အခန်း ၈၂
Viewers 7k

Ch-82

အခန်း(၈၂) သူ့ကို အပြစ်မတင်နဲ့

 

အကြီးဆုံးသခင်လေးဝူက ရှစ်ချင်းလျို့ကို သေချာကြည့်လိုက်ပါသည်။

 

သူမက လူကောင်သေး၊ ပိန်ပါးပြီး အသားဝါသော်လည်း သူမ၏ မျက်နှာ အစိတ်အပိုင်း အနေအထားများက အလွန်ကောင်းမွန်လှပါသည်။

 

သူမသာ ၁ နှစ် ၂ နှစ်လောက် အာဟာရ ပိုမိုကောင်းမွန်စွာ ရရှိလျှင် မိန်းမလှလေးတစ်ယောက် ဖြစ်လာနိုင်သည်။

 

ထို့အပြစ် ဖောက်သည်များက သူမလို စရိုက်ကြမ်းသည့် မိန်းကလေးများကို သဘောကျတတ်ကြသည်။

 

သူမကိုသာ ဖမ်းဆီးလိုက်ပြီး ကျန့်နန်က ဝူမိသားစု၏ ဆောင်ကြာမြိုင်ကို ပို့လိုက်ပါက ငွေဝင်လွယ်သည့် အပျော်မယ်တစ်ယောက်ပင် ဖြစ်လာနိုင်ပါသည်။

 

သူ စိတ်ဆုံးဖြတ်ချက် ချလိုက်၏။ ဒီကိစ္စတွေကို ကိုင်တွယ်ပြီးတာနဲ့ သူမကို ပြန်ပေးဆွဲဖို့ အခွင့်အလမ်းရှာမည်။

 

သူဆန္ဒရှိသလောက် သူမက သူတို့အတွက် ငွေရှာပေးသည့် ကိရိယာတစ်ခု ဖြစ်လာစေရမည်။ ယောက်ျားမျိုးစုံနဲ့ နည်းလမ်းပေါင်းစုံ ပတ်သတ်စေရမည်။

 

သူမ ဘယ်လောက် မောက်မာနိုင်ဦးမလဲ ကြည့်လိုက်စမ်းပါ။

 

ရှစ်ချင်းလျို့က လူတွေရဲ့ စိတ်ခံစားချက်ကို အလွန်ခံစားမိလွယ်သည်။ သူမ ပထမဆုံး ခံစားလိုက်ရတာက အကြီးဆုံးသခင်လေးဝူမှာ မကောင်းသည့် ရည်ရွယ်ချက် တစ်ခုခု ရှိနေတာကိုပင်။

 

ဒီမိစ္ဆာသခင်လေးက အခု မည်သည့် အကြံယုတ်တွေ ထုတ်နေသလဲဆိုတာ မသေချာသေးပါ။

 

သူမ ခေါင်းကို မော့ကြည့်လိုက်သောအခါ ရှောင်ဟန်ကျန့်က ခပ်လှမ်းလှမ်းမှ လူတစ်ဒါဇင်လောက်နဲ့ လမ်းလျှောက်လာတာကို မြင်လိုက်ရပါသည်။

 

သူမအာရုံထဲ အတွေးတစ်ခု ပေါ်လာခဲ့၏။ သူမ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်သလို ပြုမူလိုက်သည်။

 

သူမ အကြီးဆုံးသခင်လေးဝူကိုတောင် စူးစူးစိုက်ကြည့်လိုက်ပါသေးသည်။ "ကျွန်မတို့ ရှင်တို့နဲ့ ပူးပေါင်းမှာ မဟုတ်ဘူး။ အားလုံးရဲ့ ဝင်ငွေကို ဖြတ်တောက်ပစ်မယ်ဆို ကျွန်မ သဘောမတူဘူး။"

 

