အခန်း ၇၇
Viewers 8k

Ch-77

အခန်း(၇၇) - မင်းစိတ်မပျက်စေရပါဘူး

 

ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့် လက်မောင်းကိုကိုင်ထားပြီး အိမ်အသစ်ကို သွားကြည့်ခဲ့သည်။

 

သူတို့ရဲ့ အနောက်မှာတော့ ဘဲငန်းမည်းတစ်ကောင် လိုက်ပါနေခဲ့သည်။

 

ညနေခင်း နေဝင်ခါနီးအချိန်ဖြစ်နေတာကြောင့် ရွာလျှောက်လမ်းတွင် လူသွားလူလာ သိပ်မရှိတော့ပေ။

 

ထို့ကြောင့် ရှစ်ချင်းလျို့က လမ်းတစ်လျှောက်လုံး သူမ ခင်ပွန်းရဲ့လက်မောင်းကို ကိုင်ထားခဲ့လေသည်။

 

ရှောင်ဟန်ကျန့်က ထိုအခိုက်အတန့်လေးကို ပျော်ရွှင်နေခဲ့သည်။

 

ထို့ကြောင့် သူဟာ ကူကယ်ရာမဲ့စွာပင် သူ့ဇနီးလေးကို ဘဲငန်းကြီး မွေးမြူခွင့် ပေးလိုက်လေသည်။

 

သူတို့ရဲ့ အိမ်အသစ်လေးက တစ်ဝက်လောက် ဆောက်လုပ်ပြီးစီးနေတာကိုတွေ့တော့ သူ့မျက်လုံးထဲတွင် အပြုံးရိပ်လေးတစ်ခု ထင်ဟပ်လာခဲ့သည်။

 

ဒီဘဝမှာတော့ သူ့တွင် အိမ်တစ်လုံး တကယ်ရှိပြီဖြစ်သည်။

 

အမေ၊ ညီလေး၊ ညီမလေးတွေအကုန် အသက်ရှင်နေသေးသလို အလွန်ဉာဏ်ထက်ပြီး ဖက်တွယ်တတ်သည့် ဇနီးလေးလည်း သူ့မှာရှိနေပြီဖြစ်သည်။

 

အဟမ်း အဟမ်း ဘဲငန်းကြီးတစ်ကောင်လည်း ရှိနေခဲ့ပါပြီ။

 

သူ့ရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်နှင့် ယုံကြည်ချက် အပြည့်အဝ ရှိနေသည်။

 

အရင်ဘဝက အထီးကျန်မှုတွေက သူ့ရင်ထဲက တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့သည်။

 

ရှစ်ချင်းလျို့က အိမ်ကိုကြည့်ရှူပြီးနောက် သူ့ခင်ပွန်းရဲ့ လက်မောင်းကို လွှတ်ပေးခဲ့သည်။

 

ရှောင်ဟန်ကျန့်က သူ့ဇနီးရဲ့ လက်ချောင်းတွေကို သူ့လက်ချောင်းတွေဖြင့် ယှက်တွယ်ဆုပ်ကိုင်ခဲ့သည်။ "ကိုယ် ဒီတစ်ခေါက် စီရင်စုမှာ လူအများကြီးကို ဆေးဘက်ဆိုင်ရာ ကုသဆွေးနွေးပေးခဲ့တာကြောင့် ငွေတွေအများကြီးရလာတယ်၊ အိမ်ပြန်ရောက်ရင် မင်းကိုအပ်မယ်။"

 

အရင်ဘဝက ရှစ်ချင်းလျို့က ချမ်းသာသည့် မိသားစုက မွေးဖွားလာတာကြောင့် သုံးစရာ ပိုက်ဆံ မပြတ်လပ်ခဲ့ပေ။

 

တကယ်တော့ သူမက ပိုက်ဆံကို ဂရုမစိုက်ပေ။

 

အခု ပိုက်ဆံရှာချင်တော့လည်း ပိုက်ဆံရှာဖို့ နည်းလမ်း မရှိဘဲ မနေပေ။

 

သို့ပေမယ့် သူမ ယောက်ျားက အလိုက်သိစွာ ပိုက်ဆံအပ်လာတော့လည်း ပျော်ရွှင်ရလေသည်။

 

