အခန်း ၇၅
Viewers 7k

Ch-75

အခန်း(၇၅) - သူတို့ရဲ့လှုပ်ရှားမှုက အရမ်းရက်စက်တာပဲ

 

ရှောင်သခင်မကြီး ရောက်လာကတည်းက ထိုလင်မယား၏ အားနည်းချက်ဖြစ်သည့် သားသမီးဝတ္တရား မကျေပွန်မှုကို အသုံးပြုပြီး အခွင့်ကောင်းယူခဲ့သည်။

 

ကောချွန်းရု ငိုနေတော့ ရှောင်ယွမ်ရှစ်ရဲ့ နှလုံးသားက နာကျင်နေခဲ့သည်။

 

ထို့ကြောင့် ရှောင်သခင်မကြီးက ချက်ချင်း မြေပေါ်ထိုင်ချပြီး သူမပေါင်ကို ရိုက်ကာ အော်ငိုခဲ့သည်။

 

"ငါ့ရဲ့ ဒုတိယသား နင်က တိရိစ္ဆာန်ကောင်ပဲ၊ နင့်အဖေနဲ့ ငါက အိမ်နဲ့ မြေကို ရောင်းပြီး ဒီကိုလာခဲ့ရတာ၊ လမ်းမှာ ဓားပြတိုက်ခံလိုက်ရတော့ တောင်းရမ်းလာပြီး နင့်ကို လာတွေ့ခဲ့ရတယ်၊ နင်က နင့်အမေကို အော်တယ်၊ နင့်မိန်းမက ယောက္ခမကို ငြိုငြင်နေတာ၊ ငါက သူ့ကို ထမင်းဟင်းလေးပဲ ပြင်ဆင်ကျွေးမွေးခိုင်းတာပါ။ အဲတာကို ဘာဖြစ်နေတာလဲ၊ နင် ရင်နာနေတာလား၊ ဒါ့အပြင် နင်သူ့ကိုမယူခင်က နောက်မီးလင်းခဲ့တာလေ၊ အဲတာကြောင့် နင်က နင့်မိန်းမကို စွန့်ပစ်ပြီး မယားငယ်ကို မယားကြီး တင်မြှောက်ခဲ့တာလေ၊ နင်တောင် ဒီလိုလုပ်ရဲမှတော့ သူများတွေက အတင်းအဖျင်း မပြောရဲဘဲ နေပါ့မလား၊ နင် မြို့တော်ကို လာတဲ့အချိန်တုန်းက နင်လုပ်ခဲ့တဲ့ ရွံစရာကောင်းတဲ့ လုပ်ရပ်တွေကို ဘယ်သူမှ မသိဘူးလို့ ထင်နေတာလား၊ နင်သာ သားသမီးဝတ္တရား မကျေပွန်ရင် ငါတို့က အဲသတင်းကို သွားဖြန့်ပစ်မယ်၊ ဒီမြေခွေးမက ကိုယ်ဝန်ပျက်ကျဖို့ သူ့ဘာသာ ကြံစည်ခဲ့ပြီး အမျိုးသမီးခုန်ကို အပြစ်ပုံချခဲ့တာလေ၊ နင်က အဲအခွင့်အရေးကိုယူပြီး အရင်မိန်းမနဲ့ ကွာရှင်းပြီး ကိုယ့်သွေးသားအရင်း ကလေးတွေနဲ့ ဆွေခန်းမျိုးခန်း ဖြတ်ပစ်ခဲ့တာ၊ ငါ ဘုရင်ကြီးကို မေးမယ်၊ သူကိုယ်တိုင် ဗိုလ်ချုပ်ရာထူး ခန့်အပ်ထားတဲ့လူက ဒီလို လူမဆန်တဲ့ လုပ်ရပ်တွေ လုပ်တာကို သူဘယ်လိုဖြေရှင်းမလဲလို့မေးရမယ်၊ အမျိုးသမီးခုန်ကို အသာထားဦး၊ ကျန့်အာနဲ့ တခြားကလေးနှစ်ယောက်က နင့်သားသမီးအရင်းတွေပါဟဲ့။ လူမဆန်တဲ့အကောင်ရဲ့။"

 

သူမက ပြောလေလေ ပိုဒေါသထွက်လာခဲ့သည်။

 

ရွာမှာနေတုန်းကကော လမ်းခရီးတစ်လျှောက်မှာ ဒုက္ခခံခဲ့ရတာတွေကော ဒီမှာ အထင်သေးခံရတာတွေပါ ပေါင်းပြီး ဒေါသတွေ ဖြည်ချခဲ့လေသည်။

