Extra 1
Viewers 10k

Extra 1


၃၆ရက်မြောက်နေ့ 🖌️


မေလ၏ တစ်ခုသောနေ့ရက်တစ်ရက်တွင် စုန့်ရန်နှင့် ပုပုက လမ်းဘေးကြောင်လေးတစ်ကောင်ကို အိမ်ခေါ်လာခဲ့သည်။ 


ပြည်တွင်းလီဟွားမျိုးစိတ်ကြောင်လေးတစ်ကောင်က ပုပုကျောင်းအပြန်လမ်းတွင် စောင့်နေပြီး မတော်တဆဖြစ်ဟန်ဆောင်ခဲ့သည်။ ၎င်း၏ အမွေးပွကိုယ်လုံးလေးကို လမ်းပေါ်တွင်လှိမ့်နေပြီး စက်ဘီးရှေ့တည့်တည့်တွင် ဗိုက်ကိုလှန်၍ လှဲလျောင်းကာ အဆက်မပြတ်မြှောင်နေပြီး လမ်းပေါ်မှ မထသွားပေ။ စုန့်ရန်က စက်ဘီးရပ်ပြီး ပုပုနှင့်အတူလာကြည့်သောအခါ အရိုးပေါ်အရေတင်ဖြစ်ကာ ညစ်ပတ်အားနည်းနေပြီး မည်သူမှ မလိုချင်သည့် လမ်းဘေးကြောင်လေးတစ်ကောင်ကို မြင်လိုက်ရသည်။


ဘာလို့ အိမ်‌မခေါ်သွားရမှာလဲ...


သူတို့နှစ်ယောက် ခဏတာ တီးတိုးပြောနေကြပြီးနောက် သဘောတူညီမှု ရရှိသွားခဲ့သည်။


ရလဒ်အနေဖြင့် လီဟွားကြောင်လေးက စက်ဘီးခြင်းထဲတွင် ထိုင်လိုက်လာပြီး ကျောက်စိမ်းပင်လယ်အော်သို့ပြန်သည့်တစ်လမ်းလုံး ပျော်ရွှင်စွာဖြင့် တမြောင်မြောင် အော်လာခဲ့သည်။


အခန်း8012B၏ ဧည့်ခန်းထဲတွင် လေဖိအားက အဆမတန်ကျဆင်းသွားပြီး တင်းမာမှုများဖြင့် ပြည့်နေသည်။ 


" ပုသို့သို့ ကြည့်ပါဦး... မင်းအတွက် ညီလေးတစ်ကောင်ပါလာတယ် မြန်မြန်လာနှုတ်ဆက်လေ..."


စုန့်ရန်က လီဟွားကြောင်လေးကို ပုသို့သို့အား ပြလိုက်သည်။


" မြှောင်း..."


ပုသို့သို့က ငယ်စဉ်ကတည်းက တစ်ဦးတည်းသောကလေးဖြစ်သည့်အပြင် ဇိမ်ကျကျနေထိုင်ခဲ့ရသောကြောင် ဖြစ်သည်။ ယခုအခါတွင်မူ အလွန်ဒေါသထွက်နေပြီး သွားစွယ်ကြီးကိုထုတ်ပြီး လီဟွားလေးကိုစိုက်ကြည့်ကာ သူ့နယ်မြေကို ကျူးကျော်လာသည့် မျိုးမစစ်လေးကို ကိုက်ပစ်ရန် ရည်ရွယ်နေသည်။


" မြှောင်း ဝေါင်း ဝေါင်း..."


