Chapter 207
ကျိမြန်က ပို၍နှစ်ခြိုက်စွာ ပြုံးလိုက်ကာ ရှောင်ကျားရှုကို ဖုန်းဆက်မည် ပြုစဉ်မှာပင် တစ်ခုခုကို ခံစားမိဟန်ဖြင့် နောက်ပြန်လှည့်ကြည့်လိုက်၏။ ထိုအခါ ဂိတ်ပေါက်ဝတွင် ခေါင်းပြူကာ ချောင်းကြည့်နေပြီး သူ့ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် နောက်ပြန်ဆုတ်သွားသူတစ်ဦးကို တွေ့လိုက်ရ၏။အတော်ကြာကာမှ တဆတ်ဆတ်တုန်ရီကာ ထွက်လာသူမှာ ရယ်ချင်စရာပင် ကောင်းလှသေးသည်။
ကျိမြန်မှာ မရယ်ဘဲပင် မနေနိုင်။ သူ့ကို လက်ယပ်ခေါ်လိုက်သည်။
"ရှောင်ရှု ဒီနားလာ ကိုယ့်ပရိသတ်တွေက မင်းကို တွေ့ချင်လို့တဲ့ ..."
"အိုး ..."
ရှောင်ကျားရှုရဲ့ မျက်ဝန်းတို့ ပြူးကျယ်ဝင်းလက်ကာ သခင်၏ အခေါ်ကို ခံလိုက်ရသည့် ခွေးပေါက်တစ်ကောင်နှယ် လှစ်ခနဲ ရောက်ချလာတော့သည်။
ရိုက်ကွင်းသို့ ရောက်လာကြသူများမှာ နှာခေါင်းသွေးလျှံမည်စိုး၍ နှာခေါင်းကို အသည်းအသန် အုပ်ထားလိုက်ရတော့သည်။
ရှောင်ကျားရှုအစစ်က တီဗီထဲကထက်ကို အများကြီး ပိုလှတယ်ဟ အထူးသဖြင့် ဒီမျက်လုံးတွေ နက်မှောင်တောက်ပနေလိုက်တာများ ကြယ်ပွင့်လေးတွေ အတိုင်းပဲ ပန်းရောင်နဲ့ အဖြူရောင် ဝတ်စုံကို ဝတ်ပြီးတော့ ဆံပင်ရှည်တွေက ပုခုံးပေါ် ကျဆင်းနေတယ် အင်္ကျီအနားစကလည်း မြေကြီးနဲ့ တရွတ်စွဲ ဖြစ်နေတာကလေ လေကိုစီးပြီး ရောက်လာသလိုမျိုး အရမ်း စိတ်ကူးယဉ်ဆန်တာပဲ ...
ရှေးဟောင်းဝတ်စုံ ဝတ်ဆင်ထားသည့် ကျိမြန်အနား ရပ်ကာ တစ်ဖက်သူကို ရှက်ရွံ့စွာ ပြုံးပြလိုက်သည့်အခါ ပရိသတ်အားလုံး သက်ပြင်းမောသာ ချလိုက်ရတော့သည်။
စောက်ကျိုးနည်း မျက်လုံးတွေကိူ ကန်းကုန်တော့မှာပဲ OTP က တကယ့်အစစ်ကြီးဟေး ...
"ရှောင်ကျားရှု ဓာတ်ပုံအတူတူ ရိုက်လို့ ရမလားဟင် ..."
အစောပိုင်းက ပရိသတ်မှာ နားရွက်များ နီမြန်းသည်အထိပင် စိတ်လှုပ်ရှားလာတော့သည်။
"ရတာပေါ့ ..."
ရှောင်ကျားရှုက ခေါင်းငြိမ့်ပြကာ သူမအနား လျှောက်လာမည်ပြုစဉ် ထိုမိန်းကလေးက အသည်းအသန် လက်ကိုယမ်းပြလိုက်သည်။
"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ကျွန်မနဲ့ မဟုတ်ဘူး မစ္စတာကျိနဲ့ ပြောတာ နှစ်ယောက်အတူတူ ရပ်ပေးလို့ ရမလားဟင် ဓာတ်ပုံရိုက်ချင်လို့ ..."
