အပိုင်း ၂၀၄
Viewers 92k


Chapter 204





ကျိမြန်က အလေးအနက် ပြောလိုက်သည်။ 


"အန်ကယ်ရှို့ လျော့သောက်တော့ ဘယ်မိန်းကလေးကမှ ယစ်ထုပ်တစ်ယောက်နဲ့ တစ်သက်လုံး ကုန်ဆုံးမသွားချင်ဘူး နောက်တစ်ကြိမ် လက်ထပ်ဖို့ဆိုတာ သူသူကိုယ်ကိုယ် အရမ်း စဉ်းစားကြရတာ ပထမဆုံးအကြိမ်လည်း မဟုတ်တော့ အကောင်းဆုံး အခြေအနေနဲ့ ယုံကြည်ရလောက်တဲ့ အကျင့်စာရိတ္တ မရှိရင် ဘယ်သူက နောက်တစ်ခေါက် အရဲစွန့်ချင်တော့မှာလဲ မဟုတ်ဘူးလား ..." 


ရှို့ချန်ယုက ကြက်သေသေသွားကာ တစ်ခဏမျှ စဉ်းစားပြီးနောက် ပုလင်းကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။ 


"မင်းပြောတာ မှန်တယ် စွန့်လွှတ်ရမယ့်အချိန် ရောက်ပြီ မင်းလည်း ဆေးလိပ်ဖြတ်သင့်နေပြီနော် ရှောင်ရှုကို မထိခိုက်အောင်လို့ ..." 


"ကျွန်တော်က ဟိုးအစောကြီးကတည်းက ဖြတ်ထားတာ..." 


ကျိမြန်က ခပ်တိုးတိုး ရယ်မောကာ ပြောလိုက်သည်။ 


"လူတစ်ယောက်ကို အမှန်တကယ် ချစ်ရင် သူ့အတွက် ကိုယ်တောင် သတိမထားမိဘဲတောင် ပြောင်းလဲပြီး သူ့အချစ်နဲ့ ပိုထိုက်တန်တဲ့ လူကောင်းတစ်ယောက် ဖြစ်လာတယ်လေ ..." 


ရှို့ချန်ယုက ခေါင်းငြိမ့်ပြလိုက်၏။ သူ့အမူအယာမှာ လွန်စွာ ရှုပ်ထွေးနေသည့်ဟန်။ 


သူပြောနေစဉ်မှာပင် ရွှယ်မြောင်၏ ရိုက်ကူးရေး စတင်လိုက်တော့သည်။ စင်မြင့်ပေါ်တက်ကာ ‌နန်းဆောင် ထိပ်ဖျားအထိ တစ်လှမ်းချင်း လှမ်းကာ တက်လိုက်သည်။ လီရှန်းကျစ်၏ ကြောက်ရွံ့တုန့်ဆိုင်းနေသည့် အမူအယာနှင့် မတူညီဘဲ ခေါင်းကို မြင့်မြင့်မော့ကာ နန်းပုလ္လင်ရှိရာဆီသို့ ရည်မှန်းချက်တို့ တောက်လောင်နေသော အကြည့်ဖြင့် တစိုက်မတ်မတ် စိုက်ကြည့်နေလိုက်သည်။ ဘေးတစ်ဖက်တစ်ချက်စီတွင် ဒူးထောက်နေကြသူများမှာသူမအဖို့ အဆောင်အယောင်သဖွယ်မျှပင်၊


တစ်လှမ်းချင်း လှမ်းကာ ကျော်ဖြတ်သွားလိုက်သည်။ ရွှေမျှင်နှင့် အနီရောင် ချည်မျှင်တို့ ရောယှက်ရက်လုပ်ထားသည့် ဝတ်ရုံမှာ ကြမ်းပေါ်သို့ တသွင်သွင် စီးကျနေကာ ကျက်သရေကို ဆောင်ကြဉ်းသည့် နဂါးနှင့် ဇာမဏီ ရုပ်ပုံများက နေရောင်အောက်တွင် တလက်လက် တောက်ပနေသည်။ 


