အပိုင်း ၁၉၉
Viewers 92k


Chapter 199




သူမသည် ဆူပူကြိမ်းမောင်း အော်ဟစ်နေတတ်သူ မဟုတ်၊ လိုအပ်လာပါလျှင် သံမဏိသဖွယ် မာကြောသည့် နှလုံးသားပိုင်ရှင်ဖြစ်ကြောင်း ရှောင်ချီကျဲလည်း သိရှိပြီးဖြစ်သည်။ ထို့ကြောင့်လည်း သူနှင့် ချန်းမန်နီအကြောင်း သူမ သိသွားမည်ကို ကြောက်မိခဲ့ခြင်း ဖြစ်သည်။ သိူ့သော် မီးစကို စက္ကူဖြင့် ထုပ်ထား၍ မရ။ အလွယ်တကူ ပြန်ရနိုင်မည်ဟု ထင်ခဲ့သည့် မိသားစုကို ထာဝရ ဆုံးရှုံးလိုက်ရတော့သည်။ 


မျက်ရည်စတို့ တွဲလွဲခိုလျက် ရှောင်ကျားရှုနှင့် ရွှယ်မြောင်တို့ကို တိုးလျှိုတောင်းပန်သော အကြည့်ဖြင့် ကြည့်လိုက်သော်ငြား တစ်ဦးကမှ သူ့ကို စကားပြောလိုဟန် မတူ။ တစ်ယောက်က အေးစက်စွာ ပြန်စိုက်ကြည့်နေကာ ကျန်တစ်ယောက်ကမူ အကြည့်ပင် မဆုံး၊ ခေါင်းကိုသာ ဇက်ကျိုးမတတ်တစ်ဖက်လှည့်ထားတော့သည်။ 


"ငါ သွားတော့မယ် ..." 


"မြောင်မြောင် အမြဲတမ်းအတွက် ရှောင်ရှုက ငါ့သား မင်းကလည်း ကိုယ့်ဇနီး ဖြစ်နေဦးမှာပဲ မင်းကို တကယ်ချစ်ခဲ့တာကတော့ အမှန်ပါ မင်းကို ဆုံးရှုံးရမှာ ကြောက်လို့ အမှားတွေ ထပ်လုပ်ခဲ့မိတာ ..." 


"ထွက်သွား ပေါက်ကရတွေ မပြောနဲ့ ..." 


ရွှယ်မြောင်က လက်နှစ်ဖက်ကို မြှောက်ပြလိုက်လျှင် ရှို့ချန်ယုက ဆေးလိပ်တစ်လိပ် ထည့်လာပေးလိုက်၏။ မျက်လွှာချကာ အရေးမစိုက်လေဟန်ဖြင့် ဆေးလိပ်ကို သောက်နေလိုက်သည်။


ရှောင်ချီကျဲမှာ သူမ၏ အေးစက်မှုကြောင့် ဘာပြောရမလဲပင် မသိတော့။ သားဖြစ်သူ၏ ခေါင်းကို ထိကိုင်ရန် ကြိုးစားလိုက်သော်ငြား သူ့လက်ကို ရှောင်လိုက်သည့်အတွက် ခေါင်းကို ယမ်းလျက် ခါးသီးစွာသာ ပြုံးပြလိုက်တော့သည်။ 


သားအဖနှစ်ဦး ရေးကြီးသုတ်ပျာ ပြန်သွားကြပြီးနောက် ရွှယ်မြောင်က ဓာတ်ပုံများကို စိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။ 


"Weibo မှာ တင်လိုက်တော့ ဒီအမေအိုကြီးက အိုးကို ဆက်သယ်မထားနိုင်တော့ဘူး ..."


ကလေးဘဝက ဖခင်ဖြစ်သူသည် သူ့ကို အမှန်တကယ် ချစ်ခဲ့ကြောင်း မှတ်မိနေသေးသည်။ မကြာခဏ အပြင်ထွက်ကစားရန် ခေါ်သွားပေးတတ်ကာ သူ့ကို ပွေ့ဖက်၍ အသာအယာပုတ်ကာ ချော့သိပ်ပေးလေ့လည်း ရှ်ိခဲ့သည်။ သို့သော် သူ အသက်ဆယ်နှစ်အရွယ် အရောက်တွင် ထိုအမှတ်တရကောင်းအားလုံး ပျက်စီးသွားတော့သည်။ သူ အိမ်ပြန်ရောက်လာသည့်တိုင် အဖေက သူ့ကို တစ်ချက်မျှပင် စောင်းငဲ့မကြည့်တော့၊ ထို့နောက် မကြာမီမှာပင် နိုင်ငံခြားသို့ အပို့ခံလိုက်ရတော့သည်။ 


