အပိုင်း ၁၉၂
Viewers 44k

Chapter 192



 


ရှို့ချန်ယုကလည်း ယနေ့ လွန်စွာ အတက်အကျ များလှသည့် အခန်းကို ရိုက်ကူးမည်ဖြစ်ကြောင်း သိထားရာ လက်ထဲရှိ အလုပ်များကို အပြီးသတ်ပြီးသည်နှင့် တစ်ပြိုင်နက် ရိုက်ကူးရေးအဖွဲ့သိူ့ ရောက်လာတော့၏။ ထိုအခါ ရိုက်ကူးရေး အဖွဲ့သားများ ပစ္စည်းသိမ်းနေကာ ရလဒ်မှာလည်း လွန်စွာ ကောင်းမွန်လှကြောင်း သိလိုက်ရတော့သည်။ ဒါရိုက်တာနှင့် လျှိုရီလိန်အမည်ရ သရုပ်ဆောင်တစ်ဦးက မော်နီတာရှေ့ ထိုင်ကာ ရိုက်ကူးထားသည်များကို ပြန်ကြည့်နေသည်။ ရှောင်ကျားရှုက စိုးရိမ်နေဟန် မျက်နှာထားဖြင့် အမိုးအောက်တွင် ထိုင်နေကာ ခပ်လှမ်းလှမ်းတွင်မူ ကျိမြန်နှင့် ရွှယ်မြောင်တို့ စကားပြောနေကြသည်။ နှစ်ယောက်လုံး၏ အမူအယာမှာ မကောင်းလှ။ 


"ညှိနှိုင်းနေကြတာလား ..." 


သူက တီးတိုးမေးလိုက်သည်။ 


"ဟမ် ..." 


ရှောင်ကျားရှုက စိတ်နှင့်လူနှင့် မကပ်စွာ ခေါင်းငြိမ့်ပုလိုက်၏။ 


"မင်းအမေက အခုတလော စိတ်တော်တော်ဆတ်နေတယ်နော် ငါ့ကိုဆို နေ့တိုင်း စာပို့ပြီးကို ဆူပူကြိမ်းမောင်းနေတာ ..." 


ရှို့ချန်ယုမှာ မတရား အနိုင်ကျင့်ခံရသည်ဟုပင် ခံစားလိုက်မိတော့သည်။ 


သူ့မှာ ရည်ရွယ်ချက်ကောင်းတွေ ရှိပေမယ့် နောက်ဆုံးတော့ ဒီနှစ်ယောက်အစား အပြစ်တင်ခံလိုက်ရတယ် ... 


"သူမက ကျွန်တော့်ကို ရိုက်တောင် ရိုက်လိုက်သေးတယ် ..." 


မျက်နှာကို ထိကာ ပြောလိုက်သည့် ရှောင်ကျားရှု၏ အမူအယာမှာ ပို၍ပင် စိတ်ညစ်ညူးနေဟန်။ 


"သွားပြီ မင်းတို့နှစ်ယောက်တော့ ကံဆိုးပြီပဲ ..." 


ရှို့ချန်ယုက ပိုင်နိုင်စွာ ပြောလိုက်သည်။ မြောင်မြောင်ကို နားချနိုင်သည့်သူဟူ၍ မတွေ့ခဲ့ဖူး၊ ရှောင်ချီကျဲပင်လျှင် မအောင်မြင်ခဲ့ချေ။ သို့သော် သူ့စကား အဆုံးမှာပင် ကျိမြန်က လည်ပင်းဆန့်ကာ စောင့်မျှော်နေသူနှစ်ဦးဘက် လှည့်လျက် အိုကေဟု အမူအယာ ပြလိုကိသည်။ ရွှယ်မြောင်က အဆုတ်ကွဲထွက်လုမတတ် အော်လိုက်သေးသော်လည်း ချက်ခြင်း ပြန်ငြိမ်သွားကာ နဖူးကို အုပ်ကိုင်လျက်သာ ခါးသီးစွာ ပြုံးလိုက်တော့သည်။ ကူကယ်ရာမဲ့သည့်တိုင် စိတ်အေးသွားသည့်ဟန်။ 


ရှို့ချန်ယုက အံ့ဩတကြီး ပြောလိုက်သည်။ 


"ကျိမြန် ဘယ်လိုလုပ်ပြီး မြောင်မြောင်ကို နားချနိုင်သွားရတာလဲ ..." 


