Chapter 198
ရွှယ်မြောင်၏ နှလုံးသားမှာမူ လုံးဝဥဿုံ သေဆုံးသွားပြီဖြစ်၍ စိတ်အေးလက်အေးဖြစ်နေကာ ဆေးလိပ်ကိုပင် နှစ်ဖွာခန့် ဖွာရှိုက်လိုက်သေးသည်။
"တင်းပန်း မင်းအဖေနဲ့ ဖောက်ပြန်နေခဲ့တဲ့ မိန်းမက ချန်းမန်နီ ငါမဟုတ်ဘူး ငါက တကယ်ကို ရူးမိုက်ခဲ့မိတာပဲ လူတိုင်းက ငါ့ကို အထင်လွဲနေကြတာပါလို့ပဲ ထင်ခဲ့တာ မင်းတို့ ရှောင်မိသားစုအတွက် ချွေးမကောင်း၊ မိခင်ကောင်းတစ်ယောက် ဖြစ်နိုင်နေသရွေ့ အနှေးနဲ့အမြန် လူတိုင်းက ငါ့ကို နားလည်လာပါမယ်ပေါ့ ရှောင်ချီကျဲ ဖောက်ပြန်တာကို မင်းတို့ တစ်မိသားစုလုံး သိကြတယ် မဟုတ်လား ဒါပေမယ့် သူက ကောင်းကောင်းကြီး ဖုံးကွယ်ထားတော့ ဘယ်သူနဲ့ ဖောက်ပြန်လဲဆိုတာကို မသိကြဘူးလေ နောက်ပိုင်း သူက ငါနဲ့ အမြန် လက်ထပ်လိုက်တော့ ချန်းမန်နီအပေါ် အပြစ်တင်မှုတွေ အကုန်လုံး ငါ့ခေါင်းပေါ် ကျလာတော့တာပဲ မင်းကို အန်တီက တတိယလူ မဟုတ်ပါဘူးလို့ ဆက်တိုက် ရှင်းပြခဲ့ပေမယ့် မင်းရဲ့ စိတ်ထဲမှာတော့တိတ်တိတ်လေး ရွံနေခဲ့တယ် မဟုတ်လား ဒီသိက္ခာမရှိတဲ့ မိန်းမပျက်က နာမည်တော့ လိုချင်သေးတယ်ပေါ့ ဆိုပြီးလေ... ငါသာ အကျိုးနည်း မိန်းမပျက်ဆို ဒီလိုနေရာအထိ ဘယ်လိုလုပ် ရောက်လာနိုင်မှာတဲ့လဲ ငါ့သား အဖမ်းခံရတဲ့ အချိန်မှာ ရှောင်ချီကျဲက ချန်းမန်နီရဲ့ တေးဂီတပွဲကို နားထောင်နေတာ ဖုန်းသံတိုးထားလို့ နာရီတွေ အများကြီး ကြာတဲ့အထိ ရောက်မလာနိုင်ခဲ့ဘူး ငါ့သား နိုင်ငံခြားမှာ အဖျားတွေ အရမ်းကြီးနေတုန်းကလည်း လျှိုရီလိန်ရဲ့ မွေးနေ့ပွဲ ကျင်းပနေခဲ့တာလေ သူတို့မိသားစုသုံးယောက်က ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်သလဲ ...
