အပိုင်း ၁၈၉
Viewers 45k

Chapter 189




နောက်အခန်းမှာ ဧကရီဘုရင်မက သူ့ဓားမြှောင်ကို အတင်းအကြပ် သိမ်းယူသွားသည့်အတွက် လီရှန်းကျစ် နာမကျန်းဖြစ်သည့်အခန်း ဖြစ်ပေသည်။ ဧကရီမယ်မယ်က သူ့ထံ အလည်အပတ်ရောက်လာကာ ဝေ့ဝူကျိုးနှင့် ပတ်သက်မှု ရှိမရှိ မေးမြန်းခဲ့သည်။ အဖြေကို အတည်ပြုပြီးနောက် သူ့ပါးကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းဖြင့် အသိစိတ် ပြန်ဝင်စေလိုက်၏။ တော်ဝင်သမားတော်နှင့် အစေခံတို့အားလည်း သူ့ပါးစပ်ကို ဆွဲဖွင့်ကာ ဆေးရည်များ လောင်းချရန် အမိန့်ပေးလိုက်သည်။ ဧကရီ၏ အကြပ်ကိုင်‌မှုအောက်သို့ ရောက်ရှိသွားသည့် လီရှန်းကျစ်မှာ သေချင်၍ပင် မသေနိုင်တော့။ နေ့စဉ်နေ့တိုင်း တန်ဖိုးကြီးဆေးဝါးများကို အတင်းအဓမ္မ လောင်းချ‌ခံနေရသည့်အတွက် တစ်ဖြည်းဖြည်း ပြန်လည်သက်သာလာရတော့သည်။ 


ယခင်ကတည်းကပင် ရွှယ်မြောင်၏ ခန္ဓာကိုယ်တစ်ခုလုံး ဒေါသစိတ်တို့ဖြင့် လောင်မြှို‌က်နေရာ ဤအခန်းကို ရိုက်ကူးသည်နှင့် တစ်ပြိုင်နက် ထိုမီးလျှံအားလုံး လွှင့်ထုတ်မိကာ သားဖြစ်သူ၏ မျက်နှာ နီရဲလာသည်အထိ ရိုက်ချက်အချို့ ပေးလိုက်‌မိတော့သည်။ မိန်းမစိုးနှင့် နန်းဆောင်အစေခံတို့ကြား ကူကယ်ရာမဲ့စွာ ရုန်းကန်နေရသော သားဖြစ်သူကို စိုက်ကြည့်ရင်း အလွန်အမင်း အေးစက်သည့် လေသံဖြင့် ပြောလိုက်သည်။ 


"အဲဒီ့ယောကျာ်း မရှိဘဲ အသက်မရှင်နိုင်‌ဘူးပေါ့ ဟုတ်လား ဒါဆိုလည်း သူ့ကို သတ်လိုက်ကြတာပေါ့ မင်း တကယ် သေရဲလား စောင့်ကြည့်ကြမယ်လေ ဒီအချစ်ဆိုတဲ့ဟာတွေက ကမ္ဘာပေါ်မှာ အသုံးမဝင်ဆုံး အရာတွေပဲ ဒါမရှိဘဲ မနေနိုင်တဲ့သူ ဘယ်သူရှိလို့လဲ ..." 


ခပ်ဖြည်းဖြည်း မှေးပိတ်လိုက်သည့် မျက်ဝန်းတို့မှာ တောက်လောင်နေဟန်၊ အတိတ်ဖြစ်ရပ်တို့ထံ ပြန်လည်ရောက်ရှိသွားဟန်ပင်။ တစ်ချိန်တည်းမှာပင် မည်သည်ကိုမှ တွေးမနေပုံလည်း ပေါ်နေသေးပေသည်။ ထို့နောက်တွင်တော့ အင်္ကျီလက်ကို မာန်ပါပါ ခါယမ်းလျက် ထွက်ခွါသွားတော့သည်။ 


သူတို့၏ သရုပ်ဆောင်ချက်အပေါ် လွန်စွာ နှစ်ထောင်းအားရ ကျေနပ်သွားသည့် ဒါရိုက်တာက အသံချဲ့စက်ကိုမြှောက်ကာ လှမ်းအော်ပြောလိုက်သည်။ 