သို့ရာတွင် လီဟွားပေါက်စလေးကလည်း လက်မလျှော့ပေ။ ပုသို့သို့ခန္ဓာကိုယ်၏ ငါးပုံတစ်ပုံသာ ရှိသော်လည်း ၎င်း၏ ရှေ့ခြေဖဝါးမှ ဓားမြှောင်သဖွယ် ချွန်ထက်လှသော လက်သည်းများဖြင့် ပုသို့သို့ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်နေသည်။ 


ပုသို့သို့က ပုံမှန်အချိန်တွင် လက်သည်းဖွက်ထားတတ်၍ သူ၏လက်နက်က ချွန်ထက်ခြင်းမရှိပဲ အနည်းငယ် အရေးနိမ့်နေသည်ဟု ဆိုနိုင်ပေသည်။ တိုက်ပွဲတွင် မနိုင်တော့၍ ရွေးချယ်စရာမရှိပဲ ဒေါသထွက်စွာဖြင့် ထိုနေရာမှ ဒေါသတကြီးဖြင့် ရှောင်ထွက်သွားသည်။ 


ပုပု သဘောပေါက်လိုက်ပေသည်။


" ကိုကြီး သူတို့က တစ်ကောင်နဲ့တစ်ကောင် မုန်းနေကြတယ်..."


စုန့်ရန်က မေး‌စေ့ကို ပွတ်သပ်နေသည်။


" အင်း... အင်း..."


ပုပုမေးလိုက်သည်။


" ဒါပေမဲ့ ဘာလို့လဲ... ကြောင်ပေါက်စလေးက အရမ်းချစ်စရာကောင်းတာကို..."


" သူတို့ မရင်းနှီးသေးလို့ဖြစ်မယ်... ရက်နည်းနည်းလောက်ဆို အဆင်ပြေသွားမှာပါ..."


စုန့်ရန်ခန့်မှန်းလိုက်သည်။ 


ပုပုက လီဟွားကြောင်လေး၏ခေါင်းကိုပွတ်ကာ အကြံပေးဟန်ဖြင့် ပြောလိုက်သည်။


" မင်းက ငယ်သေးတယ်ဆိုတော့ ပုသို့သို့ကို နိုင်ဦးမှာမဟုတ်ဘူး...အဲဒါကြောင့်မို့ မင်းကို သူလက်ခံလာနိုင်အောင် ကြိုးစားရမယ်..."


လီဟွားကြောင်လေးက သတိလက်လွတ်မနေရဲသေးပဲ လက်သည်းများကို တိတ်တဆိတ်ထုတ်ထားသေးသည်။ 


ညနေဘက်တွင် ဟယ်ကျစ်ယွမ် အလုပ်မှ ပြန်ရောက်လာသည့်အခါ သူတို့အိမ်တွင် ချစ်စရာကောင်းသော ဧည့်သည်အသစ်လေးရောက်နေသည်ကို သိလိုက်ရသည်။ နောက်ထပ်ကြောင်တစ်ကောင်မွေးရခြင်းကို သူ့စိတ်ထဲ မည်သို့မှမဖြစ်ပေ။ သို့ဖြစ်၍ စုန့်ရန်နှင့် ပုပုက ကြောင်လေးကို မွေးစားချင်ကြောင်း အတည်ပြုပြီးသည့်အခါ ထိုကြောင်လေးကို လှောင်အိမ်အသေးစားလေးထဲထည့်ပြီး အနီးနားမှ တိရစ္ဆာန်ဆေးကုခန်းသို့ ခေါ်သွားလိုက်သည်။ 


ပြင်သစ်လူမျိုး တိမွေးကုဆရာဝန်က ဖော်ရွေစွာပြုံးပြပြီး ကြောင်လေးကို ရေချိုးပေးခြင်း၊ ပိုးမွှားဖယ်ရှားပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းစသည့် ဝန်ဆောင်မှုများကို အတွဲလိုက်လုပ်ဆောင်ပေးပြီး နောက်ဆုံးတွင်မှ လီဟွားကြောင်ပေါက်စလေးအတွက် ကုနစ်ကျစရိတ်ကို တောင်းခံခဲ့သည်။ 


