အခန်း ၈၄
Viewers 7k

Ch-84

အခန်း(၈၄) သူတို့ တကယ် ရဲတင်းတာပဲ

 

နောက်တစ်နေ့ မနက်စောစောရောက်သောအခါ ရှောင်ဟန်ကျန့်က ကောင်တီမြို့ ယာမန်သို့ ယမ်းစိမ်းတချို့ သယ်ဆောင်သွားသည်။

 

အခြေခံစာသင်သားရှောင်က သူ့ကိုတွေ့ချင်နေသည်ဟု မော့ချင်းလင် ကြားသောအခါ အနည်းငယ် ဇဝေဇဝါဖြစ်သွားရပါသည်။

 

ရှောင်ဟန်ကျန့်၏ ဂုဏ်သတင်းကို သူ ကြားဖူးပါသည်။ သူက နန်ရှီမြို့တွင် ပထမဆုံး ရှောင်စန်းယွမ်ဖြစ်ပြီး သာမန်ကိုယ်ရေးအချက်အလက်များထက် အနည်းငယ် ပိုကောင်းသူ ဖြစ်သည်။

 

သို့သော်လည်း ရှောင်ဟန်ကျန့်၏ ဇနီးသည်လေးကို သူ အမှတ်အရဆုံး ဖြစ်၏။ အရင်တစ်ခေါက်က သူမသည် သမားတော်ရှစ်ကို သူ့ထံ ဆွဲခေါ်လာပြီး အမှုကို တိုင်တန်းခဲ့ကာ သူမအပေါ် သူ့၏ အကြီးမားဆုံး အထင်ကြီးမှုကို ချန်ထားရစ်ခဲ့သည်။

 

တကယ်တော့ တာဝန်တချို့ လုပ်စရာ ရှိသော်လည်း ရွှေ့ဆိုင်းလိုက်ပြီး ရှောင်ဟန်ကျန့်ကို ဝင်လာဖို့ တစ်ယောက်ယောက်ကို ခေါ်ခိုင်းလိုက်ပါသည်။

 

ရှောင်ဟန်ကျန့်က အခြေခံပညာသင်ဖြစ်သဖြင့် အရာရှိတစ်ယောက်ဆီ လာသည့်အခါ ဒူးထောက်ဖို့ မလိုအပ်ပါ။

 

မော့ချင်းလင်ကို ပညာသင်တစ်ယောက်လို အလေးပြုလိုက်ပါသည်။ "အရင်က တွေ့ဖူးပါတယ် လူကြီးမင်း"

 

မော့ချင်းလင်သည် ဝင်လာသည့် နူးညံ့ပြီး သပ်ရပ်သည့် ကောင်လေးကို ကြည့်ပြီး သဘောကျသွားမိပါသည်။

 

ရှောင်ဟန်ကျန့်က ကျေးရွာမှ ဆင်းရဲသည့် မိသားစုကလာသည့် ပညာသင်တစ်ယောက်နဲ့ လုံးဝ မတူပါ။

 

မော့ချင်းလင်ကလည်း ရှောင်ဟန်ကျန့်ထက် နှစ်အနည်းငယ်သာ ပိုကြီးပါသည်။

 

သို့သော်လည်း သူ့ပါရမီများကို လေးစားဆဲဖြစ်သည်။

 

အေးစက်သောသူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုက ပေါ်လာ၏။ "ယဥ်ယဥ်ကျေးကျေးတွေ လုပ်မနေပါနဲ့။ ထိုင်ပါဦး။"

 

သူက လိုရင်းကို တန်းမေးလိုက်ပါသည်။ "ဒီနေ့ ငါ့ကို လာတွေ့တာ ဘာကိစ္စရှိလို့လဲ။"

 

သူက အရာရှိလုပ်ငန်းများဖြင့် အလုပ်ရှုပ်နေသောကြောင့် ဖြုန်းဖို့ အချိန်ပို မရှိပါ။

 

