အပိုင်း ၁၉၀
Viewers 45k

Chapter 190





နောက်ရိုက်ရမည့် အခန်းနှစ်ခန်းမှာ ရုပ်ရှင်တစ်ကားလုံးတွင် အရေးအကြီးဆုံးဟုပင် ဆိုနိုင်ပေသည်။ ပထမတစ်ပိုင်းမှာ လီရှန်းကျစ် သေဆုံးခြင်း ဖြစ်ပြီး နောက်တစ်ပိုင်းမှာမူ ဧကရီဘုရင်မ သူမ၏ သားဖြစ်သူနှင့် နောက်ဆုံးသော နွေးထွေးမှုကို စွန့်လွှတ်ကာ ရာဇပုလ္လင်ပေါ် တက်လှမ်းသည့်အခန်း ဖြစ်သည်။ 


ဒါရိုက်တာက ဤနှစ်ခန်းကို လွန်စွာ အရေးထားလှသည့်အတွက် ရှေ့အခန်း လေးခန်းလုံးကို တစ်ရက်တည်းအပြီး ရိုက်ကူးနိုင်ရန် အာရုံစိုက်ခဲ့ခြင်း ဖြစ်ပေသည်။ သို့မှသာ စိတ်ခံစားချက်တို့ တစ်သမတ်တည်း ဖြစ်နေမည်ဖြစ်ပြီး လေးပိုင်းဆက်တိုက် ရိုက်ကူးခဲ့ပြီး ဖြစ်သည့်အတွက် နောက်ထပ်နှစ်ခန်းကို ရိုက်ကူးရန် လုံလောက်သည့် ခံစားချက်တို့ တည်ဆောက်ပြီး ဖြစ်နေပေလိမ့်မည်။ 


"ရှောင်ကျားရှု အဆင်သင့် ဖြစ်ပြီလား ..." 


ဒါရိုက်တာက နာရီကို ငုံ့ကြည့်ကာ အကျယ်ကြီး လှမ်းအော်လိုက်သည်။ 


"ဖြစ်ပါပြီ ..." 


ရှောင်ကျားရှုက မျက်နှာကို ပွတ်ဆွဲရင်း ပြန်ဖြေလိုက်သည်။ 


"ဒါဆို ရိုက်ကူးရေး စမယ် ကျိမြန် ခေါင်းတလားထဲ ဝင်လှဲနေလိုက်တော့ ..." 


မျက်နှာကို ဖြူလျော်နေအောင် ဆေးခြယ်ထားသည့် ကျိမြန်က သူ့ကို အားပေးသည့် အကြည့်တစ်ချက် ပို့လွှတ်ကာ ကြီးမားလှသည့် ကျောက်သားခေါင်းတလားထဲ ဝင်လှဲနေလိုက်သည်။ ရွှယ်မြောင်မှာ စိတ်ထဲတွင် မသက်မသာ ခံစားလာရသည့်တိုင် ထုတ်ဖော်ပြသခြင်း မရှိ။ အခြားသရုပ်ဆောင်များကလည်း ဒါရိုက်တာအနီး စုစည်းကာ မော်နီတာကိုသာ အပူတပြင်း ကြည့်နေလိုက်ကြတော့သည်။ 


"အက်ရှင် ..." 


ဒါရိုက်တာ၏ အမိန့်သံ ဆုံးသည်နှင့် တစ်ပြိုင်နက် ရှောင်ကျားရှုက ဈာပနခန်းမထဲသို့ အမြန်လှမ်းကာ ဝင်လာလိုက်တော့သည်။ ခန်းမအလယ်ရှိ ကျောက်သား ခေါင်းတလားကို တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် မျက်ဝန်းတို့ ရုတ်ချည်း နီမြန်းလာတော့၏။ ‌မိန်းမောနေသည့် သူ့အမူအယာမှာ မြင်နေသမျှအားလုံး အမှန်ဟုပင် မယုံနိုင်‌သည့်ဟန်။ 