လီဟွားကြောင်လေးက အမွေးဖွားဖွားလေးနှင့် သန့်ရှင်းကျန်းမာသည်။ သို့ရာတွင် ၎င်း၏ တိုက်ခိုက်ရေး အကျိုးသက်ရောက်မှုကို ဖော်ပြသည့် လက်သည်းဆယ်ချောင်းဆုံးရှုံးလိုက်ရသည်။ သူ့စိတ်ထဲတွင် တစ်စုံတစ်ရာမှားယွင်းသွားသည်ဟု ခံစားနေရ၍ လှောင်အိမ်ထဲတွင်ထိုင်ပြီး လက်ဖဝါးလေးများကို လျက်နေသည်။ 


အိမ်ပြန်ရောက်သောအခါ ရန်သူဖြစ်သူထံတွင် လက်နက်များ မရှိတော့ကြောင်း သိလိုက်ရသည့် ပုသို့သို့က လျှပ်စီး၏အရှိန်ဖြင့် ခုန်ပေါက်ပြေးဝင်လာသောကြောင့် ကြောက်လန့်သွားသော လီဟွားကြောင်လေးက ဆိုဖာအောက်တွင် ပုန်းနေရသည်။ ပုသို့သို့က ဝဝပုပုဖြစ်၍ ထိုအောက်ထဲ တိုးမဝင်နိုင်ပေ။ မြေပြင်ပေါ်တွင် ပုံစံမျိုးစုံဖြင့် လှဲလျောင်းနေပြီး စောင့်ဆိုင်းနေသော်လည်း အောင်မြင်မှုမရ၍ ကော်ဖီစားပွဲပေါ်သို့ ဝုန်းခနဲခုန်တက်သွားသည်။ စစ်သူကြီးတစ်ယောက်က သူ့မြို့ကို ကာကွယ်နေသကဲ့သို့ ဆိုဖာအစွန်းကို စိုက်ကြည့်နေပြီး လီဟွားကြောင်လေး ခေါင်းပြူထွက်လာချိန်တိုင်းတွင် ရန်လိုဟန်ဖြင့် ဝမ်းခေါင်းသံကြီးဖြင့် အော်တော့သည်။ 


" ဟင်း... သူ့ကို ဘာနာမည်ပေးကြမလဲ..."


ညစာစားပြီးသည့်အခါ မိသားစုသုံးယောက်က ဆိုဖာတွင်ထိုင်ပြီး ကြောင်အသစ်လေးကို နာမည်ပေးရန် တိုင်ပင်နေကြသည်။ ပုပုက လီဟွားလေးကိုဖက်ထားပြီး စုန့်ရန်က ပုသို့သို့ကို ဖက်ထားကာ ဟယ်ကျစ်ယွမ်က ကြောင်နှစ်ကောင်အကြား စစ်ပွဲထဖြစ်မည်စိုး၍ နယ်စပ်ဖြစ်သော အလယ်နေရာတွင် ထိုင်နေသည်။ 


ပုပုက ပြောလာသည်။


" သူလည်း သားလိုမျိုး နောက်ဆုံးနာမည်က ပု ဖြစ်သင့်တယ်..."


ဟယ်ကျစ်ယွမ်က သူ့က်ို သတိပေးသည်။


" ကလေးလေး မင်းရဲ့နောက်ဆုံးနာမည်က ဟယ် နော်..."


" ဟုတ်သားပဲ သားရဲ့နောက်ဆုံးနာမည်က ဟယ် နော်..."


ထိုအခါမှသာ ပုပုက သူ့နာမည်‌အရင်းနောက်ရောက်နေသည့် နာမည်ပြောင်ကို သတိရသွားပြီး ရှက်ရွံ့စွာဖြင့် ရယ်လိုက်သည်။ 


" ဒါဆို သူ့ကို ဘယ်လိုခေါ်ကြမလဲ... ဟယ်ရှောင်ဟွား၊ ဟယ်ရှောင်မိ၊ ဟယ် ရှောင်မောင်း..."


" သူက ကြောင်ဆိုတော့ ပုသို့သို့နဲ့ ခပ်ဆင်ဆင်နာမည်မျိုးပေးရင်ရော ဘယ်လိုလဲ..."


စုန့်ရန်က ဉာဏ်ကွန့်မြူးလိုက်သည်။


" ပုသိုင်းသိုင်း ဆိုရင်ရော..."