ထိုမှစ၍ သူ့ဘဝထဲတွင် အဖေ၏ အခန်းကဏ္ဍ မပါဝင်တော့။ အရေးကိစ္စ အဝဝကို သူ့အဖေ၏ လက်ထောက်ကသာ ကိုင်တွယ်ကာ ထိုလက်ထောက်ကလည်း ရံဖန်ရံခါ ဆက်သွယ်သည်မှအပ သူ့လက်ရှိအခြေအနေကို ဂရုမထား။ သူ အသက်ရှင်နေကြောင်း သိသည်ကပင်လျှင် ထို‌လက်ထောက်အဖို့ လုံလောက်နေပြီဖြစ်သည်။ 


နောက်ပိုင်း သူ့အစ်ကိုက လက်ထောက်တစ်ယောက် ပို့လာမှသာ သူ့ဘဝလည်း အဆင်ပြေလာတော့၏။ နိုင်ငံရပ်ခြားတွင် နေသားကျလာကာ စာကောင်းကောင်းကြိုးစား၊ ကျောင်းကောင်းကောင်းကို ဝင်ခွင့်ရကာ အိမ်သို့ စတိုင်ကျကျ ပြန်လာနိုင်ပါလျှင် သူ့အဖေကလည်း သူ့ကို ဂုဏ်ယူရသည့် သားတစ်ယောက်အဖြစ် လက်ခံလိမ့်မည်ဟု ထင်ခဲ့ဖူးသည်။ 


ဒါပေမယ့် အဆုံးမှာတော့ သူ ဘာရခဲ့လဲ ပြီးတော့ သူ့အမေရော ဘာရခဲ့လဲ ... 


ရှောင်ကျားရှုမှာ လူတစ်ယောက်ကို မုန်းခဲလှသော်ငြား ယခုမူ ထိုမုန်းတီးစိတ်တို့ကို ဖိနှိပ်ရန်ပင် မစွမ်းသာတော့။ ရှောင်တင်းပန်းကို တံခါးဝအထိ လိုက်ပို့ခဲ့သော်ငြား ရှောင်ချီကျဲကိုမူ စောင်းငဲ့၍ပင် မကြည့်ခဲ့။ 


"ကောကော ဘာပဲဖြစ်ဖြစ် ကောကတော့ ကျွန်တော့်ရဲ့ အစ်ကိုကြီးပဲနော် ..." 


တစ်ဖက်သူကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ရင်း သူ့မျက်လုံးတို့ ငွေ့ရည်ဖွဲ့လာတော့သည်။ 


"ဟုတ်ပြီ ..." 


ရှောင်တင်းပန်းကလည်း သူ့ခေါင်းကို ခပ်ဖွဖွထိကာ နက်ရှိုင်းသည့် အသံဖြင့် ပြောလိုက်သည်။ 


"ရှောင်ရှု ကိုယ့်ကိုယ်ကို ဂရုစိုက် အားရင်လည်း အစ်ကိုကြီးဆီ ခဏခဏ လာလည်ဦး ဘယ်လောက်ပဲ ခက်ခဲတဲ့ ကိစ္စတွေ ကြုံကြုံ မကြောက်နဲ့ ကောကောဆီသာ လာခဲ့ တစ်ရက်ကျ ကောလည်း မင်းနဲ့ အန်တီရွှယ့်ဆီ လာခဲ့ဦးမယ် မင်းက အမြဲတမ်း ဒီအစ်ကိုကြီးရဲ့ မိသားစုဝင်ပဲ ..." 