ရွှယ်မြောင်က ထိုအလင်းတန်းတို့ကို အသာ တက်နင်းရင်း ထိပ်ဆုံးအထိ လှမ်းတက်သွားသည်။ နန်းပုလ္လင်အရှေ့ ‌ရောက်သည့်အခါ အင်္ကျီလက်အနားစကို ယမ်းခါကာ လှိုက်လှဲပြတ်သားသည့် အသံဖြင့် သူမ ထီးနန်းဆက်ခံခြင်းသည် မိုးကောင်းကင်၏ အလိုတော်အရ ဖြစ်သဖြင့် ဆန့်ကျင်၍ မရကြောင်း ပြောလိုက်၏။ သူမ၏ အမြင်နှင့် ရည်မှန်းချက်များအကြောင်း ပြောကြားစဉ်က မ‌ကျေနပ်မှုကို ထုတ်ဖော်ပြသခဲ့သော မှူးမတ်များမှာ သူမ၏ စွမ်းပကား၏ လွှမ်းမိုးမှုကြောင့် ကြောက်စိတ်အပြည့်ဖြင့် တစ်ဖြည်းဖြည်း ဦးညွတ်လိုက်ရုံမှအပ ရွေးစရာ မရှိတော့ချေ။ 


ကင်မရာတစ်ဒါဇင်ခန့်နီးပါးဖြင့် သူမ၏ အကြည့်တို့ကို ရှူထောင့်အမျိုးမျိုး ပြောင်းလဲရိုက်ကူးနေကာ မော်နီတာမှတစ်ဆင့် မြင်နေရသည့် သူမ၏ ရုပ်ပုံလွှာမှာ အမှန်တကယ်ပင် ထန်ခေတ်တွင်မွေး၊ ထန်ခေတ်တွင်ပင် နတ်ရွာစံခဲ့သည့် သမိုင်းသစ်တစ်ခုကို ဖွင့်လှစ်ခဲ့သူ ကြီးမြတ်သည့် ဧကရီတစ်ပါးနှယ်။ 


ဘေးမှ ကြည့်နေကြသူများသာ ကြက်သေသေသွားသည် မဟုတ်၊ ဒါရိုက်တာပင်လျှင် ခေါင်းကို ခါယမ်းကာ အသက်ကို ပြင်းပြင်းရှူထုတ်လိုက်မိတော့သည်။ 


ဒီသရုပ်ဆောင်စွမ်းရည် ပြီးတော့ ဒီစကားပြောစွမ်းရည် အကုန်လုံးက ပြီးပြည့်စုံတာထက်တောင် ပိုသေးတယ် ရွှယ်မြောင်က လက်ထပ်ပြီး ဒီလောကထဲကနေ အနားယူလိုက်လို့သာ မဟုတ်ရင် အခုဆို ဘယ်လောက်အထိတောင် အောင်မြင်နေလောက်မလဲ ဒီခွေးကောင် ရှောင်ချီကျဲကတော့ လူတွေကို ဘယ်လို ဖျက်ဆီးပစ်ရမလဲ ဆိုတာကိုပဲ သိတယ် ... 


"Cut ..." 


မိန့်ခွန်းပြောအပြီး နဂါးပုလ္လင်ပေါ် ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ဒါရိုက်တာက စိတ်လှုပ်ရှားစွာ လှမ်းအော်လိုက်သည်။ 


"Cut cut ..." 


ရွှယ်မြောင်က ချက်ခြင်း မတ်တပ်ထရပ်ကာ ရိုက်ကူးထားသည်များကို လာကြည့်လိုက်၏။ ဇာတ်ကောင်စရိုက်ထဲသို့ အလျင်အမြန် ဝင်ထွက်နိုင်ကာ သူမ၏ စိတ်ခံစားချက် များပြားလွန်းသော သားဖြစ်သူနှင့် လုံးဝ တစ်ခြားစီပင်။ 


" မား တကယ်ကို အံ့ဩစရာပဲ မားရဲ့ သရုပ်ဆောင်စွမ်းရည်က တကယ်ကို ထိပ်တန်းပဲ ..." 