သူမက ရှောင်ဟန်ကျန့်ရဲ့ လက်မောင်းကို မှီတွယ်ပြီး ခေါင်းဖြင့် ပွတ်သပ်ခဲ့သည်။ "အင်း ကျန့်ကျန့်က အကောင်းဆုံးပဲ။"

 

ရှောင်ဟန်ကျန့်က ခေါင်းငုံ့ပြီး ခပ်ဖွဖွရယ်ခဲ့သည်။ "အခုကစပြီး ကိုယ်ရှာလို့ရသမျှပိုက်ဆံတွေအကုန် မင်းကိုအပ်မယ်၊ မင်းကြိုက်တာသုံး။"

 

သူ့ဇနီးလေး သူ့ကို အခုလို ကပ်တွယ်နေတာမျိုးကို သူသဘောကျသည်။

 

ရှစ်ချင်းလျို့က သူ့ကို တောက်ပစွာကြည့်ပြီး ပြုံးပြခဲ့သည်။ "ဒါဆိုလည်း မနက်ဖြန် ကျွန်မတို့အိမ်နောက်က တောင်ကို ဝယ်ပြီး စိုက်ပျိုးရေး လုပ်ငန်းစကြတာပေါ့၊ ဒါပေမဲ့ အိမ်မှာ လူအင်အား မလုံလောက်ဘူး၊ အဲတော့ မကိုင်တွယ်နိုင်ဘူး၊ ဒါကြောင့် ရှင်က ရေရှည်အလုပ်သမားတချို့ သွားငှားပေးပါဦး၊ ကျွန်မတို့က အစ်ကိုကျန့်ကိုပဲ အားကိုးရမှာပါ။"

 

သူမက သူမ၏ ခင်ပွန်းသည်ကို ချမ်းသာအောင်လုပ်မည့် ဒီစီးပွားရေးလုပ်ငန်းမှာ ပါဝင်စေခဲ့သည်။ ထိုအခါမှ သူလည်း အတွေ့အကြုံများပြီး အောင်မြင်မှုကို ခံစားနိုင်မှာဖြစ်သည်။

 

သူ့ကို ယောက်ျားတစ်ယောက်အနေဖြင့် အသိအမှတ်ပြုပေးပြီး ချီးကျူးပေးဖို့လည်း လိုအပ်ပေသည်။

 

ထင်သည့်အတိုင်း ရှောင်ဟန်ကျန့်ရဲ့ အပြုံးတွေက ပိုနက်နဲသွားခဲ့သည်။

 

သူ့ဇနီးလေးက သူ့အားထုတ်မှုကို အသိအမှတ်ပြုသည့်အတွက် သူအလွန်ပျော်ရွှင်နေသည်။

 

စာမေးပွဲဝင်ဖြေပြီး သူ့ရွှေပေါင်ကြီးကို ပေးဖက်ဖို့အပြင် မိသားစုရဲ့ ကိစ္စတွေပါ သူမကို ကူညီခွင့်ပေးရဖို့ သူမျှော်လင့်ခဲ့သည်။

 

သူမက အလွန်ထောက်ထားပေးတတ်တာကို သိလိုက်ရတော့ သူ့နှလုံးသားလေး နွေးထွေးသွားခဲ့သည်။

 

သူ့ဇနီးလေး စတင်ခဲ့သည့် စီးပွားရေးလုပ်ငန်းမှာ သူလည်း စတင်ပါဝင်ခဲ့သည်။

 

သူက သူ့ဇနီးရဲ့လက်ကို ဆုပ်ကိုင်ခဲ့သည်။ "ကောင်းပြီ။ ဒီကိစ္စ ကိုယ့်ကို လွှဲထားလိုက်။"

 

ရှစ်ချင်းလျို့က သူမရဲ့ အတွေးတွေကိုလည်း သူ့ကို မျှဝေခဲ့သည်။

 

