အပိုင်း ၁၉၃
Viewers 44k

Chapter 193



ကားနောက်မီးရောင် ပျောက်သွားသည်အထိ ငေးကြည့်နေသော ရွှယ်မြောင်၏ မျက်နှာမှာမူ ရှုပ်ထွေးမှုတို့ အပြည့်ပင်။ ရှို့ချန်ယုက အတော်ကြာ တုန့်ဆိုင်းနေပြီးကာမှ အားတင်းကာ မေးလိုက်သည်။ 


"မြောင်မြောင် စောစောက မင်း ငါနဲ့ နောက်တစ်ကြိမ် အိမ်ထောင်ပြုချင်တယ်ဆိုတာလေ ..." 


"ကျစ် အဲဒါက ဥပမာပေးလိုက်တာလေ ..." 


ရွှယ်မြောင်က ယောင်ယောင်လေး ကောက်နေသည့် ဆံပင်တို့ကို ကစားရင်း သာမန်ကာလျှံကာ ပြောလိုက်သည်။ 


"ဒီဘဝ အိမ်ထောင်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကို နောက်တစ်ခေါက် ပြန်မဝင်တော့ဘူး ဒါပေမယ့် လောင်ယု ရှင်ကတော့ ကိုယ့်စိတ်ကိုယ် ပြန်ပြင်သင့်နေပြီနော် အသက်လေးဆယ်ထဲတောင် ရောက်နေပြီ ပွေလို့ရှုပ်လို့ မဝသေးဘူးလား ..."


ခက်ခက်ခဲခဲ တည်ဆောက်ထားရပါသည့် ရှို့ချန်ယု၏ သတ္တိစိတ်တို့ ရုတ်ချည်း ညှိုးနွမ်းသွားတော့သည်။ 


"ဘယ်တုန်းကများ ကိုယ် ပွေခဲ့ရှုပ်ခဲ့ဖူးလို့လဲ မြောင်မြောင် ကိုယ့်ဘေးမှာ မိန်းမတွေ ရှိလား မရှိဘူးလား တစ်ခြားသူထက် မင်းအသိဆုံး မဟုတ်ဘူးလား မင်းလက်ထပ်ပြီးကတည်းက စောင့်နေခဲ့တာ နှစ်နှစ်ဆယ်ကျော် ဒါက အရမ်းတော့ နောက်မကျသေးပါဘူး မြောင်မြောင် ကိုယ့်ကို နောက်တစ်ကြိမ် အခွင့်အရေးပေးလို့ ရမလား သေချာပေါက်ကို ခင်ပွန်းကောင်း၊ ဖခင်ကောင်း ဖြစ်စေရပါမယ် ကြည့်ပါလား ရှောင်ရှုကတောင် ငါတို့ကို သဘောတူတယ် မဟုတ်လား ..." 


ရှို့ချန်ယု၏ နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားကာ ထုတ်မမေးဘဲ မနေနိုင်တော့ချေ။ 


"မြောင်မြောင် ရှောင်ချီကျဲကို ချစ်နေသေးတာလား ..." 


သူမက ခေါင်းကို ချာကနဲ လှည့်ကြည့်ကာ ပြောလိုက်သည်။ လေသံမှာ လွန်စွာ ဝမ်းနည်းနေဟန်ပင်။ 


"သူ့အကြောင်း မပြောနဲ့ ကျွန်မတို့က ကွာရှင်းပြီးသား ..." 


တုန့်ပြန်ချက် ကောင်းမွန်ကာ အဖြေမှာ ရှင်းလွန်းမက ရှင်းနေသည့်အတွက် ရှို့ချန်ယုလည်း ချက်ခြင်း မျှော်လင့်ချက် မဲ့သွားတော့သည်။ မည်သည့်အတွက်ကြောင့် နှစ်ပေါင်းများစွာ စောင့်နေခဲ့မိမှန်း သူ့ကိုယ်သူလည်း နားမလည်တော့။ သို့သော် မစောင့်ခဲ့ပါလျှင်လည်း မည်ကဲ့သို့ ရှေ့ဆက်ရမည် မသိ။ ရွှယ်မြောင် ဟူသည့် အမည်သည် စည်းတံဆိပ်တစ်ခုနှယ် သူ့နှလုံးသားကို နက်နက်ရှိုင်းရှိုင်း ထွင်းထုထားရာ ၎င်းကို ဖယ်ရှားလိုပါလျှင် နှလုံးသားကိုပါ ဖယ်ရှားပစ်မှ ရပေမည်။ သို့သော် သူက ဤသို့ မလုပ်နိုင်။  မည်မျှပင် နာကျင်ခံစားရပါစေ သူမကို မချစ်ဘဲ အသက်မရှင်နိုင်ချေ။ 