 

တိရိစ္တာန်နှစ်ကောင် ကောင်းကောင်းမွန်မွန် နေနေရတာကို တွေ့တော့ သူတို့ရဲ့ မကျေနပ်ချက်တွေကိုတောင် မေ့လုနီးပါး ဖြစ်ခဲ့ရသည်။

 

ဒီတိရိစ္ဆာန်နှစ်ကောင်ကို သားသမီးဝတ္တရား မကျေပွန်သည့်ကိစ္စကိုပဲ ဖိနှိပ်ရမှာ မဟုတ်ဘဲ ဗိုလ်ချုပ်စံအိမ်မှာ ခြေကုပ်ကျားကုပ်မြဲဖို့နှင့် အိမ်ထောင်ဦးစီးအာဏာရအောင်ပါ လုပ်သင့်ကြောင်း ရှစ်ချင်းလျို့က သင်ပြခဲ့သည်။

 

ဒီတိရိစ္ဆာန်နှစ်ကောင်အပေါ် ယဥ်ကျေးနေစရာ မလိုသလို အရှုံးပေးစရာလည်း မလိုပေ။

 

ဘယ်သူက ပိုရက်စက်လဲ ဘယ်သူက အဖိနှိပ်ခံရမလဲဆိုတာ အားပြိုင်နေတာ ဖြစ်၏။

 

ဟမ့် ရက်စက်တဲ့နေရာမှာတော့ ရှုံးနိမ့်မှာ မကြောက်ဘူး။

 

အဆိုးဆုံးဖြစ်နိုင်တာက သူတို့ရွာပြန်ပြီး မူလဘဝနှင့် နေထိုင်ရုံသာရှိပြီး ဒီတိရိစ္ဆာန်နှစ်ကောင်ကို လွယ်လွယ်နှင့် အလွတ်ပေးလိုက်လို့ မရပေ။

 

သူမ ထိုသို့ပြောလိုက်တော့ ရှောင်ယွမ်ရှစ်နှင့် ကောချွန်းရုတို့ရဲ့ အမူအရာတွေက ပြောင်းလဲသွားခဲ့သည်။

 

ရှောင်သခင်မကြီးက ဘယ်တုန်းက ဒီလောက်ထိ စကားတတ်သွားတာလဲ။ စကားလုံးတိုင်းက ထိမိနေကောပဲ။

 

သူမ စကားတွေက သူတို့ရဲ့ အဆုတ်တွေနှင့် နှလုံးတွေကို နာကျင်စေခဲ့သည်။

 

သူတို့က ပိုပူပန်လာပြီး သူတို့တွေ အပြင်ကိုသွားပြီး သတင်းသွားဖြန့်ပစ်မှာကို ကြောက်နေကြသည်။

 

မိသားစုတွေ အချင်းချင်း ရန်ဖြစ်တာက သိပ်ပြဿနာ မရှိပေ။

 

သူတို့က အခုမှ ချမ်းသာလာတာဖြစ်ပြီး တခြား မင်းစိုးရာဇာ မိသားစုတွေလည်း ထိုသို့သော တူညီသည့် ပြဿနာကို ရင်ဆိုင်နေရတာမျိုး ရှိသည်။

 

သို့ပေမယ့် သတင်းတွေ အပြင်ရောက်သွားပြီး တခြားလူတွေရဲ့ အာရုံစူးစိုက်မှုကို ရသွားသည့်အခါ ကောင်းတာ မရှိပေ။

 

ဒီစကားတွေက ရှောင်သခင်မကြီး တွေးနိုင်ပြောနိုင်သည့် စကားတွေ မဟုတ်ကြောင်း ရှောင်ယွမ်ရှစ် သေချာသိသည်။

 

သူမက ဘုရင်ကြီးကိုပါ မေးမြန်းတောင်းဆိုဖို့အထိ ရဲတင်းနေသည်။

 

သူတို့ကို သားသမီးဝတ္တရား မကျေပွန်သည့် ဖိအားပေးနိုင်ရုံသာမက ဘယ်လို ဆန့်ကျင်ရမလဲဆိုတာပါ သိနေသည်။

 

အခြေအနေက မကောင်းပေ။

 

သူက အသက်ပြင်းပြင်းရှူပြီး ရှောင်သခင်မကြီးဆီသွားပြီး ထဖို့ ကူတွဲပေးလိုက်သည်။ "အမေ အထင်လွဲနေတာပါ၊ ကျွန်တော်တို့က မြို့တော်ကို ရောက်တာ မကြာသေးဘဲ အခြေအနေ မကျသေးလို့ နှောင့်နှေးနေခဲ့တာပါ၊ အဖေနဲ့ အမေကို ဂရုစိုက်ပြုစုဖို့ အမြဲခေါ်နေချင်ခဲ့တာပါ။"

