Chapter 208
သူမတို့ ရုံထဲ ဝင်ထိုင်ကာ ထွန်းထားဆဲဖြစ်သည့် မီးအလင်းရောင်အားကိုးဖြင့် လှည့်ပတ်ကြည့်လိုက်ရာ ရုံပြည့်လုပြည့်ခင်ဖြစ်နေကြောင်း တွေ့လိုက်ရမှသာ စိတ်သက်သာရာ ရသွားတော့သည်။ ရုံတင်ပြသချိန် နည်းပါးလှသည့်တိုင် မစ္စတာကျိ၏ ပေါ်ထွက်မှုမှာ လွန်စွာ အားကောင်းလှသည့်အတွက် ပြသချိန်တိုင်း လူပြည့်နေကာ များမကြာမီ ရုပ်ရှင်ရုံကလည်း ပြသသည့်ပွဲစဉ်ကို တိုးမြှင့်ပေးဦးမည် ဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံငွေ ဆုံးရှုံးသွားမည်ကို ပူပန်နေရန် မလိုအပ်ပေ။
သို့သော် မစ္စတာကျိ၏ အမည်ကို သုံးကာ ပရိသတ်ကို ဆွဲဆောင်ခြင်းသည် မလုံလောက်လှ။ ရုံဝင်ကြေး တိုးများခြင်းမှာ ရုပ်ရှင်၏ အရည်အသွေးနှင့် တစ်ဆင့်စကား တစ်ဆင့်နား အသိအမှတ်ပြုခံရခြင်းတို့လည်း လိုအပ်ပေသေးသည်။ အရည်အသွေးနှင့် ရုပ်ရှင်အညွှန်းများ မကောင်းပါလျှင် ကျိလောင်ရှီးကိုပင် အဆိုးသဘော သက်ရောက်သွားစေဦးမည်ဖြစ်ကာ သူ့ကျော်ကြားမှုပါ အလဟဿ ဖြစ်သွားပေလိမ့်မည်။
ရှောင်ကျားရှုမှာလည်း ပထမဆုံးအကြိမ် ဟာသဇာတ်လမ်းထဲတွင် သရုပ်ဆောင်ခြင်းဖြစ်ရာ ဆိုးရွားလှသည့် ရုံဝင်ကြေးသည် သူ့အနုပညာလမ်းခရီးကို အနှောင့်အယှက် ဖြစ်စေကာ နှလုံးသား မရှိသည့် မီဒီယာတို့က သူ့ကို ရုံဝင်နှုန်း အဆိပ်အတောက်ဟု အမည်တပ်ကြပေလိမ့်မည်။ အနာဂတ်တွင် ဤအမည်ကို ပြောင်းပြန်လှန်လိုပါလျှင် ယခုထက် အဆတစ်ရာနီးပါး ပိုကြိုးစားရတော့မည်ဖြစ်သည်။
ဒီရုပ်ရှင်က trailer အတိုင်း ကောင်းမယ်လို့ မျှော်လင့်ပါတယ် ဒါမှ ပရိသတ်လည်း စိတ်မပျက်မှာ ...