"သရုပ်ဆောင်အသစ်နဲ့ ဝါရင့်သရုပ်ဆောင် နှစ်ယောက်လုံးရဲ့ အရည်အချင်းတွေက တကယ်ကို အံ့ဩစရာပဲ ဒီနေ့အခန်းတွေ အကုန်လုံး အဓိကကျတဲ့ အခန်းတွေဆိုတော့ တစ်နေကုန် တစ်ညလုံး အချိန်ယူပြီး ရိုက်ရမယ် ထင်နေတာ နေ့လည်ခင်းပဲ ရှိသေးတယ် ခြောက်ပိုင်းမှာ သုံးပိုင်း ပြီးသွားပြီ အားလုံးပဲ အချိန်မီပြီးအောင် အလုပ်ကြိုးစားကြမယ်နော် ..." 


ဝန်ထမ်းအားလုံး ဩဘာသံများ ပေးလိုက်ကြသော်ငြား ရှောင်ကျားရှုကမူ နီရဲနေသည့် မျက်နှာကိုသာ ဒေါသတကြီး အုပ်ကိုင်ထားလိုက်သည်။ 


"နာနေလား အဲဒီ့အချိန်တုန်းက ခံစားချက်တွေ မြင့်တက်လာတာကို မထိန်းနိုင်လိုက်ခဲ့ဘူး  ..." 


သားဖြစ်သူကို ရိုက်ပြီးပြီးချင်းမှာပင် ရွှယ်မြောင်လည်း ချက်ခြင်း နောင်တရသွားတော့သည်။ 


" နာတာပေါ့ မား ကျွန်တော့်ကို ဒီလောက်အထိကို မုန်းတာလား ..." 


ပူပင်ကြောင့်ကြမှု ကင်းမဲ့ပါသည့် ရှောင်ကျားရှုမှာ အနည်းငယ် ဝမ်းနည်းမိလာတော့သည်။ သူ မည်ကဲ့သို့သော ခွင့်မလွှတ်နိုင်ဖွယ်ရာ အမှားမျိုး ကျူးလွန်ခဲ့မိ၍ သူ့မိခင် ဤမျှအထိ ရက်စက်လာရကြောင်း သဘောမပေါက်နိုင်တော့ချေ။ 


"မင်းသာ ပြောင်းလဲမယ်ဆို မားက အရင်အတိုင်းပဲ ချစ်ပေးနေမှာပါ ..."


ရွှယ်မြောင်က ခက်ထန်မာကျောလှသည့် နှလုံးသားဖြင့် ပြောလိုက်သည်။ 


ရှောင်ကျားရှုက သူမကို စကားတစ်ခွန်းမှ မဆို၊ အကြာကြီး စိုက်ကြည့်နေပြီးနောက် မျက်နှာကို လက်နှစ်ဖက်ဖြင့် ဖုံးအုပ်လျက် ထွက်သွားတော့သည်။ မိခင်ဖြစ်သူ၏ တင်းမာခက်ထန်မှုများအပေါ် ပင်ပန်းဆင်းရဲလာရကာ သူမ၏ စိတ်နှလုံးကို နူးညံ့အောင် မစွမ်းဆောင်နိုင်ပါလျှင် အနားမှ ထွက်သွားတော့မည်ဟုသာ ဆုံးဖြတ်လိုက်တော့သည်။ 


ကျိမြန်က အေးမြသည့် အယောင်ကျဆေးကို ပြင်ဆင်ပေးထားကာ ရွှယ်မြောင်နှင့် စကားပြောပြီးသွားကြောင်း တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် ရှောင်ကျားရှုကို အနားဆွဲခေါ်ကာ ဂရုတစိုက် ဆေးလိမ်းပေးလိုက်သည်။ သူသည်လည်း ရွှယ်မြောင်အပေါ် စိတ်မရှည်တော့။ သူမနှင့်အတူ ရုပ်ရှင်ရိုက်ရန် စီစဉ်မိခဲ့သည်ကိုပင် နောင်တရလာတော့သည်။ ပြဿနာကို ပြီးပြည့်စုံအောင်‌ ဖြေရှင်းနိုင်သည်မှာ ကောင်းမွန်သော်ငြား ထိုအကြောင်းပြချက်ကြောင့် ရှောင်ကျားရှု နောက်တစ်ဖန် အရိုက်ခံရပါလျှင် သို့တည်းမဟုတ် စိတ်ပင်ပန်းဆင်းရဲရပါလျှင် ရှောင်ရှုကို ဝေးရာသို့ ခေါ်သွားမိတော့မည်ဖြစ်သည်။ 


