အခန်း ၇၉
Viewers 7k

Ch-79

အခန်း(၇၉) - ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်း

 

ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ကိုခေါ်ပြီး ပေါက်ကွဲသွားခဲ့သည့် အဓိက ခန်းမဆောင်ကို ခေါ်ပြခဲ့သည်။

 

သူမကပြောခဲ့သည်။ "မနက်ဖြန် ဖုန်းရွှေဆရာကိုပင့်ပြီး ဒီနေရာမှာ အဓိကခန်းမဆောက်လို့ရလား မေးရအောင်၊ တကယ်လို့ ရတယ်ဆိုရင် လူငှားပြီး ဆောက်လုပ်ကြတာပေါ့။"

 

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "အင်း ကိုယ်တို့ မင်းရဲ့ ဆရာကို အထွက်အမြတ်ထားဖို့ အကောင်းဆုံး ဖုန်းရွှေဆရာကို ရှာကြတာပေါ့။"

 

ကျွမ်းကျင်ပြီး အရည်အချင်းရှိသည့် ဖုန်းရွှေဆရာကို ရှာဖွေနိုင်ပါက အသန်မာဆုံးစွမ်းအားကို ရစေသည်။

 

ဒါ့အပြင် လုပ်မည်ဟု ဆုံးဖြတ်ထားပါက အကောင်းဆုံး လုပ်မည်ဖြစ်သည်။

 

သူတို့နှစ်ယောက်က ဆွေးနွေးပြီးသည်နှင့် တာအိုဘုန်းကြီးကျောင်းက ပြန်ထွက်လာခဲ့ကြသည်။

 

ရှစ်ချင်းလျို့က တံခါးကို သော့ခတ်ပြီးနောက် ယမ်းစိမ်းခြင်းတောင်းတွေယူကာ တောင်အောက်ကို ပြန်ဆင်းလာခဲ့ကြသည်။

 

နောက်တစ်နေ့ကျတော့ ရှောင်ဟန်ကျန့်နှင့် သူကြီးက မြို့ထဲသွားကာ အိမ်နောက်က တောင်နှင့် ရွာအဝင်က မြေကွက်ကို ဝယ်ယူခဲ့သည်။

 

ဒီတစ်ခေါက် တောင်က ဝါးတောရှိသည့် တောင်တက် ပိုကြီးတာကြောင့် စျေးလည်း ပိုများသဖြင့် ငွေတုံး ၃၀၀ ကုန်ကျခဲ့သည်။

 

ရွာအဝင်က မြေကတော့ မြေအမြုံမျိုးဖြစ်တာကြောင့် စျေးမကြီးဘဲ ပေါချောင်ကောင်းစျေးဖြင့် ရရှိခဲ့သည်။

 

၁ ဧကကျော်ကျော် ၂ ဧကနီးပါးကို ငွေတုံး ၄၀သာ ကုန်ကျခဲ့သည်။

 

မြို့ထဲမှာ နာမည်ကြီး ဖုန်းရွှေဆရာ ဘယ်မှာနေလဲဆိုတာ ရှောင်ဟန်ကျန့် ရှာတွေ့သွားတာကြောင့် သူ့ဆီ သွားခဲ့သည်။

 

ဆရာလီက ယနေ့ အားလပ်နေသည်။

 

တာအိုဘုန်းတော်ကြီး ကောင်းကင်ဘုံကို တက်လှမ်းသွားသည့် သတင်းကို သူ ကြားသိထားတာကြောင့် ရွာကိုလိုက်ပြီး ကြည့်ရှုပေးဖို့ သဘောတူခဲ့သည်။

 

ရှောင်ဟန်ကျန့် ရထားလုံး ငှားရမ်းမည့်အချိန်မှာပဲ ပိုင်ရွှီနှင့် ဆုံခဲ့လေသည်။

 

ပိုင်ရွှီက တာအိုဘုန်းတော်ကြီး၏ အကြောင်းကို စိတ်ဝင်စားနေတာကြောင့် သူပါ လိုက်ချင်ကြောင်း ပြောခဲ့သည်။

 

ရှောင်ဟန်ကျန့်ကလည်း မငြင်းခဲ့ပေ။

 

ဤသို့ဖြင့် ပိုင်ရွှီရဲ့ ရထားလုံးကိုစီးပြီး ရွာပြန်ခဲ့ကာ အချိန်ကုန်သက်သာပြီး လူလည်း မပင်ပန်းတော့ပေ။

 