သူ့နောက် လိုက်လာသည့် ဝေ့မိသားစု၏ အစေခံအိုကြီးက ခနဲ့တဲ့တဲ့ ပြောလိုက်သည်။ 


"အရှင်မင်းကြီး ဘာလို့များ အရမ်းကို စာနာသနားချင်ယောင်ဆောင်နေရသေးတာလဲ စစ်သူကြီး ဒီနေ့ ဒီလိုနေရာမှာ လဲလျောင်းနေရတာကလည်း အရှင့်ရဲ့ ကြီးမြတ်လှတဲ့ ကျေးဇူးတော်တွေကြောင့်ပဲ မဟုတ်လား ..." 


ရှောင်ကျားရှု၏ စိတ်တစ်ခုလုံး ဗလာဖြစ်နေကာ အစေခံအိုကြီး၏ စကားကို တစ်လုံးမှ နားမလည်သည့်နှယ် ပြန်လှည့်ကြည့်လိုက်သည်။ အစေခံအိုကြီးက ရှေ့တစ်လှမ်းတိုးကာ ဝေ့ဝူကျိုး၏ လက်ထဲရှိ အမိန့်ပြန်တမ်းလွှာကို ဆွဲထုတ်ပြီး ခက်ထန်စွာ ပြန်မေးလိုက်သည်။ 


"ချုံကျိုးက တပ်သားတွေကို စစ်ကူပေးဖို့အရေး အရှင်က ပယ်ချခဲ့လို့သာ မဟုတ်ရင် စစ်သူကြီးက စစ်ရှုံးမှာတဲ့လား ဒီ သနားစရာကောင်းလှတဲ့ စစ်သူကြီးက အရှင့်ရဲ့ ပိုင်နက်ကို ကာကွယ်ပေးဖို့အတွက် အသွေးအသားတွေ အကုန်လုံး စတေးခဲ့ပေမယ့် အရှင်ကတော့ သူ့ကို အဆိပ်ခတ်ထားတဲ့ ဝိုင်တစ်ခွက် ချီးမြှင့်လိုက်တယ်လေ စစ်သူကြီးက တကယ်ကို ကန်းနေခဲ့တာပဲ ဘုရားသခင်က တကယ်ကို ကန်းနေခဲ့တာပဲ စစ်သူကြီးရဲ့ အကူအညီ မပါဘဲ အရှင် ဒီထီးနန်းကို ဘယ်လောက်အထိ ပိုင်စိုးထားနိုင်မလဲ စောင့်ကြည့်လိုက်ချင်သေးပါရဲ့ ..." 


ထိုသူက အထင်အမြင်သေးသည့် အမူအယာကို ချိတ်ဆွဲရင်း ရှောင်ကျားရှု၏ မျက်နှာကို အမိန့်ပြန်တမ်းဖြင့် ပစ်ပေါက်လိုက်သည်။ 


ထိုအခါမှ ရှောင်ကျားရှုက အသိပြန်ဝင်လာဟန်ပင်။ အမိန့်ပြန်တမ်းကို ကောက်ယူကာ တစ်ဖြည်းဖြည်းချင်း ဖွင့်ကြည့်ရင်း အမိန့်လွှာကို တစ်လုံးချင်း ဖတ်နေလိုက်သည်။ လက်ရေးမှာ သူ့လက်ရေး အစစ်အမှန် ဖြစ်သော်ငြား တစ်ခါမှ ဤကဲ့သို့သော အမိန့်မျိုး မပေးခဲ့ဖူး။ ဝေ့ဝူကျိုး စစ်ရှုံးခဲ့ကြောင်း သိသည့်တိုင် သူ့ကို အပြစ်ပေးရန် မတွေးခဲ့။ ဒဏ်ရာ ရလေမလား၊ မည်သည့်အချိန်မှ မြို့တော်သို့ ပြန်ရောက်လာနိုင်မလဲဟုသာ စိုးရိမ်ခဲ့ပေသည်။ သူ့အတွေးမှာ ဝေ့ဝူကျိုးသည် စစ်ပွဲများစွာ အောင်နိုင်ခဲ့ပြီး ဖြစ်၍ တစ်ကြိမ်တစ်ခါမျှ ရှုံးနိမ့်ခြင်းသည် ကြီးမားသည့် ဆုံးရှုံးမှုမဟုတ်။ အားဖြည့်ရန် မြို့တော််သို့ ပြန်လာပါလျှင် သူနှင့် တွေ့ဆုံနိုင်မည့်အကြိမ်ရေ ပိုမိုများပြားလာလိမ့်မည်ဟုသာ တွေးမျှော်ခဲ့ဖူးသည်။ သိူ့သော် အဆိပ်သောက်ကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားသည်ဆိုသည့် မမျှော်လင့်ဖွယ် သတင်းကိုသာလျှင် ရရှိလိုက်ရတော့၏။ 