"ရတာပေါ့ဗျာ ..."
ရှောင်ကျားရှုက ငေးကြောင်နေဆဲ ဖြစ်သော်ငြား ကျိမြန်က သူ့ပုခုံးကို ဆွဲဖက်ကာ ပြုံးပြနှင့်နေပြီဖြစ်သည်။
အားလုံး တိတ်ဆိတ်သွားကြပြီးနောက် ကင်မရာကို မြှောက်လျက် အဆက်မပြတ် ရေရွတ်လိုက်ကြတော့သည်။
"ရှောင်ကျားရှု ဟိုးအရင်က သတင်းတွေကို ဂရုမစိုက်နဲ့နော် မင်းရဲ့ နောက်ခံက ဘာပဲဖြစ်ဖြစ် ငါတိူ့တွေအတွက် ကိစ္စမရှိဘူး သိလား မင်းက မင်းပဲ ရုပ်ရှင်ရိုက်တဲ့နေရာမှာ အရမ်းအလေးအနက် ထားတတ်တဲ့ ရှောင်ကျားရှုပဲ ဟုတ်ပြီလား မင်းက သရုပ်ဆောင်ကောင်းတစ်ယောက်ပါ ..."
"ဟုတ်တယ် ဟုတ်တယ် အိုင်ဒေါတွေအတွက် ပရိသတ်ရဲ့ လိုအပ်ချက်က အရမ်း မများဘူး အရမ်းလည်း မနည်းဘူး အတိုချုပ် ပြောရရင် မျက်နှာလေးရယ်၊ အရည်အချင်းရှိပြီး အကျင့်စာရိတ္တကောင်းရင်ရပြီ မင်းမှာ မျက်နှာရော၊ အရည်အချင်းရော၊ အကျင့်စာရိတ္တရော ရှိနေပြီးသားဆိုတော့ ငါတို့က မင်းကို ထာဝရ ချစ်ပေးသွားမှာ ..."
"မစ္စတာကျိ ရှင့်ကိုလည်း ချစ်တယ်နော် မစ္စတာကျိနဲ့ ရှောင်ကျားရှုက အရမ်းကို ဆင်တူတာ နှစ်ယောက်လုံး သရုပ်ဆောင်ကောင်းတွေ ရှင်တို့နှစ်ယောက်လုံးကို အားပေးနေမယ် ..."
တက်ကြွကာ နူးညံ့နွေးထွေးသည့် ပရိသတ်များနှင့် တွေ့လိုက်ရသည့်အခါ ရှောင်ကျားရှုမှာ မျက်ရည်လည်သည်အထိ စိတ်လှုပ်ရှားသွားရတော့သည်။ လက်နှစ်ဖက် ရှေ့ချကာ ထပ်ကာထပ်ကာ ဦးညွတ်ရင်း စိတ်ရင်းအမှန်ဖြင့် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် နားလည်ပေးတဲ့အတွက်ရော အားပေးတဲ့ အတွက်ရော အများကြီး ကျေးဇူးတင်ပါတယ် ပိုကောင်းတဲ့ ရုပ်ရှင်တွေ ထွက်လာအောင် အများကြီး ပိုကြိုးစားပါ့မယ် ..."
ကျိမြန်ကလည်း သူ့နည်းတူပင် ကြိမ်ဖန်များစွာ ကျေးဇူးတင်လိုက်ကာ ဖန်ခွင်းကို ပြင်ဆင်ထားသည့် အအေးဘူးများ ထုတ်လာရန် ပြောပြီး တစ်ယောက်ချင်းစီ ကိုယ်တိုင် ဝေပေးလိုက်သည်။
"ကျိလောင်ရှီး ရှောင်ကျားရှု <<Running all the way>> က ဘယ်တော့ လွှင့်မှာလဲ ရှင်တို့ ဘယ်ဇာတ်ကောင်ကို သရုပ်ဆောင်ထားကြတာလဲ ကြည့်ဖို့ မစောင့်နိုင်တော့ဘူး ..."
