အခန်း၈၀
Viewers 7k

Ch-80

အခန်း(၈၀) - အဲလောက် ကြင်နာတတ်လား

 

ဝူသခင်ကြီးက သူ့သားစကားကိုကြားတော့ မျက်လုံးတွေ လင်းလက်သွားခဲ့သည်။

 

ဒါ့အပြင် ရာသီဥတုက ပူသည်။

 

မြို့တော်က မိသားစုအများစုတောင် ရေခဲကို မသုံးနိုင်ကြပေ။

 

သူသာ ရေခဲလုပ်နည်းကို သိပြီး မြို့တော်မှာ အသုံးချပါက အဆုံးမရှိသည့် အကျိုးအမြတ်တွေ ရနိုင်သည်။

 

ချမ်းသာပြီး ရေခဲ မရှိသည့်လူတွေဆီကို ရေခဲကို စျေးများများဖြင့် ရောင်းချနိုင်သည်။

 

ဝူသခင်ကြီးက ခဏလောက် တွေးကာ ပြောခဲ့သည်။ "ရှစ်မိသားစုက စတုတ္ထသားနဲ့ အဲဒီမိန်းမယုတ်ကို သွားတွေ့ခိုင်းပြီး ရေခဲလုပ်တဲ့ နည်းပညာကို ရောင်းချနိုင်မလားလို့ သွားမေးခိုင်းလိုက်။

 

သူ့အမြင်မှာ ရှစ်ချင်းလျို့က အတွေ့အကြုံမရှိသည့် တောသူဟုသာ မြင်နေသည်။

 

ဒါကြောင့်ပဲ အရင်တစ်ခါက သူတို့ကို အမည်းရောင်အလုံးလေးတွေကို ငွေတုံး ၆၀၀ဖြင့် ရောင်းချခဲ့တာ ဖြစ်၏။

 

အကြီးဆုံးဝူသခင်လေးက ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်ကဲ့ အခုပဲ ရှစ်မိသားစုရဲ့စတုတ္ထသားကို သွားရှာလိုက်ပါ့မယ်။"

 

သူ ထွက်သွားတော့မည့်အချိန်မှာပဲ ဝူသခင်ကြီးက မေးလိုက်သည်။ "အမည်းရောင် အလုံးလေးတွေရဲ့ လုပ်ဆောင်ချက်ကော ဘယ်လိုရှိလဲ။"

 

သူ့သားက အနည်းငယ် အကူအညီမဲ့စွာ ဖြေလာခဲ့သည်။ "လူတွေက အဲ့အမည်းရောင်အလုံးထဲမှာ ဘာအမှုန့် ထည့်ထားတာလဲဆိုတာ ရှာဖွေနေတုန်းပါ၊ ဘာမှတော့ အခြေအနေ မတိုးတက်သေးပါဘူး။"

 

ဘယ်အချိန်မှ လုပ်နိုင်မလဲဆိုတာ သူ မသိပေ။

 

သူက ပြောခဲ့သည်။ "အဖေ အဲမိန်းမယုတ်မှာ အမည်းရောင်အလုံးတွေ လုပ်တဲ့ နည်းပညာရှိမယ်ထင်လား။"

 

ဝူသခင်ကြီးက ခဏလောက်တွေးကာ ပြောခဲ့သည်။ "ဒါက ပြောဖို့ခက်တယ်၊ ရှစ်မိသားစုရဲ့ စတုတ္ထသားနဲ့ စမ်းခိုင်းလိုက်၊ တကယ်လို့ရှိတယ်ဆိုရင် ငါတို့ စျေးမြင့်မြင့်နဲ့ ပေးဝယ်နိုင်တယ်။"

 

လူတွေ ငှားပြီး ခွဲခြမ်းစိတ်ဖြာခိုင်းတာက ငွေနဲ့ အချိန် ပိုကုန်သည်။

 

ထိုနည်းပညာသာ သူတို့လက်ထဲ ရောက်လာပါက ထိုမိန်းမယုတ်ရဲ့ နေဝင်ချိန်နီးပြီဖြစ်သည်။

 

သူက ထပ်ပြောခဲ့သည်။ "တကယ်လို့ ရှစ်မိသားစုရဲ့ စတုတ္ထသား မအောင်မြင်ရင် နောက်နှစ်ရက်နေရင် မင်းကိုယ်တိုင် ရှာ့ရှီရွာကိုသွားပြီး အဲဒီမိန်းမယုတ်နဲ့ သွားစကားပြောလိုက်ဦး။"

