အခန်း ၇၁
Viewers 7k

Ch-71

အခန်း(၇၁) - အံ့သြဖို့ကောင်းတာထက်ပိုလွန်းလို့ မကိုင်တွယ်နိုင်တော့ဘူး

 

ရှောင်ယွမ်ရှစ်ရဲ့ လက်ဖက်ရည်ခွက် ကိုင်ထားသည့်လက်က ဆတ်ခနဲ ဖြစ်သွားခဲ့သည်။

 

သူ့တွင် မြို့တော်က အောက်တရားသူကြီးတွေနှင့် ဘာကိစ္စမှ မရှိပေ။

 

သူက ဘာလို့ ဒီကို လူလွှတ်ပြီး သတင်းပို့ခိုင်းရတာလဲ။

 

သူက တွေးတောရင်းဖြင့် ပြောလိုက်သည်။ "ဝင်ခိုင်းလိုက်။"

 

ခဏနေတော့ ဘီလစ်စာရေးကြီးက ဝင်လာကာ အရင်ဆုံး အရိုအသေပေးခဲ့သည်။ "ဝေယွမ် ဗိုလ်ချုပ်ကြီးကို အရိုအသေပေး နှုတ်ဆက်ပါတယ်။"

 

ရှောင်ယွမ်ရှစ်က ခပ်ဖွဖွပြုံးကာ လက်မြှောက်ပြလိုက်သည်။ "ယဥ်ကျေးနေစရာ မလိုပါဘူး၊ ဘာကိစ္စရှိလို့လဲ။"

 

သူက ရာထူးတိုးပြီးမှ ဝေယွမ်ဗိုလ်ချုပ်ကြီးရာထူးကို ရခဲ့တာ ဖြစ်သည်။

 

သူက အလုပ်ကြိုးစားသလို သူများတွေအပေါ်လည်း ကြင်နာသည်။

 

ဒီလူတွေက ကိုင်တွယ်ရခက်တာကြောင့် ကိစ္စသေးငယ်မည်ဟုတော့ သူ မထင်ပေ။

 

သူက မြို့တော်မှာ ကောင်းကောင်း နေထိုင်ပြီး ဘယ်သူ့ကိုမှ မဆန့်ကျင်မိအောင် နေလေသည်။

 

ဘီလစ်စာရေးကြီးက ရှောင်ယွမ်ရှစ်ကိုကြည့်ကာ ပြောခဲ့သည်။ "ဗိုလ်ချုပ်ကြီးရဲ့ မိသားစုဝင်တွေနဲ့ ကျန်းကော်ကုန်းရဲ့စံအိမ်က သခင်လေးနဲ့ ခိုက်ရန်ဖြစ်ပွားနေလို့ပါ၊ အခု ရန်ပွဲက တော်တော်ပြင်းထန်လို့ ကျွန်တော့်ရဲ့ သခင်ကြီးက ဗိုလ်ချုပ်ကြီး သွားကြည့်ဖို့ သတင်းပို့ခိုင်းလိုက်ပါတယ်။"

 

အခု သူ့မိသားစုရဲ့ အခြေအနေကို သူ့ကို ဘယ်လိုပြောပြရမလဲဆိုတာ သူ မသိပေ။

 

ရှောင်ယွမ်ရှစ်က လက်ဖက်ရည်ခွက် လွတ်ကျတော့မလိုတောင် ဖြစ်ခဲ့သည်။ "ဘာ၊ ငါ့မိသားစုဝင်တွေ ဟုတ်လား၊ မဖြစ်နိုင်ဘူး၊ ငါမိသားစုဝင်တွေက နန်ရှီမြို့မှာလေ။"

 

"ဒါပေမဲ့ သူတို့က သက်သေခံကဒ်ပြားနဲ့ ဗိုလ်ချုပ်ကြီးရဲ့ မိသားစုဝင်ဆိုပြီး အခိုင်အမာပြောနေပါတယ်၊ ဒါကြောင့် ကျေးဇူးပြုပြီး လာရောက်အတည်ပြုပေးပါ။"

 

