အခန်း ၇၆
Viewers 7k

Ch-76

အခန်း(၇၆) - တကယ်တော့ မင်းကိုယ်မင်း အဲလောက်ဖိအားမပေးလည်းရပါတယ်ကွာ

 

ရှောင်ယွမ်ရှစ်က သူမဆီက ဘာမှ မေးမရတာကြောင့် ဆက်မမေးတော့ပေ။

 

သူက ရှောင်မိသားစုဟောင်းကလူတွေ မြို့တော်က ဘယ်သူနဲ့ အဆက်အသွယ် ရှိလဲဆိုတာ သူစောင့်ကြည့်ဖို့ ရည်ရွယ်ထားလိုက်သည်။ ဒါမှ သူများ သူ့ကို မကောင်းကြံလို့ မရမှာ ဖြစ်သည်။

 

ရှောင်သခင်မကြီးကို ညစာ ကျွေးပြီးနောက် ကောချွန်းရုက အစာစားချင်စိတ် ပျောက်သွားခဲ့သည်။

 

သူမက ရှောင်ယွမ်ရှစ်ကို မျက်ရည်ဝဲစွာကြည့်ပြီး ပြောလိုက်သည်။ "ရှင်းဟုန်။"

 

သူမ ထပ်မပြောရဲတော့ပေ။

 

မဟုတ်ပါက အဖွားကြီးက သူမကို ဒုက္ခထပ်ပေးလိမ့်မည်။

 

ရှောင်ယွမ်ရှစ်က သူ့ဇနီးလေးရဲ့ ဖြူဖတ်နေသည့် မျက်နှာနှင့် မျက်ရည်ဝဲနေသည့် မျက်ဝန်းကို ကြည့်လိုက်ပြီး သူ့နှလုံးသား အလွန်နာကျင်သွားခဲ့သည်။

 

သူ့အမေက တကယ်လွန်လွန်းတယ်။

 

တကယ်လို့ ထိုကိစ္စသာ အိမ်ရာဟောင်းမှာ ဖြစ်ပွားပါက သူ သည်းခံမနေဘဲ သူ့ဇနီးကို ကာကွယ်ပေးမည်ဖြစ်သည်။

 

သို့ပေမယ့် မြို့တော်မှာက စောင့်ကြည့်နေသည့် မျက်လုံးတွေ များပြားပေသည်။

 

တော်ဝင်တရားရုံးက အရာရှိအသစ်က ထိုးချချင်သူတွေ များသည်။

 

ဗိုလ်ချုပ်စံအိမ်မှာလည်း သူများပို့ထားသည့် သူလျှိုရှိနေမလား မသိနိုင်တာကြောင့် သူ့မှာ သည်းခံနေရုံသာ တတ်နိုင်သည်။

 

သူနယ်စပ်မှာ ခိုင်မာသည့် အခြေအနေကို ရပြီးသွားခဲ့ကတည်းက မကျေနပ်မှုတွေ မခံစားရတာကြာပြီဖြစ်သည်။

 

သူ့ဇနီးလေးအစား သူက မေးမြန်းလိုက်သည်။ "အမေ ရှင်းဟုန် ဘယ်မှာလဲ၊ အဖေ၊ အမေတို့နဲ့ မလိုက်လာဘူးလား။"

 

ရှောင်သခင်မကြီးက ဒီလင်မယားနှစ်ယောက်ကို မျက်စိဒေါက်ထောက် ကြည့်နေတာကြောင့် မြေခွေးမက သူ့သားကို အကြည့်ဖြင့် အမိန့်ပေးလိုက်တာကို သူမ တွေ့လိုက်သည်။

 

ရှစ်ချင်းလျို့ပြောတာ မှန်တယ်။ ဒီမြေခွေးမက အရမ်း အကြံအစည်များတာပဲ။

 