တစ်ယောက်က အကျယ်ကြီး အော်မေးလိုက်သည်။
<<Running all the way>> ၏ Weibo က အကြိုထုတ်လွှင့်ချက်များကို နည်းနည်းချင်း တင်ပေးနေပြီဖြစ်ကာ အကျော်ကြားဆုံးမှာ ရှောင်ကျားရှုနှင့် ကျိမြန်တို့၏ အတွဲညီညီ ရိုက်ကူးထားသော ဓာတ်ပုံပင်ဖြစ်သည်။ ပူပြင်းကာ ဒွိဟဖြစ်ဖွယ် လေထုတွင် ငြင်းခုန်နေကြပြီး ဖော်ပြထားသော ခံစားချက်မှာလည်း စိတ်ဆန္ဒကို လွန်စွာ လှုံ့ဆော်ပေးနိုင်သည့်အတွက် CP fan များသည် ခြေလက်များပင် ပျော့ခွေသွားကာ ဤနေရာအထိ ရောက်လာရန် စီစဉ်လိုက်ကြခြင်းဖြစ်သည်။
"သိပ်မကြာခင်ပဲ ဒီလကုန်လောက် ဖြစ်မယ်ထင်တယ် ..."
ကျိမြန်က လက်ညှိုးထောင်ပြလိုက်သည်။
"ငါနဲ့ ရှောင်ရှုရဲ့ ဇာတ်ကောင်ကတော့ လျှို့ဝှက်ချက်ပေါ့ ..."
အားလုံး ညဉ်းညူလိုက်ကြကာ ရုပ်ရှင်ထွက်လာသည့်အခါ ရုပ်ရှင်ရုံအထိ သွားရောက်အားပေးမည်ဖြစ်ကြောင်း ပြောလာကြသည်။ ကျိလောင်ရှီးနှင့် ရှောင်ကျားရှု ရိုက်ကူးထားသည်ဆိုလျှင် သူတို့ကို စိတ်ပျက်စေမည် မဟုတ်ချေ။
ကျိမြန်နှင့် ရှောင်ကျားရှုတို့ ဦးညွတ်ကာ ကျေးဇူးတင်လိုက်ကြပြန်သည်။ ပြန်မတ်လာသည့်အခါ ကျိမြန်က အကျင့်အတိုင်း ရှောင်ကျားရှု၏ ခါးကို ကိုင်ကာ အနည်းငယ် ရွေ့ပေးလိုက်သည်။ သူ့ဘေးနားတွင် ရှိနေသူများကို အမှုမထားဘဲ ရှောင်ကျားရှု၏ ဝတ်ရုံရှည်ကို ဖွင့်ကာ မနွေးတော့သည့် လက်အနွေးအိတ်ကို ထုတ်ယူပြီး သူ့အိတ်ကပ်ထဲမှ အသစ်တစ်ထုပ် ဖောက်ကာ အတွင်းခံတွင် ဂရုတစိုက် ကပ်ပေးလိုက်သည်။
သူ့လှုပ်ရှားမှုများမှာ ရှောင်ကျားရှုကို နေ့တိုင်း ဂရုစိုက်ပေးနေသည့်နှယ် အကျွမ်းတဝင် ရှိလှသညိ။ ရှောင်ကျားရှုကလည်း နာနာခံခံဖြင့် အင်္ကျီကို မ ပေးလိုက်ရုံသာမက ပြုံးကာ ပြန်ကြည့်နေသေးသည်မှာ ဤသိူ့သော ဂရုစိုက်မှုအပေါ် အသားကျနေသည့်ဟန်။
အပူပေးစက် နွေးလာပြီဖြစ်ကြောင်း အတည်ပြုပြီးမှသာ အင်္ကျီစကို ပြန်ချ၍ သူ့ခါးကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။ ထို့နောက်တွင်မှ ဘေးတွင် ပရိသတ်များ ရှိနေသေးကြောင်း သတိရသွားတော့၏။
ဖန်ခွင်းက ချက်ခြင်း ဝင်ကာ အဖက်ဆည်ပေးလိုက်သည်။
"ဟုတ်ပြီ ဟုတ်ပြီ ကျိလောင်ရှီးက ရိုက်စရာ ရှိသေးတော့ ဒီနေ့ ဒီလောက်နဲ့ပဲ တော်လိုက်ရအောင် တစ်ခြားနေရာက လာတဲ့သူတွေ လက်မှတ်ဖြတ်ပြီးကြပြီလား မပြီးသေးရင် ငါ့နောက်လိုက်ခဲ့ ကူဖြတ်ပေးမယ် နီးတဲ့သူတွေလည်း လိုက်ပြီး စာရင်းပေး အားလုံး လုံလုံခြုံခြုံပြန်ရောက်အောင် ယာဉ်မောင်း စီစဉ်ပေးမယ် ..."