မော့ချင်းလင်က ဘယ်လိုလူမျိုးမှန်း ရှောင်ဟန်ကျန့်လည်း သိပါသည်။

 

သူလည်း လာရသည့် အကြောင်းအရင်းကို တဲ့တိုးပဲ ပြောလိုက်ပါသည်။ "ဒီနေ့ ဆရာနဲ့ ဆွေးနွေးစရာကိစ္စ ရှိလို့ပါ။"

 

"ကျွန်တော့်ဇနီးရဲ့ ဆရာက သူ့ကို ရေခဲလုပ်နည်း သင်ပေးခဲ့တယ်။ သူက သူ့ဆရာရဲ့ စေတနာကို ကျေးဇူးတင်တဲ့အနေနဲ့ ဒါကို လူထုကို ပြန်လည်မျှဝေပေးချင်လို့ပါ။"

 

"ရေခဲလုပ်နည်း သင်ယူချင်တဲ့ လူတိုင်း သင်လို့ရပါတယ်။"

 

"ဒါပေမယ့် ဝူမိသားစုက အရင်တုန်းက ဒီနည်းပညာကို အတင်းအကြပ် ဝယ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ဇနီးက သူ့ဆရာ ကြိုးစားခဲ့ရတဲ့ အလုပ်ကို အလကားမဖြစ်စေချင်လို့ ငြင်းလိုက်ပါတယ်။"

 

"ကျွန်တော်တို့ ရွာထဲမှာ ရေခဲလုပ်နည်းကို သင်ပေးမယ်ဆိုရင် ဝူမိသားစုက လက်မခံနိုင်ဘဲ ပွဲဆူအောင်လုပ်ဖို့ နည်းလမ်းတွေ ရှာမှာ စိုးရွံ့မိပါတယ်။"

 

"အဲ့တာကြောင့် လူကြီးမင်းကို မေးချင်တာက ကျွန်တော်တို့ အားလုံးကို ရေခဲလုပ်နည်း သင်ပေးဖို့အတွက် ကောင်တီယာမန်ထဲက နေရာလွတ်ကို ငှားလို့ရမလားလို့ပါ။"

 

"ပထမဆုံး ကောင်တီမြို့မှာ နေတဲ့လူတွေက အိမ်မှာ ရေခဲပုံးတွေ ထားပြီး အပူသက်သာအောင် လုပ်လို့ ရတယ်။ ဒုတိယက ကျွန်တော်တို့ အအေးတွေ လုပ်ပြီး ဝင်ငွေရှာဖွေလို့လည်း ရပါတယ်။"

 

သူ ထပ်ပြီး ရပ်တန့်သွားသည်။ "ဟုတ်တာပေါ့။ ဒီနည်းပညာကို ဆရာက အသုံးဝင်တယ်လို့မြင်ရင် မြို့တော်ဆီ ကမ်းလှမ်းပြီး အပူသက်သာအောင် အဲ့ကလူတွေကိုလည်း ရေခဲလုပ်နည်း သင်ခိုင်းလို့ ရပါတယ်။"

 

ကောင်တီယာမန်မှာ မော့ချင်းလင်က အလွန် အလုပ်များသော်လည်း ကောင်တီမြို့မှာ ဖြစ်ပျက်သမျှ အရာအားလုံးကို သူ သိပါသည်။

 

ထို့ကြောင့် နွေရာသီတွင် ရေခဲလုပ်သည့်အကြောင်းကို ကြားဖူးပြီးသားဖြစ်ကာ အနည်းငယ် မယုံနိုင်စရာဖြစ်နေဆဲဖြစ်၏။

 

သို့သော်လည်း ရှောင်ဟန်ကျန့်နဲ့ သူ့ဇနီးတို့ ဒီလောက် ရက်ရောလိမ့်မည်ဟု ထင်မထားခဲ့ပါ။

 

