အခန်း ၇၈
Viewers 7k

Ch-78

အခန်း(၇၈) - ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်ခြင်း

 

သူတို့နှစ်ယောက်က လက်တွဲကာ အိမ်ပြန်လာခဲ့ပြီး သူတို့ရဲ့အနောက်မှာ ဘဲငန်းကြီးတစ်ကောင်လည်း ပါသေးသည်။

 

ရှောင်ဟန်ကျန့်က နေ့လည်က အိပ်ထားတာကြောင့် အခု အိပ်မပျော်ပေ။

 

ထို့ကြောင့် မီးအိမ်လေးထွန်းကာ ဝတ္ထုဆက်ရေးခဲ့သည်။

 

ရှစ်ချင်းလျို့က သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ကာ သကြားစက်ရုံနှင့် အိမ်သုတ်ဆေးစက်ရုံအတွက် အစီအစဥ်တွေ ရေးသားနေခဲ့သည်။

 

သူတို့နှစ်ယောက်လုံးက တိတ်တဆိတ် စာရေးနေခဲ့ပြီး မှိန်ပြပြအဝါရောင်မီးလေးက သူတို့ကို နွေးထွေးစွာ မီးရောင်ပေးနေခဲ့သည်။

 

ညဥ့်အနည်းငယ်နက်နေပြီဖြစ်ပြီး ရှစ်ချင်းလျို့က အစီအစဥ်တွေ ရေးပြီးသွားတော့ ရှောင်ဟန်ကျန့်ကို ပြောလိုက်သည်။ "ရှောင်အဖိုးကြီး ကျွန်မ အိပ်ချင်နေပြီ။"

 

ရှောင်ဟန်ကျန့်က ရေးလက်စ စာပုဒ်ကို အဆုံးသတ်ပြီး စုတ်တံကို ချခဲ့သည်။ "ဒါဆိုလည်း အတူတူ သွားအိပ်ရအောင်လေ။"

 

သူတို့နှစ်ယောက်က ခြေလက် အတူတူ သန့်စင်ပြီးနောက် အတူတူ အိပ်ရာဝင်ခဲ့သည်။

 

ရှစ်ချင်းလျို့က ခေါင်းအုံးလေးကို ထိပြီး ဘေးကလူရဲ့ အသက်ရှူသံကို ခံစားခဲ့သည်။

 

မကြာခင်မှာပဲ သူမ အိပ်ပျော်သွားခဲ့သည်။

 

ရှောင်ဟန်ကျန့်က လက်ဆန့်ထုတ်ပြီး ရှစ်ချင်းလျို့၏ မျက်နှာပေါ်က ဆံပင်တွေကို သပ်တင်ပေးခဲ့သည်။

 

သူက လက်ချောင်းလေးဖြင့် ရှစ်ချင်းလျို့ရဲ့ နှာခေါင်းထိပ်လေးကို ထိတွေ့ခဲ့သည်။

 

သူ့မျက်နှာထက်မှာ အပြုံးတွေ ပေါ်လာခဲ့ပြီးနောက် မျက်လုံးပိတ်ခဲ့လေသည်။

 

ဒီညမှာတော့ သူ့ဇနီးလေး သူ့ဘေးမှာ ရှိနေတာကြောင့် မြန်မြန်ဆန်ဆန်ပဲ အိပ်ပျော်သွားခဲ့သည်။

 

အရင်လို အိပ်မပျော်တာလည်း မခံစားရဘဲ အိပ်ပျော်ဖို့လည်း အိပ်ဆေး မသုံးခဲ့ရပေ။

 

နောက်တစ်နေ့မနက်ကျတော့ ရှစ်ချင်းလျို့က ပူအိုက်လို့ နိုးလာခဲ့သည်။

 

မနေ့ညက သူမ အိပ်ခဲ့တာ နောက်ကျခဲ့သည်။

 

အခု မိုးလင်းနေပြီနေပြီဖြစ်ကာ ရှောင်ဟန်ကျန့်က သူမဘေးတွင် မရှိတော့ပေ။

 