မီးညှိထားဆဲဖြစ်သည့် ဆေးလိပ်ဖြင့် လျှိုရီလိန်ကို ဖက်ထားသည့် ရှောင်ချီကျဲနှင့် ချန်းမန်နီတို့၏ ဓာတ်ပုံကို ဖိချလိုက်၏။ သူတို့သုံးယောက်၏ အရှေ့ရှိ စားပွဲပေါ်တွင် "၁၄ နှစ်ပြည့် မွေးနေ့" ဟူသော စာသားပါရှိသည့် မွေးနေ့ကိတ်တစ်လုံးလည်း ရှိနေသေးသည်။ လျှိုရီလိန်၏ မွေးနေ့မှာ စက်တင်ဘာလ ၂၁ ရက်နေ့ဖြစ်ကာ ထိုနေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်လာကာစ ဆယ်နှစ်သားအရွယ် ရှောင်ကျားရှုမှာ ပတ်ဝန်းကျင်နှင့် အသားမကျသည့်အတွက် အဖျားကြီး ဖျားခဲ့သည်။ သုံးရက်ဆက်တိုက် အဖျားကြီးနေသည့်အတွက် ရွှယ်မြောင်သည် သူ့ထံသို့ ဆယ်နာရီနီးပါး လေယာဉ်စီးကာ သွားခဲ့ရသည်။ မသွားမီ ရှောင်ချီကျဲကို ဖုန်းဆက်ကာ သူသွားပေးနိုင်မလား မေးခဲ့သော်ငြား ကုမ္ပဏီတွင် လွန်စွာ အရေးကြီးသည့် ကိစ္စတစ်ခု ကိုင်တွယ်ရန် ရှိနေသေးသည့်အတွက် မသွားနိုင်ဟူသည့် အဖြေကိုသာလျှင် ရခဲ့ပေသည်။
သားဖြစ်သူ၏ ဆေးရုံကုတင်ရှေ့တွင် နာရီပေါင်းများစွာကြာ ငိုကြွေးခဲ့ပြီး ထိုဖြစ်ရပ်မှာ နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာအထိ ထွင်းထုထားသဖြင့် လုံးဝ မေ့ပစ်၍ မရတော့။ သူမ ကောင်းပေးရန် မလုံလောက်သေး၍သာ ခင်ပွန်းဖြစ်သူက လျစ်လျူရှုပြီး လင်ပါသားက ရက်စက်သည်ဟု ထင်ခဲ့သော်ငြား အမှန်မှာမူ သူမသည် တစ်ပါးသူ၏ အပြစ်ကို ထမ်းပိုးထားရသူမျှသာ ဖြစ်ပေသည်။ သူမဘဝတွင် မှားခဲ့သည့် အမှားဟူ၍ နှစ်ခုသာ ရှိပေသည်။ တစ်ခုမှာ အဝေးသို့ ကြိုကြည့်မိခြင်း ဖြစ်ကာ နောက်တစ်ခုမှာ လက်ထပ်မှု မှားယွင်းခဲ့ခြင်း ဖြစ်သည်။
ဆေးလိပ်မီးကြောင့် လောင်ကျွမ်းသွားသည့် ဓာတ်ပုံမှာ ရှောင်ချီကျဲ၏ ရင်ဘက်ကိုပါ သံမီးပူဖြင့် ဖိကပ်လိုက်သည့်နှယ်။ အသက်ရှူသံကို မနည်း ပြန်ထိန်းညှိရင်း ရှင်းပြလိုက်သည်။
"မြောင်မြောင် ရှောင်ရှုက ဒီလောက်အထိ နေမကောင်း ဖြစ်ခဲ့မှန်း ကိုယ် တကယ်ကို မသိခဲ့တာပါ ချန်းထျန်ကို မေးခဲ့သေးတယ် သူက ဘာမှ ပြင်းပြင်းထန်ထန် မဟုတ်ဘူး ချောင်းဆိုးရုံလေးပဲ ဆိုလို့ ကိုယ် ... "
သားဖြစ်သူ၏ နာကျင်နေသည့် အကြည့်တို့ကို မြင်လိုက်ရသည့် တစ်ခဏ၌ စကားတစ်ခွန်းမှ ဆက်မပြောနိုင်တော့။
ဟုတ်သားပဲ ချန်းထျန်က ချန်းမန်နီရဲ့ မောင်ပဲဟာ ရှောင်ရှုကို ဘယ်လိုလုပ် ဂရုစိုက်မှာလဲ ...
"မြောင်မြောင် ကိုယ် မင်းကို မြင်မြင်ချင်း ချစ်ခဲ့တာ ပြီးတော့ ချန်းမန်နီနဲ့လည်း အဲဒီ့အချိန်ကတည်းက ချက်ခြင်း ပြတ်စဲခဲ့တာပါ မင်းနဲ့ရှိခဲ့တဲ့ အချိန်တုန်းက ကိုယ့်ဘဝက အရမ်းကို သန့်ရှင်းပါတယ် မင်း ကိုယ့်ကို ယုံကြည်မှရမယ် ..."