သူမ ထပ်ပြီး ဆူငေါက်လိုက်ပါသည်။ "ရှင်တို့ ဝူမိသားစုက သိုးရေခြုံထားတဲ့ ဝံပုလွေတွေချည်းပဲ။ ရှင်တို့တွေက အရမ်းကို စိတ်ညစ်နွမ်းကြပြီး သူများတွေကို အကျိုးခံစားခွင့်ပေးချင်တဲ့ဟာတွေ မဟုတ်ဘူး။ ကောင်းတဲ့အရာတွေကို ရှင်တို့အတွက်ပဲ ရှင်တို့ သိမ်းပိုက်ထားကြတယ်။ ရှင်တို့က တကယ်တစ်ကိုယ်ကောင်းဆန်ပြီး သူများ မုန်းတာကို ခံသင့်တဲ့လူတွေပဲ။"

 

အကြီးဆုံးသခင်လေးဝူက သူမ၏ ရုတ်တရက်ဆန်သော စကားလုံးများကြောင့် ကြက်သေ သေသွားရပါသည်။ ဘာတွေဖြစ်နေတာလဲ။

 

သို့သော်လည်း သူမ စကားလုံးများကြောင့် ဒေါသလည်း ထွက်သွားပါသည်။ "တစ်ခါပဲရမယ့် အခွင့်အရေးကို မင်း မငြင်းနဲ့နော်။"

 

သူ တစ်ခါမှ ဒီလိုမျိုး အဝေဖန် မခံရဖူးပေ။ ထို့ကြောင့် အလွန် အမျက်ထွက်နေပါသည်။

 

ရှစ်ချင်းလျို့၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။ သို့သော်လည်း သူမကိုယ့်ကိုယ်ကို အမြန်ထိန်းလိုက်ပြီး ဒေါသတကြီးဖြင့် ပြန်ပြောလိုက်ပါသည်။"ကျွန်မ ဘယ်တော့မှ အပေးအယူလုပ်မှာ မဟုတ်ဘူး။ အကုန်လုံး ထွက်သွားကြစမ်း။"

 

အကြီးဆုံးသခင်လေးဝူက ရှစ်ချင်းလျို့ကို ကောက်ကျစ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ "ကြည့်ကြသေးတာပေါ့။"

 

သူက ပိုပြီး ယဥ်ကျေးသော နည်းလမ်းဖြင့် ကြိုးစားတာတောင် သူမက လက်မခံပါက အတင်းအကြပ်လုပ်သည့်အတွက် သူ့ကို အပြစ်မတင်သင့်တော့ပါ။

 

နောက်ထပ် ၂ ရက်အတွင်း သူမကို ဖမ်းဆီးခိုင်းဖို့ တစ်ယောက်ယောက်ကို ရှာမည်။ အရင်ဆုံး နည်းပညာတွေကို ရဖို့ သူမကို နှိပ်စက်မည်။ ထို့နောက် ကျန့်နန်က ဆောင်ကြာမြိုင်သို့ ပို့ဆောင်လိုက်မည်။

 

သူ့အဖေက ခရိုင် တရားသူကြီးကို စာတစ်စောင် ပို့ထားပြီးပြီဖြစ်သည်။ ရေခဲပြုလုပ်ဖို့ နည်းပညာကို သေချာပေါက် ရအောင် လုပ်မည်ဟု ကတိပေးထား၏။ ထို့ကြောင့် သူ ကျရှုံးလို့ မဖြစ်ပါ။

 

အကြီးဆုံးသခင်လေးဝူ၏ ကောက်ကျစ်မှုက အားကောင်းလွန်းသဖြင့် ရှစ်ချင်းလျို့နောက်မှာ ရပ်နေသည့် ဒမ်ဘီတောင် သိသိသာသာ ခံစားမိသွားပါသည်။

 

သူက အခွင့်အရေး ယူချင်တယ်ပေါ့။ ဟင်း အကိုက်ခံသင့်တယ်။

 

ထို့ကြောင့် ဒမ်ဘီသည် သူ့အတောင်ကိုခတ်လျက် အကြီးဆုံးသခင်လေးဝူကို ကိုက်ဖို့ အပြေးလာသည်။

 

အကြီးဆုံးသခင်လေးဝူက မိန်းမယုတ်လေးဘေးက ငန်းမှာ ရှစ်ချင်းလျို့ အမိန့်မပေးဘဲ တိုက်ခိုက်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထို့ကြောင့် အကြိမ်ရေ အနည်းငယ်လောက် အကိုက်ခံလိုက်ရပါသည်။

 

