အခန်း ၈၆
Viewers 7k

Ch-86

အခန်း(၈၆) သူအပြစ်ပုံချခံရတာ

 

အကြီးဆုံးသခင်လေးဝူကော အကြံပေးပုဂ္ဂိုလ်တို့ကော စီရင်စု တရားသူကြီးမော့၏ နောက်ကြောင်းကို သိကြပါသည်။

 

ထို့ကြောင့် မော့ချင်းလင်သာ ရေခဲပြုလုပ်တဲ့ နည်းပညာကို ရသွားပါက သေချာပေါက် မြို့တော်က ဧကရာဇ်ကြီးဆီကို ဆက်သလိမ့်မည်။

 

သူ့အဆင့်အတန်းနဲ့ဆို ဒီကိစ္စတွေက ကိုင်တွယ်ဖို့ လွယ်ကူပါသည်။

 

ဒီလိုသာဖြစ်လာရင် သူတို့ တစ်နေကုန်ကြိုးစားပြီး နာမည်ကောင်းရဖို့ ကြိုးစားခဲ့ရတာတွေ အလကားဖြစ်မသွားနိုင်ဘူးလား။

 

ရှစ်ချင်းလျို့သာ သူ တွေးနေတာကို သိပါက သူမသေချာပေါက် ပြောလိမ့်မည်။ "စိတ်မပူပါနဲ့။ ရှင်တို့ အားထုတ်မှုတွေ အလကား မဖြစ်ပါဘူး။”

 

သူတို့ အကုန်လုံး နာမည်ကြီးလာပါလိမ့်မည်။

 

အကြီးဆုံးသခင်လေးဝူနဲ့ အကြံပေးပုဂ္ဂိုလ်တို့ ရှစ်ချင်းလျို့နဲ့ စကားဆက်မများတော့ဘဲ အမြန်ထွက်လာကြသည်။

 

သူတို့ ကောင်တီမြို့ကိုပြန်ပြီး ဘာတွေဖြစ်နေသလဲဆိုတာ ကြည့်ချင်သည်။

 

သူတို့ထွက်သွားတာကို မြင်သောအခါ ရှစ်ချင်းလျို့က ရွာသားများကို စိုးရိမ်စွာဖြင့် ကြည့်လိုက်၏။ "သူတို့ ကျွန်မ ယောက်ျားကို အန္တရာယ်ပေးကြမလားမသိဘူး။ ကျွန်မ ကောင်တီမြို့မှာ အခြေအနေ သွားကြည့်ချင်တယ်။”

 

"သူတို့ လုပ်လာခဲ့ရင် စီရင်စု တရားသူကြီးကို အကူအညီ သွားတောင်းကြမယ်။"

 

ရွာသားတွေလည်း စိုးရိမ်မိပါသည်။

 

သူတို့အတူတူရှိနေပါက ဝူမိသားစုကို ကြောက်စရာ မလိုပေ။

 

ထို့အပြင် ခွင့်ပြုချက် ပေးနိုင်သည့် စီရင်စု တရားသူကြီးအသစ်လည်း ရှိနေပါပြီ။

 

"သွားကြစို့။ ငါတို့လည်း နင်နဲ့အတူလိုက်မယ်" တာ့လန်ရဲ့ ဇနီးသာ တစ်ယောက်တည်း သွားပါက သူတို့ စိတ်ပူနေရဦးမည်။

 

ရှစ်ချင်းလျို့က သူတို့ကို ကျေးဇူးတင်သော မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်ပါသည်။ "ဒါဆိုလည်း အကုန်လုံးကို ဒီခရီးမှာ ကျွန်မနဲ့ လိုက်ခဲ့ဖို့ ဒုက္ခပေးရဦးမှာပေါ့။ ကျေးဇူးတင်ပါတယ်ရှင်။"

 

"ငါတို့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ငါတို့က တစ်ရွာတည်းသားချင်းတွေပဲ အချင်းချင်း ကူညီပေးသင့်တာပေါ့။ ပြီးတော့လည်း ငါတို့ကို ကူညီချင်လို့ ဝူမိသားစု အနိုင်ကျင့်တာကို နင်ခံရတာလေ။"

 

"ဟုတ်တယ်။ အတူတူ သွားကြရအောင်။"

 

ဒီလိုနဲ့ သူတို့အကုန်လုံး ကောင်တီမြို့ကို ဝံ့ကြွားစွာ သွားခဲ့ကြသည်။

 

ရွာထဲက တခြားသူတွေလည်း သူတို့နောက် ကောင်တီမြို့သို့ ဒေါသတကြီး လိုက်လာကြပါသည်။

 

အခုဆို ဝူမိသားစုက ရေခဲပြုလုပ်တဲ့ နည်းပညာအား လက်ဝါကြီးအုပ်ချင်သည်ဟူသည့် ကောလဟာလက ကောင်တီမြို့မှာ ပြန့်နှံ့နေပြီ ဖြစ်သည်။

 

သူတို့က ဘယ်သူ့ကိုမှ သင်ယူခွင့်မပေးချင်ကြပါ။ ထို့ကြောင့် ပညာသင်ရှောင်နဲ့ သူ့ဇနီးသည်တို့ကို စည်းရုံးခြိမ်းခြောက်ခဲ့ကြသည်။

 