ထိုသို့တွေးကာ ချိုးလင်လင်နှင့် စုအန်နာတို့ ရုပ်ရှင်ကို ထိုင်ကြည့်လိုက်ကြပြီးနောက် တစ်ဖြည်းဖြည်း နစ်ဝင်သွားတော့သည်။ အလွန်အမင်း မိမိုက်လှသည့် စတိုင်ဖြင့် ထွက်လာသော ရှောင်ကျားရှုကို တွေ့လိုက်ရသည့်အခါ ပါးစပ်အဟောင်းသားဖြင့် အံ့ဩငေးမောသွားရတော့သည်။
ရှောင်ကျားရှုမှာ လူချမ်းသာ ဒုတိယမျိုးဆက်တစ်ဦး ဖြစ်သည့်တိုင် သူ၏ ကြွယ်ဝမှုကို မဝါကြွား။ ထိုအစား ဆွယ်တာနှင့် သိုးမွေးဘောင်းဘီတို့ကို ကိုယ်တိုင် ချည်ထိုးတတ်သည့်၊ စားစရာနှင့် ရှုခင်းပုံတို့ကို တင်တတ်သည့် နူးညံ့သော စိတ်ထားပိုင်ရှင်ဖြစ်သည်။ သူ့ ဆယ်လ်ဖီများမှာလည်း လွန်စွာ ရယ်စရာ ကောင်းလှကာ ပရိသတ်ပေးသည့် ဦးထုပ်စိမ်းကို ဆောင်းကာ သူ့ကိုယ်သူလည်း လှောင်ရယ်တတ်သေးသည်။ ရိုးသားမှုနှင့် တစ်မူထူးခြားမှုတို့မှာ လူတိုင်းအသိဖြစ်ကာ သူ့အကြောင်း တွေးလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ ပထမဆုံး အတွေးမှာ ခပ်လျှိုလျှိုနေတတ်သူ ဖြစ်ပါလျှင် ဒုတိယအတွေးမှာ လွန်စွာ ရယ်ရသူ ဖြစ်ပေလိမ့်မည်။
ဤရုပ်ရှင်ကို ကြည့်လိုက်သည့်အခါ ရှောင်ကျားရှုအပေါ် ထားရှိသည့် ထင်မြင်ချက်အားလုံး ပြောင်းပြန်ဖြစ်သွားတော့သည်။ သူသည်လည်း လွန်စွာ စတိုင်မိမိုက်နိုင်ကာ ကိုယ်ကြပ်အင်္ကျီ ဝတ်ဆင်လျက် ကလပ်ထဲသို့ ရှိုးအပြည့်ဖြင့် ဝင်လာပုံမှာ လွန်စွာ ကလူမြူဆွယ်မှုတို့ ပြည့်နှက်နေသည်။
ချိုးလင်လင်နှင့် စုအန်နာတို့ နှစ်ဦးလုံး ရှက်သွေးဖြာသွားကြတော့၏။ ရှောင်ကျားရှုမှာ ညှို့ယူဖမ်းစားနိုင်သည့် အရှိန်အဝါအားလုံးကို လွှင့်ထုတ်နေသည့် ရာဂနတ်ဘုရား တစ်ပါးနှယ်။ များမကြာမီမှာပင် ရှက်သွေးဖြာနေသူအားလုံး ရယ်မောလိုက်ကြပြန်တော့၏။ အကြောင်းမှာ ခန်းလုံးပြည့် မှန်နံရံများ တပ်ဆင်ထားသည့် နေရာအရောက်တွင် သူက ရှေ့သို့ကိုင်းကာ ဘေးဆံပင်ကို အပေါ်သပ်လျက် မျက်ခုံးတစ်ဖက်ကို ပင့်ကာ ကျန်တစ်ဖက်ကို အောက်သို့ ချထား၍ ဖြစ်သည်။ လျာထိပ်ဖျားလေး လှစ်ခနဲ ထွက်လာကာ သွားနှင့် နှုတ်ခမ်းထောင့်စွန်းတို့ကို လျာဖြင့် ခပ်ဖွဖွ သပ်လိုက်၏။
ဘုရားရေ ဒုသခင်လေးရှောင်က အရမ်းကို မသတီစရာ ကောင်းတာပဲ ဘယ်လိုဖြစ်လို့ သူ့ကို တအား ရိုက်ပစ်ချင်လာအောင်ကို လုပ်တတ်ရတာလဲ ...
"မကြည့်နိုင်တော့ဘူး ဒီလိုပုံစံနဲ့သာဆို သူတော့ လူသားသဲအိတ် ဖြစ်တော့မှာ ..."
ချိုးလင်လင်က မျက်နှာကို လက်ဖြင့်အုပ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
"အရမ်းကောင်းတယ် ဒီထဲမှာ ငါ့ရှောင်ရှုလေးရဲ့စတိုင် ရှိနေတယ် ..."
စုအန်နာက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ငါ ထင်နေတာ တစ်ခုရှိတယ် ဒါက BL ဇာတ်လမ်း ဖြစ်လိမ့်မယ် ..."