 

ရှောင်သခင်မကြီးက ဝုန်းဒိုင်းကြဲခဲ့သည်။

 

သူ့အမေကို လူငှားပြီး သတ်ခိုင်းဖို့လည်း မဖြစ်နိုင်ဘူး မဟုတ်လား။

 

ပထမဆုံး သူမကို ချော့မော့ပြီး လုပ်ချင်တာ လုပ်ခွင့်ပေးရမည်။

 

နောက်မှ ဖြည်းဖြည်းချင်း အခွင့်အရေးရှာပြီး ရွာကို ပြန်ပို့ရမည်။

 

ရှောင်သခင်မကြီးက အသံတိတ်နေပြီး သူ့စကားတွေကို မယုံကြည်ပေ။

 

ထို့နောက် သူမ မျက်လုံးထဲမှာ ကျေနပ်ရိပ်ထင်းသွားသည်။

 

ရှစ်ချင်းလျို့ စကားကို နားထောင်တာ မှန်သားပဲ။

 

သူမ ကြမ်းပြလိုက်တော့ ဒုတိယသားက ခေါင်းငုံ့သွားရတာပဲ။

 

သူမသားက အလျော့ပေးမှတော့ တော်လိုက်ရတာပေါ့။

 

အဓိက အချက်က ဟင်းပွဲတွေရဲ့ မွှေးပျံ့သည့်အနံ့ကြောင့် အလွန်အမင်း ဗိုက်ဆာနေတာ ဖြစ်သည်။

 

ထို့ကြောင့် သူမရဲ့ ထိုင်ခုံမှာ ပြန်ဝင်ထိုင်ပြီး ကောချွန်းရုကို ပြုစုခိုင်းခဲ့သည်။

 

ကောချွန်းရုက ပါးရိုက်ခံထားရသည့် မျက်နှာကို အုပ်ထားသည်။

 

သူမ ခင်ပွန်းရဲ့ စိတ်ဖိစီးဟန်နှင့် နှစ်သိမ့်သည့်အကြည့်ဖြင့် ကြည့်နေတာကိုတွေ့တော့ သူမက ဆိုလိုရင်းကို နားလည်သွားခဲ့သည်။

 

ရှောင်သခင်မကြီး အပြင်သွားပြီး သတင်းတွေ ဖြန့်ပစ်မှာစိုးလို့ သူမလည်း တခြားရွေးစရာမရှိဘဲ သည်းခံရုံသာ တတ်နိုင်သည်။

 

သူမက မျက်ရည်သုတ်လိုက်ပြီး စူအောင့်စွာ ရှောင်သခင်မကြီးကို ညစာပြင်ဆင်ကျွေးမွေးခဲ့သည်။

 

ဒီနေ့ အရိုက်ခံရတာနှင့် အရှက်ခွဲခံရတာကို သူမ မှတ်ထားသည်။

 

ရှောင်သခင်မကြီးက အမျိုးသမီးခုန်ထက် ကောချွန်းရုကို ပိုသဘောမကျပေ။

 

ဒါ့အပြင် ဒေါသထွက်နေတာကြောင့် အစားအသောက်လည်း အလွန်ရွေးနေသည်။

 

အသီးအရွက်တွေက အရမ်းအေးစက်နေပြီ ပြောလိုက် အရမ်းပူတယ် ပြောလိုက်ဖြင့် ရစ်နေခဲ့သည်။

 

ဗိုလ်ချုပ်စံအိမ်က အစေခံတွေရှေ့မှာ ဗိုလ်ချုပ်ဇနီး ကောချွန်းရုကို အရှက်ခွဲခဲ့သည်။

 

ရှောင်ယွမ်ရှစ်က သူ့ဇနီးကို ဝင်ကူပြောပေးမည်လုပ်တိုင်း ရှောင်သခင်မကြီးက အတိတ်က အကြောင်းနှင့် အရင်က သူ့ကို ဘယ်လိုဆက်ဆံခဲ့ကြောင်းတွေ ပြောနေသဖြင့် ဝင်ပြောဖို့ အခွင့်မရခဲ့ပေ။

 

ညစာစားပြီးနောက် သူတို့တွေ နေထိုင်ဖို့ စီစဥ်ပေးရသည်။

 