သူ့ပြစ်မှုက ဘာလဲ သူက ထန်မင်းဆက်ရဲ့ နယ်နိမိတ်ကို ချဲ့ထွင်ပေးတယ် ဧကရာဇ်အတွက် တိုက်ခိုက်ပေးတယ် သူ့တစ်ကိုယ်လုံး သွေးသံတရဲရဲနဲ့ ဒဏ်ရာဗလပွ ခံစားခဲ့ရတာလေ သူ ဘာအမှား လုပ်ခဲ့လို့လဲ ဒါတွေအားလုံးက အလိမ်အညာတွေ နောက်ဆုံးမှာတော့ တစ်ခြားသူတွေ ပြင်ဆင်ထားတဲ့ လှည့်ကွက်ပဲ မဟုတ်လား ... 


ရှောင်ကျားရှုက အရာအားလုံးကို ချက်ခြင်း သဘောပေါက်သွားတော့သည်။ လက်ထဲတွင် ကိုင်ထားသည့် တော်ဝင် အမိန့်ပြန်တမ်းမှာ နီရဲပူပြင်းလှသည့် သံမဏိတုံး တစ်ခုနှယ် လက်ဖဝါးတစ်ခုလုံး နာကျင်ကိုက်ခဲလာရတော့သည်။ မျက်သားတို့ နီမြန်းကာ မျက်ဆန်အိမ်များပင်လျှင် သွေးရောင်လွှမ်းလာပြီး အမိန့်လွှာကို ဆုပ်ကိုင်ထားသည့် လက်ဆစ်တို့ ဖြူလျော်ကာ သွေးကြောပြာများ ထွက်ပေါ်လာတော့သည်။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေသည့်တိုင် စိတ်ကို မလွှတ်ချနိုင်၊ သူ့ကိုယ်သူ အပြစ်ပေးရဦးမည်ဖြစ်သည်။


ထို့နောက် ခေါင်းတလားဆီသို့ အလွန်အမင်း ဖြေးညှင်းစွာ တစ်လှမ်းချင်း လျှောက်လှမ်းရင်း အေးချမ်းနေပြီဖြစ်သည့် ဝေ့ဝူကျိုး၏ မျက်နှာကို ငုံ့ကြည့်လိုက်သည်။ 


အဆိပ်ခွက်ကို သောက်နေရတဲ့အချိန် သူ့ရဲ့ ခံစားချက်တွေက ဘယ်လိုများ ဖြစ်နေလိမ့်မလဲ ‌နာကျည်းနေမလား နောင်တရနေမလား ... ဒါက သူ(လီရှန်းကျစ်) အချစ်ရဆုံးလူလေ ဘယ်လိုဖြစ်လို့ ဘယ်လိုဖြစ်လို့ သူ့ကိုသတ်ဖို့ ဆန္ဒရှိပါ့မလဲ ... 


"သူ ..." 


