အခန်း ၇၂
Viewers 7k

Ch-72

အခန်း(၇၂) - မေ့လဲမတတ်ဖြစ်နေပြီ

 

တောင်ဘက်မိန်းလမ်းမက ပျားပန်းခတ်လှုပ်ရှားနေပြီး စျေးဆိုင်တွေနှင့် ရာထူးအသစ်တိုးထားသည့် မျိုးရိုးမြင့် စံအိမ်တွေ အများကြီး ရှိသည်။

 

မြို့တော်နှင့်ယှဥ်လျှင် နန်ရှီမြို့လေးက ပမွှားလေး ဖြစ်သည်။

 

ရှောင်မိသားစုဟောင်းကလူတွေက လမ်းတစ်လျှောက်လုံး မိန်းမောနေခဲ့သည်။

 

မြို့တော်က ရွှေသိုက်ကြီးဖြစ်ကြောင်း ရှစ်ချင်းလျို့ပြောတာလည်း မဆန်းတော့ပေ။

 

ဒါတင်မကသေး စျေးဆိုင်မှာ ရောင်းချသည့် ပစ္စည်းတချို့က သူတို့ နန်ရှီမြို့မှာ တစ်ခါမှ မမြင်ဖူးသည့် ပစ္စည်းတွေ ဖြစ်သည်။

 

ထို့ကြောင့် သူတို့က ရှောင်မိသားစုဟောင်းရဲ့ ဒုတိယသားနှင့် ကောချွန်းရုကို ရင်ထဲကနေ အကြိမ်များစွာ ကျိန်ဆဲခဲ့သည်။

 

လမ်းတစ်လျှောက်လုံး ရှောင်ယွမ်ရှစ်က ခပ်တောင့်တောင့်အပြုံးကို ထိန်းထားခဲ့ပြီး သူတို့ ဘာကြောင့်လာတာလဲဟူသော အကြောင်းကို မမေးခဲ့ပေ။

 

သူတို့က အခု မိန်းလမ်းမမှာပဲ ရှိသေးတာကြောင့် အရှက်မကွဲချင်ပေ။

 

လမ်းတစ်လျှောက်မှာ ရှောင်ယွမ်ရှစ်က သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေ သို့မဟုတ် သူတို့ရဲ့ မိသားစုဝင်တွေနှင့် ဆုံတွေ့ခဲ့သည်။

 

ရှောင်ယွမ်ရှစ်က သူတောင်းစားအုပ်ရဲ့ နောက်ကနေ လိုက်ခဲ့တာကြောင့် အတင်းပြောရတာကြိုက်သည့် လူတွေက သူတို့ရဲ့ ဆက်ဆံရေးကို မေးခဲ့သည်။

 

ရှောင်ယွမ်ရှစ် မဖြေရသေးခင်မှာပဲ ရှောင်မိသားစုဟောင်းက လူတွေက သူတို့က ဗိုလ်ချုပ်ကြီးရဲ့ ဆွေမျိုးတွေ ဖြစ်ကြောင်း၊ မိဘနှင့် ညီအစ်ကိုတွေ ဖြစ်ကြောင်း ဂုဏ်ယူစွာ ပြောခဲ့ကြသည်။

 

ထို့ကြောင့် လူတွေက ရှောင်ယွမ်ရှစ်ကို အံ့သြသလို ကြည့်နေခဲ့ကြသည်။

 

ရှောင်ယွမ်ရှစ်က ပိုနာမည်ကြီးလာခဲ့သည်။

 

ဗိုလ်ချုပ်စံအိမ်က သူ့ဘဝက အခြေအနေ မဆိုးရွားသော်လည်း သူ့မိဘတွေနှင့် ညီအစ်ကိုတွေက သူတောင်းစားနှင့် တူနေသည်။

 

သူတို့တွေက မနေနိုင် မထိုင်နိုင် ထိုသို့ တွေးလိုက်သည်။

 

ရှောင်ယွမ်ရှစ်က သူ့မျက်နှာထက်က ခပ်တောင့်တောင့် အပြုံးကို ဆက်ထိန်းသိမ်းထားခဲ့သည်။

 

သူတို့တွေ အသံတစ်သံမှ မထွက်နိုင်အောင်အထိ အဆိပ်ခတ်ပစ်လိုက်ချင်သည်။

 

သူ့မိဘနှင့် ညီအစ်ကိုတွေက ခရီးလမ်းမှာ ဓားပြတိုက်ခံခဲ့ရတာကြောင့် မြို့တော်ကို အခုလိုပုံစံဖြင့် ရောက်လာကြောင်း သူက ရှင်းပြခဲ့သည်။