ရှောင်ဟန်ကျန့်နှင့် သူ့ဇနီးက ဖုန်းရွှေဆရာဖြင့် တာအိုဘုန်းတော်ကြီးအတွက် အဓိကခန်းမဆောင် ပြန်ဆောက်ပေးမယ်ကြားတော့ ရွာသားတွေကလည်း ထောက်ခံခဲ့သည်။

 

အကူအညီလိုတာရှိရင် ပြောပါဟုလည်း မှာခဲ့ကြလေသည်။

 

ရွာအနီးကရွာသားတွေကပါ တာအိုဘုန်းတော်ကြီးကို ရိုသေလေးစားကြသည်။

 

လူတိုင်းက ရှစ်ချင်းလျို့ကို အကောင်းမြင်ကြသည်။

 

တာအိုဘုန်းတော်ကြီးက သူ့တပည့်ကို ဘဝင်မြင့်အောင် အလိုမလိုက်ခဲ့ပေ။

 

သူတို့ရွာကိုရောက်ပြီးနောက် ကြာကြာမနေခဲ့ပေ။

 

ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ကို သူနှင့်အတူတူ တောင်ပေါ်လိုက်ခဲ့ဖို့ သွားပြောခဲ့သည်။

 

အခုက နေ့တစ်နေ့ရဲ့ အပူဆုံးအချိန် ဖြစ်သည်။

 

ရှစ်ချင်းလျို့က ပဲစိမ်းစွပ်ပြုတ်ကို သစ်သားပုံးထဲ ထည့်ခဲ့သည်။

 

သစ်သားပုံးထဲမှာ စားစရာထည့်ဖို့ အလွှာတစ်လွှာ ပါရှိသည်။

 

အပြင်လွှာက အခေါင်းပေါက်ကြီးဖြစ်ပြီး ယမ်းစိမ်းမှ ပြုလုပ်ထားသည့် ရေခဲကိုသိုလှောင်ရန် နေရာ ဖြစ်သည်။

 

ထိုအရာက အထဲက အစားအသောက်ကို အေးအောင်ထိန်းသိမ်းပေးသည်။

 

သူမက မနေ့ညက ထိုသစ်သားပုံးအကြောင်းပြောတော့ သူမ ခင်ပွန်းလေးက ဓားတစ်ချောင်းဖြင့် ပြုလုပ်ပေးခဲ့သည်။

 

ထိုအခါမှ သူမခင်ပွန်းက လက်မှုပညာရပ်လည်း တော်ကြောင်း သိခဲ့ရပြီး သူက အရာရာတိုင်းကို တတ်ကျွမ်းသည်။

 

သူမက သစ်သားပုံးကို သူမ သယ်ယူသည့်ခြင်းထဲ ထည့်ပြီး ပန်းကန်အနည်းငယ် ထည့်လိုက်သည်။

 

ထို့နောက် ရှစ်ချင်းလျို့က ရထားလုံးပေါ်တက်ပြီး တာအိုဘုန်းတော်ကြီးဆီ အတူတူ ခရီးဆက်ခဲ့ကြသည်။

 

တောင်ခြေကိုရောက်တော့ မြင်းရထားလုံးက ဆက်မတက်နိုင်တော့သဖြင့် သူတို့လည်း ရွေးချယ်စရာ မရှိဘဲ တောင်ပေါ်ကို လမ်းလျှောက်တက်ခဲ့ရသည်။

 

တာအိုဘုနကြီးကျောင်းက တောင်အလယ်လောက်မှာ ရှိတာကြောင့် အပေါ်လည်း ရောက်ကော လူတိုင်း ချွေးတဒီးဒီးကျခဲ့ရသည်။

 

သူတို့က တံခါးဖွင့်ပြီး အထဲကိုဝင်ခဲ့သည်။

 

ဆရာလီက လှည့်ပတ်ကြည့်ရင်း ဖုန်းရွှေကို ချိန်တွက်နေခဲ့သည်။

 

ပိုင်ရွှီက ဘေးကို လှည့်ကြည့်လိုက်တော့ ဘာမှ ထူးဆန်းတာ မတွေ့လိုက်ရတော့ အနည်းငယ် စိတ်ပျက်သွားခဲ့သည်။

 

သူက သူ့ဘာသာသူ ယပ်ခတ်လိုက်သည်။ "ရာသီဥတုက ပိုပိုပူလာတယ်။"

 

ဒီလိုမှန်း စောစောသိရင် ဒုက္ခခံပြီး လိုက်မလာပါဘူး။

 