ရှောင်သခင်မကြီးက ကောချွန်းရုရဲ့ အဆောင်ကို လိုက်လည်မည်ဟု ဘယ်သူမှ မထင်ခဲ့ပေ။ နောက်ဆုံးတော့ ရှောင်သခင်မကြီးက အော်ဟစ်ဆဲဆိုခဲ့ပြန်သည်။

 

ရှောင်ယွမ်ရှစ်နှင့် ကောချွန်းရုက အဆောင်ကောင်းကောင်းမှာ နေထိုင်ပြီး သူတို့ကိုကျတော့ ရွာမှာ ဖြစ်သလို ပစ်ထားကြောင်း သားသမီးဝတ္တရား မကျေပွန်ကြောင်း ရှောင်သခင်မကြီးက ပြောဆိုခဲ့သည်။

 

ဒီမလာခင် ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်သာ သင်မပေးထားပါက ဒီကိစ္စကို အခွင့်အရေးယူပြီး သူတို့နှစ်ယောက်ကို ခက်ခဲအောင် လုပ်လို့ရမည်မှန်း ရှောင်မိသားစုဟောင်းက လူတွေ သိမည် မဟုတ်ပေ။

 

"သားသမီးဝတ္တရား" ဟူသောစကားဖြင့် ရှောင်ယွမ်ရှစ်ကို ဖိနှိပ်ခဲ့တာဖြင့် ရှောင်ယွမ်ရှစ်လည်း ရွေးစရာမရှိဘဲ နှာခေါင်းပွတ်ရင်း သူနဲ့ ကောချွန်းရု နေသည့် အဆောင်ကို ရှောင်သခင်မကြီးနှင့် သခင်ကြီးအတွက် ယာယီ ဖယ်ပေးခဲ့ရသည်။

 

ထို့နောက် သူက သူ့အမေဆီက စကားအစ်ခဲ့သည်။ "အမေ အိမ်နဲ့ မြေကို ဘာလို့ ရောင်းခဲ့တာလဲ၊ ရှောင်ဟန်ကျန့် လုပ်ခိုင်းခဲ့တာလား။"

 

ရှောင်မိသားစုဟောင်းက လူတွေက တုံးအပြီး အသိဉာဏ် မရှိပေ။ ပိုက်ဆံကို အရာရာတိုင်းထက် တန်ဖိုးထားသည်။ အိမ်နှင့် ခြံကို ရောင်းစရာ ကိစ္စ မရှိပေ။

 

ဒါ့အပြင် ချမ်းသာသည့် မိသားစုက ချွေးမတောင် ယောက္ခမကို ပြုစုရတာကို သူတို့သိပြီး သူ့ဇနီး ခေါင်းမမော့နိုင်အောင် ဖိနှိပ်ခဲ့သည်။

 

ထို့နောက် သားသမီးဝတ္တရား မကျေပွန်ဘူးဟူသော စကားသုံးကာ သူ့ကို ဖိနှိပ်ခဲ့၏။

 

ဒါတွေဟာ ရှောင်မိသားစုဟောင်းကလူတွေ တွေးနိုင်တာမျိုး မဟုတ်တာကြောင့် ရှောင်ဟန်ကျန့် သင်ပေးတာပဲ ဖြစ်ပေမည်။

 

သို့ပေမယ့် ရှောင်ဟန်ကျန့်ကလည်း မြို့တော်ကို တစ်ခါမှ မရောက်ဖူးသည့် လယ်သမားဖြစ်တာကြောင့် ဒီလိုကိစ္စတွေကို တွေးနိုင်တာ ဖြစ်နိုင်ပါ့မလား။

 

သူ့ရဲ့မေးခွန်းကိုကြားတော့ ရှောင်သခင်မကြီးက ရင်တုန်သွားခဲ့သည်။

 

ရှောင်သခင်မကြီးက စိတ်မလုံမှုကို ဖုံးကွယ်ဖို့ သူ့ကို မျက်စောင်းထိုးကြည့်လိုက်သည်။ "နင်နဲ့ ကျန့်အာ မိဘဆွေမျိုး ဖြတ်တောက်ပြီးကတည်းက ငါတို့နဲ့လည်း အဆက်အသွယ် သိပ်မရှိတော့ဘူး။"

 

သူမက ရှစ်ချင်းလျို့အကြောင်းကို ထုတ်မပြောခဲ့ပေ။ မဟုတ်ရင် ရှေ့လျှောက် သူတို့ကို ဘယ်သူက အကြံပေးမှာလဲ။

 

အခု သူမလက်ထဲမှာ သားနှင့် မြေခွေးမကို ဆုပ်ကိုင်ထားနိုင်တာကြောင့် အလွန် ကျေနပ်နေသည်။

 

