အခန်း ၈၅
Viewers 7k

Ch-85

အခန်း(၈၅) လှုပ်ရှားမှုက ရက်စက်လွန်းတယ်

 

ရှောင်ဟန်ကျန့်လည်း မော့ချင်းလင်က သူများထံမှ နာမည်လုယူတတ်သော လောဘကြီးသူ မဟုတ်မှန်း သိပါသည်။

 

သူ ငြင်းဆန်ချင်ယောင်မဆောင်ဘဲ ယဉ်ကျေးသည့် လက်ဟန်ပြုလိုက်ပါသည်။ "ဟုတ်ကဲ့"

 

အဆိုပါ ခရိုင် တရားသူကြီးသာ ဝူမိသားစု နည်းပညာကို ရသွားတာနဲ့ ဆက်နွယ်နေပါက သေချာပေါက် ကိုယ့်လက်ရေးနဲ့ကိုယ် ပြန်ရေးပြီး ဧကရာဇ်ကြီးရှေ့မှာတောင် မတော်တဆ သူရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုပါလိမ့်မည်။

 

သေချာပေါက် သူတို့က နာမည်ဂုဏ်သတင်းကို လုယူသွားလိမ့်မည်။ ထို့နောက် အချိန်တန်သောအခါ အနာဂတ်မှာ ပြဿနာ ဖြစ်မလာအောင် သူတို့ကိုပါ ရှင်းပစ်လိမ့်မည်။

 

ထို့ကြောင့် ဒီကိစ္စအတွက် မော့ချင်းလင်ကို လုပ်ပိုင်ခွင့်ပေးခြင်းက အကောင်းဆုံး ဖြစ်ပါသည်။

 

ရှောင်ဟန်ကျန့်က နည်းပညာနဲ့ ၎င်း၏ ဇစ်မြစ်ကို ချရေးလိုက်ပြီး မော့ချင်းလင်ကို ပေးလိုက်ပါသည်။

 

"လူကြီးမင်း ကျွန်တော် အခု အားပါတယ်။ ဒီနေ့ပဲ လူတွေကို ရေခဲလုပ်နည်း သင်ပေးလိုက်ရမလား။"

 

ခရိုင်အစိုးရက လူတွေနဲ့ အကြီးဆုံးသခင်လေးဝူတို့က ရွာကို လာနေလောက်ပြီ။

 

မော့ချင်းလင်က အလွန်အမင်း အစွမ်းအစရှိသော လူလည်း ဖြစ်သည်။ "ကောင်းပြီ"

 

ထို့နောက် သူကိုယ်တိုင် လျှို့ဝှက်မှတ်တမ်းလွှာတစ်ခုကို ရေးသားပြီး ရှောင်ဟန်ကျန့်၏ နည်းပညာနဲ့ သူ ယူလာသည့် ယမ်းစိမ်းအနည်းငယ်တို့ကို ပြင်ဆင်လိုက်သည်။

 

ချက်ချင်းပဲ သူ့လူတွေကို မြင်းစီးကာ ကောင်တီယာမန်သို့ ပေးပို့ဖို့ အမိန့်ပေးလိုက်ပါသည်။

 

ထို့နောက် ပညာသင်ရှောင်က ကောင်တီယာမန်တွင် ရေခဲလုပ်နည်းကို သင်ပေးမည်ဖြစ်ကြောင်း ကောင်တီယာမန်က လူတွေကိုလည်း ချက်ချင်း အသိပေးလိုက်ပါသည်။

 

ရေခဲပြုလုပ်နည်းကို စိတ်ဝင်စားသည့် လူတိုင်း ပါဝင်သင်ကြားနိုင်ပါသည်။

 

မနက်ခင်း ရှောင်ဟန့်ကျန်းတစ်ယောက် ကောင်တီမြို့သို့ ရောက်လာတော့ သူတောင်းစားတချို့ကို ကြေးပြားတချို့ ပေးကာ ကောင်တီယာမန်ကို စောင့်ကြည့်ထားဖို့ ပြောခဲ့၏။

 