ရှစ်ချင်းလျို့က သူ့အမူအရာကိုကြည့်ပြီး သူ့အတွေးတွေကို ခန့်မှန်းခဲ့သည်။

 

သူမက တခစ်ခစ် ရယ်ခဲ့သည်။ "ရှင် ဒီနေ့ မလာရင်တော့ နောင်တရမှာပဲ။"

 

ပိုင်ရွှီက မျက်ခုံးပင့်လိုက်သည်။ "ဘာလို့လဲ။"

 

ရှစ်ချင်းလျို့က သစ်သားပုံးကို ဖက်ခဲ့သည်။ "ခဏနေရင် သိလိမ့်မယ်။"

 

ပိုင်ရွှီ၊ "..."

 

စိတ်ပျက်စရာပဲ။ သည်းထိပ်ရင်ဖိုဖြစ်အောင် လုပ်နေပြန်ပြီ။

 

ခဏနေတော့ ဆရာလီက ပြန်လာခဲ့သည်။

 

သူက မီးလောင်ထားသည့် အဓိကခန်းမကိုညွှန်ပြပြီး ရှစ်ချင်းလျို့ကို ပြောခဲ့သည်။ "မင်းရဲ့ဆရာ အဓိကခန်းမ ဆောက်ထားတဲ့နေရာက ဖုန်းရွှေအကောင်းဆုံးရှိတဲ့ နေရာပဲ၊ ဒါက ဒီတောင်ပေါ်မှာ ကောင်းကင်ဘုံနဲ့ မြေပြင်က ဝိဉာဥ်တွေ စုစည်းတဲ့ နေရာကောင်းပဲ၊ ဒီနေရာက ဖုန်းရွှေအကောင်းဆုံး အဖိုးတန်မြေလို့ မင်းရဲ့ ဆရာက အရင်ကတည်းက သိပြီးသား ဖြစ်မယ်၊ ဒါကြောင့် သူက ဒီမှာ တာအိုဘုန်းကြီးကျောင်းကို ဆောက်ခဲ့တာလေ၊ ဒါ့ကြောင့် သူ့ဝိညာဥ်ကို ပြန်လည်အားဖြည့်ဖို့ ဒီမှာပဲ အဓိကခန်းမဆောက်ဖို့ အကြံပြုချင်တယ်။"

 

ရှစ်ချင်းလျို့ရင်ထဲမှာ ပျော်ရွှင်မှုတွေ ပြည့်လျှံသွားခဲ့သည်။

 

ဖုန်းရွှေဆရာပြောသမျှ စကားတွေက သူမ လိုချင်သည့် စကားတွေ ဖြစ်သည်။

 

ဖုန်းရွှေဆရာ ငှားရမ်းခဲ့ရတာ တန်သားပဲ။

 

သူမက ခေါင်းငြိမ့်ပြပြီး သူ့ကို ကျေးဇူးတင်ခဲ့သည်။ "ဟုတ်ကဲ့ ဆရာလီရဲ့ လမ်းပြပေးမှုအတွက် ကျေးဇူးတင်ပါတယ်ရှင်။"

 

ဆရာလီက ဒီနေရာ ဖုန်းရွှေအကောင်းဆုံး အဖိုးတန်မြေဟု ပြောခဲ့သည်။

 

မြို့ထဲက အကောင်းဆုံး ဖုန်းရွှေဆရာက အတည်ပြုပေးခဲ့တာကြောင့် သူတို့ ရှေ့လျှောက် အကြောင်းပြချက် ခိုင်လုံစွာ ပြသလို့ရပြီဖြစ်သည်။

 

အုတ်မြစ်ခိုင်မာအောင်ချပြီး သူ့ဆရာကို ကောင်းကောင်း အသုံးချလို့ ရပြီမလား။

 

ဖုန်းရွှေအနေအထား ဖတ်ရှုပြီးနောက် ရှစ်ချင်းလျို့က ဆရာလီနှင့် ပိုင်ရွှီကို ဘေးအခန်းထဲ ဖိတ်ခေါ်ကာ အနားယူခိုင်းခဲ့သည်။

 

သူတို့သောက်ဖို့အတွက် ပဲစိမ်းစွပ်ပြုတ် ထည့်ပေးခဲ့သည်။

 

အပူသက်သာစေသည့် ပဲစိမ်းစွပ်ပြုတ်ကို သောက်ပြီးနောက် ဆရာလီနှင့် ပိုင်ရွှီတို့ အံ့သြသွားခဲ့သည်။