"မြောင်မြောင် ရှေ့ဆက်ဖို့ ကြိုးစားကြည့်ပါလား မင်းက ကွာရှင်းထားပြီးသားပဲကို ..." 


အဆုံးတွင်တော့ သက်ပြင်းချလျက်သာ ပြောလိုက်တော့သည်။ သူ့ပုံစံမှာ လွန်စွာ ကူကယ်ရာမဲ့ကာ အသုံးမဝင် ဖြစ်နေသည့်ဟန်ပင်။ 


.......


အငှားယာဉ်မောင်းက ကားကို ပါကင်ထိုးပေးကာ ထွက်သွား၏။ ရှောင်ကျားရှုက အိပ်ပျော်နေဆဲဖြစ်သော ကျိမြန်ကို ကျောပေါ်တင်ရန် ကြိုးစားစဉ် တစ်ဖက်သူ၏ မျက်လုံးတို့ ပွင့်လာကာ နူးညံ့ညင်သာစွာ ပြောလိုက်သည်။ 


"ကိုယ် မမူးပါဘူး ..." 


"အာ ကျိကော ဟန်ဆောင်နေတာလား ..." 


ရှောင်ကျားရှုမှာ ကြောင်အသွားတော့၏။ 


"ကိုယ်သာ မူးချင်ယောင်မဆောင်ရင် မင်းက ဘယ်လို အကြောင်းပြချက်ပေးပြီး ကိုယ့်ကို လိုက်ပို့လို့ ရမှာလဲ ပေါင်ပေ့လေး ရက်တွေအများကြီး ခွဲရတော့ ကိုယ် မင်းကို လွမ်းနေပြီ ..." 


ကျိမြန်က ကားနောက်ခန်းတွင် ပျင်းတိပျင်းရွဲ လှဲနေလိုက်၏။ လက်မောင်းတို့ကို ဆန့်တန်းလိုက်လျှင် ကြာရှည်စွာ စောင့်ဆိုင်းနေခဲ့ရသည့် သူ့ချစ်သူလေးက သဘောတကျ ရယ်မောရင်း သူ့ရင်ခွင်ထဲ တိုးဝှေ့ဝင်လာကာ ကျီစယ်လိုဟန်ဖြင့် သူ့ခန္ဓာကိုယ်ကို အနည်းငယ်ပွတ်သပ်လိုက်သည်။ 


"ကျိကော ကျွန်တော်လည်း သေလောက်အောင်ကို လွမ်းနေတာ ရိုက်ကူးရေး လုပ်နေတဲ့အချိန် နေ့တိုင်း မြင်နေရတယ် ဆိုပေမယ့် ဖက်လို့လည်း မရ၊ နမ်းလို့လည်း မရနဲ့ အရမ်း စိတ်ပျက်ဖို့ ကောင်းတာပဲ ကျွန်တော့်ကို အဲဒီ့ရက်တွေအတွက်ပါ အတိုးပေး ..." 


ကျိမြန်က သူ့ကို နူးနူးညံ့ညံ့ နမ်းရှိုက်ရင်း ရယ်မောလိုက်သည်။ နှုတ်ခမ်းတို့ကို ဟစေကာ ဝိုင်နံ့သင်းသည့် လျာဖျားကို သူ့လျာဖျားဖြင့် ခပ်ဖြည်းဖြည်းချင်း ကျီစယ်လိုက်သည်။ ကမ္ဘာ့အချိုမြိန်ဆုံး သကာရည်ကို မြည်းစမ်းနေရသည့်နှယ် လွန်စွာ ရီဝေယစ်မူးနေပေသည်။  