ရှောင်ယွမ်ရှစ်က လက်ဖက်ရည်ခွက်ကို ကွဲမတတ် တင်းတင်း ဆုပ်ကိုင်လိုက်သည်။ "ကောင်းပြီ။ မင်းနဲ့ လိုက်ခဲ့မယ်။"

 

သူက မတ်တပ်ရပ်ပြီး အမူအရာပြောင်းနေပြီဖြစ်သည့် ကောချွန်းရုကို နှစ်သိမ့်သည့် အကြည့်တစ်ချက် ပေးလိုက်သည်။

 

နန်ရှီမြို့က သူ့မိသားစုဝင်တွေ မဟုတ်ပါစေနဲ့ဟု ရင်ထဲက တိတ်တဆိတ် ဆုတောင်းလိုက်သည်။

 

ကောချွန်းရုက သူတို့နှစ်ယောက် အိမ်က ထွက်သွားတာကို ကြည့်နေလိုက်သည်။

 

မူလက သူမရဲ့ ရယ်မောနေသည့် မျက်နှာက မည်းမှောင်သွားခဲ့သည်။

 

သူမ ရှင်းဟုန်ဆီကနေ ဘာသတင်းမှ မရတာ တစ်လကျော်နေပြီဖြစ်သည်။

 

ဇာတိမြေက လူတွေ တကယ်ရောက်လာတာများလား။

 

မဟုတ်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။

 

သူမက တိတ်တဆိတ်တွေးရင်း မကောင်းသည့် အငွေ့အသက်တွေရနေသည်။

 

တောင်ဘက်မိန်းလမ်းမက အုပ်စုနှစ်ခု ခိုက်ရန်ဖြစ်ပွားတာကို မြို့တော်က ရာဇဝတ်တရားသူကြီး လွှတ်လိုက်သည့် လူတွေက လူစုခွဲလိုက်ပြီဖြစ်သည်။

 

ရုံးတော်ကလူတွေက တစ်ဖက်က ဘဝင်မြင်သည့် ကောင်စုတ်လေးကို ခယနေတာကို တွေ့တော့ ရှောင်မိသားစုဟောင်းက လူတွေက ရင်ထဲ ဗြောင်းဆန်သွားခဲ့သည်။

 

ပြဿနာတော့တက်ပြီထင်တယ်။

 

ဒါပေမဲ့ ဒါက သူ့အမှားပဲလေ။

 

သူတို့က ဘာလုပ်ရမလဲဆိုတာ တွေးနေတုန်း ဘီလစ်စာရေးကြီးက ရှောင်ယွမ်ရှစ်ကို ခေါ်လာခဲ့လေသည်။

 

ရှောင်သခင်မကြီးရဲ့ လျင်မြန်သည့် မျက်လုံးတွေက ရှောင်ယွမ်ရှစ်ကို အရင်မြင်ခဲ့သည်။

 

သူမက ချက်ချင်း မြေပေါ် ထိုင်ချကာ အော်ငိုခဲ့သည်။ "လူတစ်ယောက်က ငါ့ကို သတ်နေပါတယ်၊ ငါက ဝေယွမ်ဗိုလ်ချုပ်ကြီးရဲ့ အမေပါ၊ နင်တို့က သက်ကြီးရွယ်အိုကို အနိုင်ကျင့်နေတာပဲ။"

 

လမ်းလျှောက်လာနေသည့် ရှောင်ယွမ်ရှစ်၊ "...."

 

ငါ ရောက်မလာခဲ့သလို ပြန်လှည့်ပြီး ဟန်ဆောင်လိုက်ရမလား။

 

သူက ပိုထိတ်လန့်နေသည်။ ဒီသွေးစုပ်တဲ့အကောင်တွေက ဘာလို့ ရောက်လာတာလဲ။ သူတောင်းစားတွေလို ဖရိုဖရဲကို ဖြစ်နေတာပဲ။

 

ပိုအရေးကြီးတာက သူ့အမေက သူလာတာကို တွေ့သည်နှင့် မြေပေါ် ထိုင်ချကာ မကျေနပ်ချက်တွေ ထုတ်ပြောနေတာ ဖြစ်သည်။