 

သူသာ သေချာ မရှင်းပြပါက နောက်ရက်ကျရင် သေချာပေါက် ပျက်စီးကိန်း ကြုံရလောက်ပြီဖြစ်သည်။

 

မကြာသေးခင်က တော်ဝင်ခုံရုံးမှာ သိသိသာသာ ထောက်ပံ့ပေးခဲ့တာကြောင့် ဘုရင်ကြီးဆီမှာ မျက်နှာသာရနေခဲ့သည်။

 

ထို့ကြောင့် လူတချို့က သူ့ကို မနာလိုဖြစ်နေပြီး သတိဖြင့် စောင့်ကြည့်နေခဲ့သည်။

 

ရှောင်ယွမ်ရှစ်နှင့် ဆက်ဆံရေး မကောင်းသည့် ပြည်သူ့အရာရှိက အံ့သြစွာ မေးခဲ့သည်။ "ဒီလိုဆိုရင် ဘာလို့ ဗိုလ်ချုပ်ကြီးက လူလွှတ်ပြီး သူတို့ကို သွားမကြိုခိုင်းခဲ့တာလဲ၊ ဗိုလ်ချုပ်စံအိမ်က ဒီလိုမျိုးတော့ တာဝန်မမဲ့သင့်ဘူးမလား။"

 

ရှောင်ယွမ်ရှစ်က ဆို့နင်သွားပြီး ရှင်းပြောတော့မည့် အချိန်မှာပဲ ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက ဖြတ်ပြောခဲ့သည်။

 

"ကျွန်တော့်မိဘတွေက ဒုတိယဦးလေးကိုလွမ်းလို့ မြို့တော်ကို လာတွေ့တာ၊ ဒါကြောင့် လူလွှတ်ပြီး မကြိုခိုင်းမိတာပါ။"

 

သူပြောတာမမှားဘူးဟု ရှောင်ယွမ်ရှစ်က တွေးလိုက်သည်။

 

သို့ပေမယ့်လည်း အမျိုးသမီးဝမ်က မည်းမှောင်သော မျက်နှာထားဖြင့် ဆက်ပြောခဲ့သည်။

 

အမျိုးသမီးဝမ်က ပြောခဲ့သည်။ "သူ့မိန်းမက ကျွန်မတို့ လာတာကိုမကြိုက်ဘူးလေ၊ ဒါကြောင့် အရင်က မလာရဲခဲ့ဘူး။"

 

အမျိုးသမီးဝမ်က ထပ်ထည့်ပြောလေသည်။ "အခု ကျွန်မတို့ အဖေနဲ့ အမေက သူတို့သားကို အရမ်းလွမ်းနေတော့ မြေနဲ့ အိမ်ကို အမြန်ရောင်းပြီး မြို့တော်ကို လာတွေ့ရတာပဲရှင်။"

 

ရှစ်ချင်းလျို့က သူတို့ကို ပြောခဲ့သည်။

 

မြို့တော်နှင့် ဗိုလ်ချုပ်စံအိမ်မှာ ခြေကုပ်ကျားကုပ်မြဲချင်ပါက အရင်ဆုံး ကောချွန်းရုရဲ့ အဆင့်ကို ဆွဲချပြီး ရှောင်သခင်မကြီးနှင့် ချွေးမတွေက ဗိုလ်ချုပ်စံအိမ်ကို ထိန်းချုပ်ဖို့ လိုအပ်ကြောင်း ပြောခဲ့သည်။

 

ဒါ့အပြင် ကောချွန်းရုရဲ့ မျိုးရိုးကို သိပြီးသွားကတည်းက ရှောင်မိသားစုဟောင်းက သူမကို အလွန်ရွံရှာနေခဲ့သည်။

 

အရေးအကြီးဆုံးက သူတို့ မြို့တော်မှာ ကောင်းကောင်းနေထိုင်လို့မရအောင် သူမက တားမြစ်ခဲ့ပြီး မှူးမတ်စံအိမ်က ငွေကြေးတွေ အကုန်လုံးကို သူမက ထိန်းချုပ်နေခဲ့ခြင်း ဖြစ်သည်။

 

ဒါဟာ သူတို့ကို ဆန့်ကျင်တာဖြစ်ပြီး သူတို့ကို မုန်းတီးသည့် အဓိပ္ပာယ် ဖြစ်သည်။

 

ထို့ကြောင့် ဗိုလ်ချုပ်စံအိမ်ကို မဝင်ခင် ကောချွန်းရုရဲ့ ဂုဏ်သတင်းကို စတင်ဖျက်စီးခဲ့သည်။