လူက ငြိမ်ငြိမ်လေး နေနေပေမယ့် သူ့သားကို သွေးထိုးပေးနေသေးတယ်။ တကယ့် မကောင်းဆိုးဝါးမပဲ။

 

သူမက ပြန်ဖြေလိုက်သည်။ "နင် အဲတိရိစ္ဆာန်မအကြောင်း မမေးရင်တောင် ကောင်းသား၊ အခု နင်မေးတော့ ငါစိတ်က တိုလာပြန်ပြီ၊ သူက ရွာမှာ ကောင်းကောင်း မနေဘူးလေ၊ မကြာခင်ကပဲ အရောင်းအဝယ်သမားတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး သူ့နောက် လိုက်ပြေးသွားတယ်။"

 

ဒီနှစ်ယောက်သာ ရှင်းဟုန်အကြောင်း မေးခဲ့ပါက ရောင်းစားလိုက်သည့်အကြောင်း မပြောပြဘဲ ယောက်ျားနောက် လိုက်သွားကြောင်း ပြောဖို့ ရှစ်ချင်းလျို့က သင်ပေးခဲ့သည်။

 

ဤနည်းအားဖြင့် ကောချွန်းရုကို ဖျစ်ညှစ်နိုင်သလို သူတို့ရောင်းစားခဲ့သည့် အကြောင်းကိုလည်း ဖုံးကွယ်နိုင်မည်ဖြစ်သည်။

 

ထို့ကြောင့် ရှောင်သခင်မကြီးက ကောချွန်းရုကို ကြည့်လိုက်ပြီး ပြောခဲ့သည်။ "သခင်နဲ့ ကျွန်က အတူတူပဲ။"

 

သူမရဲ့ ဆိုလိုရင်းက ရှင်းလင်းသည်။ ကောချွန်းရုလည်း အရှက်မရှိဘူးဟု ဆိုလိုတာဖြစ်သည်။

 

ထိုစကားက ကောချွန်းရုရဲ့ အမူအရာကို ပြောင်းလဲသွားစေခဲ့သည်။

 

သူမရဲ့ လက်ချောင်းတွေက လက်ဖဝါးသားကို ထိုးဆိတ်ပစ်ခဲ့သည်။

 

ရှောင်သခင်မကြီးက တကယ် ယုတ်မာတာပဲ။ သူမကိုတောင် ဒီလိုစော်ကားရဲတယ်။

 

ရှင်းဟုန်က ကုန်သည်နှင့်လိုက်ပြေးသွားသည်ဟူသော စကားကို သူမ မယုံပေ။

 

ဇာတိမြို့အိမ်က လူတွေက မြို့တော်မလာနိုင်အောင် ချော့ပြောထားနိုင်ပါက သူတို့ သူမကို ပြန်ခေါ်သည့်အရာ မြို့တော်က အရာရှိရဲ့ ကိုယ်လုပ်တော်ဖြစ်အောင် လုပ်ပေးမည့်အကြောင်း သူမကို ကတိပေးပြီးသား ဖြစ်သည်။

 

ထိုအချိန်တုန်းက ရှင်းဟုန်က အလွန် စိတ်လှုပ်ရှားနေခဲ့သည်။

 

သူမက ဒီလူတွေကို သူမ အစား စောင့်ကြပ်ပေးခဲ့သည်။

 

သို့ပေမယ့် အခုတော့ သက်သေမရှိတာကတစ်မျိုး အမှန်ကို မသိရတာကတစ်မျိုးကြောင့် ရှောင်သခင်မကြီးရဲ့ စကားကို ပြန်မငြင်းနိုင်ခဲ့ပေ။

 

သူမက ခေါင်းမော့ကာ မေးခဲ့သည်။ "နားလည်မှုလွဲနေတာများလား။"

 

သူမက အရှက်မမဲ့ချင်ပေမယ့် ရှောင်သခင်မကြီးက သူမကို ဖိအားပေးနေတာဖြစ်သည်။

 