ရှောင်ကျားရှုက ထပ်ကာထပ်ကာ ခေါင်းငြိမ့်ပြကာ သူ့ရင်ခွင်ထဲ ခေါင်းတိုးရင်း အင်္ကျီစဖြင့် မျက်ရည်တို့ကို ခိုးသုတ်လိုက်သည်။ 


ရှောင်တင်းပန်းက သူ့ကို ငုံ့ကြည့်ကာ ခပ်တိုးတိုး ရယ်မောလိုက်မိတော့၏။ 


သူ့ညီလေးက တကယ်ကို ချစ်ဖို့ကောင်းတာပဲ အန်တီရွှယ် သူ့လက်မောင်းထဲကို ကလေးပေါက်စလေး လာထည့်ပေးတုန်းက သူ့ခံစားချက်တွေ ဘယ်လောက်တောင် ရှုပ်ထွေးခဲ့ရလဲ ဘယ်သူမှ သိမှာ မဟုတ်ဘူး အဲဒီ့ နူးနူးညံ့ညံ့ ကလေးပိစိလေးကို မြင်မြင်ချင်း သဘောကျသွားပေမယ့် သူ့ရဲ့ သေသွားတဲ့ အမေကြောင့် ရင်းရင်းနှီးနှီး မနေနိုင်ခဲ့ဘူး သူ့ကိူ သူစိမ်းလို သဘောထားဖို့ ကြိုးစားခဲ့ပေမယ့် ဒီကလေးက ခြေထောက်တိုတိုလေးတွေနဲ့ သူ့နောက် တကောက်ကောက်လိုက်ပြီး နွားနို့လို ချိုမြိန်တဲ့ အသံလေးနဲ့ သူ့ကို ကောကောဆိုပြီး ခေါ်ခဲ့တာ ... 


သူ့နှလုံးသားတစ်ခုလုံး အရည်ပျော်ကျသွားတော့မယ့် အတိုင်းပဲ ဒီကလေးကို ကောက်ချီပြီး နမ်းလိုက် ပြီးရင် အပူအပင်ကင်းကင်းနဲ့ ပြုံးပြလိုက်ချင်ပေမယ့် မလုပ်နိုင်ခဲ့ဘူး သူ့အမေရဲ့ ဖြူလျော်နေတဲ့ မျက်နှာကို မမေ့နိုင်ခဲ့ဘူး ဘယ်လိုမှ မမှိတ်နိုင်ခဲ့တဲ့ သူမရဲ့ မျက်လုံးတွေကို လုံးဝ မေ့မရခဲ့ဘူး တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေနဲ့ ရှောင်ကျားရှုကို ရဲတွေက ပြန်လာပို့ပေးတဲ့အခါမှ နောင်တဆိုတာ ဘာမှန်း သူ သဘောပေါက်သွားတာ ဒါပေမယ့် နောင်တဆိုတာ ဒီလောကမှာ အသုံးမဝင်ဆုံး အရာပဲ တစ်သက်လုံး ရှာဖွေနေရင်တောင် ပြန်မရနိုင်တော့မယ့် အရာတစ်ခုကို ဆုံးရှုံးလိုက်ရသလိုပဲ ... 


အချိန်တွေကိုသာ နောက်ပြန်လှည့်လို့ ရမယ်ဆိုရင် ဒီကလေးလေးကို ပွေ့ချီ၊ သူ့ဆံပင် အနက်ရောင်လေးကို ပွတ်ပေး၊ ပါးနီနီလေးကို နမ်းရင်း ဒီလို ပြောခဲ့မိမယ်ထင်တယ် ... 


"ကောကော ဒီမှာ ရှိတယ်နော် ကောကောက ညီလေးကို ချစ်တယ် ..." ဆိုပြီးတော့လေ ... 


အချိန်တွေကလည်း ကုန်တာ မြန်လိုက်တာ နှစ် ၂၀ ဆိုတာကလည်း မျက်စိတစ်မှိတ်လေး အတွင်းမှာပဲ အခုဆို သူ့ညီလေးလည်း အရွယ်ရောက်လာတာမှ သူ့ကာကွယ်ပေးမှုကိုတောင် မလိုအပ်တော့ဘူး ... 


ရှောင်တင်းပန်းမှာ တစ်ခါတစ်ရံတွင် သူနှင့် သူ့အဖေ၏ ဘာသိဘာသာနေမှုနှင့် ပျက်ကွက်မှုများကြောင့် ရှောင်ကျားရှု၏ လိင်စိတ်ခံယူချက် ပြောင်းလဲသွားလေသလားဟုပင် စဉ်းစားမိပြန်သည်။ 


သူ့ဘဝမှာ အဖေတစ်ယောက်လို၊ အစ်ကိုတစ်ယောက်လို ကောင်းပေးနိုင်မယ့် ယောကျာ်းမျိုး သေချာပေါက် လိုအပ်မှာပဲ ဒီကိစ္စမှာ တာဝန်အရှိဆုံးက အေးစက်တဲ့ အစ်ကိုနဲ့ နှလုံးသားမဲ့ပြီး အာဏာရှင်ဆန်တဲ့ အဖေပဲ မဟုတ်လား ... 