အခုက ဘယ်ခေတ်မလို့လဲ ဟိုးရှေးခေတ်တွေကလို  မိဘတွေက ‌သားသမီးတွေကို သေဆိုသေ ရှင်ဆို‌ရှင် လွတ်လပ်မှုတွေ အကုန်လုံးကို သူတို့စိတ်တိုင်းကျ ထိန်းချုပ်လို့ ရတယ်များ ထင်နေလား သူမ ရှောင်ရှုကို ဘယ်နေရာမှာ ဖွက်ထားထား သူ ရှာတွေ့မယ်လို့ ယုံကြည်ထားပြီးသား အချိန်တိုလေးနဲ့တင် သူ့လက်ထဲ ပြန်ရောက်အောင် အပါခေါ်လာနိုင်မှာ သေချာတယ် ... 


ရွှယ်မြောင်ကို များစွာ သည်းခံနေခြင်းသည် မတတ်သာ၍ လက်မှိုင်ချနေရခြင်း မဟုတ်၊ ရှောင်ရှုနှင့် သားအမိ ဆက်ဆံရေးကို မဖျက်ဆီးလို၍ ဖြစ်ပေသည်။ သို့သော် သူမက မည်သို့ တန်ဖိုးထားရမည်မှန်း မသိပါလျှင် သူမ၏ ခံစားချက်များကို မျက်ကွယ်ပြုထားရုံသာ ရှိပေတော့မည်။ 


"နာနေသေးလား ..." 


ဆေးလိမ်းပေးပြီးနောက် သူ့ကောင်လေး၏ နှာခေါင်းကို အသာဖျစ်ညှစ်ရင်း မေးလိုက်သည်။ 


"မနာတော့ပါဘူး ကျိကော တကယ်လို့ ဒီတိုင်းသာ ဆက်ဖြစ်နေမယ်ဆို ကျွန်တော် ကောနဲ့ပဲ ခိုးရာလိုက်ပြေးတော့မယ် ..." 


ရှောင်ကျားရှုက အသံသေးသေးလေးဖြင့် ပြောလိုက်သညိ။ 


ကျိမြန်က ခပ်တိုးတိုး ရယ်လိုက်၏။ 


"ရိုက်ကူးရေး ပြီးလို့တောင် မင်းအမေက ဒီအတိုင်း ဆက်ဖြစ်နေဦးမယ်ဆို ကိုယ်တို့တွေ ခိုးပြေးကြတာပေါ့ ..." 


ရှောင်ကျားရှုက ပြုံးဖြဲဖြဲ လုပ်လိုက်သည်။ ဝမ်းနည်းနေသော သူ့မျက်နှာမှာလည်း တောင့်တမှု အာသီသတို့ဖြင့် ဝင်းလက်တောက်ပလာတော့၏။ 


"ဒါဆို လူမရှိတဲ့ကျွန်းမှာ သွားပြီး နေကြရအောင် တစ်ကျွန်းလုံးမှ ကျွန်တော်တို့ နှစ်ယောက်ထဲလေ ကမ်းခြေမှာ အဝတ်ဗလာနဲ့ နေပူဆာလှုံလို့လည်းရ ရေကူးလို့လည်းရ ဘယ်လောက်တောင် ကောင်းလိုက်သလဲ ..." 


ခံစားချက်တွေ ဇာတ်ရှိန်မြင့်လာရင် ကျိကောနဲ့ အဲဒီ့နားလေးတင် ဇာတ်လမ်းစလိုက်လို့ ရသေးတယ် တကယ်ကို ကောင်းမှာပဲ ... 