သူမ၏ မှန်းဆချက်မှာ မမှားလှ။ များမကြာမီမှာပင် ရှောင်ကျားရှုသည် လွန်စွာ ဆတ်ကော့လက်ကော့...မဟုတ်သေးဘူး အမြင်ရိုင်းလောက်အောင် တောက်ပြောင်လွန်း၍ ပြန်ပေးဆွဲခံလိုက်ရတော့၏။ ထိုသူများက သူ့ထံမှ chip ပြားကို ယူလိုကြခြင်းဖြစ်ကြောင်း သိလိုက်ရသည့်အခါ သူနှင့် ဝူချွမ်းရီတို့ ၎င်းကို ကလပ်တွင် ပြန်ရှာလိုက်ရတော့သည်။ လူအုပ်အကြား ရောနှောနိုင်ရန် အလို့ငှာ သူက အစိမ်းပုတ်ရောင် ကိုယ်ကြပ် တရုတ်ရိုးရာ ဂါဝန်တစ်ထည်ကို ဝတ်ဆင်ကာ ရှည်လျားလှသည့် ခြေတံတစ်စုံတွင်မူ အနက်ရောင် အသားကပ်ခြေအိတ်များ ဝတ်ဆင်ထားသည်။ ၎င်းမှာ သူ့တင်ပါးအနီးတွင် တင်းကြပ်နေ၏။ အမျိုးသားဇာတ်လိုက်သာမက အမျိုးသမီးဇာတ်လိုက်အဖြစ်ပါ သရုပ်ဆောင်နိုင်ကာ သူဝတ်သမျှ အမျိုးသား အဝတ်အစားရော အမျိုးသမီး အဝတ်အစားပါမကျန် လွန်စွာ မင်သက်ဖွယ် ကောင်းလှသည့်အတွက် ကြည့်ရှုသူအားလုံး ဇာတ်ရှိန်တက်လာတော့သည်။
"ငါ့ရဲ့ မရှိတဲ့ဒစ်တောင် မာလာပြီ ..."
စုအန်နာမှာ ပေါက်ပေါက်စားရန်ပင် မေ့လျော့ကာ ပါးစပ်ကိုသာ အဟောင်းသား ဟထားလိုက်တော့သည်။
ချိုးလင်လင်မှာလည်း မျက်နှာတစ်ခုလုံး နီမြန်းသည်အထိ စိတ်လှုပ်ရှားကာ တီးတိုးပြောလိုက်သည်။
"မစ္စတာကျိက မကြာခင် ထွက်လာတော့မှာ မဟုတ်လား နောက်ဆုံးတော့ သူတို့နှစ်ယောက် တွေ့ကြတော့မယ် ..."
ကင်မရာ လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် ကျိမြန်၏ မျက်နှာ ထွက်ပေါ်လာတော့သည်။ လက်ထဲတွင် ဆေးလိပ်တစ်လိပ်ကို ကိုင်လျက် ပင်မခုံတွင် ထိုင်ကာ သန်မာထွားကျိုင်းကာ ကြောက်မက်ဖွယ် ရုပ်ရည်ပိုင်ရှင် လူမိုက်များက ဘေးတွင် ခြံရံနေကြသည်။ ဈေးကြီးသည့် အနောက်တိုင်း ဝတ်စုံကို ဝတ်ထားကာ အထဲတွင် ရှပ်အင်္ကျီအဖြူတစ်ထည်ကို ကြယ်သီးအချို့ဖြုတ်ကာ တက်တူးထိုးထားသည့် ရင်အုပ်နှင့် ညှို့အားပြင်းလှသော ညှပ်ရိုးတို့ကို အတိုင်းသား လှစ်ဟပြထားသည်။ ဆံပင်ကို အနောက်သို့ သေသေသပ်သပ် လှန်ဖြီးကာ ချောမောသည့် မျက်နှာကို ပြသထားပြီး ဆေးလိပ်ငွေ့တို့အကြားတွင် မျက်ခုံးတစ်စုံကို တွန့်ကြုတ်ထားသည်။ သူ့အရှိန်အဝါမှာ ထိတ်လန့်ကြောက်ရွံ့ဖွယ်ပင်။
မည်သူမည်ဝါရယ်လို့ မသိ၊ မိန်းကလေးတစ်ဦး၏ ကြောက်လန့်တကြား အော်သည့်အသံ ထွက်ပေါ်လာသော်ငြား ချိုးလင်လင်နှင့် စုအန်နာကမူ စကားတစ်ခွန်းမှပင် မပြောနိုင်ကြတော့။
ဒါက တကယ်ကြီး BL ဟ ရိုက်ချက်တိုင်းက စိတ်ကြွစရာ ညှို့ဓာတ်ပြင်းမှုတွေကို ထုတ်လွှတ်နေလို့ လူတိုင်း စခရင်ကို ပြေးယက်ချင်စိတ်တောင် ပေါက်လာပြီ ...