 

သူ့မျက်နှာတစ်ခုလုံးနီးပါး အစိမ်းရောင်ပြောင်းနေပြီဖြစ်သည်။

 

ရှောင်သခင်မကြီးက သူ့သားရောက်လာတာကို တွေ့သည်။

 

သို့ပေမယ့် သူက သူတို့ကို ခပ်လှမ်းလှမ်းကနေပြီး တွေဝေစွာ ရပ်ကြည့်နေခဲ့သည်။

 

သူ့မျက်နှာက အံ့သြမှုအစား ရွံရှာမှုတွေ ရှိနေကြောင်း သူမ မြင်နေရသည်။

 

လူတွေက ချမ်းသာလာရင် မိဘကိုတောင် အသိအမှတ် မပြုချင်တော့ဘူးဟု ရှစ်ချင်းလျို့ပြောသည့် စကားက မှန်ကန်ပေသည်။

 

ဒီကောင်က ခွေးတွေဝက်တွေထက် ပိုယုတ်ညံ့သည့်ကောင်ပဲ။

 

ထို့ကြောင့် သူမက ရှောင်ယွမ်ရှစ်ကို ကြည့်ပြီး အော်ငိုကာပြောခဲ့သည်။ "ဒုတိယကျောက်တုံးလေး ရောက်လာပြီကို၊ နင်သာ နောက်ကျမှ ရောက်လာရင် ငါတို့နဲ့ နင့်တူလေးတွေ ဒီလူတွေရဲ့ သေအောင် အနိုင်ကျင့်တာ ခံရတော့မလို့။"

 

ရှောင်ယွမ်ရှစ်က အသံတိတ်နေသည်။ မဟုတ်ဘူး။ ကျုပ်ကလည်း မလာချင်ပါဘူး။

 

ရှောင်ယွမ်ရှစ်သည် သူတောင်းစားလို ဝတ်ဆင်ထားပြီး ရိုင်းစိုင်းသည့် အမူအရာဖြင့် အော်ဟစ်နေသည့် လူအုပ်ရှေ့တွင် သူရပ်နေပြီး သူ့အမေက လူအများရှေ့မှာ သူ့ရဲ့ နာမည်ပြောင်ကို ခေါ်လိုက်တော့ သူ့မျက်နှာက ပိုအကျဥ်းတန်လာခဲ့သည်။

 

ရှောင်မိသားစုရဲ့ အကြီးဆုံးသားနှင့် တခြားလူတွေကလည်း ရှောင်ယွမ်ရှစ်ကိုကြည့်ပြီး မျက်ရည်တွေဖြင့် တိုင်တန်းလေသည်။ "ဒုတိယညီလေး ရောက်လာပြီပဲ၊ ဒီကောင်တွေက ငါတို့ကို အနိုင်ကျင့် စော်ကားတယ်။"

 

"သူတို့က ဦးလေးကိုလည်း စော်ကားခဲ့တယ်၊ မှတ်လောက်သားလောက်အောင် ပညာပြလို့ရအောင် လုပ်ပေးထားတယ်။"

 

ရှောင်မိသားစုရဲ့ အကြီးဆုံးသားက ရှစ်ချင်းလျို့ ပြောခဲ့သည့်စကားကို ပြန်တွေးလိုက်သည်။

 

မြို့တော်ကို ရောက်ပြီးပါက သူတို့လုပ်ခဲ့သမျှကို အထက်စီးဆန်စွာသာ ပြုမူနေထိုင်သင့်ကြောင်း ဖြစ်သည်။

 

ဘာပဲဖြစ်ဖြစ် သူတို့ရန်ဖြစ်ရတာဟာ ရှောင်မိသားစုရဲ့ ဒုတိယသားကို အထင်သေးလို့ဖြစ်သည်။

 

ရှောင်ယွမ်ရှစ်က ဆွံ့အသွားသည်။ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ သွားသေပေးပါလား။

 

သူ အတွေးတွေ များနေပေမယ့် အသုံးမဝင်ပေ။

 

