် သူတို့တွင် မည်သည့်ပိုင်ဆိုင်မှုမှ မကျန်ရှိတော့။ အချို့မှာ ရုပ်ရည်သွင်ပြင်ကြောင့် နာမည်ကျော်ကြားကြသော်ငြား မငယ်ရွယ်တော့သည့် တစ်နေ့တွင် တစ်ဖြည်းဖြည်း တိမ်မြုပ်ပျောက်ကွယ်သွားကြရသည်။ အရည်အချင်းပေါ် မှီခိုကာ အောင်မြင်လာခဲ့ကြသူများမှာမူ သက်လတ်ပိုင်းအရွယ်ပင် ရောက်လာလင့်ကစား ခိုင်မာသည့် အသက်မွေးဝမ်းကြောင်းနှင့် သစ္စာရှိပရိသတ်များကို ပိုင်ဆိုင်ထားကြဆဲပင်။ အခြားသူများထက် ပို၍ စိတ်အေးလက်အေး အိပ်စက်နိုင်ကာ နောက်တစ်နေ့မနက် နိုးလာပါလျှင် ဇာတာဆန်းလဂ် ကုန်ဆုံးချိန်နှင့် ကြုံတွေ့ရလေမလားဟူသည့် စိုးရိမ်စိတ်ဖြင့် နိုးထလာရန် မလိုအပ်ချေ။


"ကျစ် ကျစ် ကျစ် လူတွေက တကယ်ကို မယှဉ်နိုင်စရာပဲ ..." 


သရုပ်ဆောင်တစ်ဦးက ခေါင်းကိုယမ်းလျက် ရေရွတ်ရင်း တရွေ့ရွေ့ ထွက်ခွါသွားတော့သည်။ မော်နီတာကိုသာ စိုက်ကြည့်နေသည့် လျှိုရီလိန်၏ အမူအယာတို့မှာမူ မှန်းဆ၍ မရနိုင်။ ရွှယ်မြောင်ကို လှမ်းကြည့်‌လိုက်သည့်အခါ သူမ၏ အမူအယာမှာ လွန်စွာ အေးစက်နေကြောင်း တွေ့လိုက်ရတော့သည်။ သူမပုံစံမှာ ရှောင်ကျားရှုကို စိတ်ပူနေသည်နှင့် မတူ၊ ဒေါသကို မနည်း ထိန်းထားရသည်နှင့်ပင် တူနေသည့်အတွက် အနည်းငယ် အံ့ဩသွားရတော့သည်။ 


နောက်တစ်ခေါက် ထပ်ကြည့်မည် ပြင်လိုက်စဉ်မှာပင် ဒါရိုက်တာက သူမကို ခေါ်ထုတ်သွား၍ အကြည့်တို့ကို ရှောင်ကျားရှုထံ ပို့လွှတ်လိုက်၏။ ရှောင်ကျားရှုသည် ထိုနေရာတွင်ပင် မျက်ရည်ပေါက်ပေါက်ကျလျက် ရပ်နေဆဲဖြစ်ကာ ကျိမြန်က ခပ်တိုးတိုး ရယ်မောရင်း တစ်သျှူးတစ်ရွက်ဖြင့် သူ့မျက်ရည်တို့ကို ကူသုတ်ပေးလိုက်သည်။ သူ့အမူအယာတို့မှာ ဤသို့ လုပ်ပေးရသည့်အပေါ် လွန်စွာ အသားကျနေဟန်ပင်။ ထို့နောက် အလုပ်ကို အရူးအမူး စွဲလမ်းနေကြသူများသဖွယ် လီရှန်းကျစ်နှင့် ဝေ့ဝူကျိုး၏ သဘောထားကို စတင် ဆွေးနွေးလိုက်ကြတော့၏။ 


သူက တစ်ခဏမျှ နားထောင်နေလိုက်သေးသော်ငြား စိတ်ဝင်စားစရာ မကောင်းလှသည့်အတွက် ထိုနေရာမှ ထွက်ခွါလာလိုက်တော့သည်။ 


"ကျိကော ဝေ့ဝူကျိုးက ဘာလို့ ထွက်သွားချင်တာလဲ လီရှန်းကျစ်က မင်းသားအဖြစ် သရဖူလွှဲပေးခံရကာစပဲ ရှိသေးတယ်လေ ဒီလိုအချိန်မှာ သူ့ကို အလိုအပ်ဆုံး ဖြစ်နေမှာ မဟုတ်လား ..." 


ရှောင်ကျားရှုက လီရှန်းကျစ်ကိုယ်စား ဒေါသထွက်နေသည့်ဟန်။ 


"အရိုက်အရာ လွှဲအပ်ပွဲ ပြီးပြီးချင်း လီရှန်းကျစ်က သူ့ကို ဆင့်ခေါ်ပြီး နန်းတွင်းသူနန်းတွင်းသားတွေကြားထဲ ရပ်နေတဲ့သူကို တွေ့လိုက်ရမှ စိတ်တည်ငြိမ်သွားတယ်လို့သာ မပြောခဲ့ရင် သူလည်း ဒီလောက်အစောကြီး ထွက်သွားမှာ မဟုတ်ဘူး ..." 


ကျိမြန်က ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ 


"ပိုပြီး အားကောင်းတဲ့ အာဏာကို ပိုင်ဆိုင်ရမှ အုပ်စိုးသူနဲ့ အနီးဆုံးမှာ ရပ်တည်နိုင်မှာ သူက လီရှန်းကျစ်ထက်ပိုပြီး အရှည်ကို မြင်တတ်တယ် ပြီးတော့ သူ ဘာလုပ်သင့်တယ်ဆိုတာကိုလည်း နားလည်တယ်လေ သူ့တစ်ဘဝလုံးကို "ကာကွယ်ရန်" ဆိုတဲ့ စကားလုံးနှစ်လုံးနဲ့ပဲ ရှင်သန်လာတာ ဒါက သူ့ရဲ့ အသံတိတ် ကြင်နာမြတ်နိုးမှုပဲ ..." 