ဒီလို ပေါက်ကရ‌အတွေးတွေကို ထုတ်ပြောလို့တော့ မရဘူးပေါ့ ဒါတွေက ဘယ်‌လိုတောင် မှောင်မိုက်ပြီး ရိုမန့်တစ် မဆန်လိုက်သလဲ  ... 


ထိုသို့တွေးကာ ပူလောင်လာသည့် နားသန်သီးကို ပွတ်သပ်လိုက်သည်။ သို့သော် ထိုကဲ့သို့သော ဘဝမျိုးကို အမှန်တကယ်ပင် မျှော်လင့်မိနေပေသည်။ 


ကျိမြန်၏ အကြည့်တို့ မည်းမှောင်သွားကာ ‌မပီမသ ပြောလိုက်သည်။ 


"အခုပဲ ကိုယ် Bahamas မှာ ကျွန်းတစ်ကျွန်း ဝယ်လိုက်ပြီ အဲဒီကို သွားလို့ရတယ် ဒီရုပ်ရှင် ရိုက်ပြီးတာနဲ့ ချက်ခြင်း သွားကြရင်ရော ဘယ်လိုလဲ ..." 


ရွှယ်မြောင် သဘောတူမတူဆိုသည့် ကိစ္စကိုမူ ထည့်တွေးမနေတော့။ 


"ကောင်းတယ် ကျွန်တော့်မှာ ရှစ်ခန်းပဲ ရိုက်စရာ ကျန်တော့တယ် ..." 


ရှောင်ကျားရှုက အလွန်စိတ်လှုပ်ရှားစွာဖြင့် လက်ချောင်းတို့ကို ချိုးကာ ရေတွက်လိုက်သည်။ 


"ကောင်းကောင်းမွန်မွန်သာ လုပ်နိုင်ရင် တစ်ပတ်အတွင်း ပြီးလောက်တယ် ကျိကော ကောရဲ့ အခန်းတွေကလည်း ပြီးတော့မှာ မဟုတ်လား ..." 


"ပြီးတော့မှာ ကိုယ်က မင်းထက်အရင် ပြီးမယ်ထင်တယ် ..." 


"ဒါဆို အခုပဲ လေယာဉ်လက်မှတ်တွေ ကြိုဝယ်ထားလိုက်မယ် ..." 


ရှောင်ကျားရှုက ကျန်းချွမ်အား သူ့ကျောပိုးအိတ်ကို ယူလာခိုင်းလိုက်ကာ အတွင်းဆုံး အိတ်ထဲ၌ ဖွက်ထားသည့် ဖုန်းကိုထုတ်ပြီး‌ လေယာဉ်အချက်အလက်များကို တပျော်တပါး လိုက်ကြည့်နေလိုက်သည်။ 


သူ့ကို တစ်ချိန်လုံး အာရုံစိုက်နေသည့် ရွှယ်မြောင်မှာလည်း ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဒေါသစိတ်တို့ကို လွှတ်ထုတ်မိလုမတတ် ဖြစ်သွားတော့၏။ 


ဒီကလေးက ဖုန်းတစ်လုံး သက်သက်ပြင်ထားတယ်ဆိုတော့ သူနဲ့ ကျိမြန်က လုံးဝ အဆက်အသွယ် မပြတ်ခဲ့ဘူးဆိုတဲ့ သဘောလား တကယ်ကို ကောင်းကောင်းကြီး ပြင်ဆင်ထားကြတာပဲ ... 


အနားသို့ သွားကာ လက်ထဲမှ ဖုန်းကိုလု၍ မြေကြီးပေါ်သို့ လွှင့်ပစ်လိုက်ချင်စိတ်များ ဖြစ်ပေါ်လာသော်ငြား ဘေးနားတွင် အခြားလူများလည်း ရှိနေသေးသည့်အတွက် စိတ်ကို လွှတ်မပေးနိုင်။ ထိုအခါမှ လူအိုကြီး ရှို့ချန်ယု၏ လှည့်ဖျားခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်သွားတော့၏။ လူရှေ့သူရှေ့တွင် ကျိမြန်က အမှန်တကယ်ပင် သူမ၏ သားနှင့် ပူးပူးကပ်ကပ် မနေသော်ငြား သူတို့နှစ်ဦးမှာ ယခင်ကတည်းက ဆက်ဆံရေးကောင်းကြသူများ ဖြစ်သည့်အတွက် အတူတူထိုင်ကာ စကားပြောနေသည့်တိုင် မည်သူကမှ ထူးဆန်းသည်ဟု မထင်။ အလားတူပင် သူမသည်လည်း သူတို့နှစ်ဦးကိုအတင်းကာရော လူစုခွဲခိုင်း၍ မရ။ သို့မဟုတ်ပါလျှင် လူအများ အာရုံစိုက်ဖွယ်ရာ ဖြစ်သွားပေလိမ့်မည်။ 