ရှစ်ချင်းလျို့က အိပ်ယာထပြီး တံခါးပေါက်ဖွင့်ခဲ့သည်။

 

ရှောင်ဟန်ကျန့်က အတိုက်အခိုက် လေ့ကျင့်နေတာဖြစ်ပြီး သူမအတွက် မျက်စိပဒေသာဖြစ်နေသည်။

 

ရှောင်ဟန်ကျန့်က သူ့ဇနီးလေး ထွက်လာတာကို တွေ့ပေမယ့် လေ့ကျင့်မှုကို မရပ်ခဲ့ဘဲ ပြောလိုက်သည်။ "မင်း သန့်စင်ဖို့အတွက် ရေနွေးတည်ထားပေးတယ်။"

 

အခုလို ပူပြင်းသည့်ရာသီမှာ မနက်ပိုင်းတွင် သူ့ဇနီးလေးက ရေဖြင့် မျက်နှာသစ်ပြီး ကိုယ်ခန္ဓာကို သန့်စင်ပြီး ညမှ ရေချိုးတာ ဖြစ်သည်။

 

သူလည်း အတူတူပဲ ဖြစ်သည်။ မဟုတ်ပါက ချွေးတွေဖြင့် နေရတာ သက်သောင့်သက်သာ မရှိပေ။

 

ရှစ်ချင်းလျို့က ပြုံးခဲ့သည်။ "အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကျန့်။"

 

စောစောထပြီး သူမအတွက် ရေတည်ပေးခဲ့သည့် ခင်ပွန်းကို လက်မထောင်ပြခဲ့သည်။

 

သူမက ရေပူရေးအေးစပ်ပြီး လက်ကိုင်ပဝါသုံးပြီး တစ်ကိုယ်လုံး သုတ်ခဲ့သည်။

 

ထင်သည့်အတိုင်း နေရထိုင်ရတာ သက်သောင့်သက်သာရှိသွားခဲ့သည်။

 

သူမက မော်ဒန်ခေတ်က အဲယားကွန်းနှင့် ပန်ကာကိုတောင် သတိရသွားခဲ့သည်။

 

ကံဆိုးချင်တော့ အဲယားကွန်းကို လုပ်လို့ မရပေ။

 

ဒီဇိုင်းဆွဲပြီး ပန်ကာပုံစံ ပြုလုပ်နိုင်သော်လည်း လျှပ်စစ်မီး မရှိပါက လက်ဖြင့် ပြုလုပ်ဖို့ ခက်ခဲသည်။

 

အကယ်၍ သူမသာ သံလိုက်ကို ရှာဖွေနိုင်ပါက လျှပ်စစ်ဓာတ်အားလိုသည့် ပန်ကာ မလိုဘဲ လူလုပ်ပန်ကာ ဖန်တီးနိုင်သည်။

 

သူမက ရေတွေ သွန်ထုတ်ပြီးနောက် အခန်းထဲမှာပဲ 'အချိန်ခရီးသွားစွယ်စုံကျမ်း' စာအုပ်ကို ထုတ်ပြီး ဖတ်ရှုလိုက်သည်။

 

စာအုပ်ထဲမှာ ယမ်းစိမ်းဖြင့် ရေခဲပြုလုပ်လို့ရသည့်နည်းလမ်းကို သူမ ရှာတွေ့သွားခဲ့သည်။

 

အဲယားကွန်းနှင့် ပန်ကာကို မသုံးနိုင်မှတော့ ရေခဲဇလုံကိုသုံးကာ အေးအောင် ပြုလုပ်လို့ ရသည်။

 

မင်းစိုးရာဇာမိသားစုတွေလည်း ရေခဲဇလုံ အသုံးပြုပြီး အပူဒဏ်ကို လျှော့ချကြသည်။

 

သို့ပေမယ့်လည်း ဆောင်းရာသီမှာ ရောင်းချသည့် ရေခဲကို စျေးကြီးကြီး ပေးဝယ်ရပြီး နွေရာသီကျရင် အသုံးပြုဖို့ မြေအောက်ရေခဲသိုလှောင်ခန်းမှာ ဝယ်ယူဖြည့်တင်းရသည်။