သူတို့အသိပေးစာ ကပ်လိုက်တာနဲ့ သူတို့ချက်ချင်းပဲ ကောင်တီမြို့အတွင်း သတင်းကို ဖြန့်ဝေပေးကြမည်ဖြစ်သည်။

 

မကြာမီ သတင်းက တောမီးလို ပြန့်နှံ့သွားခဲ့၏။ ကောင်တီမြို့က လူများစွာ ရေခဲလုပ်နည်းကို အခမဲ့ သင်ယူနိုင်ကြောင်း သိရှိသွားကြ၏။

 

လူအမြောက်အများက စိတ်ဝင်စားစွာဖြင့် ကောင်တီယာမန်သို့ အပြေးလာကြည့်ကြသည်။

 

သူတို့နွေရာသီမှာ တကယ်ပဲ ရေခဲလုပ်နိုင်ကြောင်း မြင်လိုက်သောအခါ မှော်ဆန်သည်ဟု ဆိုကြကာ ရှောင်ဟန်ကျန့်ထံမှ စတင်သင်ယူလေသည်။

 

တချို့လူတွေက အပျော်သဘောအဖြစ်သာ ပါဝင်ခြင်း ဖြစ်သော်လည်း တချို့ကတော့ ငွေရှာဖို့ ရည်ရွယ်ချက် ရှိသည်။

 

တစ်ဖက်မှာတော့ ရွာထဲတွင်။

 

ရှစ်ချင်းလျို့က အလုပ်ရုံထဲက ရွာသားများအတွက် ပဲစိမ်းစွပ်ပြုတ် ချက်ပြုတ်နေသည်။

 

လူအားလုံး သောက်ဖို့အတွက် ခပ်ထည့်ပေးနေတုန်း အကြီးဆုံးသခင်လေးဝူက သက်လတ်ပိုင်း အမျိုးသားတစ်ယောက်နဲ့အတူ ဝင်ရောက်လာ၏။

 

အကြီးဆုံးသခင်လေးဝူကို ထပ်မြင်လိုက်ရသောအခါ ရွာသားအားလုံး လက်ထဲတွင် ပန်းကန်လုံးများ ကိုင်ကာ မတ်တပ်ရပ်လိုက်ကြပြီး သတိကြီးစွာ ကြည့်လိုက်ကြ၏။

 

ဒီနေ့ တာ့လန်က ကောင်တီမြို့ကို ထွက်သွားသည်။ သူ့မိန်းမကို အနိုင်ကျင့်ခွင့်ပေးလို့ မဖြစ်ပါ။

 

ထိုရွာသားတွေက ရှစ်ချင်းလျို့ကို ဘယ်လောက်တောင် ကာကွယ်ပေးနေသလဲဆိုတာကို မြင်လိုက်ရသောအခါ အကြီးဆုံးသခင်လေးဝူက မျက်မှောင်ကြုတ်သွား၏။

 

ဒီလူတွေက တကယ်ပဲ ရူးသွပ်လွန်းလှပါသည်။ သူတို့ကို ဂရုစိုက်နေမအားပါ။

 

ရှစ်ချင်းလျို့ကို ကြည့်ကာ မောက်မာစွာဖြင့် ပြောလိုက်သည်။ "ရှစ်ချင်းလျို့ ဒါက ခရိုင် တရားသူကြီး လွှတ်လိုက်တဲ့ အကြံပေးပုဂ္ဂိုလ်ပဲ။ နင် မြန်မြန်လာပြီး ဂါဝရမပြုသင့်ဘူးလား။"

 

ရှစ်ချင်းလျို့က မျက်ခုံးပင့်လိုက်သည်။ "ဒီအကြံပေးပုဂ္ဂိုလ်က ရာထူး ဘယ်လောက်မြင့်လဲဆိုတာ မေးလို့ ရမလား။ ပြည်သူတွေက အကြံပေးပုဂ္ဂိုလ်တွေကို ဂါဝရပြုရမယ်လို့ ဘယ်သူက စည်းမျဥ်း သတ်မှတ်ပေးခဲ့တာလဲ။"

 