ရှောင်တင်းပန်းမှာ နောင်တစိတ်ကြောင့် ခါးသီးလာရသည့်တိုင် သူ့ညီလေး၏ ဘဝကို ဝင်ရောက်စွက်ဖက်ရန် အရည်အချင်း မရှိတော့။ 


အတိတ်က နောင်တတွေ မလုံလောက်ခဲ့မှုတွေကို ဖြည့်ဆည်းနိုင်မယ့် လူမျိုးကို လိုအပ်တာ ဆိုရင်လည်း ဖြည့်ဆည်းပါစေလေ သူ့ညီလေး ပျော်နေတယ်ဆိုရင် ပြီးတာပါပဲ ...


"ဝမ်းမနည်းပါနဲ့ အစ်ကိုကြီးက အားတဲ့အချိန် လာတွေ့မှာပါ မုန့်ဖိုးရော ရှိသေးလား မရှိတော့ရင်‌ ကောကိုပြော ပြီးတော့ ဘယ်ဇာတ်လမ်းတွဲ ရိုက်ချင်လဲဆိုတာလညိး လာပြောဦး ရင်းနှီးမြှုပ်နှံပေးမယ် လိုချင်တဲ့ ဇာတ်ကောင် ရှိရင်လည်းပြော အဆက်အသွယ်တွေ ရှာပေးမယ် မင်းအစ်ကိုကြီးက အနုပညာလောကနဲ့ မပတ်သက်ပေမယ့် အသိမိတ်ဆွေတွေတော့ အများကြီး ရှိတယ် ဒီလိုဆိုရင်ရော ဘယ်လိုလဲ မင်းအတွက် ဖျော်ဖြေရေးကုမ္ပဏီတစ်ခု ထောင်ပေးမယ်လေ ကိုယ်တိုင် သူဌေးလုပ်ပေါ့ မဟုတ်ဘူးလား ..." 


ရှောင်တင်းပန်းက ပြီးခဲ့သည့် နှစ် ၂၀ အတွင်း သူ၏ ပျက်ကွက်မှုများကို ပြန်လည်ဖြည့်ဆည်းပေးရန် တရစပ် ပြောလိုက်သည်။ 


သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ ဆံပင်တိူ့ကိုသာ အသာအယာ ပွတ်သပ်ပေးနေလိုက်သည်။ အချိန်အတော်ကြာသည်အထိ ပြန်လွှတ်ပေးလိုဟန်မရှိ။ ရှောင်ကျားရှုသည် အပြစ်အကင်းဆုံး အလားတူပင် မမျှတမှုကို အများဆုံး ခံစားခဲ့ရသူဖြစ်သည်။  ပြီးခဲ့သည့် နှစ်များအတွင်း သူခံစားခဲ့ရသည်များကို ပြန်တွေးမိသည့်အခါ ရှောင်တင်းပန်း၏ နှလုံးသားတစ်ခုလုံး နာကျင်ကိုက်ခဲလာတော့သည်။ 