 

ပိုင်ရွှီက မေးလိုက်သည်။ "ပဲစိမ်းစွပ်ပြုတ်ထဲ ရေခဲထည့်ခဲ့တာလား။"

 

ရှစ်ချင်းလျို့က အမှန်အတိုင်းပြောခဲ့သည်။ "ရေခဲ မထည့်ခဲ့ပါဘူး။ ဒါပေမဲ့ ရေခဲနဲ့ အအေးခံထားတာ။"

 

ပုံးအလယ်ထဲမှာ အရည် မပျော်သည့် ရေခဲတုံးလေးတွေ ရှိနေလေသည်။

 

ပိုင်ရွှီက အံ့သြစွာ မေးခဲ့သည်။ "ဒီရေခဲတုံးတွေ ဘယ်က ရခဲ့တာလဲ။ "

 

မြို့ထဲက သူ့မိသားစုနှင့် ဝူမိသားစုတောင် ရေခဲသိုလှောင်ခန်း မဆောက်နိုင်ပေ။

 

သူ သိသလောက်ဆိုရင် မြို့တော်က ချမ်းသာပြီး အာဏာရှိသည့်လူတွေမှ ရေခဲသိုလှောင်ခန်း ရှိလေသည်။

 

သူတို့တွေက ရေခဲကို ဆောင်းရာသီမှာ သိုလှောင်ခဲ့ပြီး နွေရာသီကျမှ သုံးကြသည်။

 

နွေရာသီကျမှ မြို့မှာ ရေခဲပေါ်လာစရာ အကြောင်းမရှိပေ။

 

ထို့ကြောင့် ရှစ်ချင်းလျို့ ဘယ်ကနေရေခဲရလာလဲဆိုတာ သူ အလွန်သိချင်နေသည်။

 

ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ခဲ့သည်။ "ဒါကြောင့် ရှင် ဒီနေ့ မလာရင် နောင်တရမယ်လို့ပြောတာပေါ့။"

 

သူမက ထပ်ပြောခဲ့သည်။ "ဒီရေခဲက ကျွန်မကိုယ်တိုင် လုပ်ခဲ့တာလေ။"

 

ဒီတစ်ခါတော့ ဆရာလီလည်း ထိတ်လန့်သွားခဲ့သည်။ "အမျိုးသမီးရှောင်က ရေခဲလုပ်နည်း သိတယ်ပေါ့။"

 

နွေရာသီမှာ အသုံးပြုဖို့ ရေခဲကို ဆောင်းတွင်းမှာ အအေးခန်းထဲ သိုလှောင်ထားရတာမလား။ သူက ဘယ်လိုလုပ်ခဲ့တာလဲ။

 

ပိုင်ရွှီလည်း ရှုပ်ထွေးနေခဲ့သည်။

 

ရှစ်ချင်းလျို့က ပြုံးခဲ့သည်။ "တကယ်တော့ ရှင်တို့ ပစ္စည်းတစ်ခုကို အသုံးပြုရုံနဲ့ နွေရာသီမှာ ရေခဲလုပ်လို့ရတယ်။"

 

ပိုင်ရွှီနှင့် ဆရာလီက ထိုပစ္စည်းက ဘာလဲဆိုတာ သိချင်နေကြပေမယ့် သူတို့က လိမ္မာပါးနပ်တာကြောင့် မမေးခဲ့ပေ။

 

ပိုင်ရွှီက ထိုအကြောင်းကို မမေးခဲ့ပေမယ့် မေးလိုက်သည်။ "ဒါလည်း မင်းရဲ့ ဆရာ သင်ပေးခဲ့တာပဲလား။"

 

သေချာတာပေါ့ဟူသော သဘောဖြင့် ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "အင်း။"

 

အင်း သူ့ဆရာ သင်ပေးခဲ့တာလား။

 

အရာအားလုံးကို သူ့ဆရာသင်ပေးခဲ့တာလား။

 

လူတိုင်းကို ဒီလိုစနောက်ရတာ သဘောကျတယ်။ အဟမ်း။

 

ဒီတစ်ခါတော့ ပိုင်ရွှီက သံသယ မဝင်ခဲ့ပေ။

 

ဘာပဲဖြစ်ဖြစ် ရှစ်ချင်းလျို့က ရွာသူတစ်ယောက်ဖြစ်တာမလို့ ဒီလိုမှော်အစွမ်းလို ပညာကို ဘယ်လိုလုပ်ပြီး သိမှာလဲ။

 