ဒီလူတွေက ရုတ်တရက် ရောက်လာတာကြောင့် သူ ဘာမှ မပြင်ဆင်ထားမိပေ။

 

အဓိက အချက်က သူတို့က မြို့တော်ကို ရောက်ရောက်ချင်း သူ့ကို ပြဿနာ အကြီးကြီး ရှာပေးလိုက်တာ ဖြစ်သည်။

 

တကယ်ကို ခေါင်းကိုက်စရာကောင်းလှသည်။

 

သို့ပေမယ့် သူက အားတင်းပြီး လမ်းလျှောက်သွားလိုက်သည်။

 

သူက အားတင်းပြီး ပြုံးကာ ပြောလိုက်သည်။ "အဖေနဲ့ အမေ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။"

 

သူ့ရဲ့ အမူအရာကိုတွေ့တော့ ရှောင်သခင်မကြီးက ဒီသားသမီးဝတ္တရား မကျေပွန်သည့် တိရိစ္ဆာန်ကို အသံတိတ် ကျိန်ဆဲလိုက်သည်။

 

ထင်သည့်အတိုင်း သူက သူတို့ကို မလာစေချင်ပေ။

 

သို့ပေမယ့်လည်း သူမက ချစ်ခင်စွာ ပြုံးပြခဲ့သည်။ "သားကို လွမ်းလို့ပေါ့၊ ဒါကြောင့် မြို့တော်ကိုလာပြီး ကြည့်တာလေ။"

 

အများအမြင်ရှေ့မှာ သားသမီးကို အလွန်ချစ်သည့် အမေအနေဖြင့် သရုပ်ဆောင်ရမည်ဟု ရှစ်ချင်းလျို့ သူမကို ပြောခဲ့သည်။

 

ဒီမျိုးမစစ် ဒုတိယသားသာ သူတို့ကို မောင်းထုတ်ပါက လူတွေက သူ့ကို ကျေးဇူးမသိတတ်သည့်ကောင်ဟု သေအောင် ဆဲဆိုရလိမ့်မည်။

 

ထင်သည့်အတိုင်းပင် ရှောင်ယွမ်ရှစ်က ဘယ်လောက်ပဲ မုန်းပါစေ အမြန်လေး သွားပြီး ရှောင်သခင်မကို ထူပေးလိုက်သည်။ "ဒါဆို ဘာဖြစ်လို့ အရင် အသိမပေးရတာလဲ။"

 

ဒီတိရိစ္ဆာန်ကောင်က စာအရင်မပို့သည့်အကြောင်း မေးတာဖြစ်ကြောင်း ရှောင်သခင်မကြီး သိပေမယ့် သူမက နားမလည်ချင်ဟန်ဆောင်ကာ ပြုံးပြီး ပြန်ဖြေခဲ့သည်။ "သားကို အံ့သြသွားစေချင်လို့လေ။"

 

ရှောင်ယွမ်ရှစ်က ပင့်သက် ရှိုက်လိုက်မိသည်။ အံ့သြဖို့ကောင်းတာထက် ပိုလွန်းလို့ မကိုင်တွယ်နိုင်တော့ဘူး။

 

ဒါ့အပြင် ဒါက သူ့ကို ပိုထိတ်လန့်စေတာဖြစ်သည်။

 

ထိုအချိန်မှာပဲ ရှောင်ယွမ်ရှစ်က ဘာပြောရမှန်းမသိ ဖြစ်နေခဲ့သည်။

 

ပြည်သူ့အုပ်ချုပ်ရေးက သခင်လေး ရှီလွေ့က မပျော်မရွှင် ပြောခဲ့သည်။ "ဗိုလ်ချုပ်ကြီး စကားပြောမယ်ဆိုလည်း အိမ်ရောက်မှပြော၊ အခုက ရှင်းပြချက်ပေးသင့်တယ် မဟုတ်လား။"

 

ဒါက သူ အခုမှ ပထမဆုံးအကြိမ် ပါးရိုက်ခံရဖူးတာ ဖြစ်သည်။

 

