အခန်း ၈၁
Viewers 7k

Ch-81

အခန်း(၈၁) လာနောက်နေတာလား

 

ရှစ်မိသားစု စတုတ္ထသားသည် အသက်ရှူအောင့်လိုက်ရသည်။ သို့သော် သူ အရှုံးမပေးချင်သေးပါ။

 

စကားလမ်းကြောင်းကို ပြောင်းလဲလိုက်၏။ "အဲ့ဒီအနက်ရောင်အလုံးလေးတွေကို ဘယ်လိုလုပ်ရလဲဆိုတာ နင်သိလား။”

 

ထို့နောက် ထပ်ပြောလိုက်၏။ "ဝူမိသားစုက ဒီနည်းပညာကို ဝယ်ဖို့အတွက် ငွေတွေအများကြီး ထပ်ပေးဦးမှာနော်။"

 

ရှစ်ချင်းလျို့က ပြုံးလိုက်ပါသည်။ "ကျွန်မဆရာက တီထွင်ထားခဲ့တာလေ။ ကျွန်မက နည်းပညာကို ဘယ်လိုလုပ်ပြီး သိရမှာလဲ။ ရှင် တကယ်သိချင်ရင် ရှင့်ဖာသာရှင်ပဲ သွားမေးလိုက်လေ။"

 

ရှစ်မိသားစု စတုတ္ထသား၏ မျက်နှာဟာ ချက်ချင်းဆိုသလိုပဲ ခက်ထန်သွားခဲ့ပါသည်။ သူတို့သာ မေးလို့ရပါက သူမကို မေးနေပါဦးမလား။

 

ဝူမိသားစုက ကမ်းလှမ်းထားသည့် အကျိုးအမြတ်များကို လက်လွှတ်မခံနိုင်သဖြင့် သူခြိမ်းခြောက်လိုက်ပါသည်။ "နင်ဝူမိသားစုကို စော်ကားရဲရင် နင်လည်း ဘာအကျိုးအမြတ်မှ ရမှာ မဟုတ်ဘူးနော်။"

 

"ငါသာနင့်နေရာမှာဆိုရင် အဲ့ဒီနည်းပညာနှစ်ခုကို ထုတ်ပြီး ငါတို့ရဲ့အတိတ်က ပဋိပက္ခတွေကို ကျေအေးစေဖို့ ဝူမိသားစုကို ရောင်းလိုက်မှာ အနာဂတ်ကျရင်လည်း နှစ်ဦးနှစ်ဖက်စလုံးအတွက် အဆင်ပြေတာပဲလေ။"

 

"ဝူမိသားစုနောက်ကွယ်မှာ ထောက်ပံ့ပေးနေတဲ့ ခရိုင် တရားသူကြီး ရှိတယ်နော်။ နင့်ယောက်ျားတောင် နောက်ဆိုရင် သူ့အကူအညီကို ယူလာရနိုင်တယ်။"

 

အကြီးဆုံးသခင်လေးဝူက ဒီမိန်းမယုတ်လေးကို နည်းပညာများရောင်းချဖို့ ဖြောင်းဖြနိုင်ပါက သူ့ဖအေတူမအေကွဲ နှမတွေထဲက တစ်ယောက်နဲ့ လက်ထပ်ခွင့်ပေးမည်ဟု ဆိုခဲ့သည်။

 

ဝူမိသားစုနဲ့ ဆက်နွယ်မှု ရှိလာသောအခါ အကျိုးအမြတ်များလည်း ခံစားရနိုင်ပါသည်။

 

ရှစ်ချင်လျို့က ဂရုမစိုက်ပေ။ "ကျွန်မ သူတို့ကို အရင်ကတည်းက တိုက်ခိုက်ထားပြီးသားလေ။ အဲ့တာကြောင့် ဝူမိသားစုကို ထပ်ပြီး စော်ကားမိမှာကိုလည်း မစိုးရိမ်ဘူး။"

 