ကျိလောင်ရှီးရဲ့ တက်တူးကလည်း အရမ်းကို အေးစက်ခက်ထန်တာပဲ သူတို့ရဲ့ အတွေးတွေကို လုံးဝကြီး ပြောင်းပြန်လှန်ပစ်လိုက်တာနော် သူက တကယ်ကို ဘယ်လိုဇာတ်ကောင်မဆို ထိန်းချုပ်နိုင်တဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်ပဲ ...
သိူ့သော် ကျိလောင်ရှီး ထွက်ပေါ်လာမှုမှာ အကြီးမားဆုံး highlight မဟုတ်သေး။ သီးသန့်ခန်းထဲ ဆွဲခေါ်ခံရကာ အတင်းအကြပ် ကပြလိုက်ရသည့် ရှောင်ကျားရှုကို တွေ့လိုက်ရသည့်အခါ နောက်တစ်ဖန် ဇာတ်ရှိန်မြင့်တက်လာပြန်တော့၏။
သူ၏ သနားစရာ ချစ်စရာကောင်းလှသည့် ပုံစံမှာ နတ်ဘုရားတစ်ပါးနှယ် ရုပ်ရည်နှင့် လွန်စွာ ကွဲလွဲနေသည့်အတွက် ကြည့်ရှုနေသူအားလုံး သဘောတကျ ရယ်မောလိုက်ကြတော့သည်။ ကျိမြန်၏ ခြေထောက်အကြား ပြေးဝင်လိုက်ကြသည့်အခါ မိန်းကလေးအားလုံး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြတော့သည်။
ချိုးလင်လင်နှင့် စုအန်နာတို့က တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်ကာ သီးသန့်ခန်းထဲမှ အခန်း မပြီးမချင်း အသက်အောင့်ထားလိုက်ကြတော့သည်။ ရယ်ချင်သည့်တိုင် ရယ်လိုက်ပါလျှင် တစ်ခုခု လွဲချော်သွားမည်ကို စိုးရိမ်၍ အသက်ကို အောင့်ထားကြခြင်းဖြစ်သည်။ ကျိမြန်က မာယင်းလုံ လိမ်းဆေးသေတ္တာကို သေနတ်ဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ကာ အဓိပ္ပါယ်အပြည့်ဖြင့် စိုက်ကြည့်လိုက်ကာမှသာ အသက်ကို ပြန်ရှူရဲတော့သည်။
မျက်နှာတစ်ခုလုံး နီမြန်းကာ နှလုံးခုန်သံတို့ မြန်ဆန်နေသည်မှာ ဇာတ်လမ်းထဲက တင်းကျင်းစုန့်ကို့ အမှန်တကယ် ချစ်ကျွမ်းဝင်သွားသည့်ဟန်ပင်။
ထို့နောက် ဇာတ်လမ်းမှာ တစ်စထက်တစ်စ ပိုမိုကာ ရယ်စရာကောင်းလာတော့သည်။ ရှောင်ကျားရှု ထောင်ကျသွားသည့်အခါ ကျိလောင်ရှီးက သူ့ကို ကယ်တင်ရန် မတုန့်နှေးခဲ့။ သူ့ကို နည်းမျိုးစုံဖြင့်လည်း စနောက်လိုက်တော့သည်။ နေ့အချိန်တွင် သူ့ကို အနိုင်ကျင့်ကာ ညအချိန်တွင် ထောင့်နား တွန်းပို့ပြီး ငိုစေခဲ့သည်။ ရိုက်ချက်တစ်ခုစီတိုင်းကအစ ရယ်ရွှင်ဖွယ်ပင်။
ရုံထဲတွင် ရယ်သံများ တရစပ် ထွက်ပေါ်လာသော်ငြား ချိုးလင်လင်နှင့် စုအန်နာတို့မှာမူ ပါးနှစ်ဖက် နီမြန်းကာ ရင်အစုံသာ တဒိတ်ဒိတ်ခုန်နေတော့သည်။
ချစ်စရာကောင်းလိုက်တာ သူတို့နှစ်ယောက်က တကယ်ကြီးကို ချစ်စရာကောင်းတာပဲ သူ့အချစ်လေး ထောင်ချောက်ဆင်ခံရမှန်းလည်း သိရော တင်းကျင်းစုန့်က စကားတစ်ခွန်းမှ မပြောဘဲနဲ့ကို ဒေါ်လာ သန်းခုနစ်ဆယ် အကုန်ခံပြီး ထောင်ထဲကနေ လာထုတ်သွားတာ သူကကျတော့ ထောင်ထဲမှာ နှစ်တွေ အကြာကြီးကို နေခဲ့တာ ဒါက အချစ်စစ်ပဲ ...