"ကျေးဇူးပါ ဖန်ခွင်းကောကော ..."
လူတိုင်း ကျိမြန်နှင့် ရှောင်ကျားရှုကို ပြုံးကာ နှုတ်ဆက်ပြီး ဖန်ခွင်းနောက်သို့ သာမန်အတိုင်း လိုက်ပါသွားကြတော့သည်။ သို့သော် တစ်ဖက်သိူ့ လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် ထမအော်မိစေရန် လက်သီးဆုပ်ဖြင့် ပါးစပ်ကို ဆို့ထားလိုက်ကြရတော့သည်။
အား အား ကျိလောင်ရှီးက အရမ်းကို နွေးထွေးတာပဲ ရှောင်ကျားရှုကလည်း တအားကိူ ချစ်စရာကောင်း တရားဝင်စားရတဲ့ သကြားက ချိုလိုက်တာ ...
ထို့နောက်တွင်တော့ ကျိမြန်တွင် "တရားဝင် အချိုကျွေးသူ" ဟူသည့် အမည်ပြောင်တစ်ခု တိုးလာတော့သည်။
သူက ဘယ်နေရာရောက်ရောက် အချိုကျွေးဖို့ မမေ့ဘူး သူ့ထက် တက်ကြွတဲ့သူမျိုးကို မရှိတော့ဘူး ...
ရှောင်ကျားရှုကလည်း နောက်ကျောဘက်ရှိ အနွေးအိတ်ကို လက်ဖြင့်စမ်းကာ ရူးကြောင်ကြောင် ပြုံးလိုက်၏။
ကျိကောက လူတွေ ရှိနေတယ်ဆိုတာကိုတောင် မေ့သွားတာ ဖြစ်ရမယ် သူက ငါ အေးမှာကိူ ဒီလောက်တောင် ပူနေတာလား အာ မဟုတ်သေးဘူး ကျိကောရဲ့ အနွေးအိတ်ကလည်း ကြာနေပြီဟာ သူ့ကို ကြည့်ပေးဖို့ ဘာလို့ မတွေးခဲ့မိပါလိမ့် ရှောင်ကျားရှု မင်းက တော်တော်ကို နမော်နမဲ့ နိုင်တာပဲ ကျိကောနဲ့ ဘယ်လိုဖြစ်ပြီး တန်မှာလဲ...
အပြုံးတို့ ချက်ခြင်း ပျောက်ကွယ်ကာ မျောက်တစ်ကောင်နှယ် ခုန်ဆွခုန်ဆွဖြင့် ကျိကော၏ ကော်လာနှင့် အင်္ကျီအစွန်းတို့ကို ဖွင့်ကာ အနွေးအိတ်များကို တစ်ခုပြီးတစ်ခု စမ်းကြည့်လိုက်သည်။
ကျိမြန်က သူ့ကို လက်မောင်းဖြင့် ပွေ့ဖက်ကာ စတူဒီယိုသို့ ခေါ်သွားတော့၏။ လမ်းတွင် တွေ့သမျှသူတိုင်းကိုလည်း အသာတကြည် နှုတ်ဆက်ကာ သံသယဝင်စရာ လုပ်ရပ်ကို မရှောင်ရှား။ လူတိုင်းကလည်း တစ်မျိုးမထင်၊ လျှောက်ဆော့နေကြပြန်ပြီဟုသာ တွေးကာ ကြင်နာသည့် အပြုံးများ လှစ်ဟပြလိုက်တော့သည်။
ရှောင်ကျားရှုက သူ့ခြေထောက်တို့ကို ကန်ကာ မြေကြီးပေါ် ရပ်နိုင်ရန် ရုန်းကန်လိုက်သည်။ သို့သော် မတတ်နိုင်သည့်အတွက် ဝမ်းနည်းစွာ ပြောလိုက်တော့သည်။
"ကျိကော ကောကပဲ အမြဲတမ်း ကျွန်တော့်ကို ဂရုစိုက်ပေးနေတာ ကျွန်တော်ကတော့ ကောရဲ့ အနွေးအိတ် မနွေးတော့တာကိုတောင် သတိမထားမိဘူး ..."