ထို့နောက် အထင်သေးစွာဖြင့် သူမ နှုတ်ခမ်းကို ကွေးလိုက်သည်။ "ပြီးတော့လည်း ကျွန်မယောက်ျားက အရမ်းတော်တယ်။ အဲ့ဒီဝူမိသားစုထဲက မျိုးမစစ်တွေက သူနဲ့ ယှဥ်နိုင်လို့လား။ ကျွန်မယောက်ျားက သူတို့အကူအညီလိုမယ့်ပုံပေါက်နေလို့လား။"

 

သူမ ရှစ်မိသားစု စတုတ္ထသားကို အထင်သေးစွာဖြင့် ကြည့်လိုက်ပါသည်။ "ကျွန်မကို လာနောက်နေတာလား။"

 

သူ့ပါးစပ်တွန့်သွားရ၏။ ဒီမိန်းမယုတ်လေးက ရှောင်ဟန်ကျန့်ကို တော်တော် ယုံကြည်ချက် ရှိနေတာလား။

 

သူတို့က ခရိုင် တရားသူကြီးတစ်ယောက်အကြောင်း ပြောနေကြတာ ဖြစ်သည်။ အခြေခံ ပညာသင်တစ်ယောက်က သူနဲ့ ဘယ်လိုလုပ် အဆင့်အတန်းချင်း တူနိုင်ပါ့မလဲ။ သူမယောက်ျားက သူ့အကူအညီတောင် လိုမှာမဟုတ်ဘူးဟု ပြောခဲ့သည်။ တကယ်ပဲ မောက်မာလွန်းပါသည်။

 

သူစကားပြောဖို့ ပြင်လိုက်စဥ်မှာပဲ ရှစ်ချင်းလျို့က ထပ်ပြောလိုက်ပါသည်။ "ရှင်က တုံးလွန်းတယ်။ တခြားသူတွေက ရှင့်ကို လှည့်စားနေတာတောင် ရှင်က ကိုယ့်ကိုယ်ကို ဂုဏ်ယူနေတုန်းပဲ။"

 

"ဝူမိသားစုရဲ့ ကတိက တကယ်ဖြစ်လာမယ်လို့ထင်နေတာလား။"

 

"ရှင် အဲ့ဒီငွေကို ယူပြီးတာနဲ့ သုံးစရာ ဘဝ ရှိမှာမဟုတ်တော့ဘူး။"

 

"ဒါမှမဟုတ် အကျိုးအမြတ်တွေရရင်ရမယ်။ ဒါပေမယ့် ပျော်ပျော်ကြီးသုံးဖို့ အခွင့်အရေးတော့ ဘယ်တော့မှ ရမှာ မဟုတ်ဘူး။"

 

ရှစ်မိသားစု စတုတ္ထသား၏ ပြင်းထန်သော တိုက်တွန်းမှုများကို ကြည့်ခြင်းအားဖြင့် ဝူမိသားစုက သူ့ကို အကျိုးအမြတ် ကြီးကြီးမားမား ကမ်းလှမ်းထားသည်ဟု သူမ ယုံကြည်မိသည်။

 

ရှစ်မိသားစု စတုတ္ထသားကတော့ ဆက်လက်တိတ်ဆိတ်နေဆဲပင်။

 

ဒီမိန်းမယုတ်လေးက သူ့ကို အထင်သေးရုံတင်မကဘဲ ပျော်စရာ ဘဝ ရှိမှာမဟုတ်ဘူးဟု ကျိန်ဆဲလိုက်သည်။ အလွန် စိတ်တိုဖို့ ကောင်းပါသည်။

 

ရှောင်ဟန်ကျန့်ကလည်း သူ့မိန်းမနဲ့ လမ်းလျှောက်နေတာကို အနှောင့်အယှက်ပေးသည့် ရှစ်မိသားစု စတုတ္ထသားကို အထင်သေးနေပါသည်။ "ကျွန်တော်တို့ ကိစ္စတွေရှိသေးတယ်။ ကျေးဇူးပြုပြီး သွားပါတော့"

 

ရှစ်မိသားစု စတုတ္ထသားက လက်မလျှော့ချင်သေးပါ။ "နင်တို့ဘာလို့ ဒီလိုလုပ်..."

