အခန်း ၇၄
Viewers 7k

Ch-74

အခန်း(၇၄) - သခင်မကြီးရဲ့အစွမ်း

 

ရှောင်ယွမ်ရှစ်က လူအများရှေ့မှာ ဒေါသပေါက်ကွဲပစ်ချင်ပေမယ့် သည်းခံလိုက်ပြီး ရှောင်သခင်မကြီးကို ထိဖို့ ပြောခဲ့သည်။

 

ကောချွန်းရုကလည်း သူမက ယောက္ခမတွေကို ငြိုငြင်တာ မဟုတ်ကြောင်း မကျေမနပ်ဖြင့် ထပ်ရှင်းပြခဲ့သည်။

 

သူတို့နှစ်ယောက် ချော့မော့ပြီးသည့်အခါမှပဲ ရှောင်သခင်မကြီးက မြေပေါ်ကထကာ ကောချွန်းရုကို ပြောခဲ့သည်။ "အခု ပုံစံကို မကြိုက်ရင် အခုကစပြီး ယောက္ခမကို လေးစား၊ အခု အစာ မစားခင် ငါ့ကို ရေအိမ်ကို ခေါ်သွားပေးပြီး လဲဖို့ အဝတ်အစားတွေ ပြင်ဆင်ပေးချေ။"

 

သူမက လက်မြှောက်ပြီး ယောက္ခမလို အမူအရာ ပြသခဲ့သည်။ "မဟုတ်ရင်တော့ နင်က နင့်ယောက္ခမအပေါ် အထင်သေးတာကို မနက်ဖြန်ကျရင် သူများတွေကို ပြောပြပစ်မယ်။"

 

မြို့တော်က ချွေးမအများစုက ယောက္ခမကို ကိုယ်တိုင် ပြုစု ယုယကြောင်း ရှစ်ချင်းလျို့က သူမကို ပြောပြခဲ့သည်။

 

ဒီမြေခွေးမ သူမကို မပြုစုပါက ဒါက သားသမီးဝတ္တရား မကျေပွန်တာ ဖြစ်သည်။

 

ဒါတွေကို တခြားလူတွေကို ပြောပြလိုက်ပါက သူများတွေ သူ့ကို အထင်သေးသွားမည်ဖြစ်သည်။

 

မျက်လုံးတွေ နီရဲနေသည့် သူမရဲ့ သားရှေ့မှာပဲ ရှောင်သခင်မကြီးက သူမကို မကျေမနပ် ပြောဆိုခဲ့သည်။ အရှက်မရှိတဲ့ မိန်းမ။

 

ရှစ်ချင်းလျို့က ဒီမြေခွေးမရဲ့ လှုပ်ရှားမှုတွေကို ကြိုပြောပြခဲ့ပြီး ဘယ်လို ရင်ဆိုင်ရမလဲဆိုတာပါ သင်ပေးခဲ့သည်။

 

ဘယ်သူက မငိုတတ်လို့လဲ။ အဟင်းဟင်း။

 

ဒီလင်မယားကို မကျေမနပ် ပိုဖြစ်တာထက် ရှစ်ချင်းလျို့ကို ပိုအထင်ကြီးလာခဲ့သည်။

 

သူတို့ မြို့တော်ကိုရောက်ပြီး မှဖြစ်သည့်ကိစ္စ တော်တော်များများက သူမ ပြောထားသည့်အတိုင်းတွေသာ ဖြစ်သည်။

 

ဒါ့အပြင် ရှစ်ချင်းလျို့ သင်ပေးခဲ့သည့် ဗျူဟာတွေကလည်း သိပ်အသုံးဝင်သည်။

 

ဒီတိရိစ္ဆာန်နှစ်ကောင် မကျေမနပ်ချက်တွေ မျက်နှာမှာ ဖော်ပြလိမ့်မည်ဟု သူမ ကြိုမြင်ခဲ့သည်။

 

သို့ပေမယ့်လည်း သူတို့ရဲ့ သားသမီးဝတ္တရား မကျေပွန်မှုကို သူများကို သွားပြောပြမှာကြောက်လို့ ရွေးချယ်စရာ မရှိဘဲ ရိုကျိုးနေရသည်။

 

ကောချွန်းရုကို ဖိအားပေးပြီး လမ်းတွဲလျှောက်ခိုင်းပြီး သူမကို ရေချိုးပေးခိုင်းကာ အဝတ်အစားလဲပေးခိုင်းရတာကို ရှောင်သခင်မကြီးက အလွန်ကျေနပ်နေသည်။

 