ရှောင်ကျားရှုက ခေါင်းကိုယမ်းကာ ပြောလိုက်သည်။ 


"မုန့်ဖိုးက လောက်ပါတယ် ကျိကောနဲ့ အတူတူ နေတာဆိုတော့ ကုန်ကျစရိတ်အားလုံးကို ကျိကောပဲ ပေးတာ ဘာမှ ကုန်စရာ မရှိဘူးလေ ဟိုတစ်ခေါက် ကောပေးတဲ့ သန်းငါးဆယ်တောင် မသုံးရသေးဘူး သန်း လေးဆယ်လောက် ကျန်နေသေးတယ် ကုန်ကျစရိတ် နည်းတဲ့ ရုပ်ရှင်တစ်ခုပဲ ရိုက်ခဲ့တာဆိုတော့ အကုန် မကုန်ဘူးလေ အနာဂတ်မှာ ပိုက်ဆံ ပြန်ရလာခဲ့ရင် ကောကို အရစ်ကျ ပြန်ပေးမှာပါ ပြောရရင် ဒီလောကမှာ ကျိကောရဲ့ အဆက်အသွယ်ကလည်း သိပ်မဆိုးဘူး ဘယ်ဇာတ်ကောင် သရုပ်ဆောင်ချင်လဲ သူ့ကို ပြောလိုက်ရုံပဲ ကုမ္ပဏီဖွင့်တာက အရမ်း ပင်ပန်းစရာကောင်းတယ် အဲဒ့ါကို ဂရုလည်း မစိုက်နိုင်ဘူး ကျိကောမှာလည်း ကောင်းကောင်းလည်ပတ်နေတဲ့ ကုမ္ပဏီတွေ အများကြီး ရှိနေသေးတယ်လေ သူ့စီးပွားရေးကို ဝင်မလုချင်ပါဘူး ကော ရှေ့လျှောက် ကျွန်တော့်ကို မကြာခဏ လာတွေ့နော် ဖုန်း ခဏခဏ ဆက်ဖို့လည်း သတိရဦး နိုင်ငံခြားမှာ ရောက်နေတုန်းက ကျွန်တော်နဲ့ နှစ်လသုံးလနေမှ တစ်ခါပဲ တွေ့ရတာလေ ကောကို အရမ်း လွမ်းခဲ့ရတာ ..." 


သူ ပြောသမျှ ဆယ်ခွန်းတွင် ကိုးခွန်းခန့်မှာ ကျိမြန်နှင့် ပတ်သက်နေသည့်အတွက် ရှောင်တင်းပန်း၏ နှလုံးသား မွန်းကြပ်သွားရတော့သည်။ သို့သော် သူ့ညီလေးသည် ကျိမြန်ကို လွန်စွာ တွယ်တာယုံကြည်နေကြောင်း သူ့စကားများထဲတွင်ပင် ပေါ်လွင်နေပေသည်။ ။ 


သူသာ ညီလေးအပေါ် ပိုပြီး ကြင်နာ ဂရုစိုက်ပေးပြီး စီးပွားရေးနဲ့ပဲ အလုပ်ရှုပ်မနေခဲ့ရင် ဒီလိုလူမျိုးကို အရမ်းကြီး တွယ်တာလာမှာ မဟုတ်လောက်ဘူးနော် ... 


ကလေးတွေရဲ့ ကြီးပြင်းလာမှုက ပတ်ဝန်းကျင်နဲ့ သက်ဆိုင်တယ်ဆိုတာ တကယ်ပဲကိုး ... 


သူ့ညီလေးကို အပြစ်တင်ဖို့ အရည်အချင်း မရှိဘူး ဆိုမှတော့ ကျိမြန်ကိုပဲ အပြစ်တင်ရတော့မှာပေါ့ ... 


"အိုကေ ကောကောက မင်းကို နေ့တိုင်း ဖုန်းဆက်မယ် ပြီးတော့ အချိန်ရတာနဲ့လည်း လာတွေ့ပေးမယ် ..." 


သူ့ညီလေး၏ ခေါင်းကို ပုတ်ပေးနေရင်း သူ့မျက်ဝန်းထောင့်စွန်းရှိ မျက်ရည်စများကိုလည်း သုတ်လိုက်သည်။ ထို့နောက် သူ့ကို မလွှတ်ချင် လွှတ်ချင်ဖြင့် လွှတ်ပေးကာ ကျိမြန်ကို စကားပြောရန် လှမ်းခေါ်လိုက်သည်။ 


"အန်တီရွှယ်က သဘောတူလိုက်ပြီဆိုတော့ ငါ့မှာ ကန့်ကွက်ခွင့် မရှိတော့ပါဘူး ရှောင်ရှုက မင်းအပေါ်မှာ အလေးအနက် သဘောထားတာ မင်းကရော ..."



"ကျွန်တော်လည်း တကယ်ကို အလေးအနက် ထားတာပါ ..." 


သူ့လေသံမှာ လွန်စွာ သတိကပ်နေဟန်ပင်။ 


"ရှောင်ရှုရဲ့ ခံစားချက်တွေက တစ်ဘဝစာ အတည်ပဲ မင်းက သူနဲ့ လက်တွဲသွားမှာဆိုတော့ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံ မဟုတ်လို့ကတော့ မင်းကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး ..." 