ဝူမိသားစုကို စော်ကားခြင်းက သူတို့နောက်ကွယ်က ခရိုင် တရားသူကြီးကို စော်ကားခြင်းနဲ့ အတူတူပဲ ဖြစ်သည်။ ထို့ကြောင့် သူမ အရမ်းကြီး ယဥ်ကျေးနေဖို့ မလိုပေ။

 

ထို့အပြင် သူက အကြံပေးပုဂ္ဂိုလ်တစ်ယောက်သာ ဖြစ်သည်။ သူ့ကို ဂါဝရပြုဖို့ သူများတွေကို အမိန့်ပေးတာက ဟာသလိုပင်။

 

အစက ပြုံးနေသည့် အကြံပေးပုဂ္ဂိုလ်လည်း သူ့အပြုံးတို့ အေးခဲသွားရ၏။ သူ့မျက်လုံးတွေက သဘောမတွေ့မှုတို့ကို ထုတ်ပြလိုက်သည်။

 

ဒီရွာသူက တကယ် ရိုင်းစိုင်းတာပဲ။

 

သို့သော်လည်း ဒီနေ့ ဖြေရှင်းရမည့်ကိစ္စကို ပြန်တွေးကြည့်မိသောအခါ သူ့ဒေါသကို ထိန်းသိမ်းပြီး ပြောလိုက်ပါသည်။ "ငါ့ကို ဂါဝရပြုစရာ မလိုပါဘူး။"

 

သူထပ်ပြောလိုက်၏။ "ဒါပေမယ့် ဧကရာဇ်ကြီးရဲ့ အမိန့်နဲ့ နင့်ကို လာတွေ့ရတဲ့ အထူးကိစ္စတစ်ခု ရှိတယ်။"

 

ဒီလိုရွာသူမျိုးနဲ့ စကားပြောသည့်အခါ သွယ်ဝိုက်ပြီး ပြောနေဖို့ မလိုအပ်ပါ။

 

ရှစ်ချင်းလျို့က သူတို့ရည်ရွယ်ချက်ကို မသိချင်ယောင် ဆောင်လိုက်ပါသည်။ "ဘာကိစ္စလဲ။"

 

တမင်သက်သက် သူမ၏ လေသံကို လေးနက်အောင် လုပ်လိုက်ပြီး ပြောလိုက်၏။ "ရေခဲလုပ်ဖို့အတွက် နည်းပညာဝယ်ဖို့ ဆိုရင်တော့ အကြီးဆုံးသခင်လေးဝူကို ရောင်းဖို့ မဟုတ်ဘူးလို့ ပြောထားပြီးသားနော်။"

 

"ခရိုင် တရားသူကြီးကို ခေါ်လာရင်တောင် ကျွန်မ ဒီအဖြေပဲ ပေးမှာပါ။"

 

ဒီကိစ္စကြောင့် ရွာသားများက အကြီးဆုံးသခင်လေးဝူကို စတင်ပြီး အထင်သေးလာကြသည်။

 

သူက အရှက်မဲ့လွန်း၏။ နည်းပညာကို အတင်းအကြပ် မဝယ်ယူသော်လည်း ဝန်ကြီးဌာနက လူတစ်ယောက်ယောက်ကို သွားခေါ်လာခဲ့သည်။

 

သို့သော် သူတို့ စိတ်လည်း ပူမိပါသည်။ ဘာပဲဖြစ်ဖြစ် သူ့ကို ခရိုင် တရားသူကြီးက စေလွှတ်လိုက်တာပဲ မဟုတ်လား။

 

တာ့လန်ရဲ့ ဇနီးကသာ နည်းပညာကို မရောင်းချပါက ဒီကိစ္စကို ပိုရှုပ်ထွေးသွားစေမလား မသိနိုင်ပါ။

 

အကြီးဆုံးသခင်လေးဝူနဲ့ အကြံပေးပုဂ္ဂိုလ်တို့ ပြောချင်သည့် စကားများ ချက်ချင်းပဲ ရှစ်ချင်းလျို့၏ ဖိနှိပ်မှုကို ခံလိုက်ရပါသည်။

 