ပါးရိုက်ခံရတာ မနာသော်လည်း သူ့ကို အရှက်ရစေသည်။

 

ထိုအချိန်မှာ သူ လူလွှတ်ပြီး ရှောင်ယွမ်ရှစ်ကို သွားရိုက်ပစ်ချင်နေသည်။

 

ရှောင်ယွမ်ရှစ်က ခေါင်းတွေကိုက်လာခဲ့သည်။ "သခင်လေးရှီ ဘယ်လိုရှင်းပြချက်ကို လိုချင်လဲ။"

 

ကိစ္စရပ် တစ်ခုလုံးကို သူ မသိသေးပေ။

 

ရှီလွေ့က ခနဲ့ခဲ့သည်။ "ခင်ဗျားမိသားစုဝင်တွေ ကပြောတယ်။ ကျုပ်ကို ခင်ဗျားနဲ့ဖမ်းခိုင်းပြီး ကျုပ်တို့ကို ထောင်ထဲထည့်ပစ်မယ်တဲ့၊ ကျုပ်ကိုလည်း ရိုက်ခဲ့သေးတယ်။"

 

ရှောင်ယွမ်ရှစ်က ပင့်သက်ရှိုက်လိုက်မိသည်။ ဒီသွေးစုတ်တဲ့အကောင်တွေက ဘယ်တုန်းက ဒီလောက်ရဲတင်းသွားတာလဲ။

 

သူတို့က အခုမှ မြို့တော်ကိုရောက်ပြီး မြို့တော်နှင့် မရင်းနှီးသေးသည့်အပြင် သူများကိုလည်း ရိုက်နှက်ခဲ့ပြီး သူ့နာမည်ပါ ယူသုံးခဲ့သည်။

 

ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက သည်းမခံနိုင်တော့ပေ။ "မဟုတ်ဘူးနော် ဦးလေး၊ သူက အရင်ဆုံး ကျွန်တော်တို့ကို သူတောင်းစားလို့ခေါ်ခဲ့ပြီး ထွက်သွားလို့ပြောခဲ့တာ၊ ကျွန်တော်တို့က ဗိုလ်ချုပ်ကြီးရဲ့ မိသားစုဝင်တွေလို့ပြောတော့ ဝေယွမ်ဗိုလ်ချုပ်ကြီးဖြစ်တာနဲ့ပဲ ကိုယ့်ဘာသာကိုယ် အထင်ကြီးမနေနဲ့လို့ သူတို့ကပြောတာ၊ သူက ဦးလေးကို ခနဲ့ခဲ့တာ၊ ဒါကြောင့် ကျွန်တော်တို့ ဒေါသထွက်သွားတာပေါ့။"

 

သူတို့က မှားယွင်းစွပ်စွဲခံရတာဟု သူခံစားရသည်။ သူတို့က ဒုတိယဦးလေးကို ကူညီဖို့ လုပ်ခဲ့တာ ဖြစ်သည်။

 

သူတို့က ဗိုလ်ချုပ်ကြီးရဲ့ ဆွေမျိုးတွေဖြစ်ကြောင်း ရှစ်ချင်းလျို့ ပြောခဲ့သည်။

 

သူတို့က တခြားလူတွေရဲ့ အထင်သေးခြင်းကို ခံရစရာအကြောင်း မရှိပေ။

 

မဟုတ်ပါက ရှေ့လျှောက် မြို့တော်မှာ ဘယ်လိုရှင်သန်ရမှာလဲ။

 

ရှောင်ယွမ်ရှစ်က သူတို့ကိုကြည့်ခဲ့သည်။ မင်းတို့က ငါ့အစား မခံမရပ်နိုင် ဖြစ်တာ မဟုတ်ဘဲ ငါ့ကို လည်ပင်း ကြိုးကွင်းစွပ်ပေးနေတာလား။

 

သူက ပြည်သူ့အုပ်ချုပ်ရေးအိမ်တော်က သခင်လေးပဲ။

 