"ရွာအဝင်မှာ ဘယ်သူမှ မလိုချင်တဲ့ မြုံနေတဲ့မြေယာရှိတာကို တွေ့ခဲ့တယ်၊ အဲတာကိုလည်း ဝယ်ချင်တယ်၊ ပြီးရင် အဆောက်အဦးတွေ ဆောက်မယ်၊ အရှေ့ဘက်က စျေးဆိုင်ခန်းတွေဖွင့်ပြီး အနောက်ဘက်ခြမ်းကို လူနေဖို့ ဒါမှမဟုတ် ကုန်သိုလှောင်ဖို့ ထားမယ်၊ ပြီးရင် အဲစျေးဆိုင်မှာ ကျွန်မတို့ လုပ်ထားတဲ့ ပစ္စည်းတွေ တင်ရောင်းပြီး သူများတွေ ကျွန်မတို့ရွာနဲ့ မြို့ကို ပိုစိတ်ဝင်စားလာအောင် ဆွဲဆောင်မယ်လေ။"

 

သူမသာ တစ်ရွာလုံးကို ချမ်းသာအောင် ဦးဆောင်ပြီး သူမနှင့် စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေ များလာအောင် လုပ်စေချင်ပါက အရင်ဦးဆုံး ရေသေကို စီးဆင်းအောင်လုပ်ရမည်ဖြစ်သည်။

 

ထိုသို့တွေးပြီးနောက် အလုပ်ရုံက ထုတ်ကုန်တွေဖြင့် မြို့အနှံ့က ကုန်သည်တွေကို ဆွဲဆောင်ပြီး ရှာ့ရှီရွာက ကုန်တွေကို ဝယ်ယူအောင် လုပ်ရမယ်။

 

တစ်နေ့ကျရင် တာ့လျန်မှာ နန်ရှီမြို့က လူသုံးကုန်တွေ လက်ကားရောင်းချသည့် အဓိကမြို့ ဖြစ်လာနိုင်ပေသည်။

 

တကယ်တော့ သူမရဲ့ မူလပန်းတိုင်က ကောင်းကောင်းနေ ကောင်းကောင်းစားရရန် ဖြစ်သည်။ ဒါမှ တာ့လျန်မှာ သူမ ရှင်သန်နိုင်မှာ ဖြစ်သည်။

 

သို့ပေမယ့် အခု သူမလက်ထဲမှာ ပိုက်ဆံအများကြီး ရှိနေပြီး ဘာမှ မလုပ်ကိုင်ပါက ဖြုန်းတီးရာကျမည်ဟု တွေးမိခဲ့သည်။

 

အထူးသဖြင့် ရွာက လူတွေက တစ်နှစ်လုံးနေလို့ အဝတ်အသစ်တောင် မဝယ်နိုင်တာနှင့် တစ်နေ့ သုံးနပ် မှန်မှန် မစားသောက်နိုင်တာကို တွေ့လိုက်ရသည့် အချိန် ဖြစ်သည်။

 

မြို့ထဲကလူတွေက ရွာထဲက လူတွေထက် အခြေအနေကောင်းသော်လည်း စားဖို့တောင်မတတ်နိုင်သည့် လူတွေက အများကြီးရှိသေးသည်။

 

လမ်းပေါ်က ကလေးတွေ၊ ယောက်ျားလေး၊ မိန်းကလေးတွေက ပိန်လှီပြီး အဖာအစပ်တွေ များပြားသည့် အဝတ်အစားတွေ ဝတ်ဆင်ထားကြတာကို သူမ မကြာခဏ တွေ့ခဲ့ရသည်။

 

သူမ သူတို့ကို ဤသို့ မြင်ရတွေ့ရတာ စိတ်မကောင်းပေ။

 

မော်ဒန်ခေတ်မှာတောင် ထိုသို့သောမြင်ကွင်းကို မတွေ့ရလုနီးပါးဖြစ်နေပြီဖြစ်သည်။

 

ထို့ကြောင့် သူမက ပိုက်ဆံနှင့် အကျိုးအမြတ် တစ်ခုတည်းကိုပဲ တွေးတောတာ မဟုတ်ပေ။

 

ဒီခေတ်မှာ သူမ တစ်ခုခု လုပ်ပေးချင်သည်။

 

ရှည်ရှည်ဝေးဝေး မဟုတ်ဘဲ အရင်ဆုံး သူမ ပတ်ဝန်းကျင်က လူတွေရဲ့ နေထိုင်မှုဘဝပုံစံကို မြှင့်တင်ပေးချင်သည်။