ချက်ချင်းပဲ သူ့ကျေးကျွန်ကောင်လေးများကို မောင်းထုတ်ခိုင်းလိုက်ပြီး ကြောက်ရွံ့နေသော ပုံစံဖြင့် ကျေးကျွန်နှစ်ယောက် အနောက်တွင် ပုန်းနေလိုက်ပါသည်။

 

ရှစ်မိသားစု စတုတ္ထသား ဒါကိုမြင်သောအခါ အမြန်ထွက်ပြေးသွားသည်။ သူလည်း ဒီငန်းကြီးကြောင့် စိတ်ဒဏ်ရာ ရနေပါပြီ။

 

ထင်ထားသည့်အတိုင်း ရှစ်ချင်းလျို့၏ ငန်းကြီးက ကြမ်းကြုတ်လွန်းပါသည်။ အကြီးဆုံးသခင်လေးဝူကိုတောင် ညှာတာမှုမရှိဘဲကိုက်ရဲသည်။

 

အကြီးဆုံးသခင်လေးဝူကို ဒမ်ဘီလက်မှ ကာပေးနေသော ကျေးကျွန်ကောင်လေး နှစ်ယောက်လည်း အနည်းငယ် အကိုက်ခံလိုက်ရ၏။

 

တစ်ယောက်က ရထားလုံးအောက်မှ ဓားတစ်ချောင်း ဆွဲထုတ်ကာ ဒမ်ဘီကို ခုတ်တော့မလို လုပ်နေသည်။

 

ဒမ်ဘီက အလွန်ဉာဏ်ကောင်း၏။ ဓားကိုမြင်တာနဲ့ ချက်ချင်းပဲ လှည့်ထွက်ကာ ရှစ်ချင်းလျို့ဆီသို့ ပြန်ပြေးသွားသည်။

 

ဒါကို မြင်သောအခါ ရှစ်ချင်းလျို့က အမြန်ရှေ့တက်လိုက်ပြီး ဒမ်ဘီဆီ တိုးဝင်လာသည့် ဓားကို ခြေထောက်မြှောက်ကာ ကန်ထုတ်လိုက်ပါသည်။

 

ထို့နောက် ဘေးလှည့်လိုက်ပြီး သူ့ကို မြေပေါ်သို့ ကန်ချလိုက်ပါသည်။

 

"ဝိုး တခြားသူတွေက နင်တို့ကို နည်းပညာ မပေးတော့ လူရှေ့သူရှေ့မှာ လူသတ်ဖို့ ကြံစည်တယ်ပေါ့လေ။"

 

သူမ တမင်သက်သက် ထပ်အော်လိုက်ပါသည်။ "အဲ့တာကြောင့်လည်း နန်ရှီမြို့မှာ ရှင်တို့ဝူမိသားစုက အယုတ်မာဆုံး အနိုင်ကျင့်တဲ့လူတွေပဲလို့ တခြားသူတွေက ပြောကြတာကိုး။ ဒီနေ့ဖြစ်ခဲ့တာတွေကြောင့် အဲ့စကားတွေက တကယ်ဆိုတာ ယုံသွားပြီ။”

 

အကြီးဆုံးသခင်လေးဝူက ဒေါသထွက်သွားသည်။ "ရှစ်ချင်းလျို့ နင်စောင့်ကြည့်နေလိုက်။"

 

ရှောင်ဟန်ကျန့်ကလည်း ရောက်လာပြီဖြစ်သည်။ အကြီးဆုံးသခင်လေးဝူကို သူ သဘောမတွေ့စွာ ကြည့်လိုက်၏။ "အကြီးဆုံးသခင်လေးဝူက စောင့်ကြည့်နေခိုင်းရအောင် ကျုပ်ဇနီးသည်က ခင်ဗျားကို ဘယ်လိုများ စော်ကားမိလိုက်လို့လဲ။"

 

သူက ကြမ်းတမ်းသော အရှိန်အဝါကို ထုတ်ပြလိုက်သောအခါ အကြီးဆုံးသခင်လေးဝူ၏ ဟန်ကြီးသော အမူအယာကို ချက်ချင်း ဖိနှိပ်လိုက်နိုင်ပါသည်။

 