 

လူတစ်ယောက်က မနှစ်သက်သည့် အကြည့်ဖြင့် ကြည့်ခဲ့သည်။ "ယောက်ျားရဲ့မိဘတွေ အိမ်လာမှာကို မကြိုက်တဲ့ချွေးမက သားသမီးဝတ္တရား မကျေပွန်တာပဲ။"

 

ပွဲကြည့်ပရိသတ်တစ်ဦးကလည်း ရှောင်ယွမ်ရှစ်ကို မနှစ်မြို့သလို ကြည့်လာခဲ့သည်။ "ရှောင်ဗိုလ်ချုပ်ကြီး ဒါ ရှင့်အမှားပဲ၊ သူတို့က ရှင့်ကို ကျွေးမွေးပျိုးထောင်ခဲ့တာ၊ ဒါကို မိန်းမက မကြိုက်ဘူးဆိုတာနဲ့ဘဲ မိဘတွေ မြို့တော်ကို မလာအောင် တားမြစ်ခဲ့တယ်ပေါ့လေ။"

 

"ဟုတ်တယ်၊ မိဘတွေက အရမ်းလွမ်းနေလို့ အိမ်နဲ့ မြေတောင် ရောင်းချပြီး ရှင့်ကို လာတွေ့ရတာ၊ ရှင့်မိန်းမရဲ့ လုပ်ရပ်က အရမ်းတရားလွန်နေပြီ။"

 

ရှေးခတ်မှာ သားသမီးဝတ္တရား ကျေပွန်ဖို့က ဦးစားပေး ဖြစ်သည်။

 

ထို့ကြောင့် လူတိုင်းက ရှောင်ယွမ်ရှစ်နှင့် သူ့ဇနီး၏ လုပ်ရပ်ကို လူတိုင်းကရွံရှာနေခဲ့သည်။

 

ရှောင်ယွမ်ရှစ် ဗိုလ်ချုပ်ကြီးဖြစ်ပြီးကတည်းက ဘယ်သူမှ သူ့မိဘတွေကို မတွေ့ဖူးတာလည်း မဆန်းတော့ပေ။

 

သူ့ဇနီးက မကြိုက်တာကြောင့် မခေါ်လာခဲ့ခြင်း ဖြစ်နေလေသည်။

 

ရှောင်ယွမ်ရှစ်က သူ့ဇနီးကို အလိုလိုက်ရင်တောင် မိဘတွေကို ဖြစ်စလက်ခတ် ပစ်ထားစရာ မလိုပေ။

 

ဒါ့အပြင် နူးညံ့ပြီး အကျင့်သီလကောင်းသည်ဟု ချီးကျူးခံရသည့် သခင်မရှောင်မှာ ဒီလို စိတ်ထားရှိလိမ့်မည်ဟု သူတို့ မထင်မိခဲ့ပေ။

 

သူ့အစ်ကိုတွေနှင့် တတိယခယ်မကြောင့် သူနှင့် သူ့ဇနီးသည်က သားသမီးဝတ္တရား မကျေပွန်သည့်လူတွေဟု ရှုတ်ချခံနေရတာကြောင့် သူက ချက်ချင်းပင် သူတို့ကို မြို့ပြင်ကို သွားပစ်ထုတ်ပစ်ချင်နေသည်။

 

သူက ချက်ချင်း ရှင်းပြခဲ့သည်။ "မရီးတို့ အထင်လွဲနေတာပါ၊ ချွန်းရုက အဲလို မဟုတ်ပါဘူး၊ မြို့တော်မှာ အခြေကျပြီးတာနဲ့ အဖေ အမေတို့ကို ခေါ်နေဖို့ သူ အရင်က တွေးပြီးသားပါ။"

 

သေချာပေါက်ကို ထိုသို့ မတွေးဖူးပေ။ သို့ပေမယ့် အခုတော့ သူ နောက်ပြန်လှည့်ဖို့ ခက်ခဲနေခဲ့သည်။

 

ထို့ကြောင့် သူ့မျက်နှာထက်မှာ အပြစ်မကင်းသည့် အမူအရာအပြည့်ဖြင့် ပြောခဲ့သည်။ "ကျွန်တော့်ကို သတိရလို့ အိမ်နဲ့ မြေကို အဖေနဲ့အမေ ရောင်းချပြီး လိုက်လာမယ်လို့ မထင်မိခဲ့ဘူး၊ စိတ်ပျက်စေမိခဲ့ပြီ။"

 