သူတို့ နည်းပညာကို အခမဲ့ပေးဖို့ ဆုံးဖြတ်ခဲ့ကြရုံတင်မကဘဲ အားလုံးကိုလည်း ရေခဲလုပ်နည်း သင်ပေးချင်သည်။

 

တခြား သာမန်မြို့သားများအတွက် စေတနာ ကောင်းပေးနေခြင်းဖြစ်သောကြောင့် သူကလည်း ကန့်ကွက်မှာ မဟုတ်ပါ။

 

သို့သော် သူ မေးလိုက်သေး၏။ "မင်းတို့ သေချာစဥ်းစားပြီးပြီလား။"

 

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ကဲ့၊ ကျွန်တော်တို့ သေချာ စဥ်းစားပြီးပါပြီ။ လူကြီးမင်း သဘောတူလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

 

ရှောင်ဟန်ကျန့်နဲ့ သူ့ဇနီးတို့က တကယ်ပဲ ရဲတင်းကြတာကို မော့ချင်းလင် အံ့သြသွားပြီး ပိုမို သဘောကျသွားမိပါသည်။

 

"ဒီလိုကိစ္စကောင်းမျိုးကို ဆောင်ရွက်မှာဆိုတော့ ငါသဘောတူပါတယ်။"

 

သူ စိတ်ဝင်စားစွာဖြင့် မေးလိုက်သည်။ "ရေခဲလုပ်ရတာ ခက်လား။"

 

ရှောင်ဟန်ကျန့်က ပြန်ပြောလိုက်ပါသည်။ "မခက်ခဲပါဘူး။ လုပ်ဖို့ ပစ္စည်းတစ်မျိုးပဲ လိုအပ်ပါတယ်။ ကျွန်တော် ယူလာခဲ့တယ်။ လူကြီးမင်း ဧကရာဇ်ကြီးကို ကိုယ်တိုင်လုပ်ပြလို့တောင် ရပါတယ်။"

 

အရင်တုန်းက သူ့ဇနီး ရေခဲလုပ်တာကို မြင်ခဲ့စဥ်တုန်းက အလွန်မှော်ဆန်သည်ဟု ထင်ခဲ့မိပါသည်။

 

ကိုယ့်မျက်လုံးနဲ့ ကိုယ် မြင်မှ ပိုပြီး ယုံကြည်စရာ ကောင်းပါသည်။

 

မော့ချင်းလင်ကလည်း မြင်ချင်၏။ "ဟုတ်ပြီ။"

 

ထို့နောက် ရှောင်ဟန်ကျန့်၏ ညွှန်ကြားချက်အတိုင်း လိုက်နာကာ တစ်ယောက်ယောက်ကို ကြီးမားသည့် သစ်သားပုံးကြီးတစ်ပုံးကို ရှာခိုင်းကာ မြေပေါ်တွင် ချခိုင်းလိုက်ပါသည်။ ဘေးမှာ သစ်သားလက်ဆွဲပုံး အသေးလေးတစ်လုံးလည်း ရှိနေပါသည်။

 

သစ်သားပုံးကြီးနဲ့ သစ်သားလက်ဆွဲပုံးလေးတို့ထဲ ရေဖြည့်လိုက်သည်။

 

မော့ချင်းလင်နဲ့ ကောင်တီယာမန်မှ တခြားလူတချို့က ရှောင်ဟန်ကျန့်တစ်ယောက် သူ့ကျောဘက်မှ ခြင်းထဲက အဖြူရောင်ကျောက်တုံး အသေးလေး တချို့ကို ယူကာ သစ်သားပုံးကြီးထဲ ပစ်ထည့်လိုက်တာကို မြင်လိုက်ကြရပါသည်။

 

"ခဏလောက် စောင့်ကြည့်နေပါ။ သစ်သားလက်ဆွဲပုံးငယ်ထဲက ရေတွေ ခဲသွားပါလိမ့်မယ်။"

 

မော့ချင်းလင်နဲ့ ကောင်တီယာမန်မှ လူတွေက ကြည့်နေကြသည်။ ဘာလို့ အရမ်းကြီး ယုံချင်စရာ မကောင်းတာလဲ။