 

ရှန်းယွမ်ရဲ့ မှတ်ဉာဏ်အရ တာအိုဘုန်းကြီးကျောင်း၏အနီးတွင် ယမ်းစိမ်းသတ္တုတွင်းရှိပြီး သိပ်မဝေးသည့်နေရာတွင် ကန့်ကျောက်တွင်းတွေလည်း ရှိကြောင်း ရှစ်ချင်းလျို့ မှတ်မိလိုက်သည်။

 

ထို့ကြောင့်ပဲ တာအိုဘုန်းတော်ကြီးက နန်ရှီမြို့က ရွာထဲက တောင်ပေါ်လေးမှာ တာအိုဘုန်းကြီးကျောင်း ဆောက်လုပ်ခဲ့တာ ဖြစ်သည်။

 

သူက ယမ်းစိမ်း၊ ကန့်နှင့် တခြားပစ္စည်းတွေ အသုံးပြုကာ ဆေးဝါး ဖော်စပ်ချင်ခဲ့ပေမယ့် ကံဆိုးစွာ ပေါက်ကွဲပြီး သေဆုံးသွားခဲ့လေသည်။

 

မနက်စာ စားပြီးနောက် သူတို့နှစ်ယောက်သား ရွာသူကြီးအိမ်ကို သွားခဲ့ကြသည်။

 

ရှောင်ဟန်ကျန့် စီရင်စုက ယူလာခဲ့သည့် အထူးထုတ်ကုန်တွေ ယူသွားခဲ့ပြီး တင်နေသည့် အကြွေးတွေကို ပြန်ဆပ်ခဲ့သည်။

 

မြေနှစ်ကွက်လောက် ဝယ်ချင်ကြောင်းလည်း ပြောခဲ့သည်။

 

ဝူမိသားစုဆီကနေ သူတို့ပိုက်ဆံရခဲ့တာကို ရွာသူကြီးသိပြီး ရှောင်ဟန်ကျန့်ရဲ့စာမူကနေ ပိုက်ဆံတွေ အများကြီးရတာကို သိတော့လည်း သူ အလွန်ပျော်ခဲ့သည်။

 

ဝတ္ထုတွေရေးပြီး တော်ဝင်စာမေးပွဲအတွက် မနှောင့်နှေးသွားဖို့ကိုပဲ သူ သတိပေးခဲ့သည်။

 

ထို့နောက် သူ့ကို အားပေးခဲ့သည်။

 

မြေနှစ်ကွက်ဝယ်ဖို့အတွက် မနက်ဖြန် ရှောင်ဟန်ကျန့်နှင့်အတူ မြို့တက်ပြီး ကိစ္စတွေပြီးအောင် လိုက်လုပ်ပေးမည်ဖြစ်ကြောင်းလည်း ကတိပေးခဲ့သည်။

 

သူတို့နှစ်ယောက် သူကြီးအိမ်က ပြန်ပြီးနောက် အရင်က အမေရှောင် ပိုက်ဆံချေးထားသည့် အိမ်ကိုသွားကာ အကြွေးပြန်သွားဆပ်ခဲ့သည်။

 

ရှောင်ဟန်ကျန့် ရွာက မထွက်သွားခင် သူ ပြန်လာသည့်အခါ အကြွေးတွေ ပြန်ဆပ်မည့်အကြောင်း သူတို့ကို ကတိပေးခဲ့သည်။

 

ဘာပဲဖြစ်ဖြစ် ဒါက သူ့အမေ ချေးယူထားခဲ့သည့် ငွေတွေ ဖြစ်သည်။

 

အရင်လတွေတုန်းကတော့ တို့ဟူးဖြင့် အကြွေးတချို့ကို ချေပြီးပြီ ဖြစ်သည်။

 

ကျန်သည့်ငွေပမာဏကို ရှောင်ဟန်ကျန့်က လူကိုယ်တိုင် ပြန်ဆပ်ချင်တာ ဖြစ်သည်။

 

ရှစ်ချင်းလျို့က ဒါကို စိတ်ထဲမထားပေ။

 