"တင်းကျင်းစုန့်ကို ထောင်မကျစေချင်ဘူး သူတို့နှစ်ယောက်ကို အတူတူ ရှိစေချင်တာလေ..."
ထောင်ပေါက်ဝတွင် နှုတ်ဆက်နေသူ နှစ်ဦးကို ငေးကြည့်ရင်း စုအန်နာမှာ မျက်ရည်စတို့ တွဲလွဲခိုလာတော့သည်။
"ဇာတ်လမ်းက မိနစ် ၄၀ ပဲ ရှိသေးတာ နောက်ထပ် အခန်းတွေ ကျန်ဦးမှာပဲ တင်းကျင်းစုန့် မကြာခင် ထွက်လာပြီး နှစ်ယောက်လုံး ရိုက်ရမယ့် အခန်းတွေ ပါိလိမ့်ဦးမယ် ကြည့်နေ ..."
ချိုးလင်လင်က နူးညံ့စွာ နှစ်သိမ့်ပေးလိုက်သည်။
ဒီနှစ်ယောက် အတူတူ ရှိနေတာကို သူမ ဘယ်လောက်အထိ သဘောကျလဲ ဘုရားသခင်ပဲ သိလိမ့်မယ် နှစ်ယောက်အတူတူ ရှိပြီဆိုရင် အရမ်းကို ချစ်ဖို့ကောင်း၊ အရမ်း ချိုမြိန်ပြီး အရမ်းရယ်ရတာပဲ ...
ထိုညက ရှုထျန်းယုမှာ အိပ်မပျော်၊ ကုတင်ပေါ်လှဲကာ တင်းကျင်းစုန့်ကို သူ့အဖေ၊ အမေနှင့် ညီအစ်ကိုမောင်နှမများအကြောင်း ပြောပြရင်း အားနည်းစွာ ငိုကြွေးလိုက်သည်။ သူ့ကိူ အမြဲ အနိုင်ကျင့်ခဲ့သည့် တင်းကျင်းစုန့်က သူ့ဘေးနား ရောက်လာကာ သူ့ပေါင်ပေါ် ခေါင်းအုံးစေလျက် ကလေးတစ်ယောက်နှယ် ဆံပင်တို့ကို ထိုးဖွပေးရင်း သူ့မိသားစုနှင့် ကြုံတွေ့ခံစားခဲ့ရသည်များကို ပြောခဲ့သည်။ ဤသည်မှာ သူတို့နှစ်ဦး ပထမဆုံးအကြိမ် နှစ်နှစ်ကာကာ စကားလက်ဆုံကျခြင်းဖြစ်ကာ လွန်စွာ နွေးထွေးပြီး ရိုမန့်တစ်ဆန်လှသည့်အတွက် ကြည့်ရှုနေသူများပင်လျှင် အချစ်နွံထဲ နစ်လိုစိတ်တို့ ဖြစ်ပေါ်လာရတော့သည်။
ထောင်ထဲမှ အခန်းအပြီး ချိုးလင်လင်နှင့် စုအန်နာတို့၏ စိတ်နှလုံး လစ်ဟာသွားသော်ငြား များမကြာမီမှာပင် စိတ်လှုပ်ရှားဖွယ် ဇာတ်ကြောင်းကြောင့် ရယ်ပွဲကျသွားရပြန်တော့သည်။ နောက်ဆုံးတွင် တင်းကျင်းစုန့်၏ အကူအညီဖြင့် လူကုန်ကူးသည့်ဂိုဏ်းကို ခြေရာကောက်ကာ ကလေးငယ်နှင့် မိန်းမပျိုလေးများကို ကယ်ဆယ်နိုင်ခဲ့ခြင်းဖြင့် ဇာတ်လမ်းကို အဆုံးသတ်လိုက်တော့သည်။ ရှောင်ကျားရှုနှင့် ဝူချွမ်းရီတို့ တရုတ်ပြည်သို့ ပြန်လာခဲ့ကြသော်ငြား မစ္စတာကျိမှာ လုံးဝ ပေါ်မလာခဲ့တော့။
"ပြီးသွားပြီလား တင်းကျင်းစုန့်ကရော ..."
