အခန်း ၈၃
Viewers 7k

Ch-83

အခန်း(၈၃) သူတို့ တွင်းတူးဖို့ သူမ ကူညီပေးမယ်

 

ရွာသားတွေ အကုန် အသိပြန်ဝင်လာသောအခါ အားလုံး ရှစ်ချင်းလျို့ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ကြပါသည်။

 

"ဘာလို့ နည်းပညာကို မရောင်းချတာလဲ။"

 

သူတို့ နွေရာသီတွင် ရေခဲလုပ်လို့ရသည်။ ထို့ကြောင့် ဒီနည်းပညာက အရမ်းစျေးကြီးနိုင်သည်။

 

ဝူမိသားစုတောင် အတင်းအကြပ် ဝယ်ချင်နေတာကို မြင်လိုက်ရတာပဲမဟုတ်လား။

 

ရှစ်ချင်းလျို့က အားလုံးကို သဘောကောင်းစွာဖြင့် ပြုံးပြလိုက်ပါသည်။

 

"ဒါက ကျွန်မဆရာ ကျွန်မကို ပေးခဲ့တဲ့ နည်းပညာပါ။ သူ့အတွက် အုတ်ဂူတစ်ခု တည်ဆောက်ပေးချင်ပြီး လူတွေကို မှတ်မိစေချင်တယ်။ အဲ့တာကြောင့် ဒီနည်းပညာကို လူထုကို ချပြပြီးတော့ သူ့အတွက် ကုသိုလ်လုပ်ပေးချင်တာပါ။"

 

"ဒီနည်းလမ်းကို အောင်အောင်မြင်မြင်နဲ့ သင်ယူပြီးတဲ့ လူတိုင်းက သူ ဘယ်လောက်တောင် တော်လဲဆိုတာ သတိရရင် နောက်ကို သူ့အတွက် မကြာခဏ အမွှေးတိုင်ထွန်းပေးလို့ရတာပေါ့။"

 

သေဆုံးပြီးသား ဘုန်းတော်ကြီးတစ်ယောက်၏ နာမည်ကို ဒီလိုကိစ္စတွေအတွက် အသုံးချခြင်းက အာဏာရှိသူများအကြား အကြောက်တရားကို ဖြစ်ပေါ်လာစေမှာ မဟုတ်ပါ။

 

လူအုပ်ကြီးက ပြန်ချေပဖို့ အကြောင်းပြချက် ရှာမရတော့ဘဲ ရှစ်ချင်းလျို့၏ သဘောကောင်းသော စေတနာနဲ့ ဂရုဏာတို့ကို ယုံကြည်လိုက်ရတော့သည်။

 

သူမက ဆွဲဆောင်မှုလည်းရှိသည်။ နည်းပညာနဲ့ ငွေတုံးတွေ အများကြီး ရနိုင်တာတောင် ဒီတိုင်းပဲ အခမဲ့ ပေးပစ်လိုက်သည်။

 

"ဒါဆို ကျွန်တော်တို့လည်း သင်လို့ရတယ်ပေါ့" တစ်ယောက်ယောက်က ပျော်ရွှင်စွာဖြင့် မေးလိုက်ပါသည်။

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်လိုက်ပါသည်။ "ကျွန်မယောက်ျားက စီရင်စု တရားသူကြီးဆီသွားပြီးတော့ ဒီကိစ္စကို ဆွေးနွေးပါလိမ့်မယ်။ ဝူမိသားစုရဲ့ အကောက်ကြံမှုတွေကို တားဖို့အတွက် ကောင်တီမြို့က ယာမန်ဆီမှာ သင်ပေးဖို့ ရမလားလို့ ကျွန်မယောကျာ်းကို တင်လျှောက်ခိုင်းလိုက်မယ်။"

 

"စီရင်စု တရားသူကြီးက သဘောတူတာနဲ့ သင်ယူချင်တဲ့လူတိုင်း ကောင်တီမြို့ ယာမန်မှာ သွားသင်ယူလို့ ရပါတယ်။"

 