 

သို့သော်လည်း သူပြောလို့ မပြီးခင်မှာပင် ရှစ်ချင်းလျို့ကစိတ်မရှည်ဖြစ်လာပြီး ဒမ်ဘီကို ညွှန်ပြလိုက်သည်။ "ငန်းလေး ကိုက်လိုက်စမ်း။"

 

အနောက်ကလိုက်လာပြီး ရှောင်ဟန်ကျန့်ကို တွန်းထုတ်ဖို့ မအောင်မမြင် ကြိုးစားနေခဲ့သည့် ဒမ်ဘီက ထိုစကားကိုကြားသောအခါ မျက်စပစ်လိုက်ပါသည်။

 

သူက အတောင်ကိုခတ်ကာ ခုန်တက်လိုက်ပြီး ရှစ်မိသားစု စတုတ္ထသားကို ကိုက်လိုက်ပါသည်။

 

ရှစ်မိသားစု စတုတ္ထသား ထိတ်လန့်သွားရ၏။ တိုက်ခိုက်မှုကြောင့် လက်တွေ ယောင်ကိုင်းသွားပါသည်။ သူ့ခန္ဓာကိုယ်လည်း အလွန်အမင်း နာကျင်သွားရ၏။

 

ငန်းနက်ကို သူ့လက်ဖြင့် ဖယ်ထုတ်လိုက်ချင်သော်လည်း ဒမ်ဘီက အလွန်ကြမ်းကြုတ်ပြီး ဇွဲကောင်းလှပါသည်။

 

သူ့အပေါ် ခုန်အုပ်ကာ နောက်တစ်ခေါက် ကြမ်းကြမ်းတမ်းတမ်း ထပ်ဆိတ်လိုက်ပါသည်။

 

"အားး..." ရှစ်မိသားစု စတုတ္ထသားက နာကျင်မှုကြောင့် အော်ဟစ်လိုက်ရသည်။

ရွေးချယ်စရာမရှိတော့ဘဲ ပြန်ပြေးသွားရတော့သည်။ သို့သော်လည်း ဒမ်ဘီက အတောင်ခတ်ရင်း တော်တော်ဝေးသည့်အထိ ဆက်လိုက်လာသေး၏။

 

ဒါကိုမြင်သောအခါ ရှစ်ချင်းလျို့က ရှောင်ဟန်းကျန့်ကို ဝံ့ကြွားစွာဖြင့် ပြုံးပြလိုက်ပြီး ပြောလိုက်ပါသည်။ "ကျွန်မတို့ ငန်းက တော်တယ်မလား။"

 

အိမ်စောင့်ဖို့ ငန်းမွေးတာ တကယ်ပဲ အကြံကောင်း ဖြစ်ပါသည်။

 

ဒမ်ဘီက ငယ်သေးသော်လည်း အရွယ်အစားက ငန်းကြီးတစ်ကောင်အရွယ် ရှိနေပါပြီ။ ငန်းရိုင်းတစ်ကောင် ဗီဇပါသောကြောင့် ဖြစ်နိုင်၏။

 

ထို့အပြင် ရှစ်ချင်းလျို့၏ နွေဦးစမ်းရေနဲ့ အာဟာရရှိသော လက်လုပ် အစာလုံးများကြောင့် ထိုအာဟာရများက ဒမ်ဘီ အရွယ်ရောက်လာသည့်အခါ ငန်းများအကြား ထင်ရှားနေစေပါလိမ့်မည်။

 

ရှောင်ဟန်ကျန့်က ငန်းတွေ လူကိုက်တတ်မှန်း ကြားဖူးသော်လည်း ဒီငန်းနက်က ဒီလောက်ကြီး ကြမ်းတမ်းလိမ့်မည်ဟု ထင်မထားခဲ့ပါ။

 

ထို့ကြောင့်လည်း သူ့ဇနီးသည်လေးက အိမ်ကိုစောင့်ဖို့ ငန်းမွေးချင်ခဲ့တာဖြစ်သည်။ တကယ်ပဲ သာမန်ထက် ထူးခြားလှပါသည်။

 