 

သူမက ပျင်းရိခြင်းကို သဘောမကျသည့်လူ ဖြစ်သည်။

 

သူမရင်ထဲက ပန်းတိုင်က ရှေ့ဆက်သွားဖို့ အားဖြစ်စေခဲ့သည်။

 

ရှောင်ဟန်ကျန့်က သူမစကားကို နားထောင်ပြီးနောက် ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပြီ။ ကိုယ်တို့ မနက်ဖြန် သွားဝယ်ကြတာပေါ့၊ ကိုယ် မြို့ကိုသွားတုန်းက ပိုင်ရွှီနဲ့တွေ့ခဲ့တယ်၊ ကိုယ့်ရဲ့ စာမူကို ပုံနှိပ်ပြီး ရောင်းချနေပြီတဲ့၊ နောက်ကျရင် ဝတ္ထုက ရေပန်းစားလာမှာမလို့ အကျိုးအမြတ်က နည်းမှာ မဟုတ်ဘူး၊ အချိန်ကျရင် ဝူမိသားစုပေးတဲ့ပိုက်ဆံတွေနဲ့ မြေဝယ်ခဲ့ကြောင်း လူတွေကို ပြောပြမယ်၊ ပြီးရင် မွေးမြူရေးတိရိစ္ဆာန်တွေနဲ့ အလုပ်သမားတွေ ငှားရမ်းတာကိုတော့ ကိုယ်စာမူခနဲ့လုပ်တယ်လို့ ပြောကြမယ်။"

 

ဒါတွေက ရုတ်တရက်ကြီး မြေတွေဝယ်ခြင်း၊ စိုက်ပျိုးရေး စီးပွားတိုးချဲ့ခြင်းနှင့် စျေးဆိုင်တွေ ဖွင့်နိုင်ခြင်းအတွက် ပေးနိုင်မည့် သင့်လျော်သည့် ရှင်းပြချက် ဖြစ်ပေသည်။

 

ဤနည်းဖြင့် မနာလိုသူတွေ လျော့ကျသွားစေနိုင်သည်။

 

သူများတွေလို တူညီသည့် အဆင့်တစ်ခုကို ရောက်နေပါက လူအများစုက မနာလိုသူတွေများပြီး ချမ်းသာလာသည့်အခါ မကောင်းကြံချင်သူတွေ များပြားလာမည်ဖြစ်သည်။

 

သို့ပေမယ့် လူတိုင်းနှင့် အဆင့်အတန်း အလွန်ကွာခြားသွားပါက သူတို့က လက်လှမ်းမမှီတော့တာကို ခံစားမိပြီး မနာလိုဖြစ်မည့်အစား အထင်ကြီးလာကာ အားကျပြီး မိတ်ဆွေဖွဲ့ချင်လာမည်ဖြစ်သည်။

 

သူဝတ္ထုရေးသည့်အပေါ်  ပြိုင်ဘက်တွေ များပြီး အထင်သေးသူ များပြားနိုင်သော်လည်း ရှောင်ဟန်ကျန့် ဂရုမစိုက်ပေ။

 

အနာဂတ်မှာ သူသာ ထိပ်ဆုံးမှာ ရပ်တည်နိုင်ပါက အခုလို ဝတ္ထုရေးတာက စကားပြောသည့်အခါ ထည့်သုံးခံရနိုင်သည့် ခေါင်းစဥ်လှလှလေး ဖြစ်လာနိုင်ပါသည်။

 

လူတစ်ယောက်ရဲ့ အဆင့်က ကိစ္စအများစုကို ပြောင်းလဲဆုံးဖြတ်နိုင်ပြီး လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ဖြစ်သည်။

 