အကြီးဆုံးသခင်လေးဝူက မျက်မှောင်ကြုတ်လိုက်ပြီး ရှောင်ဟန်ကျန့်ကို ကြည့်လိုက်ပါသည်။ သူက လယ်သမားနဲ့လည်း လုံးဝ မတူပါ။

 

အကြီးဆုံးသခင်လေးဝူက ပိုပိုပြီး မနာလိုဖြစ်ကာ ဒေါသကြီးလာပါသည်။

 

ဒီနှစ်ယောက်ကို ထပ်ပြီး အတင့်ရဲလာခွင့် မပေးနိုင်တော့ပါ။ မဟုတ်ပါက ဝူမိသားစု အရေးနိမ့်သွားနိုင်သည်။

 

သူက အရွဲ့တိုက်လိုက်၏။ "ငါတို့ကို ဘာလို့ ငန်းနဲ့ ကိုက်ခိုင်းတာလဲလို့ မင်းမိန်းမကို မင်း ပြန်မေးကြည့်လိုက်လေ။"

 

ရှစ်ချင်းလျို့ကလည်း အရွဲ့ပြန်တိုက်ပါသည်။ "ရှင်တို့အားလုံးက ကျွန်မတို့ဆီလာပြီး ခြိမ်းခြောက်တာတွေ စည်းရုံးသိမ်းသွင်းတာတွေ လာလုပ်နေတာကိုး။ ဒီငန်းက အမြင်စူးရှတယ်။ ရှင့်ရဲ့ ကောက်ကျစ်ပြီး ကြမ်းကြုတ်တဲ့စိတ်ကို မြင်နိုင်တယ်။ အဲ့တာကြောင့် ရှင့်ကို အရင်ပြေးကိုက်တာပေါ့။"

 

ရှောင်ဟန်ကျန့်နဲ့ အတူလိုက်ပါလာသည့် ရွာသားများကိုလည်း အဓိပ္ပာယ်ရှိသော အကြည့်ဖြင့် သူမ ကြည့်လိုက်သည်။ "အဲ့လိုမဟုတ်ဘူးဆိုရင် ဘာအပြစ်မှ လုပ်မထားတဲ့ ရွာသားတွေကိုကော ငန်းက ဘာလို့မကိုက်တာလဲ။"

 

အားလုံးက အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ကြရပါသည်။

 

ရှောင်မိသားစု၏ ငန်းကြီးက အလွန်ဉာဏ်ကောင်းပြီး ကြမ်းကြုတ်တာကို သူတို့အားလုံး သိကြသည်။

 

သူတို့ ရန်မစသရွေ့ သူ့ဘက်ကလည်း ကိုက်မှာ မဟုတ်ပါ။

 

အကြီးဆုံးသခင်လေးဝူမှာ ငန်းကိုဆွဲဆောင်လိုက်သော ကောက်ကျစ်သည့် အကြံတချို့ရှိနေတာ ဖြစ်ရမည်။ ထို့ကြောင့် ငန်းက သူတို့ကို မကိုက်ဘဲ သူ့ကိုပဲ ကိုက်ရခြင်း ဖြစ်နိုင်၏။

 

တခြားသူတွေ သဘောတူနေတာကိုမြင်သောအခါ အကြီးဆုံးသခင်လေးဝူ၏ မျက်နှာ ခက်ထန်သွားပါသည်။

 

ဒီလိုအဓိပ္ပာယ်မရှိတာမျိုးကို ယုံနေကြတယ်။ တုံးလိုက်ကြတာ။ ရိုင်းစိုင်းတဲ့ တောကြိုအုံကြားကဟာတွေဆိုတဲ့အတိုင်းပဲ။

 

သူက သွေးအေးစွာဖြင့် ပြန်ပြောလိုက်သည်။ "ဒီနေ့ မင်းတို့ ရှောင်မိသားစု ဧည့်သည်တွေကို ဆက်ဆံတဲ့ပုံစံ မြင်လိုက်ရတယ်။ ကြည့်ကြသေးတာပေါ့ကွာ။"

 

ရှောင်ဟန်ကျန့်ကလည်း အေးစက်စွာ ပြန်ပြောလိုက်ပါသည္။ "ကျုပ်တို့ရှောင်မိသားစုက ယဥ်ကျေးတဲ့ ဧည့်သည်တွေကိုပဲ ကြိုဆိုတယ်။ စိတ်ယုတ်နဲ့ လူတွေကို ဘယ်တော့မှ မကြိုဆိုဘူး။"