ဒီမြေခွေးမကို သင်ခန်းစာပေးဖို့အတွက် ရှစ်ချင်းလျို့ သင်ပေးခဲ့သည့် ဗျူဟာတွေကို သုံးရန် သူမ ဆုံးဖြတ်လိုက်သည်။

 

ကောချွန်းရုက နံစော်ညစ်ပတ်နေသည့် ရှောင်သခင်မကြီးကို တွဲထူပေးခဲ့သည်။

 

သူမက ရွံလွန်းလို့ အန်ထွက်လုမတတ် ဖြစ်နေပေမယ့် သည်းခံထားခဲ့သည်။

 

သူမ မေ့လဲမတတ် ဖြစ်နေသည်။

 

သို့ပေမယ့် နောက်ကျရင်တော့ သူမ ပြိုလဲမည်ဟု သူမ မထင်မိခဲ့ပေ။

 

ဒါက ညစာမစားခင် စားရသည့် အစာပြေမုန့်သာ ဖြစ်သည်။

 

ရှောင်ယွမ်ရှစ်တွင် ရွေးစရာ မရှိခဲ့ပေ။ ဒါ သူ့မိဘတွေနှင့် ပထမဆုံး ဆုံတွေ့သည့်ရက် ဖြစ်လေသည်။

 

ကလန်ကဆန်လည်း မလုပ်ပြနိုင်တာကြောင့် သူ့ချစ်ဇနီးလေးကိုသာ ဒုက္ခခံခိုင်းခဲ့ရသည်။

 

ရေချိုးသည့် အချိန်မှာ ရေချိုးပေးဖို့အတွက် ကောချင်းရုက အစေခံမလေးတစ်ယောက်ကို ခိုင်းစေခဲ့သည်။

 

သို့ပေမယ့် ရှောင်သခင်မကြီးက သဘောမတူပေ။ ကောချွန်းရုကိုယ်တိုင်သာ ချိုးပေးခိုင်းခဲ့သည်။

 

ကောချွန်းရုက ပြန်မဖြေခဲ့ပေ။ သူမက မတ်တပ်ရပ်နေပြီး မပျော်မရွှင်ဖြစ်နေတာ သိသာသည်။

 

ရှောင်သခင်မကြီးက ချွေးမဖြစ်သူက သားသမီးဝတ္တရား မကျေပွန်ဘူးဟုဆိုကာ အော်ဟစ်ငိုယိုခဲ့သည်။

 

သူမရဲ့ တခြားချွေးမတွေက သူမကို အလွန် တာဝန်ကျေပွန်ကြသည်။

 

သူမက အပြင်ထွက်ပြီး တခြားအရာရှိအိမ်က ချွေးမတွေက ဒီလိုပဲ ယောက္ခမကို မလေးမစား လုပ်ကြတာလားဟု သွားမေးလိုက်ချင်သည်။

 

ကောချွန်းရုလည်း ရွေးစရာ မရှိတော့ သူမ ကိုယ်တိုင်သာ ရေချိုးပေးလိုက်ရလေသည်။

 

နောက်ဆုံးတော့ သည်းမခံနိုင်စွာ စားထားသည့် နေ့လည်စာတွေ ပြန်အန်ထွက်ခဲ့သည်။

 

ထိုအချင်းအရာကိုမြင်တော့ ရှောင်သခင်မကြီးက ပိုပြီး မပျော်မရွှင်ဖြစ်သွားခဲ့သည်။

 

သူမက ချုံးချုံးကျနေသည့် မိသားစုက ဖြားယောင်းသည့် မြေခွေးမ ဖြစ်သည်။

 

သူမ အဖေကလည်း တောသားလူနုံ ဖြစ်သည်။

 

သူမလို တောသူကများ ဘာကြောင့် သူမကို အရမ်းရွံနေရတာလဲ။

 

သူမ သားကြောင့်သာ မဟုတ်ပါက ဒီမြေခွေးမက အဆင့်နိမ့် မိသားစုကလူနှင့် လက်ထပ်နေရလောက်ပြီဖြစ်သည်။

 

အခု သူက ဘဝကို အေးအေးချမ်းချမ်းနှင့် ဗိုလ်ချုပ်ဇနီးအဖြစ် နေထိုင်ပြီး ရွှေတွေငွေတွေဖြင့် နေထိုင်နေရသည်။

 

သူမက ဘာလို့ အရမ်းညစ်ပတ်နေရတာလဲ။

 

ဒါတွေဟာ ဒီမြေခွေးမ သူမရဲ့သားကို သားသမီးဝတ္တရား မကျေပွန်သည့်လူဖြစ်အောင် ကြိုးကိုင်ခြယ်လှယ်ထားလို့ပဲ ဖြစ်နိုင်သည်။