ရှေးခေတ်တုန်းက မြင်သာအောင်ပြသဖို့ လိုအပ်သော ကိစ္စများတွင် လူအင်အားကို လိုအပ်သည်။

 

ထို့နောက် သူမ စကားလမ်းကြောင်း ပြောင်းလိုက်ကာ ပြောလိုက်ပါသည်။ "ရှင်တို့ ရေခဲလုပ်တဲ့ နည်းလမ်းကို တတ်မြောက်ပြီးသွားရင် ရေခဲနဲ့ ပြုလုပ်တဲ့ အစားအသောက် နည်းလမ်းတချို့ကိုလည်း ကျွန်မ မျှဝေပေးမယ်။ ရှင်တို့ လယ်အလုပ်တွေကြားထဲ အားလပ်ချိန်ကို အသုံးချပြီး မုန့်ဖိုးရှာလို့ ရတာပေါ့။"

 

ဒီအကျိုးခံစားခွင့်က ရှားရှီရွာအတွက်သာ ဖြစ်သည်။

 

ဘာပဲဖြစ်ဖြစ် သူမက တောင်ပေါ်က ယမ်းစိမ်းကျောက်တွင်းကို လက်ဝါကြီးအုပ်ဖို့ အစီအစဥ် မရှိပေ။

 

ဒီလိုကြောင့် ရွာထဲက လူတွေက သူတို့နဲ့ တစ်ဖက်တည်းမှာ ရပ်တည်နေကြပါပြီ။

 

ရွာသားတွေ ဒါကိုကြားလိုက်ရသောအခါ ပျော်ရွှင်ဝမ်းမြောက်သွားကြပါသည်။

 

"တာ့လန်မိန်းမက တကယ်တော်တာပဲ။"

 

"တာ့လန် မင်းက သူ့လိုမိန်းမမျိုးရလို့ တကယ် ကံကောင်းတာပဲကွာ။"

 

သူတို့ ရှစ်ချင်းလျို့ကို ဆက်တိုက် ချီးကျူးလိုက်သည်။

 

ရှောင်ဟန်ကျန့်ကလည်း ခေါင်းငြိမ့်ကာ ပြုံးလိုက်ပါသည်။ "သူနဲ့ လက်ထပ်ရတာ တကယ်ပဲ ကျွန်တော် ကံကောင်းပါတယ်။”

 

ထို့နောက် သူ့စီစဥ်မှုအောက်တွင် နောက်ဖေးခြံသို့သွားကာ အလုပ်ရုံများတည်ဆောက်ဖို့ ပိုမို ကြိုးစားခဲ့ကြပါသည်။

 

အမှန်ပင်။ အခကြေးငွေပေးပြီး တည်ဆောက်ခိုင်းခြင်း ဖြစ်၏။

 

ခြံရှေ့က အခန်းထဲ ပြန်လာပြီးနောက် ရှစ်ချင်းလျို့ ကော်လံပြန်ပြင်ကာ ရေခဲပုံးထံသို့သွားပြီး ယပ်တောင်ကို ယူလိုက်ပါသည်။

 

ရှောင်ဟန်ကျန့်လည်း ရောက်လာပြီး သူမထံမှ ရေခဲပုံးကို ယူသွားပါသည်။

 

သူ ယပ်တောင်ကို ယူလိုက်ပြီး သူမကို ယပ်ခတ်ပေးလိုက်သည်။ "ကို အခုမှ ပြန်လာတာ။ အပူမလျှပ်အောင် သတိထားဦး။"

 

ရှစ်ချင်းလျို့က ထိုင်ခုံပေါ်တွင် ပျင်းရိစွာ ထိုင်ရင်း သူ့ကို ယပ်ခတ်ခိုင်းလိုက်ပါသည်။ "ပူလွန်းလို့ပါ။"

 

သူမ ပြုံးကာ မေးလိုက်၏။ "စီရင်စု တရားသူကြီးနဲ့တွေ့ဖို့ ကောင်တီမြို့ကို ဘယ်တော့သွားမှာလဲ။"

 