စုအန်နာက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"နည်းနည်း စောင့်လိုက်ဦး သရုပ်ဆောင်စာရင်းတောင် မလာသေးဘူးလေ ..."
ချိုးလင်လင်မှာလည်း တစ်ခုခု လစ်ဟာမှုကို ခံစားလိုက်ရသည့်အတွက် လွန်စွာ စိတ်ပျက်သွားတော့သည်။
ထိုစဉ် လေယာဉ်ပေါ် ထိုင်နေသည့် ရှောင်ကျားရှုက တစ်ခုခုကို ရှာနေသည့်နှယ် အဆက်မပြတ် ခေါင်းလှည့်ကြည့်နေလိုက်သည်။ ဝူချွမ်းရီကပင် သူ့ကို စနောက်လိုက်၏။
"ဘယ်သူ့ကို ရှာနေတာလဲ bigshot ကြီးနဲ့ ခွဲရမှာကို မခံစားနိုင်ဘူးလား ..."
"ဘာလို့ မခွဲနိုင်ရမှာလဲ ..."
ရှောင်ကျားရှုက မျက်လုံးကို လှိမ့်ပြလိုက်သည်။
"တကယ်လား ..."
ရှေ့တန်းတွင် ထိုင်နေသူက နောက်ပြန်လှည့်ကာ လွှမ်းမိုးခြယ်လှယ်နိုင်သည့် မျက်နှာကို ထုတ်ပြလိုက်သည်။
ဒါ စောစောက ပြောနေတဲ့ bigshot ကြီး မဟုတ်လို့ ဘယ်သူ ဖြစ်ရမှာလဲ ...
ရှောင်ကျားရှုက လေယာဉ်ပေါ်မှ ထခုန်ကာ အော်ဟစ်လိုက်သည်။
"လေယာဉ်မှူး လေယာဉ်မှူး ကျွန်တော် ဒီပေါ်ကနေ ဆင်းချင် ..."
ထိုသို့ပြောနေရင်းပင် ဘေးနှစ်ဖက်ရှိ ခရီးသည်များကို ဆွဲကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သူနဲ့သာ အတူတူ ပြန်ရရင် ငါ့ဂန္ဓမာပန်းလေးက အကောင်းအတိုင်း ပြန်ဖြစ်တော့မှာ မဟုတ်ဘူးကွ ...
ပါဝင်သရုပ်ဆောင်ကြသူများ၏ နာမည်စာရင်းနှင့်အတူ ဇာတ်သိမ်းပိုင်းအတွက် နောက်ခံတေးသံ ထွက်ပေါ်လာပြီး တစ်ရုံလုံး မီးများ ပြန်လည်ထိန်ညီးလာတော့သည်။ ကြည့်ရှုသူများက ထွက်ခွါရန် အဆင်သင့် ဖြစ်နေကြသော်ငြား နေရာတွင် ထိုင်နေကြဆဲဖြစ်သောသူများလည်း အများအပြား ရှိနေသေးသည်။ အများစုမှာ အမျိုးသမီးများပင်ဖြစ်သည်။ သူတို့က တီးတိုးပြောနေကြ၏။
"ခဏစောင့်ဦး အချပ်ပို လာဦးမှာ ..."
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် သွားလို့ မရသေးဘူး အချပ်ပို ကျန်သေးတယ် ..."
စုအန်နာက ချိုးလင်လင်ကို ဆွဲထားလိုက်သည်။
ချိုးလင်လင်ကလည်း မသွားချင်သေးပါဘူး ဟုတ်ပြီလား တင်ပါးကို ကော်နဲ့ ကပ်ထားသလိုကို ထိုင်နေတာ နောက်တစ်ပွဲအတွက် ကြည့်ရှုသူတွေ ဝင်လာတော့မယ်ဆိုတာ သိပေမယ့် မထွက်ချင်သေးဘူး ဒါက ဇာတ်သိမ်းပိုင်းကို ရောက်မလာပါစေနဲ့ဆိုပြီး ပထမဆုံးအကြိမ်မျှော်လင့်မိတဲ့ ဇာတ်လမ်းပဲ ...