 

ထို့ကြောင့် သူတို့ မြို့တော်ကို လိုက်လာရခြင်း ဖြစ်၏။

 

အခုတော့ သူမကို သူ့ရဲ့ အာဏာပါဝါတွေ ထုတ်ပြချင်နေသေးတယ်။ အရှက်ကို မရှိဘူး။

 

ရှောင်သခင်မကြီးက တွေးလေလေ ပိုဒေါသထွက်လာခဲ့သည်။

 

ဒီမြေခွေးမကို ပိုနှိပ်စက်ဖို့ စီစဥ်ခဲ့ပြီး ဘယ်သူက ဘာလဲဆိုတာ ပိုပြချင်လာခဲ့သည်။

 

ထို့ကြောင့် ကောချွန်းရု အန်ပြီးသည်နှင့် သူမကို ထပ်ခေါ်ပြီး အဝတ်အစား လဲခိုင်းကာ ဆံပင်ခြောက်အောင် သုတ်ခိုင်းခဲ့သည်။

 

အခက်အခဲတွေ အများကြီး ပြီးသွားသည့်နောက် ကောချွန်းရုက အနည်းငယ် မောပန်းနေပြီး သူမ အစေခံမလေးဖြင့် အစားအသောက်တွေ ပြင်ဆင်ခိုင်းခဲ့သည်။

 

ရှောင်သခင်မကြီးနှင့် တခြားလူတွေက စားပွဲအပြည့် ဟင်းလျာတွေကို တွေ့သွားပါက သူမကို မနှိပ်စက်လောက်တော့ဘူးဟု တွေးလိုက်လေသည်။

 

ထို့ကြောင့် သူမက စားကောင်းသောက်ကောင်းတွေကို စားပွဲအပြည့် စီစဥ်ခိုင်းခဲ့သည်။

 

အကယ်၍ ရှစ်ချင်းလျို့သာ ကြိုပြီး သေတွင်း ကြိုမတူးပေးထားပါက ရှောင်မိသားစုက ကျေနပ်နိုင်ပေမယ့် အခုတော့....

 

ထမင်းစားချိန်ရောက်တော့ စားပွဲအပြည့်ဟင်းလျာတွေကို မြင်ပေမယ့် သူတို့က ပျော်ရွှင်ဟန် မပြခဲ့ပေ။

 

ထိုတိရိစ္ဆာန်နှစ်ကောင်ကို ထပ်ကျိန်ဆဲခဲ့သည်။

 

ထင်သည့်အတိုင်း သူတို့က အစားအသောက်ကို အသုံးအဖြုန်းကြီးကြသည်။

 

အရင်တုန်းက ရှစ်ချင်းလျို့ရဲ့ စကားကို သူတို့ အနည်းငယ် သံသယ ဝင်ခဲ့သည်။

 

ဘာလို့လဲဆိုတော့ ရှစ်ချင်းလျို့က သူမ ယောက္ခထီးဖြစ်သည့် ရှောင်ယွမ်ရှစ်ကို မကျေမနပ် ဖြစ်နေလို့ ဖြစ်သည်။

 

ရှောင်ဟန်ကျန့်အတွက် လက်စားချေဖို့အတွက် သူမက သူတို့ကို အားပေးအားမြှောက်ပြုကာ ထိုနှစ်ယောက်ကို ပြဿနာ ရှာခိုင်းတာမျိုး ဖြစ်နိုင်သည်။

 

သို့ပေမယ့် အခုတော့ လုံးဝ ယုံကြည်သွားပြီဖြစ်သည်။

 

ရှောင်မိသားစုနှင့် ဆွေမျိုးဖြတ်ထားသည့် မြေးချွေးမ ရှစ်ချင်းလျို့က ဒီတိရိစ္ဆာန်နှစ်ကောင်ထက် ပိုယုံကြည်ရသည်။

 

ဒီတိရိစ္ဆာန်နှစ်ကောင်က အိမ်မှာ နေ့တိုင်း ကောင်းကောင်း စားသောက်ခဲ့သည်။

 

သူတို့ကတော့ ရွာမှာ ၁၀ရက်တစ်ခါ သို့မဟုတ် လဝက်လောက်နေမှ တစ်ခါသာ အသားစားနိုင်ခဲ့သည်။

 

သူတို့က ပိုတွေးလေလေ ပိုဒေါသထွက်လာခဲ့သည်။

 