ဒါက မနေ့ညက သူမ ခင်ပွန်းနဲ့ ဆွေးနွေးခဲ့သည့် အကြောင်းအရာ ဖြစ်သည်။

 

ရှောင်ဟန်ကျန့်က ပေါ့ပေါ့ပါးပါး ပြုံးပြီး ပြောလိုက်သည်။ "မနက်ဖြန်မနက်စောစော ကို နည်းပညာနဲ့ ယမ်းစိမ်းကို ယူသွားလိုက်မယ်။"

 

"ဘာပဲဖြစ်ဖြစ် ကိုတို့ အကြီးဆုံးသခင်လေးဝူကို ဒီနေ့ လူအင်အား ထပ်တောင်းဆိုဖို့ အခွင့်အရေးနဲ့ အချိန်ပေးရမယ်။"

 

ကောင်တီမြို့ကိုသွားပြီး ရေခဲပြုလုပ်တဲ့ နည်းပညာကို မျှဝေပေးဖို့ အကြံအား သူ့ဇနီးမှ ရရှိခဲ့ခြင်း ဖြစ်ပါသည်။

 

ဝူမိသားစု၏ နှောင့်ယှက်မှုကို စိုးရိမ်သဖြင့် ကောင်တီ ယာမန်မှာပဲ သင်ပေးဖို့ ကြေညာခဲ့သည်။

 

ပထမဆုံး သူမက ကောင်တီယာမန်ကို ကြားခံအဖြစ်သာ အသုံးပြုခြင်း ဖြစ်သည်။ ဒုတိယက ဝူမိသားစုအား ကောင်တီမြို့က လူအားလုံး ဝေဖန်ပြစ်တင်စေဖို့ လုံလောက်သည်။

 

ဝူမိသားစုက သူတို့ကို နည်းပညာပေးဖို့ အတင်းအကြပ် စေခိုင်းပြီး တခြားရွာသားများက စိတ်ပါဝင်စားမှု သိပ်မရှိပါက နောက်ကွယ်မှာ အနည်းငယ်သာ ဝေဖန်မှု ပြုလုပ်ကြလိမ့်မည်။

 

သို့သော်လည်း ဝူမိသားစုက အားလုံး၏ အကျိုးခံစားခွင့်ကို သူတို့ဖာသာ လက်ဝါးကြီးအုပ်ချင်ပါက လူထုတစ်ရပ်လုံး ဒေါသထွက်ကြလိမ့်မည်။

 

သူ့မိန်းမ၏ အကြံက ဝူမိသားစုအတွက် အရှက်ရစရာ ကိစ္စဖြစ်သည်။ သို့သော်လည်း သူအလွန်သဘောကျပါသည်။

 

ဖြစ်ချင်တောာ့ ဒီအခွင့်အရေးကို အသုံးချပြီး မော့ချင်းလင်နဲ့လည်း ရင်းနှီးအောင်လုပ်နိုင်၏။

 

ဧကရာဇ်ကြီးအား သူ့အကြောင်း ပြောပြအောင် ရေခဲပြုလုပ်တဲ့ နည်းပညာကိုအသုံးချပြီး သူ့ကို ကြားလူဖြစ်အောင် လုပ်နိုင်သည်။

 

"စီရင်စု တရားသူကြီးအကြောင်း ကို နားလည်သလောက် ဆိုရင်တော့ သူက လူတွေကို ဆန္ဒရှိသလို ရေခဲ ပြုလုပ်တတ်အောင် သင်ကြားပေးနိုင်မှာပါ။ ပြီးရင် ဧကရာဇ်ကြီးဆီကို ပေးလိမ့်မယ်။"

 

ဥပမာအားဖြင့် ဝူမိသားစုက သူတို့ဆီရောက်လာပြီး ဧကရာဇ်ကြီးကို နည်းပညာ လက်ဆင့်ကမ်းပေးမည်ဟု ပြောလာခဲ့လျှင် ရှောင်ဟန်ကျန့်နဲ့ သူ့ဇနီးတို့က ငြင်းလိုက်လို့တော့ မရပေ။ သို့မဟုတ် ငွေနဲ့လည်း လဲလိုက်လို့ မရဘူး မဟုတ်လား။