" ပုသိုင်းသိုင်းတဲ့လား... ဟုတ်တယ် သူ့ကို ပုသိုင်းသိုင်းလို့ပဲ ခေါ်ကြမယ်လေ..."


ပုပုက အလွန်သဘောကျနေပုံရသည်။ 


အားလုံး သတိမထားမိမည်အချိန်မှာပင် ပုသို့သို့က စုန့်ရန်၏လက်ထဲမှ တစ်ဝက်တစ်ပျက်ခန့် လွတ်သွားပြီး လီဟွားကြောင်လေးရှိရာသို့ လှစ်ခနဲ ပြေးထွက်သွားသည်။ ဟယ်ကျစ်ယွမ်က တည်ငြိမ်စွာဖြင့်ဖြင့်ပင် ခြုံခိုတိုက်ခိုက်မှုကို ဟန့်တားလိုက်သည်။ 


" မြှောင်း..."


( ညစ်ပတ်တဲ့ကြောင် မင်းက အဲ့နာမည်နဲ့ တန်လို့လား...)


ပုသို့သို့က သွားစွယ်များထုတ်ပြပြီး မာန်ဖီလိုက်သည်။


စုန့်ရန်က ဒေါသထွက်နေသောပုသို့သို့ကို ပြန်ချီထားကာ ဟယ်ကျစ်ယွမ်၏ ထင်မြင်ချက်ကို မေးလိုက်သည်။


" ‌ဒီနာမည်ကောင်းတယ်လို့ထင်လား..."


" ကောင်းပါတယ်... မင်း ဘာနာမည်ရွေးရွေး ကောင်းတယ်..."


ဟယ်ကျစ်ယွမ်က ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်။ 


နောက်ဆုံးတွင် လီဟွားကြောင်လေးက ပုသိုင်းသိုင်းဟူသော နာမည်အသစ်တစ်ခု ရရှိခဲ့သည်။ တစ်ချိန်တည်းတွင်လည်း ပုသို့သို့ဟူသော ရန်သူတစ်ယောက်ရရှိခဲ့ပေသည်။ 


ပုသိုင်းသိုင်းက သေးသေးကွေးကွေးလေးဖြစ်သည်။ သူက နှစ်လသားအရွယ်သာ ရှိသေးပြီး အာဟာရချို့တဲ့မှုကြောင့် ကြီးထွားမှုနှေးကွေးသွားခြင်းဖြစ်သည်ဟု တိမွေးကုဆရာဝန်ကပြောပြခဲ့သည်။ သူနှင့်ယှဉ်ကြည့်ပါက ပုသို့သို့က ငါးနှစ်သားအရွယ်‌ရှိပြီဖြစ်ပြီး ကိုယ်အလေးချိန် ၁၂ပေါင်ရှိ၍ ပုသိုင်းသိုင်းကို တစ်ချက်တက်ဖိလိုက်ရုံဖြင့် ပြားသွားနိုင်ပေသည်။ သို့ရာတွင် ပုသိုင်းသိုင်းက ဉာဏ်ကောင်းပြီး လျင်မြန်ဖျတ်လတ်သည်။ သူက ပြန်လည်မတိုက်ခိုက်နိုင်သော်လည်း ပုန်းအောင်းနိုင်ပေသည်။ သို့ဖြစ်၍ နေ့စဉ်နေ့တိုင်း အိမ်နံရံနားတွင် လမ်းလျှောက်နေစဉ်တွင်လည်း ရန်သူ၏ အခြေအနေကို ဘေးဘယ်ညာကြည့်နေသည်။ အနောက်မှအလိုက်ခံရသည်နှင့် ဆိုဖာအောက်သို့ ပြေးဝင်သွား၍ အဖြူရောင်အမွေးလုံးကြီးက ခြေဆောင့်ပြီး စုန့်ရန်ရှိရာသို့ ပြေးဝင်သွားသည်။ 


" မြှောင်း မြှောင်း..."