 

ဝူမိသားစုရဲ့ အကြီးဆုံးသားကလည်း ထိုကဲ့သို့သော တူညီသည့် အတွေး ရှိနေသည်။ "ကောင်းပါပြီ။"

 

ဒီနေ့ ပိုင်ရွှီက ရှောင်ဟန်ကျန့်နှင့် ရွာလိုက်သွားကြောင်း သူကြားခဲ့သည်။

 

ကြည့်ရတာ သူ ရေခဲကို တွေ့ပြီးပြီနေမှာ။

 

ပိုင်မိသားစုကိုတော့ လက်ဦးမှုရယူခွင့် မပေးနိုင်ပေ။

 

မကြာခင်က ပိုင်မိသားစုက သကြားဖူးကို ထုတ်လုပ်ခဲ့သည်။

 

အရောင်ကော အရသာပါ စျေးကွက်ထဲက သကြားထက် အများကြီး ကောင်းမွန်သည်။

 

သူတို့ကို မြို့တော်မှာပါ စျေးကြီးကြီးဖြင့် ရောင်းချနိုင်ခဲ့သည်။

 

ထိုကိစ္စကလည်း ဟိုမိန်းမယုတ်နှင့် ဆက်စပ်မှု ရှိလိမ့်မည်ဟု သူတို့ သံသယဝင်မိသည်။

 

ဒါက သူတို့ကို ဘေးကျပ်နံကျပ်ကာလကို ရောက်စေသည်။

 

ပိုင်မိသားစုကို သူတို့မိသားစုကို ကျော်လွှားခွင့် မပေးနိုင်ပေ။

 

နောက်ထပ်တစ်ရွာတွင် ဖြစ်သည်။

 

ပိုင်ရွှီကလည်း နည်းပညာကို ဝယ်ယူချင်နေသည်။

 

သူက ရှစ်ချင်းလျို့ကို နားပူနားဆာ မေးမြန်းခဲ့သည်။ "ငါတို့က မိတ်ဆွေတွေပဲလေ၊ ဒီနည်းပညာကို စျေးပြောပြီး ငါ့ကိုရောင်းလိုက်ပါလား၊ ဟင်။"

 

ရှစ်ချင်းလျို့က ခေါင်းခါခဲ့သည်။ "မရောင်းဘူး။"

 

ယမ်းစိမ်းကို သူမ မိသားစု အပူလျှော့ချဖို့အတွက်သာ သူမ ပြင်ဆင်ခဲ့သည်။

 

သူများရဲ့ မကောင်းသည့် ရည်ရွယ်ချက်တွေကိုလည်း သူမ သိချင်သည်။

 

ရေခဲကို အသုံးပြုပြီး ပိုက်ဆံရှာဖို့ ရည်ရွယ်ချက် သူမမှာ မရှိပေ။

 

ပိုင်ရွှီက ခဏလောက် တွေးပြီး မေးခဲ့သည်။ "ရေခဲလုပ်ပြီး ရောင်းမှာလား၊ ဒါမှမဟုတ် နည်းလမ်းက အရမ်းရှုပ်ထွေးတာလား။"

 

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "လုပ်တဲ့နည်းက အရမ်းလွယ်တာ၊ လူတိုင်း လုပ်နိုင်တယ်၊ ပြီးတော့ ကျွန်မ ရေခဲလုပ်မရောင်းပါဘူး။"

 

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။ "ဒါဆို နည်းပညာကို ဘာလို့ ဝှက်ထားချင်တာလဲ၊ နည်းပညာကို ငါ့ကိုရောင်းလိုက်ပေါ့။ ဒါဆို ပိုက်ဆံလည်းရပြီး အလဟသ မဖြစ်တော့ဘူးလေ။"

 

ရှစ်ချင်းလျို့က မျက်ခုံးပင့်ခဲ့သည်။ "ကျွန်မကို ပိုက်ဆံကို လောဘတက်တဲ့လူလို့ထင်နေတာလား။"

 

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။ ဒါဆို အရင်တုန်းက ပိုက်ဆံကို လောဘတက်ခဲ့တာ ဘယ်သူလဲ။

 