 ရှောင်သခင်မကြီးသာ ထိုစကားတွေကို အပြင်ကိုသွားပြောလိုက်ပါက တခြားလူတွေနှင့် ဘယ်လိုရင်ဆိုင်ရမည်နည်း။

 

ရှောင်သခင်မကြီးက စားပွဲကိုရိုက်ချပြီး မျက်လုံးပင့်ကြည့်ကာ ပြောခဲ့သည်။ "ဘာလဲ၊ နင်က ယောက္ခမဖြစ်တဲ့ ငါ့ကို မေးခွန်းထုတ်နေတာလား၊ ငါ့ဒုတိယသားက နင့်ကို ရွှေပုံပေါ် တင်ထားပေမယ့် နင့်ဟာနင် တကယ့် အိမ်ကြီးရှင် သခင်မကြီးလို့ ထင်မနေနဲ့၊ နင်က ငမွဲရွာသူ၊ ငါ့ရှေ့မှာ ဘဝင်လေဟပ်ပြမနေနဲ့၊ နင့်အစေခံက လူကောင်း မဟုတ်ဘူး၊ တစ်ချက်ကြည့်ရုံနဲ့ မြူဆွယ်တတ်တဲ့ မြေခွေးမမှန်း သိသာပါ့၊ ယောက်ျားနောက် လိုက်ပြေးသွားတာကို ဘာတွေ လာထူးဆန်းပြနေတာလဲ၊ သူ့လုပ်ရပ်က နင့်တူမလေးရဲ့ ဂုဏ်သိက္ခာကိုတောင် ဖျက်စီးမိတော့မလို့၊ ဒီကိစ္စကို ငါနင်နဲ့ မရှင်းရသေးဘူး၊ ဒီလိုလုပ်လေ သူတို့ကို ရတနာတွေ၊ အထည်စတွေနဲ့ သွားပြီး စိတ်ကျေနပ်အောင် လုပ်ပေးလိုက်လေ၊ မဟုတ်ရင်တော့ မျိုးရိုးမြင့် အမျိုးသမီး ပျိုးထောင်ခဲ့တဲ့ အစေခံတွေက အဲလိုပဲ အရှက်မရှိတာလားလို့ သူများတွေကို သွားမေးကြည့်ဦးမယ်။"

 

ဒီမြူဆွယ်တတ်သည့်မြေခွေးမကို နည်းနည်းမှ မခနဲ့ရရင် သူမ နေသာထိုင်သာ မရှိပေ။

 

ကောချွန်းရုရဲ့ မျက်နှာက တောင့်တင်းနေသည်။

 

ရှောင်သခင်မကြီးက စကားကို ထိမိနေအောင် ပြောတတ်လိမ့်မည်ဟု သူမ မထင်မိခဲ့ပေ။

 

သူမသာ ကြိုသိခဲ့မည်ဆိုပါက ရှင်းဟုန်အကြောင်းကို မေးမိမည်မဟုတ်ပေ။ အခုတော့ လူတွေရဲ့ အာရုံစိုက်မှုကို ခံနေရပြီဖြစ်သည်။

 

"အမေ အထင်လွဲနေတာပါ၊ ကျွန်မ အမေ့ကို မေးခွန်း မထုတ်ရဲပါဘူး။"

 

သူမက စကားလမ်းကြောင်း လွှဲလိုက်လေသည်။ "ကျွန်မက တူလေးတွေ တူမလေးတွေအတွက် လက်ဆောင်ပြင်ဆင်ပြီးသားပါ၊ ခဏနေရင် လူလွှတ်ပြီး ပို့ခိုင်းလိုက်ပါ့မယ်။"

 

ထိုစကားက အလိမ်အညာသာ ဖြစ်သည်။

 

တကယ်တော့ ရှောင်သခင်မကြီးကို ပါးတွေချည်း ချချင်နေပေမယ့် စူအောင့်အောင့်ဖြင့်သာ ဟန်ဆောင်နေရသည်။