စားပွဲပေါ်ရှိ လွန်ခဲ့သော နှစ် ၂၀ ခန့်က ဓာတ်ပုံများနှင့် လတ်တလော ခုနှစ်များတွင်မှ ရိုက်ကူးထားပုံရသည့် ဓာတ်ပုံများကို ငေးကြည့်ရင်း သူ့အသံမှာ တစ်ဖြည်းဖြည်း တိုးဝင်လာတော့သည်။သူကိုယ်တိုင်ပင်လျှင် မယုံနိုင်ရာ အခြားသူများမှာ သာ၍ပင် ယုံဖွယ်ရာ မရှိချေ။
သို့သော် သူသည် ရွယ်မြောင်ကိုမူ အခြားအရာအားလုံးထက် ပိုမို၍ပင် ချစ်ခင်ခဲ့ပေသည်။ ချန်းမန်နီက သူမကို သူတို့နှစ်ဦးအကြား ဆက်ဆံရေးအကြောင်း ထုတ်ပြောလိုက်၍ သူမ သူ့ကို မုန်းတီးကာ အဝေးသို့ ထွက်ပြေးသွားမည်အား စိုးရိမ်၍သာ မဟုတ်ပါလျှင် ထိုသားအမိကို စိုးစဉ်မျှပင် ဂရုစိုက်ပေးမည် မဟုတ်ချေ။ သူ့မိသားစုကို ကာကွယ်ရန်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။
စိတ်နှလုံး ကွဲအက်နေသည့် ဇနီးဟောင်းနှင့် ထိတ်လန့်တုန်လှုပ်ကာ စိတ်ပျက်သွားသော သားနှစ်ယောက်ကို မြင်လိုက်ရသည့် တစ်ခဏ၌ သူ အမှားကြီး မှားသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်တော့သည်။ သားဖြစ်သူ ယောကျာ်းတစ်ယောက်နှင့် ချစ်ကြိုက်နေကြောင်း ကြားလိုက်ရချိန်က ဒေါသထွက်ခဲ့သော်ငြား နောက်ပိုင်းတွင်မူ ထိုအခြေအနေကို အသုံးချ၍ မြောင်မြောင်အနား ပြန်လာနိုင်မည်လားဟုသာ တွေးခဲ့မိပေသည်။ သားဖြစ်သူ၏ အရေးကိစ္စကို ဂရုစိုက်ပေးသရွေ့ မြောင်မြောင်သည် သူ့ကို သေချာပေါက် ခွင့်လွှတ်ပေးမည်ဖြစ်ကာ သားဖြစ်သူ၏ ပညာရေးကြောင့် အနုပညာလောကထဲ နောက်တစ်ကြိမ် ခြေချတော့မည် မဟုတ်ချေ။
သို့သော် မီဒီယာများက သူ နှစ် ၂၀ ကျော်ကြာ ဖုံးဖိထားသည့် လျှို့ဝှက်ချက်ကို ထုတ်ပြကာ စိတ်ပျက်ရှက်ရွံ့ဖွယ် အခြေအနေသို့ တွန်းပို့လိမ့်မည်ဟုတော့ လုံးဝ မျှော်လင့်မထားမိချေ။ ရွှယ်မြောင်ကို ချစ်လွန်း၍သာ ချန်းမန်နီ၏ လှည့်ကွက်အကြား ရောက်သွားခဲ့ခြင်း ဖြစ်ပေသည်။ သိူ့သော် သူသည်လည်း အရူးတစ်ယောက် မဟုတ်ရာ ထိုမကောင်းသတင်းဆိုသည်များကို မည်သူက မီဒီယာထံ ပို့ခဲ့ခြင်းဖြစ်ကြောင်း မှန်းဆနိုင်ပေသည်။
"မြောင်မြောင် ကိုယ်တောင်းပန်ပါတယ် ..."
ထိုစကားများအပြင် မည်သည်ကို ပြောသင့်ကြောင်း သူလည်း မစဉ်းစားတတ်တော့။
"ရှင် တောင်းပန်ရမယ့်သူက ကျွန်မ မဟုတ်ဘူး ဟုန်ရင်နဲ့ တင်းပန်းပဲ ..."
သူမက ရှောင်တင်းပန်းကို ကြည့်ကာ နူးနူးညံ့ညံ့ ပြုံးပြလိုက်သည်။
"တင်းပန်းရေ သားအမေကို အန်တီက သတ်ခဲ့ပါတယ်လို့ အထင်လွဲမှုတွေ ကြားထဲကနေတောင် အတိတ်ကို လွှတ်ချပြီး ရှောင်ရှုကို ဂရုစိုက်ပေးဖို့ ရွေးချယ်ပေးခဲ့တယ် မင်းကို အန်တီ တကယ်ကို ကျေးဇူးတင်ပါတယ် မင်းက တကယ်ကို ကောင်းမွန်တဲ့ အစ်ကိုကြီးတစ်ယောက်ပါ ..."