ပိုက်ဆံဆိုတာ ချေးပြီးရင် ပြန်ဆပ်ရမည်ဖြစ်သည်။

 

သူမခင်ပွန်းက သူကိုယ်တိုင် ပြန်ဆပ်ချင်သည်ဆိုတော့လည်း သူမ မဆန့်ကျင်ခဲ့ပေ။

 

ပိုက်ဆံတွေ ပြန်ပေးပြီးသည့်နောက် ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ကို ဆွဲခဲ့သည်။ "အစ်ကိုကျန့် တာအိုဘုန်းကြီးကျောင်းကို သွားရအောင်၊ ယမ်းစိမ်းနည်းနည်း သွားယူချင်လို့။"

 

ရှောင်ဟန်ကျန့်က သိချင်စွာ မေးခဲ့သည်။ "ယမ်းစိမ်းက ဘာလုပ်မလို့လဲ။"

 

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "ရာသီဥတုက အရမ်းပူတယ်လေ၊ ယမ်းစိမ်းနဲ့ရေခဲလုပ်မလို့၊ ပြီးရင် ရေခဲဇလုံကို ကျွန်မတို့အခန်းနဲ့ အမေ့အခန်းထဲ ထည့်ပြီး အပူဒဏ်ကို လျှော့ချမလို့လေ။"

 

ရှောင်ဟန်ကျန့်က ကြက်သေ သေသွားခဲ့သည်။ "ယမ်းစိမ်းကနေ ရေခဲလုပ်လို့ရလား။"

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါပေါ့။"

 

"ကောင်းပြီလေ။ ဒါဆိုလည်း သွားကြတာပေါ့။" ရှောင်ဟန်ကျန့်က နေ့တိုင်း အတိုက်အခိုက် လေ့ကျင့်ခဲ့သည်။

 

သူ့ကိုယ်ခန္ဓာက ပြန်ကောင်းလုနီးပါး ဖြစ်နေပြီး သက်လုံလည်း အများကြီး တိုးတက်လာခဲ့သည်။

 

ယမ်းစိမ်းတချို့ကို သယ်ပြန်လာဖို့အတွက် ပြဿနာ မရှိပေ။

 

ထို့ကြောင့် သူတို့နှစ်ယောက်က အိမ်အရင်ပြန်ပြီး ခြင်းနှစ်လုံးယူပြီး တောင်ပေါ်ပြန်တက်ခဲ့သည်။

 

ရှစ်ချင်းလျို့က လမ်းမှာ ပြောခဲ့သည်။ "တာအိုဘုန်းတော်ကြီးနဲ့ တာအိုကလေးနှစ်ယောက်ရဲ့ အရိုးပြာတွေ စုပြီးသွားပြီ၊ နောက်နှစ်ရက်လောက်နေရင် မြို့ထဲသွားပြီး ဖုန်းရွှေဆရာပင့်ပြီး ဂူသင်္ချိုင်းဆောက်ဖို့ နေရာကောင်း ရှာရအောင်။"

 

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပြီ။"

 

တာအိုဘုန်းတော်ကြီးက သူ့ဇနီးလေးကို အများကြီး ကူညီပေးခဲ့တာကြောင့် ဂူသင်္ချိုင်း ဆောက်လုပ်ပေးသင့်သည်။

 

"ကိုယ် မနက်ဖြန်ပဲ မြို့ထဲသွားပြီး ဖုန်းရွှေဆရာ သွားရှာလိုက်မယ်။"

 

ယမ်းစိမ်းသတ္တုတွင်းကို ရှာတွေ့ပြီးနောက် ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ကို တူးခိုင်းလိုက်ပြီး သူမ တာအိုဘုန်းကြီးကျောင်း အနောက်ကိုသွားကာ ပြောင်းဖူးပင်နှင့် ငရုတ်သီးပင်ကို ရေသွားလောင်းခဲ့သည်။

 