ရှောင်ကျားရှုကလည်း ပြန်လည်ပွေ့ဖက်ကာ နမ်းရှိုက်ရင်း ညဉ်းသံခပ်သဲ့သဲ့ ထုတ်လွှင့်လိုက်သည်။ သူ့ပုံစံမှာ လွန်စွာ ချစ်ဖို့ကောင်းလှ၏။ ခေါင်းတစ်ခုလုံး မွှေးရနံ့ ထုံသင်းသည့် ပန်းတို့ဖြင့် ပြည့်‌နှက်လာကာ ထို့နောက်တစ်ဖန် လှပလှသည့် မီးရှူးမီးပန်းတို့ ထွက်ပေါ်လာပြန်၏။ ချစ်မှုရေးရာ ကိစ္စများအပေါ် သူ၏ တုန့်ပြန်ပုံမှာ လွန်စွာ တည့်တိုးဆန်ကာ စိတ်အားထက်သန်မှု ရှိလှရာ သူ့ကို နမ်းရှိုက်ရခြင်းသည် ရုပ်စုံကြည့်မှန်ပြောင်းဖြင့် ကြည့်နေရသည့်နှယ်၊ ထူးဆန်းထွေလာ အိပ်မက်ကမ္ဘာထဲ အလည်သွားရသည့်နှယ် စိတ်ရောကိုယ်ပါ လွန်စွာ ကျေနပ်အားရ ဖြစ်ရပေသည်။ 


ကျိမြန်၏ လက်တို့က သူ့ခေါင်း၏ အနောက်ဘက်သို့ လျောဆင်းသွားကာ နူးညံ့သည့် ဆံပင်တို့ကို ထိုးဖွရင်း အနမ်းတို့ကို ပိုမိုနက်ရှိုင်းစေလိုက်သည်။ 


မိနစ်အနည်းငယ်အကြာ နှစ်ဦးလုံး စိတ်ကျေနပ်သွားကာမှ ကိုယ်ချင်း အနည်းငယ်ခွဲကာ တစ်ယောက်ကိုတစ်ယောက် ရီဝေယစ်မူးစွာ စိုက်ကြည့်လိုက်ကြသည်။ ပူပြင်းလှသည့် အသက်ရှူသံတို့ကို တစ်ယောက်မျက်နှာပေါ် တစ်ယောက် တစ်ချိန်တည်း ထုတ်လွှင့်မိသွားသည့်အတွက်လည်း ခပ်တိုးတိုး ရယ်မောမိလိုက်ကြတော့၏။ 


တစ်ယောက်ကိုတစ်ယောက် အသံတိတ် စိုက်ကြည့်ရင်းပင် ကားထဲ၌ အနည်းငယ် အချိန်ထပ်ဖြုန်းလိုက်ကြတော့သည်။ 


‌ကြာရှည်စွာ သည်းမခံနိုင်သူမှာ ရှောင်ကျားရှုပင်ဖြစ်သည်။ သူက ကျိကော၏ နဖူးကို အမြန် နမ်းရှိုက်ရင်း သဘောတကျ ရယ်မောလိုက်၏။ 


"အိမ်ပြန်ကြမလား ..." 


"ဟုတ်တယ် အိမ်ပြန်ကြမယ် ..."


ထိုစကားတို့ကို ကြားလိုက်ရသည့်အခါ ကာလရှည်ကြာ လစ်ဟာခဲ့သည့် ကျိမြန်၏ စိတ်တို့ ရုတ်ချည်း အနှစ်သာရ ပြန်လည်ပြည့်ဝလာတော့သည်။ အခြားမြို့တစ်မြို့ရှိ ဟော်တယ်တွင် တည်းနေရခြင်း ဖြစ်သည့်တိုင် ရှောင်ကျားရှုနှင့်သာဆိုလျှင် ထိုနေရာကို အိမ်ဟု ယူဆနိုင်ပေသည်။ မတ်တပ်ထရပ်တော့မည်ပြုစဉ် ရှောင်ကျားရှုက သူ့လက်မောင်းကိုဆွဲကာ ခန္ဓာကိုယ်တစ်ခုလုံးကို နောက်ကျောပေါ် ဆွဲတင်လိုက်၏။ ကျိမြန်မှာ သဘောတကျ မရယ်ဘဲ မနေနိုင်တော့ချေ။ 


"ကိုယ် မမူးပါဘူးဆို ဘာလို့ သယ်ပေးဦးမှာလဲ ..." 