သို့ပေမယ့် သူက ထိုသို့မပြောခဲ့ပေ။ "သေချာပေါက် အဲလို မဟုတ်ပါဘူး၊ ဒါပေမဲ့ ပိုက်ဆံတွေ ပိုရှိနေလို့ စိတ်မဆင်းရဲဘူးလို့ မင်းပြောခဲ့တယ်မလား။"

 

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "အခုကျွန်မ ပိုက်ဆံ လိုမနေလို့ မရောင်းချင်ဘူး။"

 

သူမက ပစ္စည်းတွေ ဖန်တီးရတာကို ကြိုက်နှစ်သက်ပြီး ပိုက်ဆံ မမက်မောပေ။

 

မဟုတ်ပါက မော်ဒန်ခေတ်ကတည်းက စီးပွားရေးလောကထဲ ဝင်ပစ်ခဲ့ပြီဖြစ်သည်။

 

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။ ဒီမိန်းမကို တကယ်နားမလည်နိုင်တော့ဘူး။

 

သူမရဲ့ ဆုံးဖြတ်ချက်စိတ်ထားကိုကြည့်ပြီး မျှော်လင့်ချက် မရှိတော့မှန်း သူ သဘောပေါက်ခဲ့သည်။

 

ဘဝမှာ ဘာမှ ကပ်တွယ်စရာ မရှိတော့သလိုကို သူ ခံစားလိုက်ရသည်။

 

ရေခဲလုပ်ပြီးရမည့် အကျိုးအမြတ်ထက် နွေရာသီမှာ ရေခဲဇလုံတွေ ပြုလုပ်ပြီး သူက ကိုယ့်သာဘာကိုယ် အေးအောင် လုပ်ချင်တာ ဖြစ်သည်။

 

သူ့အမူအရာကိုမြင်တော့ ရှစ်ချင်းလျို့က ရွှင်မြူးသွားခဲ့သည်။ "အဲလောက်လည်း စိတ်ပျက်မနေပါနဲ့၊ သိပ်မကြာခင်မှာ ရေခဲလုပ်နည်း ရှင့်ကို အလကားပြောပြမှာပါ။"

 

ပိုင်ရွှီက သံသယဝင်စွာ ကြည့်လိုက်သည်။ "မင်းက အဲလောက် ကြင်နာတတ်လား။"

 

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "အစကတည်းက ကျွန်မက လူကောင်းတစ်ယောက်ပါ။"

 

ပိုင်ရွှီက စိတ်ထဲကနေ ဟားဟားဟု ရယ်လိုက်သည်။ သူမက ရှောင်ကျန်ဟန့်ရဲ့ သွေးစုပ်ဖုတ်ကောင်အမျိုးတွေ မြို့တော်ကို သွားအောင် လှုံ့ဆော်ခဲ့တာကို သူ မသိသေးပေ။

 

သူက သိချင်စွာဖြင့် မေးလိုက်သည်။ "အကြောင်းအရင်းက ဘာများလဲ။"

 

သူမက လေနှင့် ကစားနေသလို ခံစားရသည်။

 

ရှစ်ချင်းလျို့က သူမရဲ့ ဆေးဖတ်ဝင် လက်ဖက်ရည်ကို သောက်လိုက်သည်။ "ကောင်းတဲ့ကိစ္စလေး လုပ်မလို့ပါ။"

 

ပိုင်ရွှီက ရှုပ်ထွေးသွားခဲ့သည်။ "အဲတာက ဘာတုန်း။"

 

ရှစ်ချင်းလျို့က သူ့ကို မရှင်းပြချင်ပေ။ "မကြာခင် ရှင်သိပါလိမ့်မယ်။"

 

ပိုင်ရွှီ ပင်ပန်းနေပြီဖြစ်သည်။ "ကောင်းပြီ။ မင်းလုပ်မယ့်ကိစ္စကို စောင့်နေမယ်၊ အရင်ဆုံး ငါ့ကို ရေခဲနည်းနည်းရောင်းပေးလို့ မရဘူးလား။"

 

ရှစ်ချင်းလျို့က သူ့ကို မျက်လုံးလည်ပြခဲ့သည်။ "ရှင့်ကို အထူးသီးသန့် ရေခဲလုပ်ပေးဖို့ ကျွန်မမှာ အချိန်မရှိဘူး။"

 