ရှောင်ကျားရှုက အမြီးကို တရစပ် လှုပ်ယမ်းနေသည့် ခွေးပေါက်တစ်ကောင်နှယ် သူမအနား တရကြမ်း ပြေးလာကာ ဘယ်ညာလှည့်ပတ်လျက် ပြောလိုက်သည်။ ပြောင်မြောက်သော အရည်အချင်းပိုင်ရှင် သရုပ်ဆောင်များကို လွန်စွာ လေးစားလှသူဖြစ်ရာ ထိုသရုပ်ဆောင်မှာ သူ့အမေ ဖြစ်နေသည့်အတွက် ဂုဏ်ယူ၍ မဆုံးတော့ချေ။ 


ရွှယ်မြောင်က သူ့ခေါင်းကို အသာ ပွတ်သပ်ပေးလိုက်သည်။ 


ဧကရီကို ထပ်ကာထပ်ကာ ဖိနှိပ်လိုက်ပေမယ့် ဇာမဏီကတော့ နိဗ္ဗာန်ရောက်သွားပြီ ဘာလို့ သူမရော မရောက်နိုင်ရမှာလဲ ...

(ဒီနားက တစ်မျိုးလေးပဲ အောက်မှာ ပြန်ရှင်းထားတာလည်း မပါတော့ သူ ဘာကိုဆိုလိုချင်တာလည်း မသိဘူး) 


"အန်ကယ်ရှို့ အသိစိတ်လေး ကပ်ပါဦး ..." 


ကျိမြန်က သူ့ကို တွန်းလိုက်သည်။ 


အံ့ဩမင်သက်နေသော ရှို့ချန်ယုက ချက်ခြင်း ရေသန့်တစ်ဘူးကို ဆွဲယူကာ အလောတကြီး ပြောလိုက်သည်။ 


"မြောင်မြောင် စာသားအရှည်ကြီး‌ ပြောထားရတာ အာခေါင်တွေ ခြောက်နေလောက်ရောပေါ့ လာ ရေနည်းနည်းလောက် သောက်လိုက် ..." 


"တကယ်ကို ရေဆာနေတာ ..." 


မြောင်မြောင်က ရေသန့်ဘူးကို ယူကာ ပါးစပ်ကိုဟ၍ လေထဲမှတစ်ဆင့် ‌လောင်းချလိုက်သည်။ နောက်တစ်ခေါက် ပြန်ရိုက်ရဦးမည်မှန်း သိနေသည့်အတွက် နှုတ်ခမ်းနီကို အပျက်မခံနိုင်။ 


သူမ၏ မှန်းဆချက်မှာ ကွက်တိပင်။ အံ့အားသင့်ဖွယ် သရုပ်ဆောင်ချက်ကို ပြန်ကြည့်ပြီးနောက် အမှားသေးသေးလေးများ ရှာတွေ့သွားသော ဒါရိုက်တာက အပိုင်းအများစုကို ဖြတ်ပစ်ကာ သူမကို နောက်တစ်ကြိမ် ပြန်ရိုက်ရန် တောင်းဆိုလိုက်သည်။ ရိုက်ကူးရေးနေရာသို့ ထလာသည့်အခါ ပါးနပ်သွားပြီဖြစ်သော ရှို့ချန်ယုကပါ သူမ၏ ဝတ်ရုံစကို မ ပေးလျက် ထပ်ကြပ်မကွာ လိုက်ပါသွားတော့သည်။ 


ရှောင်ကျားရှုက ကျိမြန်ကို တိုးတိုးလေး ကပ်ပြောလိုက်၏။ 


"ကျိကော အန်ကယ်ရှို့ကလေ ကျွန်တော့်အမေရဲ့ မိန်းမစိုးနဲ့ မတူဘူးလား ..." 