ရှောင်ကျားရှုက သူ့ကို ပြန်လှည့်ကြည့်ကာ ပြောလိုက်သည်။ 


"အနာဂတ်မှာ မူးလာခဲ့ရင် ဘယ်လိုလုပ်မလဲ အခုကတည်းက လေ့ကျင့်ထားမှပေါ့ ..." 


သရုပ်ဆောင်ရတာ ကြိုက်တယ်ဆို ကြိုက်တယ်ပေါ့ ဘာလို့ ဒီလိုမျိုးတွေ အကြောင်းပြချက် ပေးနေမှာလဲ ... 


သူ့ကောင်လေး၏ အတွေးတို့ကို သိနေသည့် ကျိမြန်က ကူကယ်ရာမဲ့စွာ ပြုံးကာ နူးနူးညံ့ညံ့ ပြောလိုက်သည်။ 


"ဟုတ်ပါပြီ ဒါဆို အရင်ဆုံး စမ်းကြည့်လေ မသယ်နိုင်ရင် ကိုယ် အောက်ဆင်းပေးမယ် ..." 


"အိုကေ ..." 


ရှောင်ကျားရှုက သူ့ကို ကျောပိုးကာ မြေအောက်ထပ် ကားပါကင်၏ ဓာတ်လှေကားရှိရာဆီသို့ တစ်လှမ်းချင်း လှမ်းလာလိုက်သည်။ ကျိကောကို မပွေ့ဖက်နိုင်သည့်တိုင် သူ့နောက်ကျောမှာမူ အဆင်ပြေနေဆဲပင်။ သူတို့အပေါ် ကျရောက်လာသည့် အလင်းရောင်ကြောင့် ရှည်လျားရောထွေးသည့် အရိပ်တစ်ခု ထွက်ပေါ်လာကာ ထိုအရိပ်ကို နင်း၍ ပင်းပန်းခြင်း မရှိ ရှေ့သိူ့သာ ဆက်လျှောက်လာလိုက်သည်။ သူ့အဖို့ ကျိမြန်သည် အတားအဆီးမဟုတ်၊ ရှေ့ဆက်လျှောက်နိုင်ရန် လှုံ့ဆော်ပေးနိုင်သည့် အရင်းခံအကြောင်းတရားသာ ဖြစ်ပေသည်။ 


ကျိမြန်ကလည်း သူ့ကို ပြောမပြတတ်လောက်အောင်ပင် ညင်သာလှသည့် အကြည့်တို့ဖြင့် လှည့်ကြည့်လာသည်။ 


မိနစ် ၂၀ ခန့် လမ်းလျှောက်ပြီးနောက် ကျိမြန်က ခပ်တိုးတိုး ပြောလိုက်သည်။ 


"အိုကေ အခု ကိုယ် ပြန်ပိုးရမယ့်အလှည့် ရောက်သွားပြီ ..." 


"အိုကေ ..." 


ရှောင်ကျားရှုကလည်း ဟန်မဆောင်၊ သူ့ကျောပေါ်သို့ အားရဝမ်းသာ ခုန်တက်ကာ ခြေထောက်တို့ကိူ လှုပ်ယမ်းလာလိုက်သည်။ 


ကျိမြန်က သူ့တင်ပါးကို ခပ်ဖွဖွပုတ်ကာ တိုးတိုးလေး ရယ်လိုက်၏။ သူတို့နှစ်ဦးမှာ တစ်ယောက်တစ်လှည့် ကျောပိုးတမ်း ကစား‌နေကြသည့် အရွယ်မရောက်သေးသော ကလေးများနှယ်။ သို့သော် သူတို့ကိုယ်သူတို့တော့ အူကြောင်ကြောင်နိုင်သည်ဟု မထင်မိကြချေ။ အချစ်ရဆုံးသူနှင့် လုပ်ရသည့် ကိစ္စမှန်သမျှသည် ပျော်ရွှင်မှုအတိပင် ဖြစ်သည်။ 