သူမက ပြုံးခဲ့သည်။ "ရှင်က သိပ်စိတ်မရှည်တာပဲ၊ ရက်နည်းနည်းပဲ စောင့်ရမှာပါ။"

 

ပိုင်ရွှီက အသံတိတ်နေခဲ့သည်။ ရေခဲတချို့ ရဖို့ သူ့အတွက် မလွယ်ကူပေ။

 

သူက ဆက်လက်ကာ နားပူနားဆာ လုပ်ခဲ့ပေမယ့် ရှစ်ချင်းလျို့က ငြင်းဆန်ခဲ့တာကြောင့် နောက်ဆုံးတော့ အရှုံးပေးခဲ့ရလေသည်။

 

ရှောင်စစ် ရထားလုံးဖြင့် ပြန်ရောက်လာတော့ သူ ပြန်ဖို့ ပြင်လိုက်သည်။

 

သူ ပြန်ခါနီးမှာပဲ ရုတ်တရက်ကြီး ပြဿနာတစ်ခုကို တွေးမိခဲ့လေသည်။ "ဒီကိစ္စသာ ပေါက်ကြားသွားရင် ဝူမိသားစုက ဒီအကျိုးအမြတ်ကို လက်လွှတ်ခံမှာ မဟုတ်ဘူး၊ သတိထား နေဦး။"

 

သူက ရေခဲလုပ်နည်း မရခဲ့ပေမယ့် ဝူမိသားစုကိုလည်း မရစေချင်ပေ။

 

ရှစ်ချင်းလျို့က ပြုံးခဲ့သည်။ "သိပါပြီ။"

 

တကယ်လို့ ဝူမိသားစုက ပြဿနာရှာရင်တောင် စိတ်ထဲ မထားဘဲ ဆင်နွှဲပေးလိုက်မည်ဖြစ်သည်။

 

ပိုင်ရွှီပြန်သွားတော့ ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ကို ပြုံးကာ မေးခဲ့သည်။ "ဒီနည်းပညာကို မရောင်းဘူးလား။"

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "အင်း မရောင်းဘူး၊ မကြာခင်က ကျွန်မတို့က တောင်တွေ မြေတွေကို ဝယ်ခဲ့ပြီး အလုပ်ရုံတွေဖွင့်ရင် လူတွေရဲ့ အာရုံစိုက်မှုကို အရမ်းခံရမှာ၊ အရင်ဆုံး အာရုံလွှဲပြောင်းတဲ့အနေနဲ့ ဂုဏ်သတင်းကောင်းလေးတစ်ခုဖြစ်အောင် ဖန်တီးရမယ်၊ ဒါက ပိုက်ဆံရှာတာထက် ပိုအရေးကြီးတယ်။"

 

ရှေးခေတ်မှာ သက်သောင့်သက်သာ နေထိုင်နိုင်ဖို့အတွက် ခြေလှမ်းကို ဆယ်လှမ်းလောက် ကြိုကြည့်ဖို့လိုသည်။

 

ပိုက်ဆံဆိုတာ သူမအတွက် ကိန်းဂဏန်း တစ်ခုသာ ဖြစ်သည်။

 

ပိုက်ဆံရှာတာက ဘဝကို သက်သောင့်သက်သာ၊ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ရန် ဖြစ်၏။

 

သူမစကားကိုကြားတော့ သူမ လုပ်ချင်သည့် ကိစ္စကို ရှောင်ဟန်ကျန့် အကြမ်းဖျင်း ခန့်မှန်းမိခဲ့သည်။

 

သူက ခပ်ဟဟရယ်ကာ ပြောခဲ့သည်။ "ကိုယ် မင်းကို ယုံပါတယ်။"

 

ရှစ်ချင်းလျို့က ပြုံးခဲ့သည်။ "ဒါပေါ့။"

 

ညစာစားပြီးနောက် အစာကြေရန်အတွက် ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်က လမ်းလျှောက်ထွက်သွားခဲ့သည်။

 

သူတို့ တံခါးနားရောက်သည့်အချိန်မှာပဲ ရှစ်မိသားစုရဲ့ စတုတ္ထသားကို တွေ့လိုက်လေသည်။

 

သူက သူတို့လင်မယားရှေ့လျှောက်သွားပြီး အပြုံးဖြင့် မေးလိုက်လေသည်။ "နှစ်ယောက်သား အပြင်သွားမလို့လား။"

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "အင်း ဒါကြောင့် လာမနှောက်ယှက်နဲ့။"