ရှောင်တင်းပန်းက လက်ကိုသာ ယမ်းပြလိုက်သည်။ သူ့အကြည့်တို့မှာလည်း တစ်ဖြည်းဖြည်း နက်မှောင်လာတော့၏။ ကြားခဲ့ရသည်များကို ကြေညက်အောင် တွေးနေရဆဲ ဖြစ်သည့်အတွက် သူ့နှလုံးသားတစ်ခုလုံး ဖုံးဖိ၍ မရနိုင်လောက်သည့် ခံစားချက်တို့ဖြင့် ပြည့်နှက်နေတော့သည်။ ရှောင်ကျားရှုသာ သူ့ကြောင့် ပြန်ပေးဆွဲမခံခဲ့ရပါလျှင် သူသည်လည်း အန်တီရွှယ်ကို မုန်းနေမိဦးမည် ဖြစ်ပေသည်။ သိူ့သော် အမှန်တရားမှာ အန်တီရွှယ်သည် အပြစ်ကင်းသူ ဖြစ်ကာ ရှောင်ကျားရှုမှာလည်း အေးစက်သည့် ဆက်ဆံရေးကို နှစ်ပေါင်းများစွာကြာ ခါးစည်းခံခဲ့ရသူ ဖြစ်ပေသည်။ ရှောင်မိသားစုတစ်စုလုံး ထိုသားအမိကို မည်သူကမှ နားမလည်၊ သူ့မိခင်၏ မိသားစုဖြစ်သည့် ဟုန်မိသားစုမှာ ပို၍ပင် ဆိုးပေသေးသည်။ ထိုသားအမိအကြောင်း စကားစမိလေတိုင်း လွန်စွာ ဒေါသပုံထတတ်ကာ သူတားမြစ်ထား၍သာ မဟုတ်ပါလျှင် သူတို့သားအမိကို သေချာပေါက် နင်းချေမည်ဖြစ်သည်။
တစ်ဖက်တွင်မူ လျှိုရီလိန်နှင့် ချန်းမန်နီတို့ သားအမိနှစ်ဦးသည် အကောင်းမွန်ဆုံး ဂရုစိုက်မှုများကို ပိုင်ဆိုင်ခဲ့ကာ ရှောင်မိသားစုနှင့် ဟုန်မိသားစု၏ အဆက်အသွယ်များကို အသုံးချ၍ပင် သန်းရာပေါင်းများစွာသော အကြွေးတို့ကိူ တစ်ကြိမ်တည်းအပြီး ပြန်ဆပ်နိုင်ခဲ့သည်။ ထိုသည်သာမက ဂီတနှင့် သရုပ်ဆောင်လောကတွင်ပင် အသီးသီး အောင်မြင်ခဲ့ကြသေးသည်ဟု တွေးလိုက်မိသည့်အခါ ရှောင်တင်းပန်းသည် ရှောင်ချီကျဲကို အင်္ကျီကော်လာမှ ကိုင်ဆောင့်၍ "နှလုံးသားရော ရှ်ိသေးရဲ့လား" ဟူ၍ပင် မေးလိုစိတ်များ ဖြစ်ပေါ်လာတော့သည်။
ရွှယ်မြောင်ကမူ ထိုအကြောင်းကို လုံးဝ စိတ်ထဲ ထားဟန် မတူ၊ လှောင်ရယ်ရင်းပင် ပြောလိုက်သေးသည်။
"တော်သေးတာပေါ့ ရှင်နဲ့ ကွာရှင်းလိုက်မိလို့ မဟုတ်ရင် အမှောင်ထဲမှာပဲ ဆက်နေနေရဦးမှာ ရှောင်ချီကျဲ ရှင်နဲ့ တွေ့ခဲ့ရတာ ကျွန်မဘဝရဲ့ ကံဆိုးခြင်းပဲ ထားပါ ဘာပဲဖြစ်ဖြစ် ကွာရှင်းပြီးသားဆိုတော့ ရှေ့လျှောက် မဆိုင်သလိုပဲ နေကြတာပေါ့ ရှောင်ရှုနဲ့ ကျိမြန်ရဲ့ ကိစ္စကလည်း ကျွန်မ ခွင့်ပြုထားပြီးသား ရှင့်မှာ ဒါနဲ့ပတ်သက်ပြီး ဝင်စွက်ဖက်ဖို့ အရည်အချင်း မရှိဘူး တကယ်လို့ ရှင် ဂရုစိုက်ချင်ရင် ချန်းမန်နီနဲ့ လျှိုရီလိန်တို့ကိုပဲ ဂရုစိုက်ပေးလိုက် ဒီကိစ္စရဲ့နောက်မှာ သူတို့ ရှိနေမှန်း သိရလို့ကတော့ ရထားသမျှ ကျော်ကြားမှုတွေအကုန် သဲထဲရေသွန် ဖြစ်သွားအောင် လုပ်မှာဆိုတော့ သူတို့အတွက် PR အသင်းတစ်ခု မြန်မြန်လေး ရှာပေးလိုက် မဟုတ်ရင် နောက်ကျသွားမယ် ..."