 

"ခင်ဗျားတို့ ကျုပ်ဇနီးကို အနိုင်ကျင့်မယ်ဆိုရင် စောင့်ကြည့်ကြသေးတာပေါ့။"

 

အကြီးဆုံးသခင်လေးဝူက သူ့ဇနီးအပေါ် ကောက်ကျစ်သောအကြံတချို့ရှိနေတာကို သူလည်း အာရုံခံမိပါသည်။

 

သူ့ဇနီးသည်လေးကို အကောက်ကြံတာက သူ့သည်းခံနိုင်သည့် စည်းကို ကျော်သွားပါပြီ။

 

အကြီးဆုံးသခင်လေးဝူက ဆွံ့အသွားရ၏။ ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်နေတာလဲ။ သူက အငေါက်ငမ်းခံရပြီး ငန်းကိုက်ခံလိုက်ရသောလူဖြစ်သည်။

 

ဒီလင်မယားက အရှက်မဲ့လွန်း၏။ အဖြစ်မှန်တွေကို သူတို့အားသာချက်ဖြစ်အောင်လုပ်ပြီး အဖြူကို အမည်းဖြစ်အောင် လုပ်နိုင်ကြသည်။

 

သို့သော်လည်း ရွာသားများက ရှောင်ဟန်ကျန့်ဘက်ကဖြစ်၏။ သူတို့သာ တိုက်ခိုက်လိုက်ပါက ဝူမိသားစု ရှုံးနိမ့်မှာကို စိုးရိမ်မိသည်။

 

ထို့ကြောင့် ရှောင်ဟန်ကျန့်နဲ့ ရှစ်ချင်းလျို့တို့ကို သွေးအေးစွာ ကြည့်လိုက်ပါသည်။ ထို့နောက် ကျေးကျွန်များကို ပြောလိုက်၏။ "သွားကြစို့"

 

ထို့နောက် ရထားလုံးထဲဝင်ကာ ရွာထဲမှ ထွက်လာတော့သည်။

 

ဒီနေ့ ပြန်ရောက်သောအခါ သူ့ဒေါ်လေးဆီ စာရေးလိုက်သည်။ သူ့ဦးလေး ခရိုင် တရားသူကြီးကို စကားပြောခိုင်းလိုက်သည်။

 

အရင်ဆုံး ရှောင်ဟန်ကျန့်ကို ရှင်းထုတ်ဖို့ နည်းလမ်းတချို့ရှာရမည်။ သို့မဟုတ် သူ့ကို ယာယီ အလုပ် ရွှေ့ပြောင်းဖို့ စီစဥ်လိုက်မည်။

 

ထို့နောက် တစ်ယောက်ယောက်ကို ထိုမိန်းမယုတ်လေးအား ပြန်ပေးဆွဲခိုင်းလိုက်မည်။

 

ဒီကိစ္စကို ဒီတိုင်း ပြီးသွားခွင့် မပေးနိုင်ပါ။

 

အကြီးဆုံးသခင်လေးဝူ ပြန်သွားတာနဲ့ ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ကို စိတ်ပူစွာ ကြည့်လိုက်သည်။ "မိန်းမ အဆင်ပြေရဲ့လား။ သူ မင်းကို ခြိမ်းခြောက်သွားသေးလား။"

 

သူနဲ့ သူ့မိန်းမတို့က နားလည်မှုရှိသဖြင့် ဘယ်လို ပူးပေါင်းဆောင်ရွက်ရမလဲဆိုတာ သိပါသည်။

 

သေချာပေါက် ရှစ်ချင်းလျို့က ဝမ်းနည်းနေသည့်ပုံပေါ်သည်။ "သူက ကျွန်မကို ရေခဲလုပ်တဲ့ နည်းပညာ အတင်းပေးခိုင်းနေတာလေ။"

 