သို့သော် ရုပ်ရှင်တွင် အချပ်ပိုများ မပါ။ နောက်ဆုံးသော စာတန်းထိုးနှစ်ကြောင်း ထွက်ပေါ်လာသည့်အခါ ဝန်ထမ်းများက သူတို့ကို အတင်း ထွက်ခွါခိုင်းလိုက်သည့်အတွက် သူမတို့နှစ်ဦးလည်း လေးတိလေးကန်ဖြင့် ထွက်လာလိုက်ရတော့သည်။
ပြန်လာပြီးနောက်တွင် တွန့်ဆုတ်သည့် ခံစားချက်ဖြင့် ရုပ်ရှင်အညွှန်းကို စာလုံးရေထောင်ချီပြီး ရေးလိုက်ကြကာ ဖန်တီးသူများအား ဒုတိယတစ်ကား ဆက်လက်ဖန်တီးပေးရန်ပါ အခိုင်အမာ တောင်းဆိုလိုက်ကြသည်။
တင်းကျင်းစုန့်နဲ့ ရှုထျန်းယု ပျော်ရွှင်တဲ့ စုံတွဲလေး ဖြစ်သွားတာကို မြင်ချင်သေးတယ်လို့ ...
[ငါတော့ အွန်လိုင်းဗားရှင်း ထွက်လာမှာကို မစောင့်နိုင်တော့ဘူး ဒါမှ တင်းကျင်းစုန့်နဲ့ ရှုထျန်းယုကို ဖြတ်ထုတ်ပြီး MV လုပ်လို့ရမှာ အရိုးသားဆုံး ပြောရရင်ကွာ ဒါကို အချစ်ဇာတ်မြူးဟာသကားအဖြစ်ပဲ သတ်မှတ်ထားတာ မစ္စတာကျိနဲ့ ရှောင်ကျားရှုကို ဇာတ်လိုက်တင်၊ သူတို့အခန်းတွေကို တိုးလိုက်ရင် ရုံဝင်နှုန်းက ပိုတောင် များလာဦးမယ့်ဟာကို သူတို့နှစ်ယောက်ရဲ့ interaction တွေက အရမ်း ချစ်ဖို့ကောင်းလွန်းလို့ အသည်းတွေတောင် တဆတ်ဆတ် တုန်နေပြီ ငါတော့ မနက်ဖြန်ကျ ဒုတိယတစ်ခေါက် ထပ်ကြည့်ဖို့ အဆင်သင့်ဖြစ်နေပြီ ]
[ဟဲ ဟဲ ဟဲ ငါလည်း အချစ်ဇာတ်ကားအနေနဲ့ပဲ ကြည့်ခဲ့တာ ငါ နောက်ထပ် သွားကြည့်တဲ့ ပွဲချိန်တွေက ရှောင်ကျားရှုနဲ့ ကျိမြန်ရဲ့ လိုက်ဖက်ညီမှုကို ကြည့်ဖို့သက်သက်ပဲဆိုတာကိုတော့ ဘယ်သူ့ကိုမှ ပြောပြမှာ မဟုတ်ဘူး]
[အွန်လိုင်းဗားရှင်း ထွက်လာရင် ကျိလောင်ရှီးနဲ့ ရှောင်ကျားရှုရဲ့ အပိူင်းလေးတွေကို တည်းဖြတ်ပြီး MV လုပ်ဖို့ ဘယ်နတ်ဘုရားလေးကများ စောင်မချင်လဲဟင် ငါ့ရဲ့ တစ်နှစ်စာ ခွေးစာတွေက ဒီအပေါ်မှာပဲ မူတည်နေတာနော်
]
[ငါ စခရင်ကို တစ်နှစ်လုံး လျက်ဆိုလည်း လျက်နိုင်တယ်]
အလားတူမှတ်ချက်များကို အင်တာနက်တစ်ခွင် များစွာ တွေ့နေရပေသည်။
Xxxxx