ရှောင်ချီကျဲမှာ ထိုသားအမိနှစ်ယောက်အကြောင်း ဂရုစိုက်နေချိန်ပင် မရှိ။ သူမရှေ့တွင်သာ ဒူးထောက်လိုက်ချင်တော့သည်။ သူ့ကို လုံးဝ ဥပေက္ခာပြုလိုက်မည့်အစား ရွှယ်မြောင်၏ မုန်းတီးမှုကိုသာ ခံစားလိုပေသည်။ သူမ၏ လက်ကို ဆွဲမည် ပြုစဉ်မှာပင် ရှို့ချန်ယုက သူ့ကို အခန်းငယ်ထဲ ဆွဲခေါ်သွားပြီး အပြင်းအထန် ရိုက်နှက်လိုက်တော့၏။
ဖခင်ဖြစ်သူနှင့် ချန်းမန်နီ သားအမိနှစ်ဦး၏ ဓာတ်ပုံကို ငေးကြည့်ရင်း ရှောင်ကျားရှုမှာ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျဆင်းလာတော့သည်။
အဖေ့အတွက် သူနဲ့ အမေက အပြင်လူတွေပဲ မဟုတ်လား အဲဒီ့အိမ်ဆိုတဲ့နေရာကိုလည်း ဘယ်တော့မှ ပြန်မသွားချင်တော့ဘူး ...
ကျိမြန်က သူ့မျက်ရည်များကို သုတ်ပေးရင်း နူးနူးညံ့ညံ့ ပြောလိုက်သည်။
"ဝမ်းမနည်းပါနဲ့ မင်းသာ ဝမ်းနည်းရင် မားက ပိုတောင် ဝမ်းနည်းနေဦးမှာပေါ့ အခု သူမက မင်းရဲ့ နှစ်သိမ့်ပေးတာကို လိုအပ်နေတာလေ ..."
သူ့အမေအကြောင်း တွေးလိုက်မိသည့်အခါ ရှောင်ကျားရှုမှာ ရုတ်ချည်း သန်မာလာကာ မျက်ရည်တို့ကို သုတ်လျက် ရွှယ်မြောင်ကို ပွေ့ဖက်ကာ ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။
"မား အဆင်ပြေပါတယ် မားမှာ ကျွန်တော်တစ်ယောက်လုံး ရှိသေးတယ်နော် အနာဂတ်မှာ ကျွန်တော် မားကို ဂရုစိုက်ပေးမယ် ကျိကောကို ဗီလာအကြီးကြီးတစ်လုံး ဝယ်ခိုင်းပြီး ကျွန်တော်တို့ မိသားစုတွေ အဲဒီကို ပြောင်းနေကြမယ်လေ ပြီးတော့ ခွေးလေးတွေ ကြောင်လေးတွေလည်း မွေးကြမယ် မားက တစ်နေကုန် ရုပ်ရှင်ရိုက်ပြီးလို့ ညပိုင်း အိမ်ပြန်ရောက်လာတဲ့အခါ သူတို့လေးတွေနဲ့ ကစားပေါ့ မားက အရွယ်မှ မကျသေးတာ အန်ကယ်ချောချောတစ်ယောက်လောက် ရှာပြီးလည်း လက်ထပ်လို့ ရသေးတယ်လေ မား ပြန်လက်ထပ်မှာကိူ သဘောတူလားလို့ မေးဖူးတယ် မဟုတ်လား တူတယ် အရမ်းကို တူတယ် မားကို ကျွန်တော်ချစ်သလောက် ချစ်ပေးနိုင်ရင် လက်ရော ခြေရော မြှောက်ပြပြီးကို သဘောတူတယ် ..."