မနှိုင်းယှဥ်ကြည့်ပါက သူတို့တွေ ဘယ်လို အခွင့်အရေးနည်းခဲ့ကြောင်း သိမည်မဟုတ်ပေ။

 

တကယ်တော့ ဗိုလ်ချုပ်စံအိမ်က အစားအသောက်အပေါ် ထိုလောက် လက်မဖွာပေ။

 

ရှစ်ချင်းလျို့က ကြိုပြင်ဆင်ခဲ့ခြင်းသာ ဖြစ်သည်။

 

ရှောင်မိသားစုဟောင်းကို ကိုယ်တွယ်ဖြေရှင်းဖို့အတွက် ကောချွန်းရုအတွက် သေတွင်း ကြိုတူးပေးထားခြင်း ဖြစ်သည်။

 

ကောချွန်းရု ထိုသို့ပြင်ဆင်အောင် သူမ ကြိုတင် အကွက်ချထားခဲ့တာ ဖြစ်သည်။

 

ရှောင်သခင်မကြီးက ကောချွန်းရုကို မည်းမှောင်သည့် မျက်နှာထားဖြင့် ပြောခဲ့သည်။ "ငါ့ကို လာပြုစုပေးစမ်း။"

 

ကောချွန်းရုက မပျော်မရွှင် ဖြစ်သွားတာကြောင့် သူ့မျက်လုံးတွေ နီရဲသွားခဲ့သည်။

 

သူမက လက်ကိုင်ပဝါဖြင့် မျက်လုံးထောင့်ကို သုတ်လိုက်ပြီး ရှောင်ယွမ်ရှစ်ကို ကြည့်ခဲ့သည်။

 

ဒီအဖွားကြီး သူမကို ထပ်မနှိပ်စက်တော့အောင် သူ တားမြစ်ပေးဖို့ မျှော်လင့်နေခဲ့သည်။

 

သူမရဲ့ ပုံစံလေးကိုမြင်တော့ ရှောင်ယွမ်ရှစ်က သူ့ဇနီးလေးအတွက် စိတ်မကောင်းဖြစ်သွားခဲ့သည်။

 

"အမေကို ပြုစုဖို့ အစေခံရှာပေးပါ့မယ်၊ ချွန်းရုက အတွေ့အကြုံ မရှိတော့ တစ်ခုခု မှားသွားမှာကို စိုးရိမ်နေတာပါ။"

 

"ဗုန်း။" ရှောင်သခင်မကြီးက တူဖြင့် စားပွဲကို ပြင်းထန်စွာ ရိုက်ချခဲ့သည်။

 

သူမက မျက်ခုံးပင့်ပြီး သားဖြစ်သူကို ကြည့်ခဲ့သည်။ "ဘာလဲ၊ နင့်အမေကို ထမင်းလေး ပြင်ဆင်ကျွေးမွေးခိုင်းတာနဲ့ပဲ နင့်မိန်းမ အရမ်းဒုက္ခခံနေရပြီလို့ ထင်နေတာလား။"

 

သူမက အဓိပ္ပာယ်ပါပါ ပြောခဲ့သည်။ "အမျိုးသမီးခုန်က ငါ့ကို အမြဲပြုစုခဲ့တယ်၊ နင်က ဘာလို့ မပြုစုတာလဲ၊ သူများတွေ ပြောတာ မှန်သားပဲ၊ နင်က ကျေးဇူးကန်းပြီး မိန်းမကို စွန့်ပစ်ပြီး ကိုယ်လုပ်တော်ကို အလိုလိုက် ပစားနေတဲ့လူမျိုးပဲလေ၊ ဖြားယောင်းတဲ့ မြေခွေးမကြောင့် နင်က မိန်းမနဲ့ ကလေးတွေကို ပစ်ခဲ့တာလေ၊ အခုဆိုရင် မိဘကိုတောင် ကျေးဇူးမသိတတ်တဲ့သားတောင် ဖြစ်နေပြီလား။"

 

ထိုစကားကိုကြားတော့ ကောချွန်းရုက နှလုံးသားတွေ ကွဲကြေသွားသလို ခံစားလိုက်ရသည်။

 

သူမ အမုန်းဆုံးစကားက သူမ ယောက်ျားမှာ မယားဟောင်းရှိသည့် စကား ဖြစ်လေသည်။

 

သူတို့က ကွာရှင်းပြီးသား ဖြစ်သော်လည်း သူမရင်ထဲမှာ အစိုင်အခဲ ဖြစ်နေခဲ့သည်။

 

ဒီအဖွားကြီးက သူမကိုတောင် ကိုယ်လုပ်တော်နဲ့ နှိုင်းရဲသေးတယ်။

 