"ဒါရိုက်တာအနားကို သွားပြီး စောစောက ရိုက်တဲ့အပိုင်းကို ကြည့်ကြည့်လိုက် ကျွန်တော် ပြောသားပဲ  အန်တီရွှယ်သာ ရှောင်ရှုကိုချစ်ရင် နားလည်ပါလိမ့်မယ်‌ဆိုနေ ..." 


ဒါရိုက်တာအနား သွားကြည့်လိုက်သည့် ရှို့ချန်ယု၏ အမူအယာတို့မှာ သံသယမှသည် သဘောပေါက်မှု၊ တစ်ဖန် အထင်ကြီးလေးစားမှုသို့ အဆင့်ဆင့် ပြောင်းလဲသွားတော့သည်။ 


ကျိမြန် ဒီဇာတ်ညွှန်းကို အချိန်ကုန်ခံပြီး အသေးစိတ်ဖတ် အပိုင်းတွေကို စိတ်တိုင်းကျတဲ့အထိ ဖြုတ်လိုက်ထည့်လိုက် လုပ်နေတာ မထူးဆန်းတော့ပါဘူး အပြောင်းလဲကြီး ပြောင်းလဲထားတဲ့ ဇာတ်ညွှန်းကို ရလာတော့ မူရင်းစာရေးသူက မျက်ရည်လည်ရွဲနဲ့ ပြောလိုက်သေးတယ် မစ္စတာကျိ ဇာတ်ညွှန်းရေးတဲ့အလုပ် မလုပ်တာ တကယ်ကို နှမြောစရာပဲတဲ့ ... 


ဒီဇာတ်ညွှန်းက သူရယ် ရှောင်ကျားရှုရယ် မြောင်မြောင်ရယ်ကို ကွက်တိ ‌ထင်ဟပ်ပြနေတာ ကျိမြန်က ဝေ့ဝူကျိုး ရှောင်ကျားရှုက လီရှန်းကျစ် မြောင်မြောင်ကတော့ ဧကရီဘုရင်မ တကယ်လို့ မြောင်မြောင်သာ ခေါင်းမာနေဦးမယ်ဆို ဒီလိုပဲ ဇာတ်သိမ်းမှာ ဆိုတဲ့ သဘောပဲ ကျိမြန်က ဘာစကားမှ မပြောဘဲ ဒီလို နာကျင်စရာကောင်းတဲ့ အတွေ့အကြုံကို ကိုယ်တိုင် ခံစားခိုင်းလိုက်တာပဲ ... 


ကျိမြန် ဒီ ခွေးကောင်ကတော့ မြောင်မြောင်ကိုတောင် အကွက်ချ ကြံစည်ရဲတယ်ပေါ့ ... 


ရှို့ချန်ယုက အသံတိတ် ဆဲရေးလိုက်သည့်တိုင် ခေါင်းကိုယမ်းလျက်လည်း ပြုံးရယ်မိသွားတော့သည်။ 


မြောင်မြောင် အရှူံးပေးလိုက်ရတာကို မြင်ဖူးတာ ပထမဆုံးအကြိမ်လေ ဘယ်လိုဖြစ်ပြီး နည်းနည်းလေး ခံစားချက်တွေ ပိုကောင်းလာရတာလဲ ... 


ရိုက်ကူးရေးအဖွဲ့သားများ သိမ်းဆည်းနေစဉ် ရွယ်မြောင်က ကျိမြန်ကို သူမတို့နှင့်အတူ ညစာလိုက်စားရန် ဖိတ်ခေါ်ခဲ့သည်။ စားသောက်နေစဉ်အတွင်း သားဖြစ်သူကို စိုက်ကြည့်ကာ မေးလိုက်၏။ 


"ရှောင်ရှု မား နောက်တစ်ခါ လက်ထပ်မယ်ဆို ဘယ်လို သဘောရလဲ ..." 