 

ထို့ကြောင့် သူတို့က အချိန်ကွာခြားချက်ကို အာရုံစိုက်ထားကြသည်။

 

သူတို့ကောင်တီမြို့မှာ အရမ်း စောစော သွားသင်လိုက်လို့ မရပေ။ မဟုတ်ပါက ဝူမိသားစုနဲ့ ခရိုင် တရားသူကြီးတို့ သိသွားပါက နောက်ထပ် လှုပ်ရှားဖို့ကို စီစဥ်ကြမှာ မဟုတ်ပေ။

 

သူတို့ အရမ်းကြီး နောက်ကျလို့လည်း မရပါ။ မဟုတ်ပါက ခရိုင် တရားသူကြီးက လူတွေလွှတ်ပြီး လာတောင်းခိုင်းလိမ့်မည်။ သူတို့ မပေးပါက ဧကရာဇ်ကို မလေးစားရာကျပါလိမ့်မည်။

 

သူတို့ အချိန်ကို အလွန်ကောင်းမွန်စွာ စီမံကာ ဒီကစားပွဲထဲက ဝူမိသားစုနဲ့ ခရိုင် တရားသူကြီးတို့၏ အခန်းကဏ္ဍကိုလည်း ထည့်တွက်ရဦးမည်။

 

"အဲ့တာ ကောင်းတယ်။ အဆင်ပြေမယ့် အချိန်ကိုတော့ ရှင့်တာဝန်ပဲ ထားလိုက်မယ်နော်" ရှစ်ချင်းလျို့က ထိုစကားကိုကြားတာနဲ့ သူ့ဆိုလိုရင်းကို နားလည်သွားပါသည်။

 

ခရိုင် တရားသူကြီးက တစ်ယောက်ယောက်ကို လွှတ်ပြီး နည်းပညာ တောင်းခိုင်းပြီး သူတို့ကလည်း ကောင်တီမြို့မှာ ရေခဲပြုလုပ်တဲ့ နည်းပညာကို သင်ပေးနေချိန်ဖြစ်ပါက သူတို့ ဆက်လက် သင်ပေးရမှာလား၊ ရပ်တန့်လိုက်ရမှာလား။

 

ထို့ကြောင့် ခွကျသော အခြေအနေမှာ ရှိတာ သူတို့ မဟုတ်ပါ။ သေချာပေါက် ခရိုင် တရားသူကြီး ဖြစ်ပါလိမ့်မည်။

 

ထို့နောက် ၎င်းတို့ကို ဖိနှိပ်ဖို့ ဝူမိသားစုက ခရိုင် တရားသူကြီးကို လာဘ်ထိုးခဲ့သည်ဆိုသည့် သတင်းများလည်း လွှင့်လိုက်မည်။

 

မတုံးအသည့်လူတိုင်း ခရိုင် တရားသူကြီးက နည်းပညာကို ကိုယ်ကျိုးအတွက် လာရောက် တောင်းယူသည်ဟု ခန့်မှန်းမိကြလိမ့်မည်။

 

ဒါက အားလုံး၏ စိတ်ဝင်စားမှုကို ဖျက်ဆီးလိုက်တာနဲ့ ညီမျှပါသည်။

 

သူတို့ ရေခဲပြုလုပ်တဲ့ နည်းပညာကို သင်ယူပြီး အသုံးပြုဖို့ အခွင့်အလမ်း မရှိခဲ့ရင်တောင် သက်သာမှာ မဟုတ်တော့ပါ။

 

ဒါက ဘုန်းတော်ကြီး၏ တပည့်ဖြစ်သူက အကုန်လုံးနဲ့ မျှဝေချင်တဲ့ နည်းပညာလေ။ ရှင်တို့ဖာသာ လက်ဝါးကြီးအုပ်ခွင့် ဘယ်မှာ ရှိလို့လဲ။ ဒါ အားလုံးရဲ့ ပိုင်ဆိုင်မှုပဲ။

 