သူမက မျက်ရည်တွေ ချက်ချင်း ကျလာခဲ့သည်။ "အမေ ကျွန်မက အမေ့သားရဲ့ တရားဝင်ဇနီးပါ၊ ကိုယ်လုပ်တော် မဟုတ်ပါဘူး၊ ကျွန်မကို သဘောမကျတာ ကိစ္စ မရှိပေမယ့် ဒီစကားသာ ပျံ့သွားရင် အမေ့သားရဲ့ အလုပ် ထိခိုက်လိမ့်မယ်။"

 

ဒါက စိတ်ဝမ်းကွဲအောင် သူမ ပြောတာ ဖြစ်သည်။ သူမ ယောက်ျားက သူမကို တန်ဖိုး အထားဆုံးဆိုတာ သူမ သိပြီးသားပင်။

 

ထင်သည့်အတိုင်း ရှောင်ယွမ်ရှစ်ရဲ့ အမူအရာက ပိုမည်းမှောင်သွားခဲ့သည်။

 

"ဖြန်း။" ရှောင်သခင်မကြီးက ရုတ်တရက် မတ်တပ်ရပ်ပြီး ကောချွန်းရုကို ပါးရိုက်လိုက်သည်။

 

သူမမျက်နှာကိုပါ တံတွေးဖြင့် ထွေးလိုက်သည်။ "ထွီး… တရားဝင်ဇနီး ဟုတ်လား၊ နင်က ကိုယ်လုပ်တော်နဲ့ နှိုင်းဖို့တောင် မတန်ဘူး၊ သူများအိမ်ထောင်ရေးကို ဝင်ဖျက်စီးပြီး သူများလင်ကို ခိုးတဲ့ လင်ခိုးမလေ၊ နင့်ကို ကိုယ်လုပ်တော်လို့ ပြောတာတောင် နင့်အဆင့်က နင်ရှိတာထက် အများကြီး မြင့်နေပြီ၊ နင့်ယောက္ခမက နင့်ယောက်ျားကို စကားပြောနေတာ၊ နင် ဝင်ပြောစရာ နင့်မှာ ဘာအဆင့်ရှိလို့လဲ၊ အရှက်မရှိတဲ့ ခွေးမ၊ မိဘတွေကို သေစေတဲ့ ဂြိုလ်ဆိုးမ၊ နင်က ငါ့ရှေ့မှာတင် ငါနဲ့ ငါ့သား စိတ်ဝမ်းကွဲအောင် လုပ်နေသေးတယ်၊ ကိုယ့်ဘာသာကိုယ် ပြန်ကြည့်စမ်း။"

 

မြေခွေးမက သူမနှင့် သူမရဲ့ ဒုတိယသား စိတ်ဝမ်းကွဲအောင် လုပ်လိမ့်မည်ဟု ရှစ်ချင်းလျို့က ပြောပြခဲ့သည်။

 

စိတ်ဝမ်းကွဲအောင် လုပ်ဖို့ သူမ အသုံးပြုမည့် စကားတချို့ကိုပါ ပြောပြခဲ့သေးသည်။

 

တကယ်ကို ဗိုလ်ချုပ်စံအိမ်ကို ရောက်ရောက်ချင်းနေ့မှာပဲ မြေခွေးမက မျက်ရည်ချူကာ သွေးထိုးပေးနေပြီဖြစ်သည်။

 

သူမ ပြောခဲ့သည့် စကားတွေကလည်း ရှစ်ချင်းလျို့ သင်ပေးခဲ့တာ ဖြစ်သည်။

 

ရှောင်သခင်မကြီးက ပြောစရာမလိုအောင် ဆဲဆို ပေါက်ကွဲပစ်ခဲ့သည်။

 

ရှောင်ယွမ်ရှစ်က ဒေါသဖြင့် အော်ခဲ့သည်။ "တော်လောက်ပြီ။"

 

တစ်ဖက်မှာလည်း သူ့သနားစရာဇနီးလေးအတွက် ရင်နာနေရသည်။ တစ်ဖက်မှာလည်း ရင်ထဲမှာ စူးနင့်နေသည်။

 

အမျိုးသမီးခုန်က သူ့အတိတ်ဖြစ်ပြီး ပြန်မတွေးချင်သည့် အတိတ် ဖြစ်၏။

 

အမေတော့ တော်တော် လွန်သွားပြီ။ ရောက်ရောက်ချင်းနေ့မှာ မိန်းမကို ညှင်းပန်းပြီး စကားနဲ့ စော်ကားရုံသာမက ရိုက်ပါရိုက်ခဲ့သေးတယ်။