ကျိမြန်က သူ့နဖူးကို ခပ်ဖွဖွ တောက်ကာ ရှို့ကုန်းကုန်းကို ဖျတ်ခနဲ လှမ်းကြည့်ရင်း ဖုံးဖိ၍ မရနိုင်လောက်စွာ ရယ်မောလိုက်တော့သည်။ 


လျှိုရီလိန်မှာ လူအများကြား မရောနှောရဲတော့သည့်အတွက် အနီးနားရှိ ရွက်ဖျင်တဲတစ်ခုအောက်တွင် ရပ်လျက်သာ သူမ၏ သရုပ်ဆောင်မှုကို ကြည့်နေလိုက်သည်။ ဘေးနားပတ်လည်ရှိ ကြည့်နေသူများ၏ တအံ့တဩ အာမေဋိတ်သံများအရ ရွှယ်မြောင်၏ သရုပ်ဆောင်မှုမှာ လွန်စွာ ကောင်းမွန်လှကြောင်း သိသာလှပေသည်။ သူမသည် အမြဲလိုလို သရုပ်ဆောင်ကောင်းတစ်ဦး ဖြစ်ခဲ့ကာ အအောင်မြင်ဆုံးအချိန်တွင် အနုပညာလောကကို စွန့်ခွါခဲ့ရ၍သာ မဟုတ်ပါလျှင် ကျော်ကြားမှုဂုဏ်ဒြပ်အရာတွင် သူ့အမေထက် နိမ့်ကျလိမ့်မည် မဟုတ်ချေ။ 


သူ့အမေအကြောင်း တွေးမိသည့်အခါ အနည်းငယ် စိတ်ပျက်သွားတော့၏။ Weibo ကို တစ်ခဏမျှ ဖွင့်ကြည့်ပြီးနောက် ချက်ခြင်း သွေးဆုတ်ဖြူလျော်နေသည့် မျက်နှာဖြင့် ပြန်ပိတ်လိုက်ရတော့သည်။ သူ့လက်ထောက်က အနားသို့ အလောတကြီး ရောက်လာကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။


"ကုမ္ပဏီက မင်းကို လူထုဆက်ဆံရေးအပိုင်းနဲ့ ပတ်သက်ပြီး မကူညီပေးနိုင်ဘူးတဲ့ ပြောတာတော့ မင်းကို ပိတ်ဆို့ဖို့ အထက်ကနေ ညွှန်ကြားထားတယ်ဆိုပဲ ..." 


"အထက် ဘယ်အထက်လဲ ..." 


လျှိုရီလိန်၏ အသက်ရှူသံတို့ ကမောက်ကမ ဖြစ်လာတော့သည်။ 


"ဟုန်နဲ့ ရှောင်မိသားစု ... ပြီးတော့ တစ်ခုရှိသေးတယ် ..." 


လက်ထောက်မှာလည်း ပြောရခက်နေသည့်ဟန်။ 


"ဘာလဲ ပြောလေ ..." 


လျှိုရီလိန်က သူပင် မသိလိုက်ဘဲ လက်သီးကို ကျစ်ကျစ်ဆုပ်ထားလိုက်မိတော့သည်။ 


"မင်းအမေကို ရဲတွေ ခေါ်သွားကြပြီ ပြောတာတော့ အဲဒီ့နှစ်က ရှောင်ကျားရှု ပြန်ပေးဆွဲခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးချင်လို့တဲ့ သူ့လက်ထောက်က သူမကို အာမခံရအောင် နည်းလမ်းရှာခိုင်းလိုက်တယ် ပြီးတော့ ဖျော်ဖြေပွဲ ၁၅ ခုလည်း ရှိသေးတယ် သွားလာလှုပ်ရှားခွင့်သာ ကန့်သတ်ခံရရင် စာချုပ်ဖောက်တဲ့ လျော်ကြေးကို သူတို့ မတတ်နိုင်လို့ မင်းဘက်က ပေးရမယ်တဲ့ ..." 


"ငါ ဘာလုပ်နိုင်မှာလဲ စာချုပ်ဖျက်တာ သူတို့လေ ဘာလို့ ငါက ပေးရမှာလဲ ..." 


သူ့ရင်ဘက်မှာ ပေါက်ကွဲထွက်လုမတတ် နိမ့်ချည်မြင့်ချည် ဖြစ်လာတော့သည်။ 


"အဲဒီ့တုန်းက ကိစ္စက မင်းအမေနဲ့ ဆိုင်လား မဆိုင်ဘူးလား ဆိုင်နေရင် မင်းအပေါ်လည်း အများကြီး သက်ရောက်သွားနိုင်တယ်နော် ရာဇဝတ်ကောင်ရဲ့ သားဆိုတာ ကြားလို့ မကောင်းဘူး ..." 