မီတာတစ်ရာအကွာအဝေးကို ဆယ်မိနစ်ကြာ လျှောက်လာပြီးနောက် အခန်းထဲ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ကာ အစပျိုးလိုက်ကြတော့သည်။ တစ်စက္ကန့်မျှပင် ‌မစောင့်နိုင်၊ တံခါးရွက်တွင် ဖိကပ်လျက်ဖြင့်ပင် အခေါက်ပေါင်း မရေမတွက်နိုင်အောင် လုပ်ခဲ့လိုက်ကြတော့သည်။ နောက်တစ်နေ့မနက် နိုးလာသည့်အခါ လေတိုက်သည့်လားရာအတိုင်း လှုပ်ယမ်းနေသည့် အတွင်းခံတစ်စုံကို တံခါးလက်ကိုင်တွင် ချိတ်လျက်သား တွေ့လိုက်ရတော့သည်။ 



.......

ထိုညတွင် လျှိုရီလိန်လည်း အိပ်ပျော်ဟန်မတူ။ ဗီဒီယိုတစ်ခုကိုသာလျှင် အပြန်ပြန်အလှန်လှန် ပြန်ကြည့်နေခဲ့သည်။


အာ ဒါတွေက ဒီနေ့နေ့ခင်းက ရိုက်ထားတဲ့နှစ်ခန်း မဟုတ်လား ဘယ်လိုဖြစ်ပြီး ရလာတာလဲ ..." 


လက်ထောက်မှာ အံ့အားသင့်နေဟန်ပင်။ 


"ဒါရိုက်တာ သတိမထားမိတုန်း ငါ့ဖုန်းနဲ့ ရိုက်လာတာ ..." 


သူက ခေါင်းတလားထဲ လဲလျောင်းနေသူနှစ်ဦးကို မျက်မှောင်ကြုတ်လျက် လက်ညှိုးထိုးပြလိုက်သာ်။ 


"ကြည့်လိုက်ဦး လက်ချင်းတွဲထားတာ မဟုတ်လား ..." 


အသေအချာ သိနေသောကြောင့်လည်း အလုပ်ပြုတ်နိုင်ချေ များသည့်တိုင် အရဲစွန့်ကာ ဒါရိုက်တာထံမှ ခိုးရိုက်ခဲ့ခြင်း ဖြစ်ပေသည်။ 


ထိုဗီဒီယိုမှာ မိတ္တူကူးလာခြင်း မဟုတ်၊ မော်နီတာမှတစ်ဆင့် ခိုးရိုက်ခဲ့ခြင်းမျှသာ ဖြစ်သည့်အတွက် မပြတ်သားလှချေ။ သို့သော် အကျယ်ချဲ့ကြည့်ပါလျှင်မူ ရိုက်ကူးရေး ပြီးသွားသည့်တိုင် ရှောင်ကျားရှုနှင့် ကျိမြန်တို့ နှစ်ဦးလုံး ခေါင်းတလားထဲမှ မထွက်သေးဘဲ လွန်စွာ ရင်းနှီးပူးကပ်စွာ စကားပြောနေကြောင်း တွေ့ရပေမည်။ ရှောင်ကျားရှုက လှည့်ကြည့်လိုက်သည့်အခါ တစ်ဖက်သူက သူ့ကိူ နူးနူးညံ့ညံ့ ပြုံးပြပြီး ပုခုံးတို့ကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ 


ယောကျာ်းရင့်မာကြီးနှစ်ဦး ဤသို့လုပ်နေခြင်းမှာ ထူးဆန်းလှသည့်တိုင် နှစ်ဦးအကြား ဆက်ဆံရေး ကောင်းမွန်ပါလျှင်မူ ကျိုးကြောင်းဆီလျော်လှပေသည်။ လက်ထောက်က ဖုန်းကို အချိန်အတော်ကြာ စိုက်ကြည့်လိုက်သည့်တိုင် ရေရေရာရာ မပြောနိုင်။ 


"အင်္ကျီလက်အဝတွေက ကျယ်လွန်းတယ် သေချာ မမြင်ရဘူး ..." 


လျိုရီလိန်က ထိုအကြောင်းနှင့် ပတ်သက်၍ စိတ်မပူ၊ ဆက်ကာ မေးလိုက်သည်။ 


"သူတို့နှစ်ယောက်က နည်းနည်းလေး ဟိုလိုလိုသည်လိုလို ဖြစ်နေတယ်လို့ မထင်ဘူးလား ..." 