အဓိက အချက်က ထိုငန်းလေးက တကယ်ပဲ ဉာဏ်ကောင်းလွန်းနေတာဖြစ်ပါသည်။ သူ့မိန်းမက ရှစ်မိသားစု စတုတ္ထသားကို ကိုက်ခိုင်းမှန်းတောင် နားလည်ပါသည်။

 

သူရယ်လိုက်ပြီး ပြောလိုက်သည်။ "တော်ပါတယ်။ ကို့မိန်းမမွေးထားတာဆိုတော့ ဒီလိုပဲဖြစ်မှာပေါ့။"

 

ရှစ်ချင်းလျို့က ပြုံးလိုက်ပြီး သူ့လက်မောင်းကို တွဲလိုက်ပါသည်။ "ဒါပေါ့။"

 

သူမတို့နှစ်ယောက် ခပ်လှမ်းလှမ်သို့လျှောက်သွားကြပြီးမှ ဒမ်ဘီက ကျေနပ်နေသောမျက်နှာဖြင့် ပြန်လာခဲ့ပါသည်။

 

"တော်တယ်" ရှစ်ချင်းလျို့က ဆုချဖို့ မုန့်တစ်ခုထုတ်လိုက်ပါသည်။

 

လူ့မိစ္ဆာတွေနဲ့ ဆက်ဆံသည့်အခါ အရမ်းကြီး စိတ်နုနေလို့မဖြစ်ပေ။

 

နောက်တစ်ခါဆို ရှစ်မိသားစု စတုတ္ထသားတစ်ယောက် ရှောင်မိသားစုဆီကို တစ်ယောက်တည်းလာပြီး မိစ္ဆာဆန်ရဲတော့မှာမဟုတ်ပါ။

 

တစ်ဖက်မှာတော့ ရှစ်မိသားစု စတုတ္ထသားက ရှက်ရွံ့စွာဖြင့် အိမ်ကို ပြန်လာခဲ့ပါသည်။

 

သူ့လက်တွေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ယောင်ကိုင်းနေသည့် နေရာများစွာရှိနေပြီး နာကျင်နေသည်။ မျက်နှာက ငန်းလက်ချက်ကြောင့် အနီရောင် အရာတချို့ထင်နေသည်။

 

အဘွားရှစ်နဲ့ အဘိုးရှစ်တို့က ရင်နာသွားကြရသည်။ သို့သော်လည်း ဒီမိန်းမယုတ်လေးကို ဘာမှ မလုပ်နိုင်ကြပေ။

 

ဒါ့ကြောင့်ပဲ သူတို့ ညဘက် နံရံပေါ်ကျော်ပြီး နည်းပညာ ခိုးယူမည့် အစီအစဥ်ကို လက်လျှော့လိုက်ကြရပါသည်။

 

ထိုမိန်းမယုတ်လေး၏ ငန်းက သူမလိုပဲ ကြမ်းတမ်းသည်။ ငန်းကိုက်ခံရနိုင်သည့် အန္တရာယ်ရှိနိုင်ရုံသာမကဘဲ မိန်းမယုတ်လေးကလည်း သူတို့ကို သင်ခန်းစာပေးလိမ့်မည်။

 

အခုရှ စ်ချင်းလျို့မှာ အနက်ရောက်အလုံးတွေ မရှိတော့ရင်တောင် သူမ၏ ကြမ်းကြုတ်မှုကြောင့် သူတို့ စိတ်ဒဏ်ရာရနေဆဲ ဖြစ်ပါသည်။

 

နောက်တစ်နေ့ ရှစ်မိသားစု စတုတ္ထသားက ရွေးချယ်စရာ မရှိဘဲ ဝူမိသားစုကိုသွားကာ ရှစ်ချင်းလျို့က သဘောမတူသည့်အကြောင်း ပြောလိုက်ရပါသည်။

 

ရှစ်မိသားစု စတုတ္ထသားတာဝန်ကို မအောင်မြင်တာကို အကြီးဆုံးသခင်လေးဝူက အံ့အားသင့်သွားရ၏။

 