"ကျွန်မက လူတိုင်းသင်ယူနိုင်အောင် လူထုကို နည်းပညာချပြမယ်လို့ ပြောထားတာကို။ နောက်ပိုင်း နွေရာသီ ပူပြင်းတဲ့နေ့တွေမှာ အပူသက်သာအောင် ရေခဲပုံးတွေ လုပ်လို့ ရတာပေါ့။"

 

"ဒါပေမယ့် သူက သဘောမတူဘူး။ နည်းပညာကို ငွေပေးဝယ်ဖို့ပဲ အတင်းပြောနေပြီး ဝူမိသားစုတစ်ခုတည်းပဲ လက်ဝါးကြီးအုပ်ချင်နေတာလေ။"

 

"ကျွန်မတို့ သဘောမတူရင် ကျွန်မတို့ကို ရှင်းဖို့ လူတွေလွှတ်လိမ့်မယ်။"

 

အမှန်ပင်။ ထိုစကားက အလိမ်အညာသာ ဖြစ်သည်။ သို့သော်လည်း တခြားသူတွေ ယုံကြည်ပါက အဆင်ပြေပါသည်။ ရိုးရိုးသားသားပြောရလျှင် ဝူမိသားစုနဲ့ စာရှင်းရှင်းနေချိန်မှာ အရေးတောင် မပါတော့ပါ။

 

ရှောင်ဟန်ကျန့်နောက် လိုက်လာသည့် ရွာသားများက နောက်ဖေးခြံက အလုပ်ရုံများကို ပရိဘောဂ ခင်းကျင်းဖို့အတွက် ဖိတ်ကြားထားသူများ ဖြစ်ကြသည်။

 

၎င်းတို့၏ နောက်ဖေးခြံကို အသစ်ဝယ်ထားသည့် တောင်နဲ့ ချိတ်ဆက်ထားပြီးသား ဖြစ်၏။ ထို့ကြောင့် နောက်ဘက် နံရံကို ဖြိုချပြီး သကြားနဲ့ အိမ်သုတ်ဆေး အလုပ်ရုံများကို တည်ဆောက်မည်။

 

တို့ဟူးအလုပ်ရုံကိုလည်း ပြန်လည်တည်ဆောက်မည်ဖြစ်သည်။

 

ရှစ်ချင်းလျို့၏ စကားလုံးများကို ရွာသားများ ကြားလိုက်ရသောအခါ ရေခဲလုပ်ဖို့ နည်းပညာကို ရဖို့ ဝူမိသားစု တော်တော်လေးတရားလွန်နေပြီဟု အားလုံးခံစားလိုက်ရပါသည်။

 

နောက်ထပ် ထပ်ပြောသည့်စကားကိုကြားသောအခါ သူတို့ ပိုပြီးတောင် မှင်သက်သွားကြပါသည်။

 

"တာ့လန်ဇနီး၊ နင်က ရေခဲလုပ်တဲ့ နည်းပညာကို လူထုကို မျှဝေပေးချင်တယ်လို့ ပြောလိုက်တာလား။"

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်။ အားလုံးအတွက် အခမဲ့ပဲ။ သင်ယူချင်တဲ့လူတိုင်း သင်ယူလို့ရတယ်။"

 

"ကျွန်မတို့ အပူသက်သာအောင် ရေခဲလုပ်လို့ရတယ်။ ဒါမှမဟုတ် ရာသီဥတုပူတာကို အခွင့်ကောင်းယူပြီး ရေခဲနဲ့ လုပ်တဲ့ပစ္စည်းတွေ လုပ်ရောင်းပြီး ဝင်ငွေရှာလို့ရတယ်။ အဲ့တာလည်း ကောင်းတာပဲ။"

 

သူမ ဒါတွေကို စီစဥ်ခဲ့တာ ကြာပါပြီ။

 

ဝူမိသားစုက နည်းပညာ လိုချင်တယ်ပေါ့။ ရတယ်လေ။

 

အချိန်တန်ပါက လူထုအားလုံးအတွက် သူတို့ ချပြလိုက်မည်။

 

သူတို့ သင်ယူချင်ရင် သင်ယူနိုင်သည်။ သို့သော် သူတို့ဂုဏ်သတင်းကို ကောင်တီမြို့ထဲမှာ ပျက်စီးအောင်လုပ်သည့်အတွက်တော့ သူမကို အပြစ်တင်လို့မရပါ။