ရှောင်တင်းပန်းက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ 


"ကော မပူပါနဲ့ ရှောင်ရှုနဲ့ ကျွန်တော်က လက်ထပ်ပြီးပါပြီ..." 


ကျိမြန်က လက်ထပ်လက်စွပ် ဝတ်ထားသည့်လက်ကို မြှောက်ပြလိုက်သည်။ 


ထိုလက်စွပ်ကို ငေးကြည့်ရင်း ရှောင်တင်းပန်းသည် သူ့လက်တို့ကို ချိုးလိုက်ချင်စိတ်များ ဖြစ်ပေါ်လာရတော့၏။ သို့သော် တစ်ချိန်တည်းမှာပင် အနည်းငယ်လည်း စိတ်အေးသွားရတော့သည်။ ချဉ်စူးနေသည့် ခံစားချက်များ အပြီးတွင် ခေါင်းကိုသာ ဖြေးညှင်းစွာ ငြိမ့်ပြလိုက်တော့သည်။ 


"လက်ထပ်ပြီး ကောင်းကောင်းနေကြ မင်းနဲ့ ရှောင်ရှုက သရုပိဆောင်တွေဆိုတော့ မကြာခဏ အလုပ်တွဲလုပ်ရမှာပဲ သူ့ကို ပိုဂရုစိုက် ..." 


"ကောင်းပါပြီ ..." 


ကျိမြန်က ရှောင်ကျားရှုကို ကြည့်ကာ နူးညံ့စွာ ပြုံးလိုက်သည်။ 


"ကျွန်တော့်ဘဝမှာ ရှောင်ရှုက အရေးအပါဆုံးသူပဲ သူ့ကိူ ဘယ်လိုနည်းနဲ့မှ အဆုံးရှုံး မခံနိုင်ဘူး ..." 


ရှောင်တင်းပန်းက သူ့ကို စိုက်ကြည့်နေပြီးနောက် ခိုးနားထောင်‌သည့် ရှောင်ကျားရှုကို မိနစ်အနည်းငယ်ခန့် ပွေ့ဖက်ကာ အလောတကြီး ပြန်ထွက်သွားတော့သည်။ ရှောင်ချီကျဲက အပြစ်မကင်းသည့် ခံစားချက်တို့ အပြည့်ဖြင့် သူတို့ကို ရပ်ကြည့်နေပြီး အနားသို့လည်း တိုးမလာရဲ။ သူ့အတွက် နေရာမရှိတော့ကြောင်း သိနေပြီး ဖြစ်ပေသည်။


စတူဒီယိုထဲရှိ လူအားလုံးက မိသားစုကြီးတစ်ခု၏ တိုက်ခိုက်ခန်းကို မျှော်လင့်ထားကြသော်ငြား ဒေါသတကြီး ရောက်လာသည့် ရှောင်ချီကျဲနှင့် ရှောင်တင်းပန်းတို့သည် ဝမ်းနည်းပက်လက်ဖြင့် ပြန်ထွက်လာလိမ့်မည်ဟုတော့ မျှော်လင့်မထားချေ။ ရှောင်တင်းပန်းက ရှောင်ကျားရှုကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ ဆံပင်ကို ‌ကိုင်လျက် နောက်ကျောကိုပင် ပုတ်ပေးလိုက်သေးရာ ဆက်ဆံရေး အဆင်မပြေသည့် ညီအစ်ကိုနှင့် မတူ၊ အရင်းအချာထက်ပင် ပိုမိုရင်းနှီးနေပေသေးသည်။ 


"ဘာလို့ ဘာမှ မဖြစ်ကြတာလဲ ..." 


သရုပ်ဆောင်တစ်ဦးက ခပ်အုပ်အုပ် မေးလိုက်သည်။ 


မည်သူကမှ သူ့ကိူ ပြန်မဖြေ။ ဤသတင်းများမှာ ရိုက်ကွင်းတွင် လက်လွတ်စပယ် ထုတ်မပြောမိလေ ပိုကောင်းလေ ဖြစ်ပေသည်။ သို့မဟုတ်ပါလျှင် တစ်ခြားတစ်ယောက်‌ယောက် ကြားသွားကာ ကိစ္စအကြီးကြီး ဖြစ်သွားနိုင်ပေသည်။ 