 

ရှောင်သခင်မကြီးနှင့် တခြားလူတွေက သူမ နှစ်များစွာ ကြိုးစားတည်ဆောက်ခဲ့ရသည့် ဂုဏ်သတင်းကို ပျက်စီးအောင် သတင်းတွေ လျှောက်ဖွပစ်မှာကို သူမ ကြောက်ရွံ့နေခဲ့သည်။

 

ရှောင်သခင်မကြီးက အလွန်ကျေနပ်သွားပေမယ့် မကျေနပ်သည့် လေသံဖြင့်သာ ပြောလိုက်သည်။ "ပြီးတာပဲ။"

 

ဒီတိရိစ္ဆာန်နှစ်ကောင်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သူမ သိသည်။

 

တခြားလူတွေလည်း သိခဲ့ပြီး အမျိုးသမီးဝူက အကြံအစည်မျိုးစုံကိုတောင် တွေးနေပြီ ဖြစ်သည်။

 

ဤသို့ဖြင့် ရှောင်မိသားစုဟောင်းကလူတွေက မြို့တော်က ဗိုလ်ချုပ်စံအိမ်မှာ နေထိုင်ခဲ့ကြသည်။

 

ရှောင်သခင်မကြီးက အသက်ကြီးပြီဖြစ်တာကြောင့် ညဘက်တွင် စောစောအိပ်သည်။

 

မနက်ဆိုလည်း နေမထွက်ခင် အစောကြီး ထသည်။

 

ရှောင်သခင်မကြီးက သူမကို ပြုစုစောင့်ရှောက်ဖို့ အစေခံမထားဘဲ ချွေးမဖြစ်သူ ကောချွန်းရုကိုသာ ပြုစုစောင့်ရှောက်ခိုင်းခဲ့သည်။

 

ရှောင်သခင်မကြီးကို ပြုစုဖို့အတွက် ကောချွန်းရုက နေ့တိုင်း နေမထွက်ခင် အစောကြီး ထခဲ့ရသည်။

 

သူမက မနက်စာ၊ နေ့လည်စာ၊ ညစာပါ ခူးခပ်ကျွေးခဲ့ရသည်။

 

အမျိုးသမီးဝူနှင့် အမျိုးသမီးဝမ်ကလည်း တစ်ခါတစ်လေ ရှောင်သခင်မကြီးနှင့်ပေါင်းကာ အနိုင်ကျင့်ခဲ့ကြသည်။

 

ကောချွန်းရုက တစ်ခါမှ ထိုကဲ့သို့သော နာကျင်မှုနှင့် မကျေမနပ်မှုကို မခံစားခဲ့ရဖူးပေ။

 

သူမက နောက်ထပ်နေ့ရက်တွေအတွက် အားမကျန်အောင်ထိ နှိပ်စက်ခံခဲ့ရကာ ပြိုလဲလုနီးနီး ဖြစ်ခဲ့သည်။

 

သူမ ရှောင်ယွမ်ရှစ် ရှေ့မှာ ငိုပြရင်လည်း ရှောင်သခင်မကြီးက သူမထက် ပိုအာပြဲစွာ အော်ငိုခဲ့သည်။

 

သူမ နေမကောင်းချင်ယောင်ဆောင်သည့် နေ့တွေဆိုလည်း ရှောင်သခင်မကြီးက အိမ်တော်ရဲ့ ဝင်ပေါက်ကိုသွားကာ ဝုန်းဒိုင်းကြဲခဲ့သည်။

 

ရှောင်သခင်မကြီးကို စောင့်ကြည့်ခိုင်းထားသည့် အစေခံမလေးသာ ချော့မော့ပြီး ပြန်ခေါ်မလာခဲ့ပါက ဘာတွေဖြစ်သွားမလဲဆိုတာ မသိနိုင်ပေ။