ကျန်းချွမ်က ဖုန်းကို နှစ်ကြိမ်တိုင် ငေးကြည့်နေလိုက်သော်လည်း တစ်ခွန်းမှ ထုတ်မပြောရဲ။ မစ္စစ်ရွှယ်မြောင်သည် လစဉ်လတိုင်း ဒုသခင်လေးရှောင်အား အကြောင်းပြချက်မရှိ စောင့်ကြည့်နေရာ၌ လွန်စွာ ငွေကုန်ကြေးကျခံလွန်းသည်ဟု ခံစားမိပေသည်။ ဒုသခင်လေးက အနားရှိလူများ သူနှင့် ကျိမြန်ကို မည်သို့ ထင်ကြမည်လဲဟု လုံးဝ ပူပန်ခြင်း မရှိ။ ယခုမူ ဖွက်ထားသည့် ဖုန်းကိုပင် ထုတ်ကိုင်ရဲလာရာ မစ္စစ်ရွှယ်မြောင်ကို စိတ်အနှောင့်အယှက် ဖြစ်စေရန် တမင်တကာ ရည်ရွယ်၍ လုပ်ဆောင်နေခြင်း ဖြစ်ပေလိမ့်မည်။ ။ 


"မင်းအမေ ဒီဖုန်းကိုပါ သိမ်းသွားမှာ မကြောက်ဘူးလား ..." 


ကျိမြန်မှာ မရယ်ဘဲပင် မနေနိုင်တော့။ 


"မကြောက်ပါဘူး သူမက ကျွန်တော့်ကိုမှ မချစ်တော့တာ ကွဲအက်နေတဲ့ အိုးကို လွှတ်ချလိုက်တော့မယ်  ..." 


ရှောင်ကျားရှုက ပါးနှစ်ဖက်ကို ဖောင်းကာ ပြောလိုက်သည်။ 


ကျိမြန်က သူ့ပါးနှစ်ဖက်ကို ဖျစ်ညှစ်ရင်း ပြုံးကာ ပြောလိုက်သည်။ 


"မပူပါနဲ့ သူမက မင်းကို အမြဲတမ်း ချစ်ပါတယ် မင်းအမေပဲဟာကို ..." 


ရှောင်ကျားရှုက တစ်ခွန်းမှ ပြန်မပြော။ သိူ့သော် လေယာဉ်လက်မှတ်ဖြတ်နေသည့် အရှိန်မှာမူ ယခင်ထက် ပိုမိုမြန်ဆန်လာတော့သည်။ 


ဆယ်မိနစ်ခန့် အနားယူပြီးနောက် ဒါရိုက်တာက ထူးဆန်းနေသည့် သားအမိနှစ်ယောက်လုံးကို ခေါ်ကာ ဇာတ်လမ်းအကြောင်း ရှင်းပြလိုက်သည်။ 


"နောက်ရိုက်မယ့် အခန်းနှစ်ခန်းက အရေးအကြီးဆုံး အခန်းတွေပဲ သေချာပေါက် အကောင်းဆုံး သရုပ်ဆောင်မှ ရမယ် မဟုတ်ရင် အကုန် အခက်တွေ့ကုန်ကြလိမ့်မယ် ကိုယ့်ကိုယ်ကို မညှင်းဆဲမိစေနဲ့ ..." 