 

ရှစ်မိသားစုရဲ့ စတုတ္ထသားက ဆွံ့အသွားခဲ့သည်။ ဒီမိန်းမယုတ်က စကားပြောလိုက်ရင် လူကို ဆို့နင်သွားစေတာပဲ။

 

သူက ပြန်ပြောလေသည်။ "ငါမင်းတို့ရဲ့ အရေးကြီးကိစ္စ ဆွေးနွေးစရာရှိလို့ပါ။"

 

ရှစ်ချင်းလျို့က မျက်ခုံးပင့်ခဲ့သည်။ "ရေခဲလုပ်နည်းမေးချင်တယ်ဆိုရင်တော့ အခုပဲ ပြောပြလိုက်မယ်၊ နည်းလမ်း မရှိဘူး။"

 

ရှစ်မိသားစုရဲ့ စတုတ္ထသားက ဒီမိန်းမယုတ် ဒီလောက် ဉာဏ်ကောင်းလိမ့်မည်ဟု မထင်မိခဲ့ပေ။ လူကိုတွေ့တာနှင့်ပင် သူ့ရည်ရွယ်ချက်ကို ခန့်မှန်းတတ်နေပြီဖြစ်သည်။

 

ဘယ်လိုလုပ် မရှိဘဲ နေမှာလဲ။ ဆရာလီက သူ့မျက်လုံးတွေနဲ့ မြင်ခဲ့တာလေ။

 

သူက အကြံပေးခဲ့သည်။ "အခု မင်းလက်ထဲမှာ ရေခဲလုပ်နည်းရှိနေလည်း အသုံးမဝင်ဘူးလေ၊ ဝူမိသားစုကို ရောင်းလိုက်ပါလား၊ သူတို့ ပိုက်ဆံ အများကြီး ပေးလိမ့်မယ်။"

 

ရှစ်ချင်းလျို့က ခေါင်းခါပြခဲ့သည်။ "ဘယ်လောက်ပဲပေးပေး မရောင်းနိုင်ဘူး။"

 

"ဘာလို့ ပိုက်ဆံကို အဲလောက် ငြင်းဆန်နေတာလဲ။" ရှစ်မိသားစုရဲ့ စတုတ္ထသားက ဆွံ့အနေခဲ့သည်။

 

တကယ်လို့ သူသာ သူမ နေရာမှာဆိုရင် ချက်ချင်း အမြန်ရောင်းပစ်မည်ဖြစ်သည်။

 

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "ဒီကိစ္စကို ရှင်စိတ်ပူစရာမလိုပါဘူး၊ ခွေးလေး လိမ္မာတယ်၊ လမ်းမပိတ်နဲ့။"

 

သူမနှင့် ခင်ပွန်းဖြစ်သူ လမ်းလျှောက်မည့်အချိန် မနှောင့်နှေးချင်ပေ။

 

ရှစ်မိသားစုရဲ့ စတုတ္ထသားက အလွန်ဒေါသထွက်ပြီး မျက်နှာကြီး အစိမ်းရောင်ပြောင်းသွားခဲ့သည်။ "မင်း မင်းက စာပေအသိုင်းအဝိုင်းက လူကို စော်ကားနေတာပဲ။"

 

ရှစ်ချင်းလျို့က သူ့ကို မျက်လုံးလည်ပြခဲ့သည်။ "ရှင်က ရှေ့မှာသာ လူကြီးလူကောင်းယောင်ဆောင်၊ စာသင်သားယောင်ဆောင်နေပြီး နောက်ကွယ်မှာတော့ ကိုယ်တူမကို မြေမြှုပ်သင်္ဂြိုလ်ဖို့အတွက် ရောင်းချဖို့ ကြံခဲ့တာလေ၊ ရှင်တို့အိမ်က အဖွားကြီးရဲ့ စကားအတိုင်း ပြောရမယ်ဆိုရင် ရှင့်မှာ ပုပ်ပွမည်းညစ်နေတဲ့ စိတ်နှလုံး ရှိနေတယ်လေ။"

 

ရှစ်မိသားစုရဲ့ စတုတ္ထသားက ဆွံ့အသွားခဲ့သည်။ ဒီမိန်းမယုတ်ရဲ့ ပါးစပ်က တော်တော် စိတ်ရှုပ်ဖို့ ကောင်းတာပဲ။