ငွေနဲ့သာဆို ရှစ်ချင်းလျို့ကို နည်းပညာပြောပြအောင် မျှားနိုင်လိမ့်မည်ဟု ထင်ထားခဲ့၏။

 

ထို့ကြောင့် ရှစ်မိသားစု စတုတ္ထသားကို ရှာ့ရှီရွာက ရှောင်မိသားစုဆီ ခေါ်သွားခိုင်းခဲ့သည်။

 

ရထားလုံးက ဝင်ပေါက်မှာ ရပ်သွားခဲ့၏။ အကြီးဆုံးသခင်လေးဝူက ရထားလုံးပေါ်က ဆင်းလိုက်တာနဲ့ စုတ်ပြတ်နေသော ခြံဝန်းကို မြင်လိုက်ရပါသည်။ သူ့မျက်လုံးများက အထင်သေးမှုများနဲ့ ပြည့်နှက်နေခဲ့၏။

 

ရှစ်မိသားစု စတုတ္ထသားက ဦးဆောင်ကာ တံခါးကို ခေါက်လိုက်ပါသည်။

 

ခဏလောက် ကြာသောအခါ တံခါးပွင့်လာခဲ့သည်။

 

တိုက်တိုက်ဆိုင်ဆိုင် ရှစ်ချင််းလျို့ ဖြစ်နေခဲ့ပါသည်။ ရှစ်မိသားစု စတုတ္ထသားကို ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်နဲ့ မြင်ရတာ သူမ မအံ့သြပေ။

 

ရှစ်ချင်းလျို့က မျက်ခုံးပင့်လိုက်၏။ "ငါ မနေ့က ပြောလိုက်တာကို နားပင်းနေတာလား။"

 

ရှစ်မိသားစု စတုတ္ထသားသည် သူ့တူမက သူ့ကို အလွန်မောက်မာစွာ မေးလိုက်သောအခါ အနည်းငယ် ရှက်ရွံ့သွားမိ၏။

 

သို့သော်လည်း ရှစ်ချင်းလျို့နောက်က ကြမ်းကြုတ်သည့် ငန်းနက်က တိုက်ခိုက်ဖို့ အသင့်ဖြစ်နေသလို လုပ်နေတာကို မြင်လိုက်သောအခါ ဘာမှမတတ်နိုင်ဘဲ ဂုတ်တိုကာ ကိုယ်ကျုံ့လိုက်ရပါသည်။

 

"အကြီးဆုံးသခင်လေးဝူက နင်နဲ့ ပြောစရာကိစ္စရှိတယ်ဆိုလို့ ခေါ်လာခဲ့တာ။"

 

ထားလိုက်ပါတော့။ သူ သူမနဲ့ စကားနိုင်လုမှာ မဟုတ်ပါ။

 

ရှစ်ချင်းလျို့က အကြီးဆုံးသခင်လေးလျို့ကို အမြင်မကြည်စွာ ကြည့်လိုက်ပါသည်။

 

သူမ တဲ့တိုးပဲ ပြောလိုက်သည်။ "ကျွန်မမှာ အနက်ရောင်အလုံးတွေ ပြုလုပ်ဖို့အတွက် နည်းပညာ မရှိဘူး။ ရေခဲလုပ်တဲ့ နည်းလမ်းကိုလည်း ရောင်းချမှာ မဟုတ်ဘူး။"

 

သူမ ဝူမိသားစုကို အလွန်ရွံရှာလွန်းသဖြင့် သွယ်ဝိုက်ပြောဆိုဖို့တောင် စိတ်မပါပေ။

 

အကြီးဆုံးသခင်လေးဝူက ရှစ်ချင်းလျို့ ဒီလိုတုန့်ပြန်လိမ့်မည်ဟု ထင်မထားခဲ့ပါ။ "အလောတကြီး မငြင်းလိုက်ပါနဲ့။ ငါတို့ ထိုင်ပြီး စကားပြောရအောင်။"

 

ရှစ်ချင်းလျို့က သွေးအေးစွာ ပြောလိုက်ပါသည်။ "ရှင်တို့နဲ့ ပြောစရာ ကျွန်မမှာ ဘာမှ မရှိဘူးရှင့်။"