"ကိုယ့် ခန္ဓာကိုယ်ပေါ်မှာ အနွေးအိတ် အကြီးစားကြီး ရှိနေတယ် မဟုတ်လား ..."
ကျိမြန်က သူ့ကို ပျော်မြူးစွာဖြင့် ငုံ့ကြည့်လိုက်သည်။
ရှောင်ကျားရှု၏ ပါးနှစ်ဖက် နီမြန်းသွားကာ လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
"ကျိကော ဒါဆို ကျွန်တော့်တစ်ဘဝလုံး ကောကိုကပ်နေလို့ရလား ..."
ကျိမြန်က ခပ်တိုးတိုး ပြန်တုန့်ပြန်ကာ သူ့ကိူ အောက်ပြန်ချပေးပြီး တင်ပါးနှစ်ဖက်ကို ပုတ်ကာ နန်းတော်ရှိရာသို့ ဆွဲခေါ်လာလိုက်သည်။ ရှောင်ကျားရှုကလည်း သူ့ခန္ဓာကိုယ်ပေါ်ရှိ အနွေးအိတ်ကို တိတ်တဆိတ်ဖယ်ကာ ကျိမြန်၏ နောက်ကျောပေါ် ကပ်ပေးရင်း ခပ်သုတ်သုတ် လိုက်လာလိုက်တော့သည်။
မြို့ရိုးပေါ်မှတစ်ဆင့် သူတို့ကို ကြည့်နေသည့် ရွှယ်မြောင်မှာလည်း ဖုံးဖိ၍ မရစွာ ပြုံးလိုက်မိတော့သည်။
................
<<ဧကရီဘုရင်မ>>ကို ရိုက်ကူးပြီးနောက် ကျိမြန်နှင့် ရှောင်ကျားရှုတို့ မင်္ဂလာပွဲ ကျင်းပရန် နိုင်ငံခြားသို့ ထွက်လာလိုက်ကြတော့သည်။ မထွက်ခွါမီ <<Running all the way>> အတွက် နယ်လှည့်ရှိုးပွဲ တစ်ခုတွင်သာ ပါဝင်ခဲ့ရာ ကျောက်ချွမ်မှာ ယမ်းပုံမီးကျ ဒေါသပေါက်ကွဲထွက်လာတော့သည်။
ဒီလူတွေက ဘယ်လိုလဲကွ သူတို့က သရုပ်ဆောင်တွေပဲ ဆိုရင်တော့ အနုပညာကြေး ရပြီးပြီဖြစ်လို့ ဒီရုပ်ရှင် ဝင်ငွေကောင်းကောင်း မကောင်းကောင်း ဘာမှ မဆိုင်တော့ဘူး ဆိုပေမယ့် သူတို့က ရင်းနှီးမြှုပ်နှံသူတွေလေ မင်းတို့က ဒီရုပ်ရှင်အတွက် ငွေစိုက်ထုတ်ပေးထားတာ မဟုတ်ဘူးလား နည်းနည်းပါးပါးလောက်လည်း ခွန်အားလေး စိုက်ထုတ်ကြပါဦး ...
ထားပါ ပြောရရင် ရုပ်ရှင်နဲ့ စာရင် လက်ထပ်တာက ပိုအရေးကြီးပါတယ်လေ အထူးသဖြင့် ရွှယ်မြောင် စီစဉ်ပေးတဲ့ လက်ထပ်ပွဲဆို ပိုတောင် အရေးပါသေးတယ် သူမက ရှောင်တင်းပန်း၊ အမေကျိ၊ ရှို့ချန်ယုတို့ကို ဖိတ်ခဲ့တာက သူတို့ရဲ့ အူလှိုက်သည်းလှိုက် ရည်မှန်းချက်ကို ပြတာနေမှာ ကြားတာတော့ ရှောင်ချီကျဲကလည်း လာချင်ခဲ့တာတဲ့ ရွှယ်မြောင်ကို ခဏခဏ တောင်းပန်ခဲ့ပေမယ့် သူမက လုံးဝ သဘောမတူဘူး နောက်ပိုင်းကျ မင်္ဂလာပွဲ အခမ်းအနား ကျင်းပတဲ့နေရာကို ပန်းတွေ လေယာဉ်နဲ့အပြည့် ပို့ပေးလိုက်တယ်တဲ့ ...