လက်ထောက်မှာလည်း စိုးရိမ်ရလွန်း၍ ‌‌ဆံပင်များပင် ဖြူလာတော့မတတ်ပင်။ 


"ဘယ်လိုလုပ် သိမှာလဲ အဲဒီ့တုန်းက ငါက ၁၄ နှစ်ပဲ ရှိသေးတဲ့ဟာ ..." 


ချန်းမန်နီသာ သူ့ရှေ့မှာ ရှိနေရင် လည်ပင်းတောင် ညှစ်သတ်မိတော့မလားပဲ ... 


"ရဲတွေ မင်းကိုလည်း လာစစ်ဆေးလိမ့်မယ် ပြောရရင် ၁၄ နှစ်ဆိုတာ မငယ်တော့တဲ့ အရွယ်လေ သေချာပြင်ဆင်ထားသင့်တယ် အစောကြီးကတည်းက ငါပြောသားပဲ ရှောင်ကျားရှုနဲ့ ကျိမြန်ကို သွား ရန်မစနဲ့ ငါတို့ အပြစ်ပြုမိလို့ မရဘူးလို့‌ ပြောတာကို မင်းမှ နားမထောင်တာ အခု ပြဿနာတွေ ဖြစ်လာတော့ ဘယ်သူက ကူညီလို့လဲ ..." 


လျှိုရီလိန်က မျက်နှာတစ်ခုလုံး ပြာနှမ်းလျက် ပြောလိုက်သည်။ 


"ဒီလိုတွေ ဖြစ်လာမယ်လို့ ဘယ်လိုလုပ် သိမှာလဲကွ ရှောင်ကျားရှုကို ဒီအဖွဲ့ကနေ ကန်ထုတ်ခဲ့ချင်ရုံလေးတင်လေ ..." 


ရှောင်ကျားရှုကို မြင်နေရလျှင်ပင် မသက်မသာ ဖြစ်လာကာ မနာလိုမှုက အဆိပ်ရှိပိုးကောင်တစ်ကောင်နှယ် သူ့နှလုံးသားကို တမြေ့မြေ့ တိုက်စားလာသည်။ ရှောင်ချီကျဲသာ သူ့အမေနှင့် လက်ထပ်ခဲ့ပါလျှင် သူသည်လည်း ရှောင်ကျားရှုနည်းတူ ထိပ်သီးအရင်းအမြစ်တို့ ပိုင်ဆိုင်ကာ အကြီးစား ရင်းနှီးမြှုပ်နှံမှုများကို တောင်းဆိုနိုင်ပြီး မည်သည့်ကိစ္စများ ဖြစိနေပါစေ သူ့နောက်တွင် လူအပြည့် ဖြစ်နေပြီး အနုပညာလမ်းကြောင်း အစမှာပင် အခြားသူများကဲ့သို့ နှစ် ၃၀ခန့် ရုန်းကန်နေစရာ မလိုဘဲ နာမည်ကြီးစတားတစ်ပွင့် ဖြစ်နိုင်လေမလားဟုပင် တွေးမိခဲ့သည်။ 


ငယ်စဉ်ကတည်းက သူသည် အန်ကယ်ရှောင်၏ သားလားဟု သူ့အမေကို မျှော်လင့်တကြီး မေးခဲ့ဖူးသည်။ သူ့အမေက ငြင်းလေတိုင်း ဝမ်းနည်းပက်လက်ပင်။ သွေးသားစစ်ဆေးပေးရန်ပင် တောင်းဆိုခဲ့သော်ငြား အမှန်တကယ်လည်း သွေးသားတော်စပ်မှု မရှိ။ နောက်ပိုင်းတွင် အန်ကယ်ရှောင်က ရှောင်ကျားရှုကို နိုင်ငံခြားပို့ကာ သူ့အမေနှင့်အတူ သူ့ကို မကြာခဏ အဖော်ပြုပေးသည့်အတွက် သွေးသားရင်း မဟုတ်သည့်တိုင် မယားပါသားအဖြစ် သူဆန္ဒရှိသည့် ဘဝမျိုး ပိုင်ဆိုင်နိုင်လေမလားဟု တွေးခဲ့မိပြန်သည်။ 