အကြံပေးပုဂ္ဂိုလ်၏ မျက်နှာဟာ အနည်းငယ် ခက်ထန်သွား၏။

 

ဒီရွာသူက တကယ့်ကို ပြောရဆိုရခက်တာပဲ။ ဒီလိုစကားမျိုးကို လူရှေ့သူရှေ့မှာ ပြောရဲတယ်။

 

သူ ပြန်ပြောလိုက်၏။ "ငါတို့ နည်းပညာ လာဝယ်တာ မဟုတ်ဘူး။"

 

ရှစ်ချင်းလျို့က ချက်ချင်း မေးလိုက်ပါသည်။ "ဒါဆို ဘာလို့ လာခဲ့တာလဲ။"

 

အကြံပေးပုဂ္ဂိုလ် ချောင်းဆိုးသွား၏။ သူ ဘယ်လို ပြန်ဖြေရမလဲ။

 

ဒီရွာသူက ဘာလို့ ဒီလောက် မြန်မြန်ပြန်ဖြေနိုင်ရတာလဲ။

 

သို့သော်လည်း ကိုယ့်ကိုယ်ကို ထိန်းလိုက်ပြီး ပြောလိုက်ပါသည်။ "နွေရာသီရောက်ရင် ရေခဲလုပ်တဲ့ နည်းလမ်း နင့်မှာရှိတယ်ဆိုတာ ငါ့သခင်ကြီးက သိတယ်။ အဲ့တာကြောင့် ဧကရာဇ်ဆီကို ဆက်သဖို့ စီစဥ်နေတယ်။"

 

"နင့်ဆီက နည်းပညာကို ယူဖို့ ငါ့ကိုလွှတ်လိုက်တာပဲ။"

 

ထို့နောက် ငါးစာကို ချလိုက်သည်။ "ငါ့သခင်ကြီး ဒီနည်းပညာကို ဧကရာဇ်ဆီ ဆက်သလိုက်တာနဲ့ နင်တို့တစ်မိသားစုလုံး သူနဲ့ အတူတူ ဂုဏ်သတင်း ကျော်ကြားလာစေရမယ်။"

 

ရှစ်ချင်းလျို့တို့က အားသာချက် ကြီးကြီးမားမား ရထားပြီးပြီဖြစ်သဖြင့် သူမ မျက်ခုံးပင့်ပြလိုက်ပါသည်။ "ဒီတော့ ရှင့်သခင်ကြီးက ဒီနည်းပညာကို တကယ်ပဲ ဆက်သမှာပေါ့လေ။ ကျွန်မတို့က သူ့ဆွေမျိုးမှ မဟုတ်တာ ဘယ်လိုလုပ် သူနဲ့ အတူ ဂုဏ်သတင်း ကျော်ကြားနိုင်မှာလဲ။"

 

ထို့နောက် အဓိပ္ပာယ်ရှိစွာဖြင့် ထောက်ပြလိုက်သည်။ "ဒါပေမယ့် ဝူမိသားစုကတော့ နာမည်ကောင်းရရင်ရမှာပေါ့။"

 

အကြံပေးပုဂ္ဂိုလ်က မျက်မှောင်ကြုတ်သွားသည်။ ဒီရွာသူက ဘာလို့ ဒီလောက် ရှင်းရခက်တာလဲ။

 

သူမက ရဲတင်းပြီး အပြောကြမ်းသည်။

 

တခြားရွာသူတစ်ယောက်သာဆို ဒီနည်းပညာကို ဧကရာဇ်ကြီးဆီသို့ ဆက်သမည်ဟု ကြားလိုက်တာနဲ့ အလွန် ပျော်ရွှင်ကာ စိတ်လှုပ်ရှားလွန်းသဖြင့် အကုန်မေ့သွားနိုင်သည်။ နည်းပညာကို အမြန် ထုတ်ပေးနိုင်သည်။

 

ဒီရွာသူလိုမျိုး ဒီလောက်ထိ ဆင်ခြင်တုံတရားရှိတာ ရှားပါးလှပါသည်။

 