ဝိုင်ငှဲ့ပေးနေသည့် ရှို့ချန်ယု၏ လှုပ်ရှားမှုတို့ ယောင်ယောင်လေး ရပ်တန့်သွားတော့သည်။ 


"တစ်ယောက်နဲ့တစ်ယောက် အများကြီးချစ်တယ် တစ်ဖက်လူကလည်း မားကို တကယ် မြတ်နိုးတယ်ဆိုရင် ကျွန်တော် သဘောတူပါတယ် ..." 


ရှောင်ကျားရှုက ခေါင်းငြိမ့်ပြလိုက်သည်။ 


"အဲဒီ့လူက မင်းရဲ့ အန်ကယ်ရှို့ ဆိုရင်ရော ..."


ရှို့ချန်ယုက လက်ထဲရှိ ပုလင်းကို လွှတ်ချလိုက်မိ၍ ကမန်းကတမ်း ပြန်ကောက်လိုက်ရတော့သည်။ ထို့နောက် အသက်ပင် မရှူနိုင်ဘဲ ရှောင်ကျားရှုကိုသာ စိုက်ကြည့်နေလိုက်တော့၏။ 


"အန်ကယ်ရှို့က မားကို ကျိကော ကျွန်တော့်ကိူ ဆက်ဆံသလိုမျိုး ကောင်းကောင်း ဆက်ဆံမယ်ဆို မကန့်ကွက်ပါဘူး မား မားရဲ့ ပျော်ရွှင်မှုက အရေးအကြီးဆုံးပဲ ..." 


သူမ၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ 


ရွှယ်မြောင်က အပြည့်အဝ သဘောတူသွားသည့်ဟန်။ သူ့ခေါင်းကို ပွတ်ပေးရင်း သက်ပြင်းချကာ ပြောလိုက်သည်။ 


"ကျိမြန်နဲ့ ကောင်းကောင်းနေကြ သားပြောသလိုပဲ သားရဲ့ ပျော်ရွှင်မှုက အရေးအကြီးဆုံးပဲ ..."


သူ့အမေ၏ စကားများကို နားထောင်ပြီးနောက် ရှောင်ကျားရှုသည် ပြုံးရယ်ရမည့်အစား မျက်ရည်စီးကြောင်း နှစ်ခုသာ ကျဆင်းလာတော့သည်။ သူ့မိခင်၏ ခံစားချက်များကို ကောင်းကောင်းကြီး သိထားပေသည်။ သူမသည် သူ့ကို အရွယ်ရောက်သည်အထိ အချိန်များစွာ ရင်းနှီးမြှုပ်နှံကာ ချစ်ခင်စောင့်ရှောက်ပေးခဲ့ရသည့်အတွက် သူ့ကို လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ပြုရန် ကြောက်ရွံ့နေပေလိမ့်မည်။ ကမ္ဘာတစ်ဝှမ်းလုံးရှိ မိခင်များအားလုံး ထိုနည်းတူပင် ဖြစ်ပေလိမ့်မည်။ ငယ်စဉ်တောင်ကျေး ကလေးဘဝ ခြေလှမ်း မခိုင်သေးသည့်အချိန်တွင် ယိုင်လဲကျသွားမည်ကို စိုးရိမ်တတ်ကြပြီး အရွယ်ရောက်လာသည့် အချိန်တွင်လည်း လမ်းကြောင်းမှားကာ ပြန်လှည့်၍ မရ‌နိုင်တော့မည်ကို စိုးရိမ်ရပြန်သည်။ သားသမီးတို့ အရေးအတွက် တစ်ဘဝလုံး မြှုပ်နှံထားကြသူများ ဖြစ်ပေသည်။ 


"မား ကျေးဇူးတင်ပါတယ် ..." 


သူမကို ပွေ့ဖက်ရင်း ဆို့နင့်စွာ ပြောလိုက်သည်။ 


"မားကို ချစ်တယ်နော် ..." 


"မားလည်း သားကို ချစ်ပါတယ် ..." 


ရွှယ်မြောင်က သူ့နောက်ကျောကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။ 


"သားနဲ့ ကျိမြန် ကောင်းကောင်းနေကြရမယ်နော် ..." 