ရလဒ်အနေဖြင့် ဝူမိသားနဲ့နဲ့ ခရိုင် တရားသူကြီးအပေါ် ပြည်သူများ၏ အမြင် ပိုမို ဆိုးရွားသွားပါလိမ့်မည်။

 

သူမ ခင်ပွန်းလေးကလည်း အတော်လေး ဆိုးသွမ်းတာ ရှစ်ချင်းလျို့ သိလိုက်ရပါသည်။ သို့သော်လည်း သူမ သဘောကျပါသည်။

 

ရှောင်ဟန်ကျန့်က သူမကို ယပ်ခတ်ပေးနေသည်။ အခန်းထဲမှာလည်း ရေခဲပုံးများစွာ ရှိနေသည်။ တဖြည်းဖြည်းနဲ့ အခန်းက အေးမြလာပြီး သူမ လှုပ်ကုလားထိုင်ပေါ်မှာပဲ အိပ်ပျော်သွားတော့သည်။

 

မကြာသေးခင်ကမှ လက်သမားတစ်ယောက်ကို ရှစ်ချင်းလျို့ လှုပ်ကုလားထိုင်တစ်လုံး အထူးတလည် ပြုလုပ်ခိုင်းထား၏။

 

ထူထဲသည့် ကူရှင်ဖြင့် ဖုံးအုပ်ထားပြီး ထိပ်တွင် ဖျာရှိသည်။ နူးညံ့ပြီး ပူအိုက်ခြင်း မရှိပါ။

 

သူ့ဇနီး အိပ်ပျော်သွားတာကို သူကြည့်နေ၏။ သူတို့ ပထမဆုံး တွေ့ခဲ့တုန်းက အချိန်နဲ့ ယှဥ်ကြည့်လျှင် သူမ အသားအရည်က သိပ်မဝါတော့ဘဲ လှပလာပါသည်။ သူမ မျက်နှာနဲ့ ခန္ဓာကိုယ်မှာလည်း အသားတချို့ပြည့်လာပါသည်။

 

သူမက သာမန်လူနှင့် မတူတာကို တဖြည်းဖြည်းနဲ့ မြင်နိုင်လာပြီ။

 

အရင်ဘဝတုန်းက ရှောင်ဟန်ကျန့်က ရာထူးမြင့်မြင့်တစ်နေရာကဖြစ်ပြီး လှပသည့် အမျိုးသမီးများစွာကို မြင်ဖူးပါသည်။

 

သို့သော်လည်း အနည်းနဲ့ အများ အကုန် အတူတူတွေပဲဟု ခံစားမိပါသည်။

 

ဘယ်လိုပဲဖြစ်ဖြစ် ပိန်ပါးပြီး ဖြူဖျော့သည့် သူ့မိန်းမကို ပိုပြီးကြည့်မိလေလေ သူမက လှပပြီး မျက်စိကျစရာကောင်းသည်ဟု ထင်မိလာလေလေ ဖြစ်သည်။

 

သူမကို ခဏလောက် ကြည့်နေပြီးနောက် ရယ်မောလိုက်မိပါသည်။ ကိုယ့်မျက်လုံးထဲမှာတော့ ကိုယ့်ချစ်သူက အလှဆုံးပဲဆိုတာ ဒါကိုပြောတာများလား။

 

သူ လျှောက်သွားလိုက်ပြီး သူမကို အိပ်ယာဆီသို့ ပွေ့ချီပေးသွားလိုက်သည်။

 

ရှောင်ဟန်ကျန့်သည် စာအုပ်တစ်အုပ်ကို ယူကာ ဖတ်ရင်း ရှစ်ချင်းလျို့ကို ယပ်ခတ်ပေးနေသည်။

 

ဒီရေခဲပုံးတွေနဲ့ဆို ဒီနှစ်နွေရာသီက အရင်တုန်းကထက် အများကြီး ပိုအေးမြနေပါသည်။

 