သူတို့၏ ဆက်ဆံရေးကို နှစ်ဖက်မိဘက ကောင်းစွာ သိရှိကာ အခိုင်အမာ အားပေးထောက်ခံကြသည့်အပေါ် ကျောက်ချွမ်လည်း ယုံကြည်သွားတော့သည်။ သူနှင့် ကျိုးနန်၏ ဆက်ဆံရေးမှာ လွန်စွာ ကောင်းမွန်ကာ ဤအသိုင်းအဝိုင်းတွင် ရှားရှားပါးပါး တစ်ယောက်အပေါ်တစ်ယောက် ကြင်နာတတ်သည့် စုံတွဲဖြစ်သည်ဟု ထင်ခဲ့သော်ငြား ကျိမြန်နှင့် ရှောင်ကျားရှု၏ ဆက်ဆံရေးကို တွေ့လိုက်သည့်အခါ အမှန်တရားတစ်ခုကို သိလိုက်ရတော့သည်။
လူတွေက ကိုယ့်မှာ ရှိတာနဲ့ ကျေနပ်သင့်တယ်ဆိုတာ အမှန်ပဲ ကျိမြန်လို စံပြချစ်သူကောင်လေးနဲ့ နှိုင်းယှဉ်လိုက်ရင် ကျိုးနန်က လုံးဝကို အရှုပ်ထုပ်ပဲ ချက်လည်း မချက်နိုင်၊ သန့်ရှင်းရေးလည်း မလုပ်နိုင်၊ လူတွေကိုလည်း ဂရုမစိုက်နိုင်ဘူး တကယ်ကို မဖြစ်နိုင်စရာကြီးပဲ ...
ကမ္ဘာတစ်ဖက်ခြမ်းရှိ ချစ်သူနှစ်ဦးကို ချဉ်စူးမှုအပြည့်ဖြင့် ဆုမွန်ကောင်း တောင်းပြီးနောက် ကျောက်ချွမ်သည် ရှိုးကို လူစိတ်ဝင်စားလာစေရန် အလို့ငှာ အင်တာနက်ပေါ်တင်ရန် trailer တစ်ခု တည်းဖြတ်ဖို့အရေး ဦးနှောက်ကို ဖျစ်ညှစ်အသုံးချလိုက်ရတော့သည်။ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချပြီးနောက် ကျိမြန်နှင့် ရှောင်ကျားရှုတို့၏ ရိုက်ချက် အများအပြားကို ထည့်သွင်းလိုက်၏။ ထိုသူနှစ်ဦး၏ ဆက်ဆံရေးမှာ ဒွိဟဖြစ်ဖွယ် ကောင်းသည့်တိုင် ထိုသည်ကပင်လျှင် ပရိသတ်ကို မရပ်တန့်နိုင်လောက်အောင် ကြည့်ရှုလိုစိတ်များ ဖြစ်ပေါ်လာစေပေမည်။ ဇာတ်ကြောင်းမှာ ရှေ့နောက် မညီညွတ်သည့်တိုင် trailer ကို ကြည့်ရုံမျှဖြင့် ဇာတ်ကြောင်းကို မခန့်မှန်းနိုင်၊ ဇာတ်ကွက်တိုင်းတွင် ဟာသပြက်လုံးတို့ အပြည့်ဖြစ်နေသည့်အတွက် လူတိုင်းကို ရယ်ပွဲကျစေမည် ဖြစ်ပေသည်။