တာအိုဘုန်းတော်ကြီးက တကယ်ပဲ ကောင်းကင်ဘုံ တက်လှမ်းတဲ့ မသေမျိုးဖြစ်သွားတာလားဟု သူဘာသာသူ တွေးလိုက်လေသည်။

 

မဟုတ်ရင် သူက နွေရာသီကြီးမှာ ဘယ်လိုလုပ်ပြီး ရေခဲလုပ်နိုင်မှာလဲ။

 

ဆရာလီကလည်း သူ့ရဲ့ စည်းကမ်းမဲ့နေသည့် အတွေးတွေကို ထိန်းချုပ်ခဲ့သည်။

 

တာအိုဘုန်းကြီးကျောင်း တည်ရှိသည့် နေရာက ဖုန်းရွှေအားကောင်းသည်။

 

တာအိုဘုန်းတော်ကြီးက ဖုန်းရွှေအကြောင်း နားလည်မည်ဟု သူထင်သည်။

 

သို့ပေမယ့်လည်း တာအိုဘုန်းတော်ကြီးက ဒီလိုမှော်ပညာလိုနည်းလမ်းတွေပါ သိနေလိမ့်မည်ဟု သူ မထင်ခဲ့ပေ။

 

သူမှာ ကြောက်ရွံ့ရိုသေသွားလေသည်။

 

တာအိုဘုန်းတော်ကြီးက ဒဏ္ဍာရီထဲက မသေမျိုး မဟုတ်ရင်တောင် သူက ဉာဏ်ကြီးရှင် ဖြစ်သည်။

 

ပဲစိမ်းစွပ်ပြုတ် အေးအေးလေး သောက်ပြီးနောက် သူတို့တွေ အနည်းငယ် လန်းဆန်းသွားခဲ့သည်။

 

ပြီးတော့ သူတို့တွေ တောင်ပေါ်က ပြန်ဆင်းခဲ့ကြလေသည်။

 

ပိုင်ရွှီက ရှောင်စစ်ဖြင့် ဆရာလီကို မြို့ကို ပြန်ပို့ခိုင်းခဲ့ပြီး သူကတော့ အရှက်မရှိစွာ ရှောင်မိသားစုအိမ်ကို ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့နောက်ကို လိုက်ခဲ့သည်။

 

ဆရာလီ မြို့ကိုပြန်ရောက်တော့ ရှစ်ချင်းလျို့ က လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ မမှာလိုက်တာကြောင့် သူမက ရေခဲလုပ်တတ်သည့်အကြောင်း လူတွေကို ပြန်မျှဝေခဲ့သည်။

 

 တာအိုဘုန်းတော်ကြီး သင်ပေးခဲ့သည့်အကြောင်းကိုလည်း ပြောခဲ့သည်။

 

တကယ်တော့ ရှစ်ချင်းလျို့က ပိုင်ရွှီနှင့် ဆရာလီကို ပဲစိမ်းစွပ်ပြုတ် အေးအေးလေး ရည်ရွယ်ချက်ရှိရှိ သောက်ခိုင်းပြီး ရေခဲတွေကို သူတို့ မြင်သာအောင် လုပ်ခဲ့တာ ဖြစ်သည်။

 

သူမ လိုချင်သည့်အတိုင်း ဆရာလီက ထိုအကြောင်း ကြော်ငြာပေးခဲ့လေသည်။

 

ပိုင်ရွှီကလည်း သူမ ခန့်မှန်းချက်ထဲအတိုင်း ဖြစ်သည်။

 

ဒီသတင်းက မှော်ပညာဆန်တာကြောင့် ခပ်မြန်မြန်ပဲ မြို့ထဲမှာ ပြန့်သွားခဲ့သည်။

 

ဝူမိသားစုရဲ့ အကြီးဆုံးသားက ထိုသတင်းကိုကြားတော့ သူ့အဖေကို ချက်ချင်း အမြန်သွားတွေ့ခဲ့သည်။

 

သူက စာဖတ်ခန်းဆီ စိတ်လှုပ်ရှားစွာ သွားပြီးနောက် ဆရာလီ ပြောသည့် သတင်းကို ဝူသခင်ကြီးကို ပြောပြခဲ့သည်။

 

"အဖေ ကျွန်တော်တို့သာ ရေခဲလုပ်နည်းကို ယူနိုင်ရင် ကျွန်တော်တို့မိသားစုအတွက် အကျိုးအမြတ်တွေ အများကြီးရလိမ့်မယ်။"