အန်ကယ်ရှောင်နှင့် ရှောင်တင်းပန်း၏ အကူအညီကြောင့် အနုပညာလောကတွင် နာမည်ကျော်ကြားလာကာ တစ်ချိန်က သူအလိုရှိခဲ့သည့် ဂုဏ်ဒြပ်နှင့် ကြွယ်ဝမှုတို့ကို ပိုင်ဆိုင်ခဲ့ရသော်ငြား ရှောင်ကျားရှုက ရုတ်ချည်း ပြန်ရောက်လာကာ ပွဲဦးထွက်ပြီး ချက်ခြင်း နာမည်ကြီးလာတော့သည်။ သူပင်လျှင် ငါးနှစ်ခြောက်နှစ်ခန့် ကြိုးစားပြီးမှ ရခဲ့သည့် အသီးအပွင့်ကို  ရှောင်ကျားရှုက လအနည်းငယ်မျှဖြင့် ပိုင်ဆိုင်နိုင်သွားရာ ဒေါသစိတ်တို့ကို မည်သို့မျှ မထိန်းချုပ်နိုင်တော့ချေ။ 


ဒါပေမယ့် လူတွေက မွေးကတည်းက ကွာခြားနေပြီးသားလေ ကြိုက်ကြိုက်မကြိုက်ကြိုက် ဒီဒေါသစိတ်ကို ချုပ်တည်းထားဖို့ပဲ ရှိတယ် ... 


"ငါသာ ဒီလိုဖြစ်လာမယ်မှန်း ကြိုသိခဲ့ရင် မားကို ဒါမျိုးလုပ်ဖို့ တောင်းဆိုမိမှာ မဟုတ်ဘူး ..." 


လျှိုရီလိန်မှာ နောင်တကြီးစွာ ရနေတော့သည်။ ချန်းမန်နီက ရှောင်တင်းပန်းနှင့် ရှောင်ချီကျဲကို ပြောပြရုံမှအပ အပိုမလုပ်ခဲ့ပါလျှင် သူ့ကို ရှောင်အိမ်တော်သို့ ဆွဲခေါ်ကာ အိမ်ထဲ ပိတ်ထားပြီး အနုပညာလောကထဲ တစ်ဖန် ခြေချခွင့် မပြုတော့ခြင်းဖြင့် အဆုံးသတ်သွားမည်ဖြစ်သည်။ ထိုအခါ သူလည်း စိတ်အေးလက်အေးဖြင့် ရုပ်ရှင်ရိုက်နိုင်မည် ဖြစ်ပေသည်။ 


ဘယ်ကနေ ဘယ်လို မှားသွားရတာလဲ ... 


ဒါပေမယ့် ပြောနေတော့ရော ဘာထူးတော့မှာလဲ လူထုအမြင်ကို ပြောင်းပစ်ဖို့ ကျိမြန်နဲ့ ရှောင်ကျားရှုအကြောင်း ဖွင့်ချလိုက်ချင်ပေမယ့် မလုပ်ရဲဘူး ကျိမြန်လက်ထဲက သက်သေတွေက သူ့ကို ဖျက်ဆီးဖို့ လုံလောက်တာထက်တောင် ပိုနေပြီ ... 


ထုတ်လုပ်သူက အနားရောက်လာကာ သူ့ကို ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


"ရှောင်လိန် လီရှန်းချန်ဇာတ်ကောင်က မင်းနဲ့ မသင့်လျော်တော့ ဆက်ပြီး သရုပ်ဆောင်ဖို့ မလိုတော့ဘူးနော် မင်းအတွက် နောက်ထပ် အခွင့်အရေးတွေ ရှာပေးမယ်လေ ဒါက စာချုပ်ဖျက်တဲ့အတွက် လျော်ကြေး ယူထားလိုက် ..." 