"မား စိတ်မပူပါနဲ့ ကျွန်တော်တို့တွေ အဆင်ပြေပါတယ် ကျိကောက ကျွန်တော့်အပေါ် အရမ်းကောင်းတယ် တကယ်ပြောတာပါ ..." 


သူက ထပ်ကာထပ်ကာ ကတိပေးလိုက်သည်။ 


"ကျွန်တော်တို့ တကယ်ကို ကောင်းကောင်းမွန်မွန် နေထိုင်ပါ့မယ် ..." 


ရွှယ်မြောင်က ခေါင်းကိုသာ ငြိမ့်ပြလိုက်ကာ နောက်ထပ် ဘာမှ ဆက်ပြောမလာတော့။ သူမ၏ ခံစားချက်မှာ ကောင်းသည်လည်း မဟုတ်၊ ဆိုးသည်လည်း မဟုတ်၊ အနည်းငယ် လမ်းပျောက်ကာ အနည်းငယ် တွေဝေနေမိခြင်းမျှသာ ဖြစ်ပေသည်။ သားဖြစ်သူ အရွယ်ရောက်လာပါလျှင် သူမ၏ ရင်ခွင်မှ ထွက်ခွါသွားမည်ဖြစ်ကြောင်း သိထားသည့်တိုင် ယောကျာ်းတစ်ယောက်နှင့် ချစ်ကြိုက်သွားလိမ့်မည်ဟုတော့ လုံးဝ မျှော်လင့်မထားချေ။ ဤသည်မှာ သူမအဖို့ အံ့ဩစရာ အကောင်းဆုံးပင် ဖြစ်ပေသည်။ သို့သော် ထိုယောက်ျားက သူ့ကို နှစ်နှစ်ကာကာ ချစ်ခင်မြတ်နိုးပေးပါလျှင် ယောကျာ်းဖြစ်ခြင်း မိန်းမဖြစ်ခြင်းက အရေးမပါတော့ချေ။ 


သူမသည် ဧကရီအဖြစ် သရုပ်ဆောင်ခြင်းမျှသာ ဖြစ်ပြီး ဧကရီအစစ်အမှန်မဟုတ်။ သားဖြစ်သူသည်သာ သူမ၏ စိတ်ဝိဉာဉ် ရင်နှစ်သည်းချာ ဖြစ်ပေရာ သူ့ကို အဆုံးစွန်အထိ တွန်းပို့ရာရောက်မည့် လုပ်ရပ်မျိုးကို လုံးဝ လုပ်ဆောင်မည် မဟုတ်ချေ။ 


သူမက သားဖြစ်သူကို မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ပေးရင်း ကျိမြန်ကို ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဒီနေ့ မပြန်ခင် ငါတို့ကို အဖော်ပြုပြီး သောက်ပေး ..." 


"ကောင်းပါပြီ ..." 


သူက ဖန်ခွက်ကို မြှောက်လိုက်သည်။ 


"မား ရှောင်ရှုနဲ့ ကျွန်တော် မားကို ဒီတစ်ခွက်နဲ့ ဂါရဝပြုပါရစေ ကျွန်တော်တို့ကို နားလည်ပေးပြီး ကောင်းချီးပေးလို့ ကျေးဇူးတင်ပါတယ် ..." 


ရှို့ချန်ယုမှာ ပါးစပ်ထဲရှိ ဝိုင်များကိုပင် ထွေးထုတ်မိလုမတတ် ဖြစ်သွားတော့သည်။ ထို့နောက် ကျိမြန်ကို ပြောမပြတတ်လောက်အောင်ပင် လေးစားသည့် အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်တော့၏။ 


တကယ်ကို မယုံနိုင်သေးဘူး ကျိမြန်လို အမြဲတမ်း ညင်သာသိမ်မွေ့တဲ့သူက ဒီလောက်အထိ မျက်နှာထူလိမ့်မယ်လို့ မြောင်မြောင်ရဲ့ ခွင့်ပြုချက် မရသေးဘဲနဲ့တောင် "မား" လို့ ချက်ခြင်း ပြောင်းခေါ်လိုက်တာ အံ့ဩစရာ တကယ်ကို အထင်ကြီးလောက်စရာပဲ ... 