ရှောင်ကျားရှုမှာ ထိုစကားလုံးတစ်လုံးကိုသာလျှင် မြည်တမ်းနိုင်တော့သည်။ သူ့အသံမှာလည်း လွန်စွာ အက်ကွဲနေပေသည်။ ကြိမ်ဖန်များစွာ နှုတ်ခမ်းကို ဖွင့်လိုက်ပိတ်လိုက်ပြီးကာမှ ကျန်စာလုံးများကို တုန်ရီစွာ ပြောလာနိုင်တော့၏။ 


"သူ နောက်ဆုံးစကားများ ချန်ခဲ့သေးလား ..." 


ခေါင်းတလားကို အားပြုကာ လက်ထောက်ထားပြီး ပုခုံးတို့မှာ လုံးဝဥဿုံ ယိုင်လဲကျနေတော့သည်။ အချိန်မရွေး လဲကျသွားတော့မည့်နှယ် ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းထိုးနေသော်လည်း သူကိုယ်တိုင်ကမူ သတိမပြုမိသေး။ 


ပြိုလဲပျက်စီးကျတော့မည့် အဆင့်သို့ ရောက်နေကာ ဘေးနားရှိ မီးရောင်က သူ့မျက်နှာကို အလင်းပေးထားသော်ငြား မှောင်မိုက်လှသည့် မျက်ဝန်းအစုံအတွက်မူ မစွမ်းသာပေ။ သူ့ခန္ဓာကိုယ်ထဲမှ တစ်ခုခု ပြေးထွက်လာကာ အလျင်အမြန် ခြောက်ကပ်သွားတော့သည်။ လူးလွန့်တောက်လောင်နေသည့် မီးအိမ်အောက်တွင် ရပ်နေသူကိုယ်တိုင်ကပင်လျှင် အချိန်မရွေး ပျောက်ကွယ်သွားတော့မည့် အရိပ်တစ်ခုနှယ်။ 


အစေခံအိုကြီးက အံတင်းတင်းကြိတ်ကာ သူ့ကို တစ်ယောက်တည်း ပစ်ထားခဲ့ချင်သော်ငြား စစ်သူကြီး၏ ဖြူလျော်နေသော မျက်နှာကို မြင်ယောင်မိသည့်အတွက် အင်တင်တင်ဖြင့် ပြောလိုက်တော့သည်။ 


"သူက စကားတစ်ခွန်းပဲ ချန်ထားခဲ့ပါတယ် - ဒီဘဝမှာ သူသေခဲ့ရင်တောင် နောင်တ မရပါဘူး နောင်ဘဝမှာလည်း အရှင်မင်းမြတ်နဲ့ ပြန်လည်တွေ့ဆုံခွင့်ရဖို့ကို စောင့်မျှော်နေပါတယ်တဲ့ ..." 


ဒီဘဝမှာ နောင်တမရှိ ဒီဘဝမှာ နောင်တမရှိဘူးတဲ့လား ... 


ဤစကားသည် ကုလားအုတ်၏ ကျောရိုးကို ‌ကျိုးသွားစေသည့် နောက်ဆုံးသော မြက်ရိုးနှယ် ရှောင်ကျားရှုကို ရုတ်ချည်း ပြိုကျပျက်စီးသွားစေတော့သည်။ ထိုခံစားချက်ကို ဖိနှိပ်ရန် မနည်းရုန်းကန်ကာ စောင့်ဆိုင်းလိုက်ရတော့၏။ သူတစ်ဘဝလုံး ဘယ်သောအခါမှ ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ဟု ထင်ထားခဲ့သော ချစ်ခြင်းမေတ္တာတရားသည် မူလအစကတည်းက သူ့အပိုင် ဖြစ်နှင့်နေပြီး ဖြစ်ပေသည်။ 


သူ နောက်ကျသွားမှန်း အခုမှ သိလိုက်ရတာပဲ အရာအားလုံးက နောက်ကျလွန်းသွားပြီ ဘာလို့ ဒီလိုတွေ ဖြစ်ကုန်ရတာလဲ ဘာလို့ ဘုရားသခင်က ငါတို့နှစ်ယောက်အပေါ် ဒီလိုတွေ ရက်စက်ရတာလဲ ... 