လျှိုရီလိန်မှာ ကြောင်အသွားကာ သူဆိုလိုချင်သည်များကိုပင် နားမလည်နိုင်တော့။ 


ထုတ်လုပ်သူက သူ့အနား တိုးလာကာ တီးတိုးပြောလိုက်သည်။ 


"အခု ပိုက်ဆံပြတ်နေတယ် မဟုတ်လား လိမ်လိမ်မာမာနဲ့ ထွက်သွားမယ်ဆိုရင် စာချုပ်ဖျက်တဲ့ လျော်ကြေးလည်း ပေးဦးမှာနော် မဟုတ်ရင်‌တော့ တစ်ဖွဲ့လုံး ဆေးရုံခေါ်သွားပြီး ဆီးစစ်လိုက်ရုံပဲ ရှိတော့တာပေါ့ မင်းလည်း သိပါတယ် အခုနောက်ပိုင်း ဘယ်လောက်အထိ စည်းကမ်းကြပ်သလဲ ဆိုတာကို အကျင့်စာရိတ္တ မကောင်းတဲ့ သရုပ်ဆောင်တွေ‌ဆို ဘယ်သူမှ မငှားကြဘူးလေ နာမည်ပျက်လေး ရှိလိုက်တာနဲ့ မင်းတော့ သွားပြီပဲ ဆိုတော့ အဆုံးအရှုံးနည်းအောင် လုပ်ဖို့ ငါတို့မှာလည်း ဒီတစ်နည်းပဲ ရှိတော့တယ် ..." 


ရိုက်ကူးရေးအဖွဲ့ထဲ မဝင်ရောက်မီ ဆီးစစ်ခြင်းမှာ ရုပ်ရှင်စတူဒီယိုများက မဖြစ်မနေ ဆောင်ရွက်သည့် အလေ့အထအဖြစ် ကူးပြောင်းနေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ 


ပုံမှန်အားဖြင့်မူ ဆီးစစ်ရမည်ဆိုသည့်တိုင် သူ့အနေဖြင့် ကြောက်ရွံ့ခြင်း မရှိ။ သို့သော် အကျအန စဉ်းစားကြည့်ပြီးနောက် ရိုက်ကူးရေးအဖွဲ့မှ ပေးလာသည့် ချက်လက်မှတ်ကို ယူ၍သာ ထွက်လာလိုက်တော့သည်။ ထို နောက်ထပ်အခွင့်အရေးဆိုသည်မှာလည်း ထုတ်လုပ်သူ၏ လောကဝတ်စကားမျှသာ ဖြစ်ကာ ယုံကြည်၍ မရနိုင်။ သူ့တွင် အခွင့်အရေး လုံးဝ မရှိတော့ကြောင်း သူ့ကိုယ်သူလည်း သိပေသည်။ 


ရွှယ်မြောင်၏ ရိုက်ကူးရေးကို ဆက်လက်လုပ်ဆောင်နေဆဲပင်။ နန်းတက်သည့် အခန်း အပြီးတွင် အိုမင်းရင့်ရော်ဟန် ပေါက်စေသည့် မိတ်ကပ်မျိုး ပြောင်းလဲ လိမ်းခြယ်ကာ ရိုက်ကူးရေးကို စတင်လိုက်ပြန်တော့သည်။ 


ရှောင်ကျားရှုက ခေါင်းကိုယမ်းကာ ပြောလိုက်သည်။ 


"စောစောကပဲ နန်းတက်တဲ့အခန်း ရိုက်နေတာကို အခု နတ်ရွာစံတဲ့အပိုင်း ရိုက်ပြန်ပြီ ဒါရိုက်တာက လူတွေကို ညှင်းဆဲတဲ့ နေရာမှာ တကယ် တော်တာပဲ တစ်နေ့တည်းမှာတင် မားက အခမ်းနားဆုံး အခိုက်

အတန့်နဲ့ အထီးကျန်ဆုံး အချိန် နှစ်ခုလုံးကို ရိုက်နေရတာ ဒါရိုက်တာက သူမရဲ့ ခံစားချက်တွေ ကပြောင်းကပြန် ဖြစ်ကုန်မှာ မကြောက်ဘူးလားပဲ ..." 



Xxxxxx