ရှောင်ကျားရှု၏ ခြောက်သွေ့ကာစ မျက်ဝန်းအစုံတို့ တစ်ဖန် စိုစွတ်လာပြန်တော့သည်။ ဟိုးယခင်အတိတ်ကတည်းက ကွယ်လွန်သွားနှင့်ကြပြီဖြစ်သူနှစ်ဦးအတွက် ဝမ်းနည်းမိကာ သူနှင့် ကျိကောသည် မျက်မှောတ်ခေတ်၌ ရှင်သန်လာခွင့် ရသည့်အပေါ်လည်း ဝမ်းသာမိတော့သည်။ သူ့မိခင်၏ နှောင့်ယှက်ဟန့်တားမှုတို့မှာ ဧကရီဘုရင်မနှင့် နှိုင်းယှဉ်ပါလျှင် မပြောပလောက်သည့် အနေအထားမျိုးတွင်သာ ရှိပေသေးသည်။ သူနှင့်ကျိကော ဝေးကွာနေရသည့်တိုင် လေယာဉ်ခရီး တစ်ထောက်စာမျှသာ ဝေးကွာခြင်း ဖြစ်ကာ မည်သူကမှလည်း သူတို့ကို အကျဉ်းချ ချုပ်နှောင်ထားပိုင်ခွင့် မရှိပေ။ 


ဒီလို‌ ကောင်းတဲ့ခေတ်မှာ မွေးဖွားခွင့် ပြုပေးတဲ့အတွက်ဘုရားသခင်ကို ကျေးဇူးတင်ပါတယ် ဒီလောက် များပြားလှတဲ့ လူတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံခွင့် ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ... 


ရှောင်ကျားရှုက သူ့နှလုံးသားထဲရှိ ရှိရှိသမျှ ဘုရားသခင်တိုင်းကို အရိုအသေပေး ဆည်းကပ်လိုက်ကာ ပြိုတော့မယောင် မျက်နှာမှာလည်း ရုတ်ချည်းပင် ပြုံးရိပ်သန်းလာပြန်တော့သည်။ 


သူ့ကြောင့် ရွှင်မြူးသွားရ‌သည့် ကျိမြန်မှာလည်း ခေါင်းကို ပွတ်မပေးဘဲ မနေနိုင်တော့။ စိတ်ကူးယဉ်မှုနှင့် သက်ဆိုင်လာပါလျှင် ရှောင်ကျားရှုကို မည်သူမှ မယှဉ်ပြိုင်နိုင်၊ အကောင်းမြင်တတ်မှုတွင်လည်း သူသာလျှင် ခေါင်းဆောင်ဖြစ်ပေသည်။ အလွယ်တကူ စိတ်လှုပ်ရှားနိုင်၊ ဝမ်းနည်းပက်လက် ပူဆွေးနိုင်သကဲ့သို့ပင် ကိစ္စဆိုးများကိုလည်း အတတ်နိုင်ဆုံး အကောင်းဘက်မှ လှည့်တွေးနိုင်သေးသည်။ သူ့အတွင်းပိုင်းကမ္ဘာမှာ လွန်စွာ အရောင်အသွေး စုံလင်ကာ စိတ်ဝင်စားဖွယ် ကောင်းမွန်လှပေသည်။ 


သူနှင့် အတူရှိနေရသည့် မိနစ်တိုင်းသည် ကျိမြန်အဖို့ ကောင်းချီးတစ်ခုနှယ်ပင် ဖြစ်ပေသညိ။ 


"ရှောင်ရှု ကိုယ်လည်း မင်းကို ကောင်းကောင်း ကာကွယ်ပေးမယ် ..." 


နှစ်နှစ်ကာကာ ပြုံးပြရင်း တီးတိုးပြောလိုက်သည်။ 


ရှောင်ကျားရှု၏ အပြုံးတို့နေရာတွင် နက်ရှိုင်းလှသည့် ခံစားချက်တို့ အစားထိုး ဝင်ရောက်လာတော့သည်။ ကျိမြန်ကို မော့ကြည့်လိုက်သည့် မျက်ဝန်းတို့တွင် မျက်ရည်ဥတို့ တွဲလွဲခိုလာသည်မှာ အချိန်မရွေး လိမ့်ဆင်းကျတော့မည့်ဟန်။ 


အချိန်အကြာကြီး ပြင်ဆင်ထားသည့် ကျိမြန်က သူ့မျက်နှာကို နှစ်ခြမ်းဖြဲထားသည့် တစ်သျှူးဖြင့်အုပ်ကာ ခပ်ပြုံးပြုံး ထွက်လာခဲ့လိုက်သည်။ ရှောင်ကျားရှုကလည်း နှာခေါင်းကို ပြင်းပြင်းထန်ထန် ညှစ်ချရင်း တောက်ပသည့် မျက်နှာအမူအယာနှင့်အတူ သူ့နောက်သို့ လိုက်ပါသွားတော့သည်။ ဒါရိုက်တာနှင့် စကားပြောနေရင်း ရိုက်ကွင်းနေရာသို့ လှည့်ကြည့်လိုက်သည့် ရွှယ်မြောင်မှာလည်း သား

ဖြစ်သူ၏ အရှက်မဲ့လှသည့် အမူအယာကြောင့် ယမ်းပုံမီးကျသည့်နှယ် ဒေါသစိတ်တို့ ပေါက်ကွဲထွက်လာတော့သည်။ 



Xxxxxx