ရှောင်ကျားရှုနှင့် ရွှယ်မြောင်တို့ လွန်စွာ အလေးအနက်ထား သဘောတူလိုက်ကြသည်။ 


"ပထမတစ်ပိုင်းက အဆိပ်ခတ် အသတ်ခံရပြီးတဲ့နောက် ဝေ့ဝူကျိုးရဲ့ အလောင်း နန်းတွင်းကို ပြန်ရောက်လာတဲ့အခန်း ဒီသတင်းကို ကြားတာနဲ့ တစ်ပြိုင်နက် သူ့အလောင်းကို မီးသင်္ဂြိုဟ်ဖို့ လီရှန်းကျစ်က ဝေ့အိမ်တော်ကို အပြေး ရောက်ချလာတယ် သူ့ခေါင်းတလားထဲမှာ ကိုယ့်ကိုယ်ကို သတ်သေဖို့ အမိန့်ပေးထားတဲ့ အမိန့်ပြန်တမ်းကို တွေ့လိုက်ကာမှ ဝေ့ဝူကျိုး သေတာက စစ်ပွဲမှာ ကျဆုံးလို့ မဟုတ်ဘဲ လျှို့ဝှက်အကွက်ချမှုတွေကြောင့်ဆိုတာကို သိသွားတာ တစ်ချိန်တည်းမှာပဲ ဒီအမိန့်ရဲ့ နောက်ကွယ်မှာ ဘယ်သူ ရှိနေလဲဆိုတာကို ခန့်မှန်းမိသွားတယ် နှလုံးသား တစ်ခုလုံး စုတ်ဖြဲခံလိုက်ရသလိုမျိုး နာနာကျင်ကျင် ညဉ်းတွားပြီး နေရာမှာပဲ ပြိုလဲကျသွားတယ် ဘာလို့လဲ သိလား ဘာလို့ဆို အစကနေ အဆုံးအထိ ဝေ့ဝူကျိုးက သူ့ကို သေမိန့်ပေးခဲ့တဲ့သူက လီရှန်းကျစ်လို့ပဲ ထင်သွားခဲ့လို့လေ သူက စစ်ပွဲမှာ အရမ်းအောင်မြင်လွန်းတော့ ဧကရာဇ်ရဲ့ အာဏာကို ထိပါးလာတဲ့အတွက် လီရှန်းကျစ်က သူ့ကို သေမိန့်ပေးခဲ့တာလို့ ထင်ခဲ့တာ တကယ့်အမှန်တရားမှာ လီရှန်းကျစ်က သူ့ကို အမြဲလိုလို ယုံကြည်တဲ့အပြင် တိတ်တခိုး သဘောကျနေခဲ့တာ တစ်ယောက်နဲ့တစ်ယောက် တိတ်တိတ်လေး ချစ်ကြိုက်နေခဲ့ကြပေမယ့် နားလည်မှု လွဲမှုတွေကြောင့် နာကျင်မှုတွေ ကိုယ်စီ ပိုက်ပြီး သေကွဲ ကွဲခဲ့ရတယ် ဒီဇာတ်သိမ်းက အရမ်း ဝမ်းနည်းဖို့ ကောင်းတယ်လို့ ထင်လား ..." 


ဒါရိုက်တာက သူ့ကို တောက်လောင်နေသည့် အကြည့်တို့ဖြင့် ‌ကြည့်ကာ မေးလိုက်သည်။ 


ရှောင်ကျားရှု၏ မျက်ဝန်းတို့မှာမူ သရုပ်မဆောင်ရခင်မှာပင် ရဲရဲနီလာတော့သည်။ သူက ခေါင်းကို ငြိမ့်ပြလိုက်၏။ 


"အရမ်းကို ဝမ်းနည်းဖို့ ကောင်းတယ် ..." 


"မင်းသာ ဒီလိုကိစ္စမျိုးနဲ့ ကြုံရမယ်ဆို စိတ်ပျက်အားငယ်မိမှာပဲ မဟုတ်လား ..." 


ဒါရိုက်တာက ဆက်မေးလိုက်သည်။ 


"ငယ်မိမှာပေါ့ ..." 