ခေါင်းကို ငုံ့ချလိုက်သည့်အခါ ရှောင်ကျားရှု၏ ပူပြင်းလှသည့် မျက်ရည်စက်တို့ ဝေ့ဝူကျိုး၏ ဖြူလျော်နေသော မျက်နှာပေါ်သို့ တစ်ပေါက်ချင်း ကျဆင်းလာတော့သည်။ နဖူးပြင်မှသည် ပါးပြင် ထိုမှတစ်ဆင့် နှုတ်ခမ်းတို့အထိ ... 


သို့သော် ထိုလူကမူ နောက်တစ်ကြိမ် မျက်လုံးတို့ကို ဖွင့်ကြည့်လာခြင်းလည်း မရှိ၊ ပြုံးပြခြင်းလည်း မရှိ၊ သူ့ကိုယ်သူ ထိန်းချုပ်ရင်း စကားဆိုလာခြင်းလည်း မရှိတော့ပေ။ 


"အရှင် ဒီငယ်သား ပြန်လာမှာကို စောင့်နေပေးပါ ..." 


ရှောင်ကျားရှုမှာ မူးဝေကာ ဒူးထောက်လျက်သား လဲကျသွားတော့၏။ အမိန့်ပြန်တမ်းကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ မိုးပေါ်မော့၍ အော်ဟစ်လိုက်ချင်သော်ငြား ဗလုံးဗထွေး အသံအချို့သာလျှင် ထွက်ပေါ်လာတော့သည်။ လူတစ်ယောက် ပူဆွေးသောက ရောက်သည့်အခါ အားအင်ဟူ၍ မရှိတော့၊ စိတ်ပျက်အားငယ်မှုတို့က သူ့နှလုံးသားကို တစ်စထက်တစ်စ ရစ်ပတ်ကာ ပြာမှုန်များအဖြစ် ပြောင်းလဲသွားစေနိုင်ကြောင်းကို မသိခဲ့ချေ။ 


မိုးပေါ် မော့ကြည့်ရင်း ထောင်ချောက်ထဲ ရောက်‌နေသည့် သေအံ့မူးမူး သားကောင်လေးသဖွယ် မြည်တမ်းလိုက်သည်။ တစ်ဖန် လက်ထဲရှိ တော်ဝင်အမိန့်ပြန်တမ်းကို ငုံ့ကြည့်လိုက်ပြန်သည်။ သွေးရူးသွေးတန်း ရယ်မောကာ မျက်ရည်တို့ ကျဆင်းလျက် ခေါင်းကို ခါယမ်းရင်း ရယ်ပွဲဖွဲ့လိုက်သည်။ ထို့နောက် ရှိရှိသမျှ ခွန်အားတို့ကို စုစည်း၍ အမိန့်ပြန်တမ်းအား တစ်စစီ ဖျက်ဆီးလိုက်တော့သည်။ 


မောနီတာမှတစ်ဆင့် ကြည့်နေသည့် ဒါရိုက်တာ၏ နှလုံးသားတစ်ခုလုံး ဖမ်းဆုပ်ခြင်းကို ခံလိုက်ရတော့သည်။ ရှောင်ကျားရှုသည် ဤကဲ့သို့သော သွေးဆူဖွယ် အခန်းမျိုးကို တစ်ဒါဇင်ထက်မနည်း ရိုက်ကူးရလိမ့်မည်ဟု တွက်ဆထားသော်လည်း ဈာပနာကျင်းပရာ အခန်းထဲ‌ ရောက်သည်နှင့် တစ်ပြိုင်နက် ဇာတ်ကောင်စရိုက် ပူးကပ်သွားလိမ့်မည်ဟုတော့ မျှော်လင့်မထားချေ။ သေခြင်းတရား‌ရှေ့မှောက် ဒူးထောက်ကျသွားသည့် လီရှန်းကျစ်နှယ် အချစ်ရူးတစ်ယောက် ဖြစ်သွားတော့သည်။ 