( အဲ့ မျိုးမစစ်ကောင်လေးက ငါ့ကို အနိုင်ကျင့်တယ်... မင်း သူ့ကို ခေါ်လာတာလေ တာဝန်ယူစမ်း...)


စုန့်ရန်က တစ်ချက်ကြည့်ရုံဖြင့် သူပြောချင်သည်ကို သ‌ဘောပေါက်သည်။


" အနိုင်ကျင့်တဲ့လူက မင်းဆိုတာ သိသာနေတာပဲ ငါမြင်တယ်နော်..."


စစ်ကူခေါ်ခြင်း ကျရှုံးသွားသည့်အပြင် မျိုးမစစ်ကောင်လေးကို မလိုက်နိုင်သည့် ပုသို့သို့က စိတ်ထဲတွင် အကြီးအကျယ်မှားယွင်းနေသည်ဟု ထင်သွားသည်။ စိတ်ဓာတ်ကျစွာဖြင့် ဆိုဖာပေါ်တွင် ဘောလုံးတစ်လုံးသဖွယ် ကွေးကောက်နေပြီး အရသာရှိသော စည်သွပ်ဘူးကိုပင် စားချင်စိတ် မရှိတော့ပေ။


သို့ရာတွင် မည်သူမှ မမျှော်လင့်ထားသောအရာတစ်ခုမှာ အချိန်နှစ်လကျော်ကြာသွားပြီးသည့်နောက်တွင် အလှည့်အပြောင်းဖြစ်ပေါ်လာပြီး ပုသိုင်းသိုင်းက ပုသို့သို့ကို စတင်အနိုင်ကျင့်လာသည်။ 


Ragdollကြောင်များက စိတ်ထားနူးညံ့ပြီး အစားနည်းကြကာ အရွယ်အစားကြီးမားသော်လည်း တိုက်ခိုက်နိုင်စွမ်းမရှိကြကြောင်းကို အားလုံးသိပေသည်။ တစ်ဖက်တွင်မူ ပြည်တွင်းမျိုးစပ်ကြောင်မျိုးဖြစ်သည့် လီဟွားကြောင်များက ၎င်း၏မျိုးရိုးဗီဇအရ သွက်လက်မှုနှင့် တုံ့ပြန်မှုမြန်ဆန်သည့် အားသာချက်မျိုးများရှိသည်။ တောနက်ထဲတွင်မူ ၎င်းက ငှက် သို့မဟုတ် မြေကြွက်များကို တစ်ချက်တိုက်ခိုက်လိုက်ရုံဖြင့် သွေးထွက်သံယိုဖြစ်စေနိုင်ပေသည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့၏ အစာအိမ်က စားသမျှကို စုပ်ယူနိုင်စွမ်းရှိပေသည်။ စုန့်ရန်၏ နှစ်လတာပျိုးထောင်ပြီး အစာကျွေးမှုများကြောင့် ၎င်း၏ ကြွက်သားနှင့် အရိုးများ။သန်မာလာကာ ပုသို့သို့ကို ပြန်လည်တိုက်ခိုက်လာနိုင်သည်။


ထိုတစ်ညတွင် စုန့်ရန်နှင့် ဟယ်ကျစ်ယွမ်က အိပ်ခန်းမှ ဧည့်ခန်းရောက်သည်အထိ အနမ်းချွေလာကြပြီး ဆိုဖာပေါ်တွင် ညစ်တီးညစ်ပတ်များ ပြုလုပ်တော့မည့်အချိန်တွင် အမှောင်ထုထဲမှ အရောင်တောက်နေသည့် မျက်လုံးစိမ်းကြီးလေးလုံးကြောင့် စုန့်ရန် ကြောက်လန့်သွားရသည်။ 


လူကြီးမင်းဟယ်က ဆိုဖာပေါ်မှမြင်ကွင်းကို တွေ့ရရန် မီးဖွင့်လိုက်သည်။ ပုသိုင်းသိုင်းက ပုသို့သို့ကို အောက်တွင်ဖိထားပြီး ကုတ်ပိုးနေရာကိုကိုက်ထားသောကြောင့် အောက်မှ ပုသို့သို့က ကြောက်လန့်တကြားရုန်းကန်ပြီး အော်ဟစ်နေသည်။


" သူတို့... ဘာ... ဘာတွေလုပ်နေတာလဲ..."