ရှောင်ကျားရှုက မျက်လုံးတို့ကို ပွတ်သပ်ရင်း ပြောလိုက်သည်။ 


"ကောင်းပြီး မင်းခံစားချက်တွေ ထွက်လာပြီပဲ ကောင်းတယ် သိပ်ကိုကောင်းတယ် ဒီစိတ်ပျက်အားငယ်တဲ့ ခံစားချက်ကို မှတ်ထား နောက်ပိုင်း သရုပ်ဆောင်တဲ့ အချိန်ကျ ရှိရှိသမျှ အရည်အချင်းတွေ အကုန်လုံးကို ထုတ်သုံးပြီး အစွမ်းကုန် အော်ဟစ် ပေါက်ကွဲပစ် မင်းအချစ်ရဆုံးသူက သေသွားပြီ မင်းကလည်း သူ့နောက်ကို လိုက်သွားချင်တယ် ဒီခံစားချက်ကို ပရိသတ် နားလည်အောင်၊ နားလည်လွန်းလို့ မင်းအတွက် ကိုယ်ချင်းစာပြီး မျက်ရည်တွေ ဖြိုင်ဖြိုင်ကျလာအောင် လုပ်ရမယ် လုပ်နိုင်ရဲ့လား ..." 


ဒါရိုက်တာက သူ့ပုခုံးကို ပုတ်ပေးရင်း ပြောလိုက်သည်။ 


"မင်းက သရုပ်ဆောင်ကောင်း တစ်ယောက်ပါ ဒါကို သေချာပေါက် လုပ်နိုင်မယ်လို့ ယုံကြည်ထားတယ် ..." 


"ကျွန်တော် ကြိုးစားကြည့်ပါ့မယ် ..." 


ရှောင်ကျားရှုမှာ ဇာတ်ညွှန်းကို ပြန်မစဉ်းစားရဲ။ အကြောင်းမှာ လွန်စွာ သွေးပျက်ဖွယ် ကောင်းလှ၍ ဖြစ်ပေသည်။ 


"အိုကေ မင်းကို နောက်ထပ် ငါးမိနစ် အချိန်ပေးမယ် အရင်ဆုံး ခံစားချက်တွေ မွေးမြူထားလိုက် ..." 


ဒါရိုက်တာက ရွှယ်မြောင်ကို ဆက်ပြောလိုက်သည်။ 


"မင်းက ကိုယ်ရံတော်တွေ ခြံရံပြီး ဝေ့အိမ်တော်ထဲ ဝင်လာတဲ့ အချိန်မှာ တစ်အိမ်လုံး မီးလောင်နေပြီး အထဲမှာ မင်းရဲ့သားတစ်ယောက်ပဲ ရှိနေတာကို တွေ့လိုက်ရတယ် သူ့ကို ကယ်လိုက်ချင်ပေမယ့် ရာဇပုလ္လင်ကို စဉ်းစားလိုက်မိတော့ တုန့်ဆိုင်းသွားတယ် နေရာမှာပဲ ရပ်နေပြီး အကုန်လုံး ပြာကျသွားတာကို စောင့်ကြည့်နေတဲ့ မင်းမျက်လုံးတွေမှာ နာကျင်မှုနဲ့ ‌ရည်မှန်းချက်တွေရောယှက်လို့ မင်းနှလုံးသားကလည်း နှစ်ပိုင်း အဖြဲခံလိုက်ရပြီ တစ်ပိုင်းက နာကျင်ပေမယ့် ကျန်တဲ့တစ်ပိုင်းက အရမ်းကို တည်ငြိမ်နေတယ် စဉ်းစားကြည့် ဒီခံစားချက်က ဘယ်လိုလဲ ဆိုတာကို ဒါကို ထုတ်ပြနိုင်ပါ့မလား ..." 


ဇာတ်ညွှန်းဖတ်သည့် အချိန်တိုင်း ဤနေရာကို တမင်တကာ ရှောင်ကွင်းခဲ့သော်ငြား ယခုအချိန်တွ

င်မူ အသေးစိတ် အချက်လေးတစ်ချက်ကအစ မှတ်မိနေရန် အပြင်းအထန် ကြိုးစားလိုက်ရသည့်အတွက် နှလုံးသားတစ်ခုလုံး နာကျင်ကိုက်ခဲစပြုလာတော့သည်။ 



Xxxxxx