ရွှယ်မြောင်ကလည်း တစ်ခဏမျှ မျက်နှာရှုံ့မဲ့သွားသော်ငြား ချက်ခြင်းပင် ရယ်မောလိုက်သည်။ 


"ရပါတယ် ရှောင်ရှုကိုသာ ကောင်းကောင်းဆက်ဆံ ငါ့မှာ သားတစ်ယောက်ပဲ ရှိတော့ ဟိုးကလေးပိစိအရွယ်ကတည်းက အရမ်း အလိုလိုက်ပြီး ချစ်ပေးခဲ့ရတာ သူ့ကို နည်းနည်းလောက်ပိုပြီး အလိုလိုက်ပေးရမယ်နော် ..." 


ကျိမြန်က ခေါင်းငြိမ့်ပြမည် ပြုစဉ်မှာပင် ရှောင်ကျားရှုက အားတက်သရော ဝင်ပြောလိုက်သည်။ 


"မား ကျိကောက ကျွန်တော့်အပေါ် အရမ်းကို ညှာတာပါတယ် ပြီးတော့ လူနှစ်ယောက် အတူတူ နေကြတဲ့ဟာ တစ်ယောက်ကိုတစ်ယောက် သည်းခံနားလည်ပေးရမှာပေါ့ ဘယ်လိုဖြစ်ပြီး တစ်ယောက်တည်းကိုပဲ တာဝန်တွေ အကုန် ပုံချထားလို့ ရမှာလဲ ..." 


ရွှယ်မြောင်က ဖန်ခွက်ကို စားပွဲပေါ် စောင့်ချရင်း ဒေါသတကြီး ပြောလိုက်သည်။ 


"အေး မင်းပဲ အကုန်သိ... အချစ်ရေးမှာ ဆရာကြီး ကျိမြန်ကို ဒီလောက်ပြောနေတာ မင်းကို စိတ်ပူလို့ မဟုတ်ဘူးလား မွေးတုန်းက ဆရာဝန်က ယောကျာ်းလေးနဲ့ မိန်းကလေး မှားပြောမိလားတောင် မသိဘူး ဒီလို ယောကျာ်းရင့်မာကြီးက ဘယ်လိုဖြစ်ပြီးတော့များ ... မင်းကို ဝက်တစ်ကောင်လို မွေးခဲ့မိတာပဲ ..." 


ရှောင်ကျားရှုက လည်ပင်းကိုသာ အသာပုထားလိုက်ကာ စကားတစ်ခွန်းမှ ဆက်မပြောရဲတော့။ သူ့ပုံစံမှာ အနည်းငယ် မကျေမနပ် ဖြစ်နေဟန်ပင်။ 


ကျိမြန်က သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းကာ ခပ်ဖွဖွ ပုတ်ပေးလိုက်၏။ နက်မှောင်နေသည့် ဆံပင်ကို ပွတ်သပ်ပေးရင်း ပြုံးကာ ပြောလိုက်သည်။ 


"မား စိတ်မဆိုးပါနဲ့ ကျွန်တော် ရှောင်ရှုအစား တစ်ခွက် ငှဲ့ပေးပါ့မယ် ဘဝဆိုတာ လူတွေ နေထိုင်တာ ပြီးတော့ တကယ်တမ်း ဘယ်လိုဆိုတာ ကျွန်တော်တို့ကမှ အသိဆုံးလေ‌ ရှောင်ရှုက ကျွန်တော့်ကို နားလည်ပေးတဲ့အတွက် အရမ်း ပျော်မိသလို ကျွန်တော်ကလည်း သူ့ကို ကောင်းကောင်း ချစ်ပေး၊ ဂရုစိုက်ပေးမှာပါ သူ နစ်နာတယ်လို့ မခံစားစေရပါဘူး ..."