 

သစ်သားရေပုံးကြီးထဲကို ကျောက်တုံးတွေ ပစ်ထည့်လိုက်တာက ကျောက်တုံး မရှိတဲ့ သစ်သားလက်ဆွဲပုံးငယ်လေးထဲက ရေတွေကို ခဲသွားစေမယ်တဲ့လား။ တကယ်ကြီးလား။

 

မော့ချင်းလင်၏ သံသယက ပိုမိုနက်ရှိုင်းသွားသည်။ သို့သော်လည်း ပြန်မတုန့်ပြန်သေးပါ။

 

"ဟုတ်ပြီ။ ဒါဆို ငါ အလုပ် နည်းနည်း အရင်သွားလုပ်လိုက်ဦးမယ်။ မင်း လက်ဖက်ရည်သောက်ပြီး ခဏစောင့်နှင့်။ ရေခဲလုပ်တာ ပြီးသွားရင် ငါလာကြည့်လိုက်မယ်"

 

သူက မကြာသေးခင်ကမှ နန်ရှီမြို့ကို လွှဲပြောင်းယူထားတာဖြစ်သည်။ အရင်ခရိုင် တရားသူကြီးက အလုပ်တွေအများကြီး စုပြုံပေးသွား၏။

 

သူက ဒီအဆင့်ထိရောက်နေပြီဖြစ်သောကြောင့် ကောင်တီခရိုင် တရားသူကြီးတစ်ယောက် ဖြစ်မလာသော်လည်း သူ့အလုပ်ကို ကောင်းမွန်စွာ လုပ်ချင်ပါသေးသည်။

 

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်လိုက်၏။ "သဘောအတိုင်းပါပဲ လူကြီးမင်း"

 

ကောင်တီယာမန်မှ ဘိလစ်နှစ်ယောက်က သစ်သားပုံးကြီးကို စိတ်ဝင်တစား စိုက်ကြည့်နေကြပါသည်။

 

ခဏလောက်ကြာသောအခါ ဘိလစ်တစ်ယောက်က ထအော်သည်။ "ရေတွေ တကယ်ကြီး ခဲနေပြီဟေ့။"

 

တခြားဘိလစ်တွေလည်း လာကြည့်ကြသည်။ "ခဲသွားပြီပဲ။ မှော်ဆန်လိုက်တာကွာ။"

 

"အင်မော်တယ်ဆိုတဲ့အတိုင်းပါပဲလား။ နွေရာသီမှာ ရေခဲလုပ်လို့ရတဲ့နည်းလမ်းတစ်ခုကို တကယ်ကြီး စဥ်းစားပေးခဲ့တယ်။"

 

"ဒီအင်မော်တယ်ကြီးရဲ့ တပည့်ကလည်း အကုန်လုံးကို တတ်မြောက်နိုင်အောင် ဉာဏ်ကောင်းလွန်းတယ်။"

 

လူတစ်အုပ် သစ်သားပုံးကြီးကို ဝန်းရံလိုက်ကြပြီး သက်ပြင်းချလိုက်ပါသည်။ မကြာမီ မော့ချင်းလင်လည်း အတွင်းဘက်အခန်းထဲမှ အပြင်ထွက်လာခဲ့၏။

 

သစ်သားပုံးကြီးထဲက ရေတွေ တကယ်ပဲ စတင်ခဲလာတာကိုမြင်သောအခါ သူ့ရင်ထဲ တုန်လှုပ်သွား၏။

 

အမြင်က သက်သေဖြစ်သည်။ မဟုတ်ပါက သူများတွေ ပြောနေသည့် ဒီနည်းလမ်းကို သူ ယုံကြည်နိုင်မှာ မဟုတ်သေးပါ၊။

 

သူကလည်း ထက်မြက်သူ ဖြစ်ပါသည်။ "ဒီရေခဲသွားရတာက ခုနက ပစ်ထည့်လိုက်တဲ့ ကျောက်ဖြူတွေနဲ့ သက်ဆိုင်တယ်မဟုတ်လား။"