 

သို့ပေမယ့်လည်း ချွေးမက ယောက္ခမကို မပြုစုချင်လို့ နေမကောင်းချင်ယောင်ဆောင်တာပါဟူသော သတင်းက ပြန့်နေဆဲ ဖြစ်သည်။

 

ထို့ကြောင့် သူမ အလွန်ဒေါသထွက်ပြီး တကယ်ဖျားခဲ့လေသည်။

 

သူမလည်း သည်းမခံနိုင်တော့တာကြောင့် သူတို့ကို မြန်မြန်ရွာပြန်ပို့ဖို့ ရှောင်ယွမ်ရှစ်ကို အပြစ်တင်ပြောဆိုခဲ့သည်။

 

သူမ တကယ် သည်းမခံနိုင်တော့ပေ။ ဒီလိုသာ ဆက်ဖြစ်နေပါက ရူးသွားပါလိမ့်မည်။

 

ရှောင်ယွမ်ရှစ်လည်း သည်းမခံနိုင်တော့ပေ။

 

သူ့ဇနီးလေးကို ချော့မော့ပြီး သူတို့ကို ပြန်ပို့ဖို့ နည်းလမ်း စဥ်းစားခဲ့သည်။

 

ရှောင်မိသားစုဟောင်းက လူတွေ စံအိမ်ကို ရောက်လာကတည်းက သူတို့နှစ်ယောက်ရဲ့ ဘဝက ကမောက်ကမနှင့် နေ့တိုင်း ခက်ခဲခဲ့ရသည်။

 

ရှောင်ဟန်ကျန့်ရဲ့ မိသားစုကို စောင့်ကြည့်ဖို့တောင် အားမရှိတော့ပေ။

 

တစ်ဖက်က ရှောင်မိသားစု၏ အိမ်တွင် ဖြစ်သည်။

 

ရှောင်ဟန်ကျန့်က အိပ်ပျော်နေပြီး အမေရှောင်နှင့် ကလေးနှစ်ယောက်က အပြင်ကနေ ပြန်ရောက်လာခဲ့သည်။

 

ရှောင်ပိုင်လီက ပျော်ရွှင်စွာဖြင့် ဟင်းအသစ်တွေ သွားရောက်ချက်ပြုတ်ခဲ့သည်။

 

သူမရဲ့ သားဖြစ်သူ ပြန်ရောက်လာတော့ အမေရှောင်ကလည်း အလွန်ပျော်နေခဲ့သည်။

 

တစ်မိသားစုလုံး ပျော်ပျော်ရွှင်ရွှင်ဖြင့် ညစာ ထိုင်စားခဲ့ကြ၏။

 

ညစာစားပြီးနောက် ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ကို လမ်းခေါ်လျှောက်ခဲ့သည်။

 

ထိုအချင်းအရာကိုတွေ့တော့ ဒမ်ဘီက သူ့နောက်ကလိုက်ခဲ့၏။

 

သူက ရှစ်ချင်းလျို့နား ကပ်ပြီး ရှောင်ဟန်ကျန့်ကို မောင်းထုတ်ဖို့ လုပ်ခဲ့သည်။

 

ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ခဲ့သည်။ "ဒါ နင့်အဖေနော်၊ သွား ရန်မစနဲ့။"

 

ဒမ်ဘီက ရှောင်ဟန်ကျန့်ကို ခေါင်းစောင်းကြည့်ပြီး မနှစ်မြို့ဟန်ဖြင့် အသံတချို့ ထုတ်ပြခဲ့သည်။

 

ထို့နောက် သူက ရှစ်ချင်းလျို့ဘက် ပြန်လှည့်ကာ မှီတွယ်ခဲ့သည်။

 

ရှောင်ဟန်ကျန့်၊ "..."