လျှိုရီလိန်က နောက်နားတွင်ရပ်ကာ အလွန်အံ့ဩနေဟန်ဖြင့် ရှောင်တင်းပန်းနှင့် ကျိမြန်တို့ကို ဂရုတစိုက် အကဲခတ်လိုက်သည်။ တစ်ယောက်နှင့်တစ်ယောက် မတိုက်ခိုက်ကြသည့်တိုင် ဆန့်ကျင်ကာ ရှောင်ကျားရှုကို အိမ်တွင်း အကျဉ်းချ၊ အနုပညာလောကထဲ ပြန်လာခွင့် မပေးတော့မည်မျိုး ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားခဲ့ပေသည်။ သို့သော် ယခုမူ တစ်ခုမှ ဖြစ်မလာ။ ရှောင်တင်းပန်းက ကျိမြန်ကို လွန်စွာ ဖော်ရွေနေကာ အနည်းငယ်ပင် စိတ်တိုင်းကျနေသည့်ဟန်။ 


နားနေခန်းထဲမှာ တစ်ခုခုတော့ ဖြစ်သွားရမယ် မဟုတ်ရင် အခြေအနေတွေက ဒီလိုမျိုး ထူးဆန်းသွားမှာ မဟုတ်ဘူး ... 


ထိုသို့ တွေးကာ ရှောင်သားအဖကို အကဲစမ်းရန် ထွက်လာလိုက်သည်။ သူ့ကိူ တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ရှောင်ချီကျဲ၏ ဖြူလျော်နေသော မျက်နှာမှာ ညိုမည်းကာ အေးစက်စွာ စိုက်ကြည့်ရင်း ထွက်သွားတော့သည်။ သူနှင့် စကားပင် မပြောလိုသည့်ဟန်။ 


"ရှောင်ကော ညစာစားဖို့ အားလား ..." 


လျှိုရီလိန်၏ အမူအယာမှာလည်း အနည်းငယ် အရှက်ရသွားဟန်ပင်။ 


"မအားဘူး ..." 


ရှောင်တင်းပန်းက သူ့ကို ပြန်ကြည့်ရမည်ကိုပင် အာရုံနောက်နေဟန်။ သူ့ညီလေးကို နောက်တစ်ကြိမ် ပွေ့ဖက်ကာ တုန့်ဆိုင်းစွာဖြင့် ထွက်သွားလိုက်တော့သည်။ 


"အန်ကယ်ရှောင်နဲ့ ရှောင်ကောက ဘာတွေ ဖြစ်နေကြတာလဲ ..." 


သူက ပဟေဠိဖြစ်ဟန်ဆောင်ကာ ခပ်ဖွဖွ ရယ်လိုက်သည်။ 


"ရှောင်ကျားရှု ဟုတ်သားပဲ မင်းကို ပြောဖို့မေ့နေတာ မင်းအဖေနဲ့ ငါ့အဖေက သူငယ်ချင်းကောင်းတွေလေ အန်ကယ်ရှောင်နဲ့ ရှောင်ကောကို ကျေးဇူးတင်ရမှာပဲ သူတို့ စောင့်ရှောက်ပေးလို့သာ ဒီနှစ်တွေထဲမှာ ငါနဲ့ ငါ့အမေ ဘာမှ အခက်မကြုံတာ မင်းကိုလည်း အများကြီး ကျေးဇူးတင်ပါတယ် ..." 


"ဒီလိုလား ကျွန်တော်က ဆယ်နှစ်ကတည်းက နိုင်ငံခြား ရောက်နေတော့ မသိခဲ့ဘူး ..." 


ရှောင်ကျားရှုက သူ့ကို ပြုံးကာ ပြောလိုက်သည်။ 


"ဒါပေမယ့် ကျွန်တော် သိသလောက်ဆို အဖေနဲ့ ပိုပြီး ဆက်ဆံရေး ကောင်းတာက ခင်ဗျားအမေ မဟုတ်လား ကျွန်တော့်အဖေရဲ့သား ဖြစ်ချင်တယ်ဆို

လည်း သူ့ကို တိုက်ရိုက် သွားပြောမှပေါ့ ဘာလို့ ငါ့အမေကို အပုပ်ချရတာလဲ ..." 


ထိုသို့ပြောအပြီးမှာပင် ကျိမြန်က သူ့ကို ဆွဲခေါ်သွားတော့သည်။ 



Xxxxxxx