မျက်ရည်များ ကျလုကျခင်ဖြစ်နေသည့် ရွှယ်မြောင်ပင်လျှင် သူ့စကားတို့ကြောင့် ရယ်မောမိသွားတော့၏။ သူ့ခေါင်းကို ပွတ်သပ်ကာ ပြောလိုက်သည်။
"ဘာလို့ ဗီလာကို မင်းက ဝယ်မပေးဘဲ ကျိမြန်ကို ဝယ်ခိုင်းတာလဲ မင်းကိုယ်မင်း တကယ်ကြီး ချွေးမလေးလို့ ထင်နေတာတော့ မဟုတ်ပါဘူးနော် ..."
ရှောင်ကျားရှုမှာ ကြောင်အသွားတော့၏။ ထိုပြဿနာနှင့် ပတ်သက်၍ တစ်ခါမှ မစဉ်းစားခဲ့ဖူး။
ကျိကောက သူ့ချစ်သူပဲဟာ ချစ်သူအပေါ် မှီခိုတာ သဘာဝပဲ မဟုတ်ဘူးလား ...
ကျိမြန်က ခပ်တိုးတိုး ရယ်မောလိုက်၏။ မသင့်လျော်သည့် အခြေအနေ ဖြစ်နေ၍သာ မဟုတ်ပါလျှင် သူ့ကို ရင်ခွင်ထဲ ပွေ့ဖက်ကာ အားရအောင် နမ်းရှိုက်လိုက်မိမည်ဖြစ်သည်။
သုံးဦးအကြား နွေးထွေးမှုကို မြင်လိုက်ရသည့်အခါ ရှောင်တင်းပန်းသည် သူ့ကိုယ်သူ အပြင်လူတစ်ယောက်အဖြစ် ခံစားလာရတော့၏။ ဤသည်မှာ သူ့မိသားစုပင် ဖြစ်ရာ ပါးစပ်မှ ထုတ်မပြောသည့်တိုင် ရှောင်ကျားရှုနှင့် အန်တီရွှယ်ကို ဟိုးအစောကြီးကတည်းက လက်ခံခဲ့ပြီးဖြစ်သည်။ ရှောင်ကျားရှူသာ ပြန်ပေးဆွဲမခံရပါလျှင်... ထိုကိစ္စနှင့် ပတ်သက်၍ အန်တီရွှယ်က သူ့ကို လုံးဝ အပြစ်မတင်ခဲ့၍သာ မဟုတ်ပါလျှင် သူတို့ကို ယခုထိ မုန်းမိနေဦးမည်ဖြစ်သည်။
အဖေက ဘာတွေ တွေးနေတာလဲ ဘာလို့ သူတို့ကို ဒါမျိုးတွေ ခံစားခိုင်းရတာလဲ ...
များပြားလှစွာသော အပြစ်မကင်းစိတ်များကြောင့် အသက်ရှူ၍ပင် မဝတော့။ ရှောင်ကျားရှုကို အိမ်သို့ ပြန်ခေါ်ကာ ကျိမြန်နှင့် လမ်းခွဲရန် စေခိုင်းလိုခဲ့သော်ငြား ယခုမူ သူ့တွင် ရှောင်ကျားရှုကို သင်ကြားပြသနိုင်သည့် အရည်အချင်း မရှိတော့။
မဟုတ်သေးဘူး သူ့အဖေ အပါအဝင် ရှောင်မိသားစု တစ်ခုလုံး ရှောင်ရှုနဲ့ အန်တီရွှယ်အကြောင်း မေးပိုင်ခွင့် မရှိတော့ဘူးလို့ ပြောရမလားပဲ ...
ထိုသို့တွေးကာ သီးသန့်အခန်းငယ်ထဲ သွားပြီး ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
"အန်ကယ်ရှို့ ရန်မဖြစ်ပါနဲ့တော့ ကျွန်တော်တို့ သုံးနာရီ လေယာဉ်ချိန်အမီ သွားရမှာ ..."