 

သူ သတိပြန်လည်လာတော့ သူ့မှာ မိန်းမရှိနေပြီဖြစ်ပြီး အခု ခဏလေး အပြင်သွားပြီး ပြန်လာတော့ ဘဲငန်းတစ်ကောင် ရှိနှင့်နေပြီ ဖြစ်သည်။

 

သူက ရယ်ရမလားငိုရမလား မသိတော့ပေ။ "ကိုယ်က ဘယ်တုန်းက သူ့အဖေဖြစ်သွားတာလဲ။"

 

ရှစ်ချင်းလျို့က သူ့လက်မောင်းကို ကိုင်လိုက်သည်။ "အစ်ကိုကျန့် အိမ်မွေးတိရိစ္ဆာန်မွေးတာက ကလေးကို ပြုစုရတာနဲ့ အတူတူပဲ၊ ဒါက ကျွန်မတို့ရဲ့ ဘဲငန်းလေးဖြစ်ပြီး ကောင်းကောင်း ပြုစုပျိုးထောင်ရမှာပေါ့။"

 

မော်ဒန်ခေတ်မှာ အိမ်မွေးတိရိစ္ဆာန်တွေ မွေးသည့် လူတွေ အများကြီး ရှိသည်။

 

သူတို့က ကိုယ့်ကလေးလိုပဲ ဂရုစိုက်ကြတာ မဟုတ်လား။ အရင်တုန်းက သူမ မနာလိုအားကျခဲ့ရသည်။

 

ကံဆိုးချင်တော့ သူမ အလုပ်ကြောင့် အိမ်မွေးတိရိစ္ဆာန်မွေးခွင့် မရခဲ့ပေ။

 

အခုက အိမ်မက်ကို အကောင်အထည်ဖော်ရမည့် အချိန် ဖြစ်သည်။

 

ရှောင်ဟန်ကျန့်က အသံတိတ်နေခဲ့သည်။

 

သူမ သူ့ကို အစ်ကိုကျန့်ဟုခေါ်တိုင်း မကောင်းသည့် အငွေ့အသက်တွေ ရနေသည်။

 

အကြောင်းအရင်းက ဒီဘဲငန်းကြီးကို မွေးမြူရမှာကိုပဲ။

 

ရှစ်ချင်းလျို့က လက်ဆန့်ပြီး ဒမ်ဘီရဲ့ ခေါင်းကို ပွတ်ပေးခဲ့သည်။ "လိမ္မာတယ်နော်၊ နောက်ကျရင် အဖေ့ကို ရိုရိုသေသေ လေးလေးစားစား ဆက်ဆံရမယ်နော်။"

 

ထို့နောက် သူမ အဝတ်မှာ ချိတ်ဆွဲထားသည့် အိတ်လေးထဲကနေ နွေဦးစမ်းရေဖြင့် ရောစပ် ပြုလုပ်ထားသည့် အိမ်လုပ် ဘဲငန်းအတွက် အစာလုံးလေးကိုထုတ်ပြီး ပစ်ကျွေးလိုက်သည်။

 

ထို့နောက် သူမက ရှောင်ဟန်ကျန့်ကို ညွှန်ပြခဲ့သည်။ "လိမ္မာတယ်။ ဒယ်ဒီလို့ခေါ်လိုက်။"

 

ဒမ်ဘီက အစာလုံးလေး စားရင်း လည်ပင်း နင်သွားကာ ခက်ခက်ခဲခဲ မျိုချခဲ့လေသည်။

 

ထို့နောက် အင်တင်တင် အမူအရာဖြင့် ဝတ်ကျေတန်းကျေဆန်စွာ ရှောင်ဟန်ကျန့်ကို "ဒက်" ဟု ခေါ်ခဲ့လေသည်။

 

ရှောင်ဟန်ကျန့်၊ "..."

 

တကယ်တော့ မင်းကိုယ်မင်း အဲလောက် ဖိအားမပေးလည်း ရပါတယ်ကွာ။