သူ ထိုစကားပြောပြီးသည်နှင့် ရှောင်မိသားစုရဲ့ အကြီးဆုံးသားက သူ့ပုခုံးကို ပုတ်ပေးခဲ့သည်။

 

"အေးပါ။ အခုကစပြီး အဖေနဲ့ အမေကို မင်းရဲ့ သားသမီးဝတ္တရားတွေ ဖြည့်ဆည်းပေးလို့ ရပြီလေကွာ။"

 

ဒီနေ့ ရှောင်ယွမ်ရှစ်က အညိုဖျော့ရောင် ချည်ထိုးဝတ်ရုံကို ဝတ်ဆင်ထားသည်။

 

ရှောင်မိသားစုရဲ့ အကြီးဆုံးသားက သူ့လက်အပေဖြင့် ပုခုံးကိုပုတ်လိုက်တော့ လက်ရာကြီး ထင်ကျန်ခဲ့လေသည်။

 

အလွန်ရွံရှာမိပြီး သူ့ကို မြေပေါ်လဲကျအောင် ထိုးပစ်ချင်နေသည်။

 

သို့ပေမယ့်လည်း သူက လူရှေ့မှာ ယဥ်ကျေးသည့် ညီလေးအဖြစ် ဟန်ဆောင်ခဲ့သည်။ "အစ်ကိုကြီးပြောတာ မှန်ပါတယ်။"

 

ရှောင်သခင်မကြီးက ဒုတိယသားကို ဆွဲကာ ပြောခဲ့သည်။ "ရှေ့လျှောက် အဖေနဲ့ အမေက သားကိုပဲ မှီခိုရတော့မှာ၊ အရင်တုန်းက သားစားဖို့အတွက် အဖေနဲ့ အမေမှာ အစားတောင် ဝလင်အောင် မစားရက်ခဲ့ဘူး၊ နိုင်ငံနဲ့ မိသားစုကို စောင့်ရှောက်ဖို့ သားကို ဗိုလ်ချုပ်ကြီးဖြစ်လာအောင်လည်း ပြုစုပျိုးထောင်ပေးခဲ့တယ်၊ အခု သားအရွယ်ရောက်လာပြီး မိဘကို သိတတ်တဲ့သားဖြစ်လာတော့ အမေသိပ်ဝမ်းသာတာပဲ။"

 

ဒါတွေက ရှစ်ချင်းလျို့ သူမကို သင်ပေးခဲ့တာဖြစ်သည်။ သူမက ကျက်ထားသည့် စာပုဒ်အရှည်ကို လူရှေ့မှာ ပြန်ရွတ်ပြခဲ့သည်။

 

မစားရက် မသောက်ရက်ဖြင့် သူ့ကို ပျိုးထောင်ခဲ့ရသည်ဆိုတာ မဟုတ်ပေ။ အလိမ်အညာတစ်ခုသာ ဖြစ်သည်။

 

ရှောင်မိသားစုဟောင်းက မချမ်းသာသော်လည်း ထိုလောက်ထိတော့ အခြေအနေ မဆိုးပေ။

 

သူတို့က အကြီးဆုံးသားကို သိပ်အလေးမထားဘဲ သားအငယ်ဆုံးကို အလိုလိုက်ခဲ့သော်လည်း ဒုတိယသားဖြစ်သည့် သူ့ကိုလည်း ကြမ်းတမ်းစွာ မဆက်ဆံခဲ့ပေ။

 

သူ့ကို ဗိုက်ဟောင်းလောင်းဖြင့် ထားဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ပြောပြီး သူ့ဆီက သားသမီးဝတ္တရား ကျေပွန်မှုကို သူတို့ လိုချင်နေတာ ဖြစ်သည်။

 

ရှောင်ယွမ်ရှစ် ပြန်မငြင်းနိုင်အောင်အထိ သူမက မိခင်ကောင်းတစ်ယောက်ဖြစ်သည့် အနေအထားနှင့် စကားပြောရမည်ဖြစ်ကြောင်း ရှစ်ချင်းလျို့က သင်ပေးခဲ့သည်။

 

အပြင်လူတွေကလည်း သူမက အလွန်တာဝန်ယူတတ်သည့် မိခင်ကောင်းဖြစ်ကြောင်း တွေးလိမ့်မည် ဖြစ်သည်။

 

အနာဂတ်မှာ သူမ အပြင်သွားသည့်အခါ အဟမ်း ချွေးမဖြစ်သူက သားသမီးဝတ္တရား မကျေပွန်သည့်လူဖြစ်ကြောင်း သတင်းဖြန့်သည့်အခါ လူတွေ သူမကို ပိုယုံကြည်မည်ဖြစ်သည်။