ဒါ့အပြင် သူ့ဝတ္ထုက အချစ်ဝတ္ထု မဟုတ်တာကြောင့် လူတွေပြောမှာကို သူ မကြောက်ပေ။

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြုံးပြခဲ့သည်။ "ရှင်က တွေးတတ်သားပဲ၊ အဲလို စီစစ်လိုက်မယ်၊ ရှင်က အခု ဝတ္ထုရေးပြီး ပိုက်ဆံအများကြီးရှာနိုင်တော့၊ ရှင့်လိုစာသင်သားက အရမ်းအံ့သြဖို့ကောင်းတာပဲလို့ ရွာထဲကလူတွေက တွေးကြမှာပဲ၊ မြို့ထဲမှာ ရှင့်ကိုအထင်သေးတဲ့လူတွေရှိရင်တောင် ဘာမှ တတ်နိုင်ကြမှာ မဟုတ်ဘူး၊ အများဆုံးမှ သူတို့ ရှင့်အကြောင်းပြောရင်း မနာလိုပဲ ဖြစ်နိုင်မှာပါ။"

 

သူမက စကားလမ်းကြောင်းလွှဲပြီး အကြံပြုခဲ့သည်။ "ရှောင်အဖိုးကြီး တော်ဝင်စာမေးပွဲရဲ့ လေ့ကျင့်ခန်း အချက်အလက်တွေ စုစည်းပြီး စာအုပ်ထုတ်ရောင်းပါလား၊ ဒါဆို ပိုက်ဆံရှာနိုင်ရုံသာမက ရှင့်ဂုဏ်သတင်းကိုလည်း တက်စေနိုင်တယ်၊ အနာဂတ်မှာ နန်ရှီမြို့က ရှောင်ဟန်ကျန့်က အရမ်းအစွမ်းထက်ကြောင်း တာ့လျန်က စာသင်သားတွေကို ပေးသိလိုက်၊ တော်ဝင်စာမေးပွဲအတွက် ကိုးကားတဲ့စာအုပ်ကို ရှင်ရေးတာလေ၊ အနည်းဆုံးတော့ အဲလိုစာအုပ်တွေရဲ့ စတင်တည်ထောင်တဲ့လူက ရှင်ဖြစ်မှာပေါ့။"

 

အခုခေတ်က မော်ဒန်ခေတ်လို ကိုးကားသည့်စာအုပ်တွေနှင့် စာမေးပွဲအတွက် သင်ထောက်ကူပစ္စည်းတွေ မရှိပေ။

 

ဒီအခွင့်အရေးကို အသုံးချပြီး စာသင်သားဂုဏ်ကို ကောင်းကောင်းအသုံးချလို့ရသည်။

 

"တကယ်လို့ ရှင့်ရဲ့ ဂုဏ်သတင်းသာ လူများများဆီ ပြန့်နှံ့လေ ရှင့်တော်ဝင်စာမေးပွဲအတွက် အကျိုးအမြတ်ရှိလေပဲ၊ ရှင့်ဆန်ကုန်မြေလေးအဖေလည်း နည်းနည်းတော့ ကြောက်သွားမှာပဲ၊ ဒီလိုနဲ့ သူက ရှင့်အပေါ် ပေါ်တင်မကောင်းကြံတာတွေ မလုပ်နိုင်အောင် ကာကွယ်လို့ရတယ်။"

 

လူတစ်ယောက်ရဲ့ ဂုဏ်သတင်းက ရှေးခေတ်မှာ အလွန်အရေးပါသည်။

 

ဉာဏ်ရှိရှိ အသုံးချပါက ထက်မြက်သည့် ဓားတစ်လက် ဖြစ်လာနိုင်ပါသည်။

 

အသွားနှစ်ဖက်ပါသည့်ဓားဖြစ်သော်လည်း တတ်နိုင်သမျှ ထက်မြိအောင်လုပ်ရမည်ဖြစ်သည်။

 

နောက်ကျရင် သူမက ကြွယ်ဝမှုကို အသုံးပြုပြီး ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့ကာ သူမခင်ပွန်းက ဉာဏ်ပညာကို အသုံးချပြီး စာသင်သား အသိုင်းအဝိုင်းကို တိုးချဲ့မည်ဖြစ်သည်။

 

တကယ်လို့ မင်းစိုးရာဇာမိသားစုတွေနှင့် ရာထူးဂုဏ်ကြီးမြင့်သည့်မိသားစုတွေ သူတို့ကို ထိပါးချင်ပါက မဖြစ်နိုင်မှန်း သိသည့်အခါ နောက်ပြန်ဆုတ်ရလိမ့်မည်ဖြစ်သည်။

 