ရွှယ်မြောင်က ခွက်ကိုမြှောက်ကာ ကုန်စင်အောင် သောက်လိုက်ပြီးနောက် အကြည့်တို့ကို ရှို့ချန်ယုထံ လွှဲလိုက်သည်။ သူကလည်း ချက်ခြင်း သတိပြန်ကပ်ကာ ကျိမြန်အား ဝိုင်တစ်ခွက် လောင်းထည့်ပေးလိုက်၏။ 


ကြည့်ရတာ ဒီနေ့ မြောင်မြောင်က ဒေါင်လိုက်ဝင်လာတဲ့ ကျိမြန်ကို အလျားလိုက် ပြန်ထွက်ရအောင် လုပ်တော့မလို့ ထင်တယ် ဒါလည်း ဟုတ်ပါတယ်လေ သူ့သားကို စကားတစ်ခွန်းမှ မပြောဘဲ သွေးဆောင်သွားတယ် ပြီးတော့ စောက်ကျိုးနည်း ဇာတ်ညွှန်းမျိုး ရေးပြီးတောင် သူမကို သရုပ်ဆောင်ခိုင်းလိုက်သေးတယ် မြောင်မြောင် စိတ်ဆိုးတာ အံ့ဩစရာ မရှိတော့ပါဘူး ... 


ကျိမြန်ကလည်း သူ့ယောက္ခမ၏ အကြံကို သိနေသည့်တိုင် သိဟန်မပြ။ ငှဲ့ပေးလာသမျှကိုသာ တစ်ခွက်ပြီးတစ်ခွက် လက်ခံလိုက်တော့သည်။ 


"ကျိကော ဆက်မသောက်နဲ့တော့ မနက်ဖြန် အစောကြီးထပြီး ရိုက်ကူးရေး လုပ်ရဦးမှာ မဟုတ်လား ..." 


ရှောင်ကျားရှုက သူ့ဝိုင်ခွက်ကို လှမ်းဆွဲကာ စိုးရိမ်တကြီး ပြောလိုက်သည်။ 


"ကျွန်တော် သောက်ပေးမယ် ..." 


ကျိမြန်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ခွက်ကို အသာပြန်ဆွဲရင်း နူးနူးညံ့ညံ့ ပြောလိုက်သည်။ 


"ကိုယ်က အများကြီး သောက်နိုင်ပါတယ် ပြီးတော့ မူးလည်း မမူးတတ်ဘူး မနက်ဖြန် မင်းရိုက်ရမယ့် အခန်းတွေက ကိုယ့်ထက် ပိုများတယ် မဟုတ်လား ကောင်းကောင်းအနားယူရမယ်လေ ..." 


ဝိုင်ခွက်ကို အတူတူကိုင်ကာ ခပ်ဖြည်းဖြည်း သောက်လိုက်သည့် သူတို့၏ ကိုယ်နေဟန်ထားမှာ ပြောပြ၍ မရနိုင်လောက်အောင်ပင် ရင်းနှီးပူးကပ်နေတော့သည်။ 


ရွှယ်မြောင်မှာ အမျိုးသားနှစ်ဦး တယုတယ ဖြစ်နေသည့် မြင်ကွင်းကို အသားမကျသေးသည့်ဟန်။ ‌ရှို့ချန်ယုကိုသာ အနေရခက်စွာ ကြည့်နေလိုက်တော့သည်။ ကြောက်လန့်သွားသော ရှို့ချန်ယုက ဝိုင်ခွက်ကို ပင့်မြှောက်ရင်း ထိုသူနှစ်ဦးအား အမြန် လူစုခွဲလိုက်ရတော့သည်။ 


အကျိုးနည်း မြောင်မြောင်ရှေ့မှာကို ဒီလိုတွေ လုပ်ပြရဲနေပြီပေါ့ နောက်တစ်ခါ အခွဲခံလိုက်ရတဲ့ မန်ဒရင်းဘဲနှစ်ကောင် ဖြစ်သွားမှာ မကြောက်ကြဘူးလား ဒါပေမယ့် ဒီတစ်ခေါက် ကျိမြန်ကျေးဇူးနဲ့ မြောင်မြောင်လည်း တော်တော်လေးကို တုန်လှုပ်သွားခဲ့ရတာဆိုတော့ ဒါကြီးက သူမရဲ့ တစ်ဘဝလုံး အရိပ်ကြီးလို လိုက်နေတော့မှာ သားဖြစ်သူကို အဆုံးရှုံးခံရဲမှာ မဟုတ်တော့ ဘယ်လိုလုပ် ဒါကို တားမြစ်ရဲမလဲ ... 