စုန့်ရန် အံ့ဩပြီး ဘာပြောရမည်မသိဖြစ်သွားသည်။ 


" ကိုယ်တို့လိုမျိုးလုပ်နေတာဖြစ်မှာပေါ့..."


" ဘုရားရေ..."


စုန့်ရန်က လူကြီးမင်းဟယ်၏ရင်ခွင်ထဲ မှီလိုက်သည်။


" သူတို့ အရှက်မရှိဘူးလား..."


လူကြီးမင်းဟယ် : “…”


အဲ့လိုကြီးစွပ်စွဲလိုက်တာတော့ နည်းနည်းလွန်လားလို့...


" ကိုယ်တို့လိုမျိုးလုပ်နေတာဖြစ်မှာပေါ့..." ဟူသည့်စကားက ဟာသအနေဖြင့် ပြောလိုက်ခြင်းသာဖြစ်သည်။ ပုသို့သို့နှင့် ပုသိုင်းသိုင်းက ကြောင်ထီးများဖြစ်ကြ၍ လူကြီးမင်းဟယ်နှင့်စုန့်ရန်က သူတို့ နှစ်ကောင်၏ အပြုအမူကို မိတ်လိုက်နေသည်ဟု မယူဆပဲ ပိုင်နက်အတွက် တိုက်ခိုက်နေခြင်းဟုသာ သဘောထားလိုက်သည်။


ပုသို့သို့ မကျေမချမ်းဖြစ်သွားသော်လည်း သူ့‌ဒေါသများကို မည်သည့်နေရာတွင် ဖွင့်ထုတ်ရမည်မသိဖြစ်နေသည်။ 


ပုသိုင်းသိုင်း၏‌ခန္ဓာကိုယ်အောက်မှ ဘောလုံးနှစ်လုံးနှင့်အတူ အပေါ်သို့ ထောင်‌တက်နေသည့်အရာကို ကြည့်ပြီး သူ၏ဂန္ဓမာပန်းက တုန်ယင်လာသည်ကိုသာ ခံစားမိနေသည်။ ဤအချိန်အတောအတွင်းတွင် သူ၏ ဂန္ဓမာပန်းကို ကာကွယ်ရန်အတွက် စည်သွပ်ဘူးထဲမှကြက်သားက မည်မျှအရသာရှိဖြစ်စေ၊ နေရောင်ခြည်အောက်တွင် နေပူဆာလှုံရသည်က မည်မျှနွေးထွေးသည်ဖြစ်စေ၊ ပွတ်သပ်ခံရသည်ကို မည်မျှသဘောကျသည်ဖြစ်စေ ထိုအချိန်မှစ၍ အမြီးကို မမြှောက်ရဲတော့ပေ။  


ညအချိန်တွင် အိပ်ခန်းကြီးထဲမှ ထိန်းမနိုင်သိမ်းမရဖြစ်နေသည့် ညည်းညူသံများနှင့်အတူ အခန်းထောင့်မှ အန္တရာယ်ရှိသော အစိမ်းရောင်မျက်ဝန်းတစ်စုံကို မြင်လိုက်ရ၍ အမွေးများထောင်ထသွားပြီး တစ်ကိုယ်လုံးအေးစက်သွားသည်။ 


ထိုကြောင်နှစ်ကောင် "တိုက်ခိုက်နေခြင်း" ပြဿနာကို စုန့်ရန်နှင့် ဟယ်ကျစ်ယွမ်တို့ ပထမဆုံးရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ချိန်က ပုသိုင်းသိုင်းကိုမွေးပြီး တတိယမြောက်လတွင်ဖြစ်လေသည်။ 


Xxxxxxxx