 

ရှောင်ဟန်ကျန့်က ပြန်ပြောလိုက်ပါသည်။ "ဟုတ်ပါတယ်။ အဲ့တာက ယမ်းစိမ်းလို့ခေါ်ပါတယ်။ ဆေးဝါးတွေ ဖော်စပ်တဲ့နေရာမှာလည်း အသုံးပြုလေ့ ရှိပါတယ်။ တချို့တာအိုဆရာကြီးတွေလည်း ဆေးဖော်စပ်ဖို့ အသုံးပြုကြတယ်။ ဆေးဆိုင်တွေမှာ ဝယ်လို့ ရပါတယ်။"

 

မော့ချင်းလင်က အမြန်မေးလိုက်၏။ "ဒီယမ်းစိမ်းကို သုံးပြီး ရေခဲလုပ်မယ်ဆိုရင် ကုန်ကျစရိတ် များနိုင်လား။"

 

ရှောင်ဟန်ကျန့်က အမှန်တိုင်း ပြန်ဖြေလိုက်ပါသည်။ "ယမ်းစိမ်းကို တိုက်ရိုက်ထုတ်ယူမယ်ဆိုရင်တော့ အချိန်နဲ့ အားစိုက်ထုတ်မှုတချို့ပဲ ကုန်ကျပါမယ်။ ငွေတုံးနဲ့ လဲစရာ မလိုပါဘူး။"

 

"ဝယ်မယ်ဆိုရင်တော့ အများကြီး ကုန်ကျလိမ့်မယ်။"

 

ယမ်းစိမ်းဖြင့် ရေခဲလုပ်ခြင်း ကုန်ကျစရိတ်က မသေးလှပါ။ အားလုံး အသုံးပြုနိုင်သည်ဆိုပြီး နိုင်ငံတစ်ခုလုံးကိုလည်း မဖြန့်ဝေချင်ပါ။

 

လူအားလုံး သင်ယူနိုင်အောင် လူထုဆီ ချပြခြင်းသာ ဖြစ်သည်။

 

ယမ်းစိမ်းတွင်း၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူ ဖြစ်စေပါလိမ့်မည်။

 

ဆင်းရဲသည့်လူတွေက ယမ်းစိမ်းများ တူးဖော်မိပါက မြို့တော်သို့ တင်ပို့နိုင်သည်။ သူဌေးများကို ပြန်လည်ရောင်းချပြီး သူတို့ဘဝကို မြှင့်တင်နိုင်၏။

 

အဓိကအချက်က ရှစ်ချင်းလျို့ကလည်း ကောင်တီမြို့ကလူတွေကို တာအိုဘုရားကျောင်းအနီးက တောင်ပေါ်က ယမ်းစိမ်းတွင်းမှာ တက်တက်ကြွကြွ တူးဖော်စေချင်ခြင်း ဖြစ်သည်။

 

အားလုံး၏ စိတ်ဝင်စားမှုကို စည်းရုံးရင်း သူတို့အတွက်လည်း လမ်းဖောက်ပေးနိုင်ပါသည်။

 

ယမ်းစိမ်းတူးယူမှု အနည်းနဲ့ အများ ပြီးဆုံးသွားတာနဲ့ သူတို့ အလုပ်ရုံတွေကလည်း ထုတ်လုပ်မှု စတင်လို့ ရပါပြီ။

 

သူ့ဇနီး၏ အိုင်ဒီယာများက တခြား အဖြစ်အပျက်များနဲ့ အမြဲလိုလို ဆက်နွယ်နေတတ်သည်။ သူတောင် လေးစားသွားရပါသည်။

 

မော့ချင်းလင်က ဒါကိုကြားသောအခါ ရှောင်ဟန်ကျန့် ဘာကိုဆိုလိုသလဲဆိုတာကို ချက်ချင်း သိလိုက်ပါသည်။