ရွာသားတွေက မထက်မြက်သော်လည်း ငတုံးများ မဟုတ်ကြပါ။

 

ရှစ်ချင်းလျို့ စကားကိုကြားလိုက်တာနဲ့ ဘာကို ဆိုလိုမှန်း နားလည်သွားကြပါသည်။

 

ဝူမိသားစုက နည်းပညာရဖို့အတွက် ခရိုင် တရားသူကြီးနဲ့ ပူးပေါင်းထားသည်။

 

သူတို့ ဧကရာဇ်ကြီးထံသို့ ဆက်သကာ သူတို့က ရှစ်ချင်းလျို့၏ နာမည်ဂုဏ်သတင်းကို လုယူကြတော့မည်။

 

အရှက်မဲ့လိုက်ကြတာ။

 

သူတို့ကို ဒေါသလည်း ထွက်သွားစေခဲ့၏။ တာ့လန်ရဲ့ ဇနီးက သူတို့ကို ရေခဲလုပ်နည်းသင်ပေးမည်ဟု ပြောထားပြီးသား ဖြစ်၏။ ခရိုင် တရားသူကြီးသာ ယူသွားပါက သူတို့ ဘယ်လိုလုပ်ပြီး သင်ယူနိုင်တော့မှာလဲ။

 

သူတို့အားလုံး အကြံပေးပုဂ္ဂိုလ်ကို ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်ကြသည်။

 

ရွာသားများထံမှ သဘောမကောင်းသော အကြည့်များကို အာရုံခံမိသဖြင့် အကြံပေးပုဂ္ဂိုလ်၏ မျက်မှောင်လည်း ပိုကြုတ်သွားသည်။

 

ဘာပဲဖြစ်ဖြစ် ဒါက သူ့ပိုင်နက် မဟုတ်ပါ။ ဒီနည်းပညာကို တတ်နိုင်သမျှ မြန်မြန်ချော့မော့ပြီး ယူချင်နေသည်။

 

ထို့ကြောင့် ရှစ်ချင်းလျို့ကို ပြုံးပြလိုက်ပြီး ပြောလိုက်ပါသည်။ "နည်းပညာအတွက် နင့်ရဲ့ ထောက်ပံ့မှုကိုလည်း ဝေစုရမှာပါ။ နင်နဲ့ အတူ နင့်မိသားစုပါ ကျော်ကြားလာစေရမယ်။"

 

"နည်းပညာကို အခုပဲ ထုတ်ပေးလိုက်ပါတော့။"

 

ရှစ်ချင်းလျို့က လက်ကို ဖြန့်ပြလိုက်သည်။ "နောက်ကျသွားပြီ။"

 

အကြံပေးပုဂ္ဂိုလ် ကြောင်စီစီ ဖြစ်သွားသည်။ "ဘာကို နောက်ကျသွားတာလဲ။"

 

ရှစ်ချင်းလျို့က အပြုံးဖြင့် ပြန်ပြောလိုက်ပါသည်။ "ကျွန်မ ယောက်ျားက ဒီမနက်ပဲ နည်းပညာကို ကောင်တီယာမန်ဆီ ယူသွားပြီ။"

 

"စီရင်စု တရားသူကြီး မော့ချင်းလင်ဆီ ပေးလိုက်ရုံတင်မကဘူး။ ရေခဲလုပ်နည်း သင်ယူချင်သူတိုင်း သင်နိုင်တယ်လို့လည်း ကြေညာလိုက်ပြီ။"

 

အကြီးဆုံးသခင်လေးဝူနဲ့ အကြံပေးပုဂ္ဂိုလ်တို့၏ မျက်နှာများ တစ်ချိန်တည်းမှာပဲ ပြောင်းလဲသွားကြသည်။ "ဘာ"

 

အကြီးဆုံးသခင်လေးဝူက အမျက်ဒေါသထွက်စွာဖြင့် မေးလိုက်ပါသည်။ "နင် တကယ်ပြောနေတာလား?"