ပြည်သူ့အုပ်ချုပ်ရေးအိမ်တော်က မိဖုရားကြီးရဲ့ အမေဘက်မှ အမျိုးတွေ ဖြစ်ပြီး ဘုရင်ကြီး၏ ဇနီးဘက်မှ တော်စပ်သည့် အမျိုးတွေ ဖြစ်သည်။

 

သူက သူတို့ကို မကြောက်သော်လည်း သူတို့အပေါ် အမှားလည်း မပြုချင်ပေ။

 

အဓိကအချက်က သူတို့ကို ရန်စဖို့ မတတ်နိုင်တာ ဖြစ်သည်။

 

သူရူးတော့မည်။ သူက အေးစက်စွာကြည့်ပြီး ပြောလိုက်သည်။ "အရင်ဆုံး မင်းပါးစပ်ကိုပိတ်ထား။"

 

ထို့နောက် သူက ရှီလွေ့ဘက်ကိုသွားပြီး ပြုံးကာ တောင်းပန်ခဲ့သည်။ "ကျွန်တော့်မိသားစုတွေက ရွာကလာပြီး မြို့တော်ရဲ့ စည်းမျဥ်းတွေကို နားမလည်ပါဘူး၊ ဒါကြောင့် သူတို့က သခင်လေးကို အမှားပြုမိခဲ့တာပါ၊ သခင်လေး ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်၊ နောက်ရက်ကျရင်လည်း ထပ်လာတောင်းပန်ပါ့မယ်။" ဒီလောက်ထိ ရောက်လာပြီးမှတော့ သူက အခြေအနေအလိုက်အထိုက် ပြောင်းလဲနိုင်ပေသည်။

 

ရှောင်ယွမ်ရှစ်က ကောင်စုတ်လေးကို တကယ်တောင်းပန်နေတာတွေ့တော့ ရှောင်မိသားစုဟောင်းမှ လူတွေက ထပ်ပြီး ဒေါသထွက်လာခဲ့သည်။

 

သို့ပေမယ့်လည်း သူတို့ သည်းခံခဲ့သည်။

 

ရှောင်ယွမ်ရှစ်က ခေါင်းဦးညွှတ်ထားတာကို ရှီလွေ့ တွေ့ခဲ့သည်။

 

ဗိုလ်ချုပ်ကြီးက သူ့မိသားစုဘက်က ရပ်တည်လိမ့်မည်ဟူ သူ ထင်ခဲ့မိသည်။ ကြည့်ရတာ သူက သတ္တိမရှိပုံရသည်။

 

သူက ရုတ်တရက်ကြီး အဓိပ္ပာယ်မရှိဘူးဟု ခံစားလိုက်ရသည်။

 

သူက နှာမှုတ်ကာပြောခဲ့သည်။ "ကောင်းပြီ။ ကျုပ် စောင့်နေမယ်။"

 

ဘုရင်ကြီးက မကြာခင်က ရှောင်ယွမ်ရှစ်ကို ပစားထားကြောင်း သူ့အဖေနှင့် အဖိုးဆီက ကြားခဲ့တာကြောင့် သူက ရူးကြောင်ကြောင် လုပ်မနေဘဲ သူနှင့် ဆက်ဆံရေး ကောင်းချင်ယောင်ဆောင်လိုက်သည်။

 

သို့ပေမယ့် ဒီရန်ကြွေးကို သူ မှတ်ထားသည်။

 

သူက စကားပြောပြီးသည်နှင့် သူ့လူတွေနှင့် ထွက်သွားခဲ့သည်။

 

ရှောင်ယွမ်ရှစ်က ရာဇဝတ်တရားသူကြီး လွှတ်လိုက်သည့်လူတွေကို ဒါက အထင်လွဲတာဖြစ်ကြောင်း ရှင်းပြပြီး စောင့်ရှောက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။

 

ထို့နောက် ခက်ထန်ပြီး ထူးဆန်းသည့် လူအုပ်ကြီးရဲ့ အကြည့်အောက်မှာပင် ရှောင်မိသားစုဟောင်းက လူတွေကို သူ့စံအိမ်ကို ခေါ်သွားခဲ့သည်။