 

ကြည့်ရတာ ဒီရေခဲပြုလုပ်တဲ့ နည်းပညာ ကုန်ကျစရိတ်က နည်းပါးမည့်ပုံမပေါ်ပါ။

 

လမ်းမပေါ်က သာမန်လူတစ်ယောက်ကတော့ တတ်နိုင်မှာ မဟုတ်ပေ။ သို့သော် ကံကောင်းပြီး ယမ်းစိမ်း တူးဖော်မိသည့် ဆင်းရဲသူများအတွက် အကျိုးကျေးဇူး ရရှိနိုင်သည်။

 

အမှန်ပင်။ ဒီနည်းလမ်းက ဘာမှ မလုပ်တာထက် ပိုကောင်းပါသည်။

 

တာ့လျန်ကို တည်ထောင်ပြီး စစ်ပွဲပြီးဆုံးသွားသောအခါ နေရာပေါင်းစုံမှ စားသုံးသူများက ၎င်းတို့၏ ပိုက်ဆံကို ဖြုန်းတီးဖို့ စောင့်နေခဲ့ကြသည်။

 

အင်ပါယာတရားရုံးကလည်း နိုင်ငံခြားကုန်ကျစရိတ်များစွာ ရှိနေပါသည်။

 

ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေတုံး မကြာခဏ နည်းပါးလေ့ရှိသည်။ နန်းတော်ကလည်း ယခင်မင်းဆက်က ကျန်ရှိခဲ့သည့် ရေခဲဂိုထောင်ကို အသုံးပြုနေဆဲဖြစ်သည်။

 

ရေခဲသိုလှောင်မှု အကန့်အသတ်ရှိသဖြင့် နန်းတော်က နှစ်တိုင်းလိုလိုပဲ ရေခဲလိုအပ်လေ့ရှိသည်။

 

နွေရာသီတွင် ဧကရာဇ်ကြီးထံမှ ရေခဲတောင်းခံသည့် ကိုယ်လုပ်တော်နဲ့ အရာရှိများစွာရှိပါသည်။

 

ဧကရာဇ်ကြီးကို ဒီနည်းလမ်းသာ ပေးလိုက်ပါက သေချာပေါက် ပျော်ရွှင်ပါလိမ့်မည်။

 

မော့ချင်းလင်က ခေတ္တစဥ်းစားလိုက်ပြီး ပြောလိုက်ပါသည်။ "ရေခဲလုပ်တဲ့ ဒီနည်းပညာကို ချရေးလိုက်။ ဧကရာဇ်ကြီးဆီ တစ်ယောက်ယောက်နဲ့ ပို့ခိုင်းလိုက်မယ်။ တာ့လျန်က လူတွေကို သင်ယူခွင့်ပေးမယ်။"

 

ဒါက ဧကရာဇ်ကြီးနဲ့ အင်ပါယာတရားရုံးက လူတွေကို အကျိုးအမြတ်ရစေပါလိမ့်မည်။ ပြည်သူလူထုကြားက သူတို့ဂုဏ်သတင်းကိုလည်း မြင့်တက်စေပါလိမ့်မည်။

 

ထို့နောက် ထပ်ပြောလိုက်၏။ "ဒီရေခဲပြုလုပ်တဲ့ နည်းပညာ ဘယ်ကပေါ်လာသလဲဆိုတာပါ ထည့်ရေးလိုက်ပါ။"

 

ဒါက ရှောင်ဟန်ကျန့်နဲ့ သူ့ဇနီးတို့ ဒီနည်းပညာကို မျှဝေပေးခဲ့သည်ဟု ဧကရာဇ်ကြီးကို အသိပေးမည်ဟု ဆိုလိုခြင်းလည်း ဖြစ်ပါသည်။

 

သူတို့ကိုယ်စား နာမည်ဝင်ယူလို့ မရပါ။ နည်းပညာကိုလည်း သမိုင်းတိကျစေရမည်။