 

ရှောင်ယွမ်ရှစ်က ထိုစကားကြားတော့ ဝမ်းချုပ်သလို ခံစားလိုက်ရသည်။

 

ဒီလိုစကားတွေပြောနိုင်လောက်တဲ့အထိ သူ့အမေ ဘယ်တုန်းက အဲလောက် ဉာဏ်ကောင်းလာတာလဲ။

 

ဒါ့အပြင် အကုန်လုံးက လျှောက်ပြောနေတာ ဖြစ်သည်။

 

အိမ်မှာဆိုရင် သူက အလိုလိုက်ခံရမှု အနည်းဆုံးဖြစ်ခဲ့တာကြောင့် သူ စားသောက်ဖို့အတွက် သူတို့တွေ အဆာခံခဲ့တာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စ ဖြစ်သည်။

 

ရှောင်သခင်မကြီးတို့လင်မယားက သားအကြီးဆုံးနှင့် တတိယသားကို စစ်တပ်ထဲဝင်ဖို့ မလွှတ်ချင်တာကြောင့် သူ့ကို တွန်းအားပေးပြီး ပို့ခဲ့တာ ဖြစ်သည်။

 

အခုတော့ သူတို့ရဲ့ ပါးစပ်ထဲမှာ သူက ဦးစားပေး အချစ်ခံလေး ဖြစ်နေသည်။

 

ရှောင်မိသားစုဟောင်းက တခြားလူတွေကလည်း တက်တက်ကြွကြွ သဘောတူခဲ့သည်။

 

မိဘတွေက ဒုက္ခခံပြီး သူ့ကို ဗိုလ်ချုပ်ကြီးဖြစ်အောင် ပျိုးထောင်ပေးခဲ့တယ် ဟုတ်လား။ ရှောင်ယွမ်ရှစ်က သွေးတောင် အန်ချင်နေသည်။ သူတို့က တကယ်အရှက်မရှိတာပဲ။

 

သူတို့ အရှက်မရှိတာကို မကြောက်ပေမယ့် သူတို့က တစ်ချိန်တည်းမှာပဲ ဉာဏ်ကောင်းလာတာ ဖြစ်သည်။

 

တကယ်လို့ ရှောင်သခင်မကြီးနှင့် တခြားလူတွေက သူတို့ကို မြို့တော်မခေါ်ချင်ဘဲ ရွာမှာသာ ထားခဲ့ကြောင်း ပြောပြီး လူအများရှေ့မှာ သူ့ကို ရိုက်နှက်ဆဲဆိုခဲ့ပါက သူက နစ်နာသူဖြစ်ကြောင်း အကူအညီမဲ့စွာ ကြည့်နေလို့ရသည်။

 

သူ့မှာ အကြမ်းဖက်သည့် ဒီလိုညီအစ်ကိုနှင့် မိဘတွေရှိကြောင်း လူတိုင်းဆီက သနားညှာတာမှုကို ယူလို့ရသည်။

 

သို့ပေမယ့် ဒီလူတွေက သူတို့ရဲ့ လုပ်နေကြအတိုင်း ဒေါသထွက်ပြလိမ့်မည်ဟု ထင်ခဲ့ပေမယ့် မဖြစ်ခဲ့ပေ။

 

သူ မေ့လဲလုမတတ် ဖြစ်နေခဲ့ပြီ။

 

ရှောင်ယွမ်ရှစ်သည် ရွေးချယ်စရာ မရှိတာကြောင့် အားတင်းပြုံးပြီး ပူးပေါင်းပါဝင်ခဲ့လေသည်။ "ဒါတွေက အဖေနဲ့ အမေရဲ့ ကျေးဇူးတွေကြောင့်ပါ၊ သေချာပေါက်ကို ကျွန်တော် ကျေးဇူးပြန်ဆပ်မှာပါ။"

 

ဒီစကားမပြောဘဲ အမှန်တရားကို ထုတ်ပြောခဲ့ရင်တောင် အခု ဘယ်သူမှ ယုံမည် မဟုတ်ပေ။

 

နောက်တစ်နေ့ကျရင် ကျေးဇူးမသိတတ်သည့်သားအဖြစ် သေချာပေါက် ခေါင်းစဥ်တပ်ခံရနိုင်သည်။

 

ထို့ကြောင့် သူ့အမေက လျှောက်ပြောနေရင်တောင် ကသိကအောက်ဖြင့် အသိအမှတ်ပြုနေရမည်ဖြစ်သည်။