ဒီလိုသားမက်မျိုးရတာ မြောင်မြောင်က ကံကောင်းသလား ကံဆိုးသလားတောင် မပြောတတ်တော့ပါဘူး  .... 


ထိုသို့တွေးကာ ခေါင်းကိုသာ ခါယမ်းလိုက်တော့သည်။ 


ရှို့ချန်ယုသည် ဘယ်တော့မှ မမူးတတ်သည့် ဆရာကြီးဖြစ်ကာ ရွှယ်မြောင်မှာလည်း အတော်သောက်နိုင်သူ ဖြစ်သည့်အတွက် ကျိမြန်၏ ညစာတစ်နပ်မှာ အနည်းငယ် အခက်ကြုံခဲ့ရသည့်တိုင် ပျော်ရွှင်မိနေဆဲပင်။ သူသာ ရှောင်ရှုကို အောင်မြင်စွာဖြင့် အိမ်သို့ ပြန်ခေါ်လာနိုင်ပါလျှင် အရက်မူးသည် မဆိုထားနှင့် ၊ အစာအိမ်မှ သွေးတို့ ယိုစီးကျသည်အထိ သောက်ရလျှင်ပင် ပြဿနာ မရှိချေ။ 


ညကိုးနာရီခွဲသည့်အခါတွင်တော့ စားသောက်သည့် ကိစ္စတို့ ပြီးစီးသွားတော့၏။ မျက်စိစုံမှိတ်ကာ မျက်ခုံးတို့ကို ယောင်ယောင်လေး တွန့်ထားသည့် ကျိမြန်အား စိုက်ကြည့်ရင်း ရှောင်ကျားရှုက မသဲမကွဲ ပြောလိုက်သည်။ 


"မား ကျွန်တော် ဒီည ဟော်တယ်ကို ပြန်မလာတော့ဘူး ကျိကောကို သူတည်း‌တဲ့နေရာအထိ လိုက်ပို့လိုက်ဦးမယ် ..." 


ကျိမြန် ရိုက်ကူးရေးအဖွဲ့သို့ ရောက်လာသည့်အချိန်မှာ အနည်းငယ် နောက်ကျလှသည့်အတွက် ရိုက်ကူးရေးအဖွဲ့မှ စီစဉ်ပေးသော ဟော်တယ်မှာ လူပြည့်နှင့်နေပြီဖြစ်ရာ အနီးနားရှိ နောက်ထပ် ဟော်တယ်တစ်ခုတွင်သာ တည်းခိုလိုက်ရတော့သည်။ 


"သူ့မှာ ကိုယ်ရေးကိုယ်တာလက်ထောက် မရှိဘူးလား ..." 


အတော်အသင့် ပြန်ကောင်းစပြုနေပြီဖြစ်သော ရွှယ်မြောင်၏ မျက်နှာမှာ ရုတ်ချည်း အမှောင်ကျသွားတော့သည်။ 


ရှောင်ကျားရှုက ပုခုံးကို တွန့်ပြလိုက်၏။ 


"တအား နောက်ကျနေပြီလေ သူလည်း အလုပ်ဆင်းလောက်ရောပေါ့ ကျွန်တော်ပဲ အစား လုပ်ပေးလိုက်ပါ့မယ် ..." 


အနုပညာရှင်တို့၏ ကိုယ်ရေးကိုယ်တာ လက်ထောက်များသည် ၂၄ နာရီလုံး အဆင်သင့် ရှိနေရကြောင်း ရွှယ်မြောင် မသိဘဲ ‌မနေချေ။ သားဖြစ်သူ၏ တွန့်ဆုတ်သည့် အမူအယာကို တွေ့လိုက်ရသည့်အခါ သူမ၏ စိတ်တို့ တစ်ဖန် နူးညံ့သွားပြန်တော့၏။ 


"သွား သွား မင်းကတော့ မ

နိုင်တော့ဘူး ..." 


"မား ... ကျေးဇူးတင်ပါတယ် ..." 


သူက ပြုံးဖြဲဖြဲ လုပ်ပြကာ အန်ကယ်ရှို့၏ အကူအညီနှင့်အတူ ကျိမြန်ကို ကားပေါ်တင်၍ အမြန် ‌မောင်းသွားလိုက်တော့၏။ 



Xxxxxxx