သူမရဲ့ အစီအစဥ်တွေကို ဖျက်စီးခွင့် မပေးနိုင်ပေ။

 

"အဲတာ နင့်ကြောင့်လေ။ ကျေးဇူးကန်းတဲ့ကောင်၊ ချမ်းသာသွားတာနဲ့ မိဘကို မေ့သွားတယ်၊ နင်မြို့တော်ကိုရောက်တာနဲ့ နင့်မိသားစုကို မေ့သွားတာလေ၊ ငါတို့သာ နင့်ကို မလွမ်းရင် အိမ်ကိုသာ မရောင်းချခဲ့ရင် လမ်းမှာ ဒုက္ခတွေများပြီး သူတောင်းစားလို ဆက်ဆံခံရပါ့မလား။"

 

လခွမ်း… ငါ့ကိုလွမ်းတာလား။ မယုံဘူး။

 

သူပြန်မဖြေခင်မှာပဲ ရှောင်သခင်မကြီးက ဆက်ပြောခဲ့သည်။ "ငါတို့ လာတွေ့စရာမလိုဘူး ငါတို့သားကို လွမ်းစရာမလိုဘူးလို့ နင်ထင်ရင် မနက်ဖြန်ကျရင် တခြားအိမ်က သားနဲ့ချွေးမတွေလည်း ဒီလိုပဲ သားသမီးဝတ္တရား မကျေပွန်တာလားလို့ ငါသွားမေးကြည့်မယ်၊ နင်တို့တွေးတာ မှန်တယ်လို့ အရာရှိတွေကို အုပ်ချုပ်တဲ့အရာရှိကြီးတွေက သတ်မှတ်ရင် ငါတို့တွေ တောင်းစားပြီးတော့ နန်ရှီမြို့ကို ပြန်မယ်၊ နင့်လိုဗိုလ်ချုပ်ကြီးက မိဘတွေကို ဘယ်လိုဆက်ဆံလည်းဆိုတာ လူတိုင်း သိကြပါစေ။"

 

ရှောင်ယွမ်ရှစ်က ထိတ်လန့်သွားခဲ့သည်။

 

-ီး သူက အရာရှိတွေကို ကြီးကြပ်တဲ့ အရာရှိကြီးတွေကိုလည်း သိတယ်ဟ။

 

သူမကို ဘယ်သူမှ သွေးမထိုးဘူးဆိုတာ သူ လုံးဝ မယုံကြည်ပေ။

 

ရှောင်သခင်မကြီးနှင့် တခြားလူတွေက ပိုကိုင်တွယ်ရခက်ခဲကြောင်း သူသိသွားခဲ့သည်။

 

အခြေအနေ မကောင်းပေ။ သူတို့ကို တတ်နိုင်သမျှ မြန်မြန် ပြန်ပို့မှရမည်။

 

တစ်ချိန်တည်းမှာပဲ ကြိုးကိုင်ခြယ်လှယ်သည့်လူကိုလည်း ဖော်ထုတ်ရမည်။

 

သူတို့ရဲ့ လှုပ်ရှားမှုတွေက အလွန်ရက်စက်နေသည်။

 

သူက ရှောင်ဟန်ကျန့်ကို သံသယဝင်သော်လည်း မသေချာပေ။

 

ထိုလူငယ်လေးက ရည်မွန်ပြီး ဖြောင့်မတ်ကာ မြို့တော်က လူတွေနှင့် ဆက်သွယ်စရာ အကြောင်း မရှိပေ။

 

သူ့ကို သဘောမကျသည့် လူတစ်ယောက်က ရှောင်မိသားစုဟောင်းကို ထိုသို့လုပ်ဖို့ သွေးထိုးတာဟု သူထင်သည်။

 

ရှောင်ယွမ်ရှစ် ခေါင်းတွေ ခြောက်နေပြီး သူ မလိုချင်သည့် သူ့သားက ရုတ်တရက် မိန်းမ ရသွားမည်ဟု သူ မထင်ခဲ့ပေ။

 

ဒါ့အပြင် သားဖြစ်သူရဲ့ ဇနီးသည်က အကြံတွေ ပြည့်နှက်နေပြီး ရှောင်မိသားစုဟောင်းရဲ့ ပြဿနာကောင်တွေကို ထိုးဆွပေးပြီး သူတို့လင်မယားကို သားသမီးဝတ္တရား မကျေပွန်ဘူးဟု အကွက်ကျကျ စီစဥ်ခဲ့ပြီး သူတို့လင်မယားဆီ ပြဿနာကို ပါဆယ်ပို့လိုက်တာကို မသိခဲ့ပေ။