လက်ထောက်က ရုတ်ချည်း ထိတ်လန့်သွားတော့သည်။ 


"လျှိုကော သူတို့ကို ဂေးလို့ ပြောချင်တာလား ..." 


ဒါက ကြီးမြတ်ပါတယ်ဆိုတဲ့ ရုပ်ရှင်စတား ကျိမြန်နဲ့ ပူ‌ပူနွေးနွေး နာမည်ကြီးထားတဲ့ လူသစ်လေး ရှောင်ကျားရှုလေ ဒီသတင်းသာ အမှန်ဆိုလို့ကတော့ အနုပညာလောကတစ်ခုလုံး အုန်းအုန်းကျွက်ကျွက် ဖြစ်သွားတော့မှာပဲ ... 

လျှိုရီလိန်က လက်ကို ယမ်းပြလိုက်သည်။ 


"ဒီတိုင်း ခန့်မှန်းရုံပဲ ရှိသေးတယ် သက်သေ မရှိသေးဘူး ကြည့်ကြည့်ရအောင် ..." 


ယနေ့ ရှောင်ကျားရှု၏ သရုပ်‌ဆောင်မှုမှာ လွန်စွာ သန်မာလွန်းလှသည့်အတွက် အခြိမ်းခြောက်ခံရသလို ခံစားလိုက်ရတော့သည်။ ရှောင်ကျားရှု၏ တည်ရှိမှုမှာ သူ့အဖို့ နှလုံးသားထဲတွင် နှစ် ၂၀ ကျော် နစ်ဝင်နေသည့် ဆူးတစ်ချောင်းနှယ်ပင်။ အနှေးနှင့်အမြန် ထိုဆူးကို သူကိုယ်တိုင် ဆွဲထုတ်ပစ်မည်ဟု ဆုံးဖြတ်လိုက်သည်။  


"လျှိုကော ပေါက်ကွဲသွားစေနိုင်မယ့် သက်သေတွေ မလိုချင်ပါဘူးနော် ဟုတ်တယ်မဟုတ်လား ..." 


လက်ထောက်က သူ့နောက်သို့ နှစ်ပေါင်းများစွာကြာ လိုက်လာသူဖြစ်၍ သူ့အတွေးတို့ကို အလိုလို မှန်းဆမိပေသည်။ ထို " ပေါက်ကွဲသွားစေနိုင်သည့် သက်သေများ" ဆိုသည်မှာ အန္တရာယ်ရှိသည်ဟု ယူဆရသည့် လူသစ်တစ်ယောက် ပေါ်လာချိန်တိုင်း ကျော်ကြားမှုနှင့် အရေးကြီး အရင်းအမြစ်များ မခိုးယူနိုင်ရန် အလို့ငှာ နာမည်ကြီးနှင့်ပြီးဖြစ်သည့် စတားတို့၏ ပရိသတ်များက လူထုအမြင်ကို ဖိနှိပ်ခြင်းကို ဆိုလိုပေသည်။ 


ဒါပေမယ့် ရှောင်ကျားရှုက ပွဲဦးထွက်တာ တစ်နှစ်ပဲ ရှိသေးတယ် ဆိုပေမယ့် သူ့ကျော်ကြားမှုက လူသစ်တွေထက် အများကြီး သာနေပြီလေ နောက်ခံကလည်း အရမ်း တောင့်တဲ့ဟာ ဒီလိုလုပ်ရင် လျှိုကောက ပြဿနာတော့ မဖြစ်လောက်ပါဘူးနော် ... 


လက်ထောက်က သူ့ကို အမြန် နားချလိုက်သည်။ 


"လျှိုကော သူတို့ကို လွှတ်ထားလိုက်ပါ ဒီနှစ်ယောက်လုံးက ပြိုင်ဖက်ဖြစ်လို့ မကောင်းတဲ့သူတွေလေ ဘယ်တစ်ယောက်ကိုမှ ကျွန်တော်တို့တွေ သွားရှုပ်လို့ မရဘူး ..." 