ပြန်တမ်းကို အညှာအတာမဲ့စွာ ဖြဲဆုတ်ရင်း ရယ်မောငိုကြွေးလိုက်သည်။ အမိန့်လွှာကို ကြမ်းတမ်းစွာ စုတ်ဖြဲနေသည့် သူ့ပုံစံမှာ လွန်စွာ မျက်စိဖမ်းစားဖွယ် ကောင်းလွန်းလှသည့်အတွက် ဘေးမှ ရပ်ကြည့်နေသူများပင်လျှင် စိတ်လှုပ်ရှားသွားရတော့သည်။ အစေခံအိုကြီးအဖြစ် သရုပ်ဆောင်သူရော၊ ဈာပနခန်းမ၏ အပြင်ဘက်တွင် စောင့်ကြပ်နေသည့် ရဲမက်အဖြစ် သရုပ်ဆောင်ကြသူများပါမကျန် ရိုက်ကူးရေး ပြုလုပ်‌ရာနေရာ၏ အပြင်ဘက်ရှိ ဒါရိုက်တာနှင့် ကင်မရာသမားများပင်လျှင် မျက်လုံးတို့ နီမြန်းကာ စိတ်ဓာတ်ကျဆင်းမှုကို ခံစားလိုက်ရတော့သည်။


ခေါင်းတလားထဲ လဲလျောင်းနေသည့် ကျိမြန်အပြင် လူအုပ်ကြားထဲ ရပ်နေသည့် ရွှယ်မြောင်သည်လည်း ပြင်းထန်သည့် ခံစားချက်တို့ကို ခံစားလိုက်ရတော့သည်။ သားဖြစ်သူအကြောင်း ကောင်းကောင်းသိထားသူ ဖြစ်သည့်အတွက် သူ့စရိုက်မှာ လီရှန်းကျစ်နှင့် လွန်စွာ တူညီကြောင်း အစောကြီးကတည်းက သတိထားမိပေသည်။ သူတို့နှစ်ဦးလုံးသည် လွန်စွာ သန့်စင်ရိုးသားလွန်းလှသည့်အတွက် ခံစားချက်များမှာ ဟုန်းဟုန်းတောက်နေသည့် မီးပုံသဖွယ် အခြားသူများကိုသာမက မိမိကိုယ်ကိုပါ လောင်ကျွမ်းသွားစေနိုင်ပေသည်။ မည်သူကမှ သူတို့ကို မနှောင့်ယှက်ပါလျှင် ထိုမီးတောက်က သူတို့၏ ညင်သာ ချစ်စဖွယ် သွင်ပြင်အောက်တွင်သာ နက်ရှိုင်းစွာ လောင်ကျွမ်းသွားမည် ဖြစ်သော်ငြား လုံးဝ မီးငြိမ်းသွားမည် မဟုတ်ချေ။ 


သို့သော် ချောင်ပိတ်ခံရပါလျှင်မူ မီးတောင်သဖွယ် ချော်တုံးချော်ခဲတို့ စီးကျကာ အရာအားလုံးကို ဖျက်ဆီးပစ်မည်ဖြစ်သည်။ ရံဖန်ရံခါတွင် လွန်စွာ သန်မာကာ တစ်ခါတစ်ရံတွင် အထိမခံ၊ သူတို့၏ ချစ်ခြင်းသည် ကောင်းမွန်စွာ ကာကွယ်ရမည့် အရာတစ်ခု ဖြစ်ပေသည်။ သို့မဟုတ်ပါလျှင် တစ်ဘဝလုံးစာ ဒဏ်ရာ ဖြစ်သွားပေလိမ့်မည်။ 