 

အကြီးဆုံးသခင်လေးဝူက မျက်မှောင်ကြုတ်လိုက်သည်။ "မင်းဆက်ဆံပုံက မလွန်လွန်းနေဘူးလား။"

 

ဝူမိသားစု၏ သခင်လေးတစ်ယောက်အနေနဲ့ ကောင်တီမြို့မှာဆို ဒီလိုမျိုးတစ်ခါမှ အဆက်ဆံမခံရဘူးပေ။

 

ရှစ်ချင်းလျို့က အရွဲ့တိုက်လိုက်၏။ "ရှင့်ကိုသာ ဒီရွာမှာ သေခါနီးပြီး မြေမြှုပ်ခံရတော့မယ့် မိန်းကလေးတစ်ယောက်ကို လက်ထပ်ဖို့ လွှတ်လိုက်မယ်ဆိုရင် နင့်ဆက်ဆံပုံကလည်း ခြားနားမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။"

 

အစကတည်းက သူတို့က အဆင်မပြေကြပါ။ ထို့ကြောင့် သူမ ဒီကိစ္စကို ဖုံးကွယ်ထားဖို့ မလိုအပ်ပေ။

 

ရှန်းယွမ်က ရှစ်မိသားစု၏ ပြဿနာရှာသူများကြောင့် သေဆုံးခဲ့တာဖြစ်သော်လည်း ဝူမိသားစုမှာလည်း တာဝန်ရှိပါသည်။

 

ခင်ပွန်းငယ်၏ လက်ဟန်ဘာသာစကားကို ကြည့်ခြင်းအားဖြင့် ရှောင်ပိုင်လီက ဝူမိသားစု၏ မကောင်းမှုများကြောင့် အခံစားခဲ့ရဆုံးလူဖြစ်နိုင်သည်။ ထို့ကြောင့် ဝူမိသားစုနဲ့ ဘယ်လိုလုပ် ပူးပေါင်းနိုင်မည်နည်း။ သဘောကောင်းပေးရမည်နည်း။

 

အနာဂတ်မှာ ပြန်လည်ပေါင်းစည်းနိုင်မည့် အခွင့်အလမ်းအားလုံးကိုလည်း ဒီနေ့ သူမ တမင်တကာ ဖျက်ဆီးခဲ့ပါသည်။

 

အကြီးဆုံးသခင်လေးဝူက ချောင်းဆိုးသွားသည်။ ဒီမိန်းမယုတ်လေးက အဲ့ကိစ္စကို မှတ်မိနေတုန်းပဲလား။

 

သူမက နေရထိုင်ရခက်သော်လည်း သူ့မိသားစုက ပိုတောင် ဆိုးရွားပါသေးသည်။

 

သူ့ညီက သူမ နှောင့်ယှက်မှုကြောင့် ကမ္ဘာကြီးထဲက တစ်ယောက်တည်း ထွက်ခွာသွားခဲ့ရ၏။ ထိုအကြွေးကို သူမနဲ့ စာရင်းမရှင်းရသေးပါ။

 

သူ့ရင်ထဲတိုးမြင့်လာသည့် ဒေါသကို ထိန်းချုပ်လိုက်ပါသည်။ "အဲ့ဒီကိစ္စက နားလည်မှုလွဲတာပါ။ နောက်ဆုံးတော့လည်း နင်ဝူမိသားစုနဲ့ လက်ထပ်လိုက်တာမှ မဟုတ်တာပဲ မဟုတ်ဘူးလား။"

 

"နင်အခု ကောင်းကောင်းမွန်မွန် အသက်ရှင်နေသေးတယ်ဆိုတော့ ဘာလို့ ငွေကို အရမ်းတွေ အငြှိုးထားနေတာလဲ။"

 

သူလိုချင်တာကိုရတာနဲ့ သူ့ကို အရှက်ရအောင်လုပ်သည့် ဒီမိန်းမယုတ်လေးကို သေချာပေါက် သင်ခန်းစာ ကောင်းကောင်း ပေးပစ်ပါဦးမည်။