"ငါ မလုပ်နိုင်ရင်တောင် လုပ်နိုင်တဲ့သူ ရှိတယ် ..." 


သူက လက်မခံနိုင်ဟန်ဖြင့် ခေါင်းကို ယမ်းပြလိုက်သည်။ 


"ဒါနဲ့ ပတ်သက်ပြီး မင်းစိတ်ပူနေဖို့ မလိုဘူး ငါ့ဘာသာငါပဲ ကိုင်တွယ်လိုက်မယ် ဒါနဲ့ ဒီနေ့က ဘာနေ့လဲ ..." 


"စနေနေ့ လျှိုကော ဘာလုပ်ချင်လို့လဲ ..." 


လက်ထောက်၏ လေသံမှာ အနည်းငယ် စိတ်ထင့်နေဟန်။ 


"မမေးနဲ့ ကိုယ့်ဘာသာကိုယ်သာ အခန်း ပြန်အိပ်တော့ ..." 


လျှိုရီလိန်က ဗီဒီယိုကိုဖွင့်ကာ သဘောတကျ ရယ်မောလိုက်သည်။ 


"ဒီနေ့က <<Adventurers in the wilderness>> ရဲ့ အပိုင်းလေးကို လွှင့်မယ့်နေ့ ဖြစ်နေတာကိုး ရှေ့နှစ်ပိုင်းမှာ ရှောင်ကျားရှု မပါဘူးနော် ငါကြားတာ‌တော့ သူ့ကို ပြန်ခေါ်ပေးဖို့ ပရိသတ်တွေက အရမ်း တောင်းဆိုနေကြတယ်ဆိုပဲ ..." 


"ဟုတ်တယ် ပရိသတ်တွေက ကုန်ကျငွေ မတတ်နိုင်ရင် သူတို့ဘာသာ ပိုက်ဆံစုပေးမယ် ရှောင်ကျားရှုကို ဖိတ်ပေးပါလို့တောင် ပြောကြတယ်တဲ့ တစ်ပိုင်းပဲ ပါရသေးတဲ့ဟာ ဘာလို့ တအား နာမည်ကြီးလာရတာလဲ တစ်ချို့တွေဆို တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း ကြိုးစားတာတောင် အဆင့် ၁၈ ကနေ မတက်နိုင်ဘူး တစ်ချို့ကျပြန်တော့လည်း ပွဲဦးထွက်ထွက်ချင်းကို နာမည်ကြီးလာလိုက်တာများ ဖိနှိပ်ထားလို့တောင် မရဘူး ဒါက သူတို့ ကံကြမ္မာများလား ..." 


လက်ထောက်က အားကျစွာ ရေရွတ်လိုက်သည်။ 


"တကယ်ကို ကံကြမ္မာပဲပေါ့ နောက်ခံကောင်း ရှိတာက ဘယ်ဟာမထက်ဆို ပိုပြီး အားကောင်းတယ်လေ ..." 


လျှိုရီလိန်က ကွန်ပျူတာစခရင်ကို သုန်သုန်မှုန်မှုန် စိုက်ကြည့်ရင်း ပြောလိုက်သည်။


အဖွင့်သီချင်းသံအပြီး ကျိမြန်နှင့် အခြားသူများ ကျွန်းပေါ်သို့ ရောက်ရှိလာကြ၏။ ဤတစ်ကြိမ်မှာ အလွန်ပြင်းထန်လှသည့် survival mode ဖြစ်ပေသည်။ ဒါရိုက်တာက ဧည့်သည်တစ်ဦးစီတိုင်းအတွက် ပစ္စည်းသုံးခုသာ ပြင်ဆင်ပေးကာ နှစ်ခုကိုသာ ရွေးချယ်ခွင့်ရှိပြီး ကျန်တစ်ခုမှာမူ ကိုယ်တိုင်

ရှာဖွေရမည် ဖြစ်ပေသည်။ သုံးရက်အကြာတွင် အရှုံးအနိုင် ကွဲပြားကာ ပါဝင်သူတစ်ဦး ထုတ်ပယ်ခံရမည် ဖြစ်သည်။ အစီအစဉ်၏ ဤတစ်ခေါက် နည်းလမ်းများမှာ လွန်စွာ ရက်စက်လှပေသည်။ 




Xxxxxx