အနည်းဆုံးတော့ သူတို့ကြောက်သွားကြမည်ဖြစ်သည်။

 

ထို့ကြောင့် သူတို့က ရှင်သန်နိုင်အောင် အုတ်မြစ် ခိုင်ခံအောင် နည်းနည်းချင်း တည်ဆောက်နေတာ ဖြစ်သည်။

 

သူ့ဇနီးက အမြင်ကျယ်ပြီး ကောင်းကောင်း အစီအစဥ် ချတတ်ကြောင်း ရှောင်ဟန်ကျန့်သိသည်။

 

သူမရဲ့ အကြံတွေနှင့် အကျိုးအမြတ် အများစုက သူနဲ့ ပတ်သက်နေသည်။

 

သူက သိချင်စွာဖြင့် မေးခဲ့မိသည်။ "တော်ဝင်စာမေးပွဲစာအုပ်တွေနဲ့ ပစ္စည်းတွေကို ဘယ်လိုစတင်ရောင်းချမှာလဲ။"

 

သူက အကြမ်းဖျင်း ခန့်မှန်းပြီးသားဖြစ်သော်လည်း သူ့ဇနီးလေးရဲ့ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ချင်သေးသည်။

 

ရှစ်ချင်းလျို့က မော်ဒန်ခေတ်က စာမေးပွဲအတွက် လေ့ကျင့်ရေးမေးခွန်းတွေနှင့် ကိုးကားမှုစာအုပ်တွေအကြောင်း ယေဘုယျ အခြေအနေတွေကို ရှောင်ဟန်ကျန့်ကို ရှင်းပြခဲ့သည်။

 

ဥပမာအားဖြင့် "တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ၅နှစ်စာ အတွဲတွေနှင့် အစမ်းမေးခွန်းသုံးစုံ" စသည်တို့ ဖြစ်သည်။

 

ရှောင်ဟန်ကျန့်က စာမေးပွဲတွေ ဖြေဆိုခဲ့ဖူးတာကြောင့် တော်ဝင်စာမေးပွဲအကြောင်း ကောင်းကောင်းသိမည်ဟု သူမ ထင်သည်။

 

လေ့ကျင့်ခန်းတချို့နှင့် ကိုးကားချက်တချို့ ပြုလုပ်ရမှာ သူ့အတွက် မခက်ခဲနိုင်ပေ။

 

"တစ်ဆင့်ချင်း လုပ်သွားလို့ ရတယ်၊ အခု ရှင်က အခြေခံစာသင်သားဆိုတော့ အခြေခံစာသင်သားဖြစ်ဖို့အတွက် လေ့ကျင့်စရာ လေ့ကျင့်ခန်းတွေ ပြင်ဆင်ပေးလို့ရတယ်၊ အနာဂတ်မှာ အဆင့်မြင့်စာသင်သား စာမေးပွဲ အောင်မြင်သွားရင် အဲတာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ပြင်ဆင်လို့ ရတယ်။"

 

ရှောင်ဟန်ကျန့်က ခဏလောက် တွေးကြည့်လိုက်သည်။ သူက တွေးကြည့်လေလေ ဒါက ဖြစ်နိုင်ခြေ ရှိသည်ဟု ခံစားလိုက်ရသည်။

 

"ကောင်းပြီ။ လက်ရေးမူတချို့ ရေးသားပြီး ပိုင်ရွှီကို ပေးပြရင် အခြေခံစာသင်သားဖြစ်ဖို့ လေ့ကျင့်စရာမေးခွန်းတွေ စုပြီး စာအုပ်ထုတ်လိုက်မယ်။"

 

ရှစ်ချင်းလျို့က ပြုံးပြီး ရှောင်ဟန်ကျန့်ရဲ့ လက်ဖဝါးကို ညှပ်လိုက်သည်။ "ရှောင်အဖိုးကြီး ရှင်လုပ်နိုင်မယ်လို့ ကျွန်မ ယုံတယ်။"

 

ရှောင်ဟန်ကျန့်က ခေါင်းငုံ့ပြီး ခပ်ဖွဖွပြုံးကာ သူမကို ကြည့်ခဲ့သည်။ "မင်းစိတ်မပျက်စေရပါဘူး။"