သားသမီးဝတ္တရားကြောင့်သာ မဟုတ်ပါလျှင် သူ့အဖေ၏ အင်္ကျီစကို ဆောင့်ဆွဲကာ သူ့အမေအစား အချက်အနည်းငယ်ခန့်ပင် ရိုက်လိုက်ချင်သေးသည်။
"မင်းလို အရှက်မရှိတဲ့သူမျိုး တွေ့ကို မတွေ့ခဲ့ဖူးဘူး ရှောင်ချီကျဲ မြောင်မြောင်နဲ့ ရှောင်ရှုအနား လုံးဝ လာခွင့်မရှိတော့ဘူး မဟုတ်ရင် မင်းကို တွေ့တဲ့နေရာမှာ အသေရိုက်သတ်ပစ်မယ် ..."
ထိုသို့ ပြောပြီးမှသာ ရိုက်နှက်ခြင်းကို အပြီးသတ်လိုက်တော့သည်။
ရှောင်ချီကျဲက ပုံပျက်ပန်းပျက်ဖြစ်နေသည့် အင်္ကျီကို ပြန်ပြင်ကာ အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။
"ရှောင်ရှုက ငါ့သားပါ မင်းက ဘာဆိုင်လို့ လာတားနေရတာလဲ ..."
"ဒီလောက် နှစ်တွေ အများကြီး မင်းက ရှောင်ရှုကို ဘယ်တုန်းက ဂရုစိုက်ဖူးလို့လဲ ရှောင်ရှုနဲ့စာရင် လျှိုရီလိန်ကိုမှ ဂရုစိုက်သေးတယ် မဟုတ်လား မင်းအစား ချန်းမန်နီရဲ့ မောင်ကိုတောင် ဂရုစိုက်ခိုင်းလိုက်သေးတယ် ဘာတွေများ တွေးနေတာလဲ တော်သေးတာပေါ့ သူတို့တွေ ရှောင်ရှုကို မသတ်လိုက်လို့ ဒါနဲ့ ပြန်ပေးဆွဲခံရတဲ့ ကိစ္စကိုရော သေချာစုံစမ်းရဲ့လား ဟိုမောင်နှမ ပေါင်းကြံထားတာလည်း ဖြစ်နေဦးမယ်နော် ..."
ရှို့ချန်ယုက သာမန်ကာလျှံကာသာ ပြောလိုက်ခြင်း ဖြစိသော်လည်း ရှောင်ချီကျဲမှာမူ နေရာတွင်ပင် ကြောင်အသွားတော့သည်။
ရှောင်တင်းပန်း၏ အကြည့်တို့တွင် ဒေါသရိပ်တို့ လွှမ်းမိုးသွားသော်ငြား တစ်ခွန်းမှ ထုတ်မပြော၊ သူ့အဖေကိုသာ ဆော်ဩလိုက်သည်။
"သွားရမယ့်အချိန် ရောက်ပြီ ..."
အပြင်ဘက်သိူ့ ငေးမှိုင်စွာ ထွက်လာသော ရှောင်ချီကျဲက ရှောင်ကျားရှုနှင့် ကျိမြန်ကို တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ပြောလိုက်သည်။
"သူနဲ့ အခုချက်ခြင်း လမ်းခွဲလိုက် ..."
"ပါး အခုထိ ကိုယ့်ကိုယ်ကို ရှောင်ရှုကို ထိန်းချုပ်ဖို့ အရည်အချင်း ရှိနေသေးတယ်များ ထင်နေလား ..."
ရှောင်တင်းပန်း၏ အသံမှာ အနည်းငယ် အေးစက်နေ၏။
ရွှယ်မြောင်၏ ဒေါသစိတ်တို့ ပေါက်ကွဲထွက်လာတော့သည်။
"ရှောင်ချီကျဲ ရှင် အခုချက်ခြင်း ဒီနေရာကနေ ထွက်သွားလိုက်စမ်းပါ ရှောင်ရှုရှေ့မှာ ရှင့်ကိုယ်ရှင် အဖေဆိုပြီး အာဏာပြမနေနဲ့ ရှင်နဲ့ မတန်ဘူး ယုံချင်ယုံ မယုံချင်
နေ ရှင်နဲ့ ရှောင်ရှုကြားက သားအဖဆက်ဆံရေး ပြတ်စဲသွားပြီဆိုတဲ့အကြောင်းကို သတင်းစာထဲ ထည့်ကြေငြာဦးမှာ ..."
Xxxxxxx