ထိုနေ့နေ့လည်ခင်းက အကြီးဆုံးသခင်လေးဝူကို အမှုထမ်းသည့် ကျေးကျွန်ကောင်လေး တစ်ယောက်က ခရိုင်မြို့ဆီသို့ မြင်းတစ်စီးဖြင့် လျင်မြန်စွာ သွားခဲ့သည်။

 

ထိုနေ့ညက ဝူမိသားစု နေထိုင်ရာသို့ မြင်းဖြင့် ပြန်ရောက်လာခဲ့၏။

 

"သခင်လေး ဒီမှာ သခင်လေးရဲ့ စာပါ။"

 

အကြီးဆုံးသခင်လေးဝူက စာကိုယူကာ ဖတ်ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် နားလည် သဘောပေါက်မှုများစွာ ပေါ်လွင်လာခဲ့ပါသည်။

 

ဟုတ်သားပဲ။ သူ့ဦးလေးက ရေခဲပြုလုပ်တဲ့ နည်းပညာကို တောင်းဖို့ တစ်ယောက်ယောက်ကို တိုက်ရိုက်လွှတ်လိုက်လို့ ရတယ်ဆိုတာ ဘာလို့ မစဥ်းစားမိခဲ့ပါလိမ့်။

 

နည်းပညာကို မြို့တော်တွင် တင်ပြဖို့ဟု ပြောနေသရွေ့ ရှစ်ချင်းလျို့နဲ့ ရှောင်ဟန်ကျန့်တို့ နှစ်ယောက်စလုံး ခုခံရဲမှာ မဟုတ်သလို အမိန့်ကို ဆန့်ကျင်ရဲမှာလည်း မဟုတ်ပါ။ မဟုတ်ပါက အလွန်မလေးစားရာကျလိမ့်မည်။

 

သူ့လက်ကို ယမ်းပြီး ပြောလိုက်၏။ "မင်းသွားလို့ရပြီ။ မနက်ဖြန် မြို့တော်က ဂုဏ်သရေရှိ ဧည့်သည်တွေ ရောက်လာတာနဲ့ ငါ့ကို ချက်ချင်း အစီရင်ခံချေ။"

 

ထို့နောက် စာကိုယူလာပြီး သခင်ကြီးဝူကို သွားတွေ့သည်။

 

မနက်ဖြန် ခရိုင် တရားသူကြီးဆီက လူတွေ ရောက်လာတာနဲ့ နေ့လည်ခင်းမှာ ရှစ်ချင်းလျို့ဆီ ချက်ချင်းခေါ်သွားပြီး နည်းပညာကို တောင်းခိုင်းမည်ဟု သူတို့နှစ်ယောက် တိုင်ပင်ခဲ့ကြ၏။

 

မဟုတ်ပါက ထင်မထားတာ တစ်ခုခုဖြစ်လာမှာကို သူတို့ စိတ်ပူနေကြပါသည်။

 

အမှန်ပင်။ သူတို့စောစောရောက်လေလေ ပိုကောင်းလေလေဖြစ်ပါသည်။

 

ရှစ်ချင်းလျို့က ဒီအကြောင်းတွေကို ရွာသားတွေအား ဒီနေ့ကမှ ပြောသွားတာဖြစ်သဖြင့် သတင်းက ကောင်တီမြို့အထိ မပြန့်သေးပါ။

 

ရှစ်ချင်းလျို့က သူတို့ဆီကို ကျိန်စာများ၊ ဆူငေါက်မှုများနဲ့ ပြည့်နှက်နေသည့် အိုးတစ်လုံး ပစ်ပေးလိုက်ပြီဆိုတာကိုတော့ ဝူမိသားစု မသိရှာပေ။

 

ထို့ကြောင့် သားအဖနှစ်ယောက်က တစ်ပြားတစ်ချပ်မှ မကုန်ဘဲ နည်းပညာကို ရနိုင်လိမ့်မည်ဟု စိတ်ကူးယဥ်နေကြဆဲ ဖြစ်သည်။

 

သို့သော်လည်း ရှစ်ချင်းလျို့နဲ့ သူမယောက်ျားတို့က သူတို့ကို တွင်းကူတူးပေးလိုက်ကြပါသည်။