ရေလောင်းပြီးနောက် ရှောင်ဟန်ကျန့်က ယမ်းစိမ်းပါသည့် တစ်ခြင်းကို ကျောတွင် လွယ်ထားပြီး နောက်တစ်ခြင်းကို လက်က ကိုင်ကာ ပြန်လာခဲ့သည်။

 

ရှစ်ချင်းလျို့ ရေလောင်းပြီးသွားတော့ သူက မေးလိုက်သည်။ "ဟင်းသီးဟင်းရွက်တွေ စိုက်နေတာလား။"

 

သူမက ဟင်းသီးဟင်းရွက် စိုက်တာထက် ပိုကြီးမားသည့်အရာကို လုပ်နေတာဟု ခံစားနေရသည်။

 

မိသားစုပိုင် မြေယာမှာ စိုက်ပျိုးလို့ရသော်လည်း သူမက မစိုက်ပျိုးခဲ့ပေ။

 

ရှစ်ချင်းလျို့က မဖုံးကွယ်ထားဘဲ ရှောင်ဟန်ကျန့်ကို မျက်လုံးမှိတ်ပြခဲ့သည်။ "ကျွန်မ ဆရာက အထူးမျိုးစေ့တွေ ထားပေးခဲ့တော့ အဲတာတွေ စိုက်နေတာ၊ သူတို့ကို ရိတ်သိမ်းပြီးတာနဲ့ အံ့သြမှုအကြီးကြီးဖြစ်စေပြီး ကောင်းကင်က ပို့ဆောင်လိုက်တဲ့ အရည်အသွေးမြင့် အစေ့တွေ ဖြစ်လိမ့်မယ်။"

 

တာအိုဘုန်းတော်ကြီးက တာအိုဘုန်းကြီးကျောင်းက အရည်အသွေးမြင့် ပြောင်းဖူးစေ့အတွက် ဘွဲ့ပေးအပ်ခံရသည့် ဆင်ခြေ ဖြစ်လာခဲ့သည်။

 

ဘာပဲဖြစ်ဖြစ် ဘုရင်ကြီးက စုံစမ်းခိုင်းခဲ့ရင်လည်း ဘာမှ ရှာတွေ့မှာ မဟုတ်ဘဲ သေဆုံးသွားသည့် ဘုန်းတော်ကြီးကို တမလွန်အထိ လိုက်မမေးရင် ဘာမှထူးမည်မဟုတ်ပေ။

 

သူမက ပြောင်းဖူးပင်ကို မြေနှင့် ပတ်ဝန်းကျင် အထူး မလိုအပ်သည့် နေရာမှာ စိုက်ပျိုးဖို့ ဆုံးဖြတ်ခဲ့သည်။

 

ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးပြီးပါက လူတွေ များများ စားရဖို့ သူမ ရည်ရွယ်သည်။

 

ငရုတ်သီးပင်တွေကတော့ ပြောင်းပင်နှင့် အတူယှဉ်တွဲကာ စိုက်ပျိုးထားတာကြောင့် အကျိုးအမြတ် အများကြီးရှိတာအပြင် သူမက ငရုတ်အရသာကို လွမ်းဆွတ်ခြင်းကြောင့်လည်း ပါဝင်ပေသည်။

 

သူမက မော်ဒန်ခေတ်မှာ အစပ်အရသာ ပရိသတ် မဟုတ်သော်လည်း နေ့တိုင်း စားသောက်သည့် ဟင်းလျာတွေမှာ ငရုတ်သီးက မပါမဖြစ် ပါဝင်ခဲ့သည်။

 

ဒါက ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင် ပစ်နိုင်သည့် အခွင့်အရေး ဖြစ်သည်။

 

သို့ပေမယ့် အချိန်ကိုက် ပေါ်လာဖို့ တာအိုဘုန်းတော်ကြီးကို သူမ တောင်းဆိုဖို့ လိုအပ်သည်။

 

ထို့နောက် သူမခင်ပွန်း၏ နာမည်ဖြင့် ပြောင်းစေ့နှင့် ငရုတ်သီးတွေကို သူ့ကို ပေးအပ်ခိုင်းမည်ဖြစ်သည်။

 