ထို့ကြောင့်လည်း သူ လူမှားပြီး ချစ်မိသွားမည်ကို စိုးရိမ်နေရခြင်း ဖြစ်ပေသည်။


 ထို့ကြောင့်လည်း သူနှင့် ကျိမြန်ကို ခွဲထားရန် အစွမ်းကုန် ကြိုးစားရခြင်းဖြစ်သည်။ သို့သော် သူမ၏ သားဖြစ်သူ မီးတောက်ထဲ ဆင်းကာ သူ့ကိုယ်သူ လောင်မြှိုက်ခံလိုက်သည့် ဖြစ်ရပ်အား မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသည့်အခါ ရုတ်ချည်း ကြောက်ရွံ့မိလာတော့သည်။ 


"Cut ..." 


ဒါရိုက်တာ၏ ကျယ်လောင်လှသည့် အသံက သူမကို လှုပ်နိုးလိုက်နိုင်ခဲ့သည်။ 


"ရှောင်ကျားရှု မင်းက တကယ်ကို အရမ်းကောင်းတာပဲ ဒီအခန်းတွေက ဒီလိုမျိုး သရုပ်ဆောင်ရမှာ မင်းက မအော်ဘူး စိတ်ကို မပေါက်ကွဲခဲ့ဘူး ဆိုပေမယ့် မင်းရဲ့ ခွန်အားကုန်ဆုံးပြီး ကူကယ်ရာမဲ့မှုက အော်ဟစ်ငိုယိုတာထက်တောင် ပိုကောင်းနေသေးတယ် ငါ့မျက်လုံးတွေကို ကြည့်ကြည့်လိုက်ဦး အကုန် နီရဲကုန်ပြီ ဒါ ငါ့ရိုက်ကွင်းက သရုပ်ဆောင်တွေကြောင့် စိတ်လှုပ်ရှားမိတဲ့ ပထမဆုံး အကြိမ်ပဲ ..." 


သို့သော် ရှောင်ကျားရှုကမူ သူ့ကို မကြည့်ဘဲ အမိန့်ပြန်တမ်း အပိုင်းအစများကို လွှင့်ပစ်ကာ ကျိမြန်ကို ကြည့်ရန် ကျောက်သားခေါင်းတလားပေါ် လဲလျောင်းလိုက်သည်။ ဤအခန်း တစ်ခန်းတည်းကပင်လျှင် သူ့ခွန်အား အလုံးစုံကို ဆုတ်ယုတ်သွားစေခဲ့သည်။ အကယ်၍ သူနှင့် ကျိကောသာ တူညီသည့် ဝမ်းနည်းဖွယ် ဇာတ်သိမ်းမျိုး ကြုံရပါလျှင် ထပ်တူထပ်မျှ ရူးသွပ်သွားမည်ဖြစ်သည်။ 


"ကျိကော အသက်ရှိနေသေးလား ..." 


သူက ထုတ်မေးလိုက်မိတော့သည်။ 


ကျိမြန်က သူ့ကို မျက်လုံးဖွင့်ကြည့်ရင်း ကွဲအက်နေသည့် အသံဖြင့် ပြောလိုက်သည်။ 


"ရှောင်ရှု ဒါတွေအားလုံးက သရုပ်ဆောင်တာတွေပဲလေ သေချာပေါက်ကို ကိုယ် အသက်ရှိသေးတာပေါ့ ကိုယ်တို့တွေ တစ်သက်လုံး အတူတူ နေသွားရဦးမှာလေ ..." 


"တကယ်လား ..." 