 

ရှစ်ချင်းလျို့က သူတို့၏ ဒေါသထွက်နေသော မျက်နှာတွေကို မြင်ရတာ သဘောကျနေပြီး ပြောလိုက်ပါသည်။ "ဒါပေါ့။ ကျွန်မ တကယ်ပြောတာလေ။ ကျွန်မကို မယုံရင် သူများတွေကို လိုက်မေးကြည့်လို့ရတယ်။"

 

ရွာသားတွေကလည်း ဝင်ပြောလိုက်သည်။ "ဟုတ်တယ်။ တာ့လန် ဒီမနက်ပဲ ကောင်တီယာမန်ဆီ ထွက်သွားတယ်။"

 

သူ စောစော ထွက်သွားတာ တော်ပါသေးသည်။ မဟုတ်ပါက ဝူမိသားစုနက လူတွေနဲ့ ခရိုင် တရားသူကြီးတို့ သူတို့လမ်းကို လာရောက်ပိတ်ဆို့နိုင်သည် မဟုတ်ပါလား။

 

အကြီးဆုံးသခင်လေးဝူနဲ့ အကြံပေးပုဂ္ဂိုလ်တို့၏ မျက်နှာတွေဟာ ဒေါသဖြင့် စိမ်းသွားကြသည်။

 

ရှစ်ချင်းလျို့နဲ့ သူမ ယောာက်ျားတို့၏ လှည့်စားမှုကို ခံလိုက်ရပြီဆိုတာ အကြီးဆုံးသခင်လေးဝူ မသိဘဲ နေပါ့မလား။ "ရှစ်ချင်းလျို့ နင်တို့နှစ်ယောက် တကယ်တော်ပါပေတယ်။"

 

ဒီလို တိုက်ဆိုင်မှုမျိုး ဖြစ်နိုင်လိမ့်မည်ဟု သူ လုံးဝ မယုံကြည်ပါ။

 

သူတို့က နည်းပညာကို လာတောင်းဖို့ကြံလိုက်စဥ်မှာပဲ ရှစ်ချင်းလျို့တို့နှစ်ယောက်က လူထုကို အပြေးချပြလိုက်ကြသည်။

 

ရှစ်ချင်းလျို့က အပြစ်ကင်းသော မျက်နှာမျိုးဖြင့် ပြောလိုက်သည်။ "ရှင်ဘာတွေပြောနေတာလဲ။ ကျွန်မ မသိဘူး။"

 

"ဘာပဲဖြစ်ဖြစ်ပါ။ ရှင်တို့ ကျွန်မကို ဆက်ခြိမ်းခြောက်နေလည်း အသုံးမဝင်တော့ဘူး။ နည်းပညာကို လူထုနဲ့ မျှဝေပြီးသွားပြီ။"

 

ထို့နောက် အကြီးဆုံးသခင်လေးဝူနဲ့ အကြံပေးပုဂ္ဂိုလ်တို့ကို မချိုမချဥ်အပြုံးဖြင့် ကြည့်လိုက်သည်။

 

"ရှင်တို့လည်း ရေခဲလုပ်နည်းသင်ချင်ရင် ကောင်တီယာမန်မှာ အခု သင်သွားသင်လို့ ရတယ်နော်။ ပိုက်ဆံတောင် ပေးစရာ မလိုဘူး။"

 

အကြီးဆုံးသခင်လေးဝူနဲ့ အကြံပေးပုဂ္ဂိုလ်တို့ စွန့်အသွားကြသည်။ သူတို့ ဘာလို့ သင်ချင်ရမှာလဲ။ သူတို့က နည်းပညာကို လျှို့ဝှက်ထားချင်တာ ဖြစ်သည်။

 

အကြီးဆုံးသခင်လေးဝူ၏ မျက်နှာထားက အနည်းငယ် မူမမှန် ဖြစ်သွား၏။ "နင်စောင့်နေလိုက်ပါ။ သေချာပေါက် ဒီကိစ္စကို ဒီတိုင်း အလွတ်မပေးနိုင်ဘူး။"

 

ဒီမိန်းမယုတ်လေးနဲ့ ရှောင်ဟန်ကျန့်တို့ရဲ့ လှုပ်ရှားမှုများက ရက်စက်လွန်းလှသည်။