ဒီနည်းဖြင့် သူမ ခင်ပွန်းနာမည်ဖြင့် အမည်စာရင်းသွင်းပြီး ဘုရင်ကြီးကို ရှောင်ဟန်ကျန့်ရဲ့ တည်ရှိမှုကို သိအောင်လုပ်မည်ဖြစ်သည်။

 

ဤနည်းဖြင့် အနာဂတ်တော်ဝင်စာမေးပွဲမှာ ကောင်းကျိုးတွေ ရနိုင်ပေသည်။

 

ဒါ့အပြင် သာမာန်ပြည်သူတွေကြားမှာ သူမခင်ပွန်းရဲ့ နာမည်ဂုဏ်သတင်းကို တိုးမြှင့်နိုင်သည်။

 

တာအိုဘုန်းတော်ကြီးက နာမည်သုံးစားခံရသော်လည်း မျိုးစေ့တွေကို တွေ့ရှိခဲ့သည့်လူက သူတို့ပဲ မဟုတ်လား။

 

ဒုတိယအနေဖြင့် သူမက မျိုးစေ့တွေကို ပွင့်လင်းမြင်သာစွာ စိုက်ပျိုးနိုင်မည်ဖြစ်သည်။

 

သူမ စကားကိုကြားတော့ ရှောင်ဟန်ကျန့်က မျက်တောင်ခတ်လိုက်သည်။

 

သူမက အစီအစဥ် တစ်ခုခု စီစဥ်နေကြောင်း သူ အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။

 

ဘယ်လိုအစေ့ဖြစ်ပြီး ဘယ်လိုအံ့သြစေမလဲဆိုတာကို သူ မသိပေမယ့် သူ့ဇနီးလေးက စိတ်ပျက်ရမှာ မဟုတ်ကြောင်းတော့ သူ ယုံကြည်သည်။

 

သူက ဘာမှ များများစားစား မပြောဘဲ အပြုံးဖြင့် မေးခဲ့သည်။ "ဒါဆိုလည်း သူတို့တွေ ပေါက်လာပြီးရင် ဘယ်လိုအံ့သြရမလဲစောင့်ကြည့်တာပေါ့၊ တကယ်တော့ မင်းရဲ့ ဆရာအတွက် ကိုယ်တို့ဂူသင်္ချိုင်း မဆောက်ပေးဘဲ အဓိကခန်းမဆောင်ကို ပြန်ဆောက်ပြီး သူ့အရိုးပြာကို ပူဇော်လို့ရအောင် လုပ်ရင်ရော ဘယ်လိုလဲ၊ ကိုယ်တို့တွေ သူ့အတွက် အမွှေးနံ့သာတွေ မကြာခဏ ပူဇော်ပေးလို့ရသလို သူ့ဂုဏ်သတင်းကြားတဲ့လူတွေလည်း လာပူဇော်လို့ရတယ်လေ၊ ဒါက ဘာပြဿနာမှ မရှိဘူးလေ၊ သူ့အတွက် တစ်နှစ်ပတ်လုံး ထွန်းညှိပူဇော်ပေးလို့ရတာပဲ။"

 

သူက အဓိပ္ပာယ်ပါပါပြောခဲ့သည်။ "သူပြန်ပေါ်လာတာလည်း ဖြစ်နိုင်တာပဲလေ။"

 

ထိုစကားကိုကြားတော့ ရှစ်ချင်းလျို့ရဲ့ မျက်လုံးတွေ တောက်ပသွားခဲ့သည်။ "ရှောင်အဖိုးကြီး ဒီအကြံကောင်းတယ်။"

 

ထင်သည့်အတိုင်း သူမ ယောက်ျားက အရမ်းဉာဏ်ကောင်းသည်။

 

ဒါကမှ တကယ့်ကို ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်တာဖြစ်၏။

 

တကယ်လို့ တာအိုဘုန်းတော်ကြီးကိုသာ တခြားလူတွေ လေးစားပူဇော်မယ်ဆိုရင် သူလည်း ဆက်လက်ပြီး လွှဲချလို့ရတာပေါ့။ အဟမ်း အဟမ်း။