ရှောင်ကျားရှုက မျက်တောင်ခတ်လိုက်သည်နှင့်တစ်ပြိုင်နက် မျက်ရည်ပေါက်တို့ ကျဆင်းလာတော့သည်။ သူ့ပုံစံမှာ လွန်စွာ သနားဖွယ်ရာပင်။ 


ကျိမြန်၏ နှလုံးသားတစ်ခုလုံး ဓားဖြင့် အထိုးခံလိုက်ရသည့်နှယ် နာကျင်သွားသော်လည်း သူ့ကို ရင်ခွင်ထဲ ဆွဲပွေ့ကာ မနမ်းပေးနိုင်သည့်အတွက် အသံခပ်တိုးတိုးဖြင့်သာ နှစ်သိမ့်ပေးလိုက်ရတော့သည်။ 


"တကယ်ပေါ့ ကိုယ်တို့က လီရှန်းကျစ်နဲ့ ဝေ့ဝူကျိုး မဟုတ်တဲ့ ရှောင်ကျားရှုနဲ့ ကျိမြန်လေ ..." 


ရှောင်ကျားရှုက ခေါင်းငြိမ့်ပြလိုက်သည့်တိုင် သူ့နှလုံးသားထဲရှိ လေးလံမှုမှာတော့ လုံးဝဥဿုံ ပျောက်ဆုံးမသွားသေး။ ယခု အခြေအနေသည် သူ့အတွက် အကောင်းဆုံးဖြစ်ကြောင်း ကျိမြန်လည်း သဘောပေါက်နေသည့်အတွက် သူ့ကို အတင်းကာရော နှစ်သိမ့်ချင်စိတ်တို့ကို ထိန်းချုပ်ထားလိုက်ရတော့သည်။ 


သားဖြစ်သူကို ရပ်‌ကြည့်နေသည့် ရွှယ်မြောင်၏ နှလုံးသားမှာလည်း များစွာ မသက်မသာ ဖြစ်လာတော့သည်။ ထပ်ကာထပ်ကာ တွေးပြီးနောက် သူ့ကို ပွေ့ဖက်ပေးရန် ရှေ့သို့ လှမ်းလာစဉ် ဒါရိုက်တာ၏ တားဆီးခြင်းကို ခံလိုက်ရတော့သည်။ 


"ရွှယ်မြောင် သူ့ကို သွားမနှောင့်ယှက်နဲ့ ဒီအခြေအနေအတိုင်း ဆက်နေနေရဦးမှာ ..." 


မဖြစ်မနေ ရပ်တန့်လိုက်ရသည့်အတွက် သူမနှလုံးသားလည်း ကိုက်ခဲစ ပြုလာတော့သည်။ သားဖြစ်သူကို စိတ်ပိုင်းဆိုင်ရာ ပြိုလဲပျက်စီးသွားသည်အထိ အလွန်အမင်း တွန်းအားပေးမိရာ ရောက်မည်ကို စိုးရိမ်မိသော်ငြား ဤသိူ့လည်း တွေးလိုက်မိပြန်သည်။ 


ရှောင်ရှုက ပြန်ပေးဆွဲခံရတာကိုတောင် ကျော်လွှားနိုင်ခဲ့သေးတာ ဒီလို အသည်းကွဲတဲ့ ကိစ္စသေးသေးလေးလောက်ကတော့ သေချာပေါက် ကျော်လွှားနိုင်ပါတယ် ... 


သိူ့သော် ဤအတွေးမှာ မှန်ကန်မှု ရှ်ိမရှိ သူမလည်း မရေရာတော့ချေ။ 


သားဖြစ်သူ၏ ပြိုလဲပျက်စီးနေသည့် သွင်ပြင်ကြောင့် လွန်စွာ တုန်လှုပ်သွားရကြောင်းကိုမူ ဝန်ခံရပေလိမ့်မည်။ 


"အားလုံး အဆင်သင့်ဖြစ်ပြီလား ဖြစ်ရင် နောက်တစ်ပိုင်း ဆက်ရိုက်ကြမယ် ..." 


ဒါရိုက်တာက ရှောင်ကျားရှု၏ ပြီးပြည့်စုံသော ခံစားချက်တို့ ပျောက်ဆုံးသွားမည်ကို စိုးရိမ်သဖြင့် နားချိန်အများအပြား မပေးရဲပေ။




Xxxxxxx