နှစ်သစ်ကူးနားနီး၍ လူတိုင်း စိတ်အေးလက်အေး အပန်းဖြေလိုကြသည့်အတွက် ဈေးကွက်တွင် ဟာသရုပ်ရှင်များ အလွန်အမင်း လူကြိုက်များလာရာ နှစ်သစ်ကူးရုပ်ရှင်များအနက် <<Running all the way>> သည် ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး၊ နာမည်ကြီး သရုပ်ဆောင် ပါဝင်မှု အများဆုံးနှင့် လူသိရှင်ကြား ချပြမှု အနည်းဆုံးဖြစ်ရာ ရုံဝင်နှုန်းနှင့် အညွှန်းတို့မှာ မည်သို့မည်ပုံ ဖြစ်လာမည်ကို မည်သူမှ မခန့်မှန်းတတ်တော့ချေ။
သူငယ်ချင်းကောင်း ပြန်ဖြစ်သွားကြပြန်သည့် ချိုးလင်လင်နှင့် စုအန်နာတို့က ရုပ်ရှင်အတူတူကြည့်ရန် ဖိတ်ခေါ်သည့် အဆင့်သို့ပင် ပြန်ရောက်သွားကြပြီဖြစ်သည်။ စခရင်ပေါ်တွင် မြင်လိုက်ရသည့် တစ်ခဏ၌ <<Running all the way>>ကို ပြသနှုန်းမှာ တစ်ဆယ်ရာခိုင်နှုန်းခန့်သာ ရှိပြီး အခြား နာမည်ကြီး ရုပ်ရှင်များနှင့် နှိုင်းယှဉ်ပါလျှင် လွန်စွာ လူစိတ်ဝင်စားမှု နည်းပါးလှကြောင်း တွေ့လိုက်ရသည်။
"အခုခေတ် ပြည်တွင်းရုပ်ရှင်ဈေးကွက်က ဘယ်လိုတွေ ဖြစ်လာမှန်းကို မသိတော့ပါဘူး ရုပ်ရှင်တွေကို သန်း ရာနဲ့ချီပြီး ရင်းနှီးမြှုပ်နှံပေမယ့် တစ်ခုမှလည်း ကောင်းကောင်း ထွက်မလာဘူး ..."
စုအန်နာက ခေါင်းကိုယမ်းကာ ပြောလိုက်သည်။
"ကြားတာတော့ ဒါရိုက်တာ ကျောက်ချွမ်က ဒီဇာတ်ကားကို သန်းခြောက်ဆယ်ပဲ ရင်းနှီးမြှုပ်နှံခဲ့ရတယ်တဲ့ သူရယ် ဝူချွမ်းရီနဲ့ တစ်ခြားသူတွေက သန်းသုံးဆယ် ကျန်တဲ့ သန်းသုံးဆယ်က ကျိမြန်နဲ့ ရှောင်ကျားရှုတဲ့ တစ်ခြား ရုပ်ရှင်တွေနဲ့ယှဉ်ရင် တော်တော်လေး ကုန်ကျစရိတ် နည်းတာဆိုတော့ ရှုံးတော့ မရှုံးလောက်ပါဘူးနော် ဟုတ်တယ်မဟုတ်လား ..."
ချိုးလင်လင်က မစ္စတာကျိနှင့် ရှောင်ကျားရှုတို့၏ ငွေကြေးများ ဆုံးရှုံးသွားမည်ကို လွန်စွာ စိုးရိမ်နေပေသည်။
သူတို့ အလုပ်အတူတူ တွဲလုပ်တာကို မြင်ရဖို့ဆိုတာ မလွယ်ဘူးလေ ...
"မရှုံးပါဘူး အင်တာနက်ပေါ် တင်ထားတဲ့ trailer က တအား ပေါက်သွားတယ်လေ ငါတောင် ပြန်ကြည့်တိုင်း ရယ်နေရလွန်းလို့ ကြွက်သားတွေတောင် ပြတ်ထွက်တော့မယ် ..."
စုအန်နာက သူမ၏ ဗိုက်ကို ပုတ်ပြကာ ပြောလိုက်သည်။
"အချိန်ကျပြီ ရုံထဲ သွားရအောင် မစ္စတာကျိနဲ့ ရှောင်ကျားရှုကို ကြည့်ချင်နေပြီ ..."
Xxxxxxx