ပိုင်မိသားစု၏ လက်ဖက်ရည်အိမ်အတွင်း ဇာတ်လမ်းတစ်ခုဆင်ပြီး ပြောခဲ့သည့် ပုံပြင်ပြောသမားတစ်ယောက်တောင် ရှိပါသေးသည်။

 

ဒီလိုလှလှပပ သရုပ်ဖော်ထားသည့် ဇာတ်လမ်းကြောင့်ပဲ ဝူမိသားစုက ချက်ချင်းဆိုသလို တစ်ကိုယ်ကောင်းဆန်သည့် အနိုင်ကျင့်တတ်သူများ ဖြစ်သွားကြသည်။

 

ရှောင်ဟန်ကျန့်နဲ့ သူ့ဇနီးတို့ကလည်း ရဲတင်းပြီး သဘောကောင်းကာ ဂုဏ်သိက္ခာဖြင့် ပြုမူတတ်မှုတို့ကြောင့် နာမည်ကြီးလာခဲ့သည်။

 

ဒါက ကောင်တီယာမန်ကို သွားပြီး ပိုင်ရွှီကို အိမ်မှာ သွားမတွေ့ခင် ဝူမိသားစုအတွက် ရှောင်ဟန်ကျန့် ပြင်ဆင်ပေးခဲ့သည့် လက်ဆောင် ဖြစ်ပါသည်။

 

ဝူမိသားစု ပြန်တုန့်ပြန်ဖို့ နည်းလမ်းစဥ်းစားလို့ မရနိုင်ခင်မှာပင် သူတို့ ဂုဏ်သတင်း ပျက်စီးသွားစေလောက်အောင် မြန်ဆန်ပြီး ချောမွေ့စေချင်ခဲ့၏။

 

သို့သော်လည်း ဒါက ရှစ်ချင်းလျို့၏ အကြံ ဖြစ်ပါသည်။

 

ဒီသတင်းကို ဘယ်လို မြန်နိုင်သမျှမြန်အောင် ဖြန့်ရမလဲဆိုတာ သူမ သိသည်။

 

ဒီသတင်းကို ဖြန့်ဖို့ အကောင်းဆုံးနည်းလမ်းက ဇာတ်လမ်းတစ်ပုဒ်ဆင်ကာ အားလုံးကို အတင်းအဖျင်း ပြောင်ဆိုစေခြင်း ဖြစ်သည်။

 

ဘာပဲဖြစ်ဖြစ် ဒီခေတ်မှာ ဖျော်ဖြေရေး အစီအစဥ်များ မရှိသေးပါ။

 

ဒီလို ကိုယ်ရေးကိုယ်တာ သတင်းက ကောင်တီမြို့တွင် အချိန်အတော်ကြာသည့်အထိ ကြာရှည်ခံပါလိမ့်မည်။

 

ထင်ထားသည့်အတိုင်း အားလုံး ဒီအကြောင်းကို ကြားသည့်အခါ လူများစွာက ဝူမိသားစုနဲ့ အကြီးဆုံးသခင်လေးဝူတို့ကို ကျိန်ဆဲမိကြပါသည်။

 

ဝူမိသားစုက ဆိုးယုတ်လွန်း၏။

 

ကိုယ်ရေးကိုယ်တာ အသုံးချဖို့အတွက်နဲ့ လူတိုင်းကို နည်းပညာ မျှဝေပေးချင်သည့် ရှောင်လင်မယားကို ခြိမ်းခြောက်ရဲကြသည်။

 

ရှောင်လင်မယား ကြွယ်ဝလာမှာကို မကြည့်နိုင်ကြလို့လား။ ဒါမှမဟုတ် လူတိုင်း ရေခဲ ပြုလုပ်တတ်သွားမှာကို မမြင်ချင်ကြလို့လား။

 

ဆင်တူသော စိတ်ဝင်စားမှုဖြင့် တူညီသည့် ပြဿနာတစ်ခုကို ရင်ဆိုင်ရသောအခါ ကောင်တီမြို့ထဲက လူတွေအကုန်လုံး ကျိန်ဆဲကုန်ကြပါသည်။

 

ထို့အပြင် ဝူမိသားစုကလည်း ကောင်တီမြို့တွင် နှစ်ပေါင်းများစွာကြာအောင် လွှမ်းမိုးချုပ်ကိုင်ထားခဲ့ပြီး မိစ္ဆာလုပ်ရပ်များစွာအတွက်လည်း တာဝန်ရှိကြသည်။

 

ဝူမိသားစုနဲ့ ပူးပေါင်းထားကြသူတွေကလည်း ခရိုင် တရားသူကြီးက ထောက်ပံ့ပေးထားသဖြင့် ဘာမှ မပြောရဲကြပါ။

 

ယခုတော့ အသစ်စက်စက် ခန့်အပ်ထားသည့် ဖြောင့်မှန်သော ဝန်ကြီးတစ်ယောက်ရှိလာပြီ ဖြစ်ပြီး ရှောင်ဟန်ကျန့်၏ ရည်ရွယ်ချက်ရှိရှိ လမ်းညွှန်မှုတို့ကြောင့် ဒီလိုကိစ္စမျိုး ဖြစ်လာသဖြင့် ဝူမိသားစု၏ အတိတ်က လုပ်ရပ်များ ချက်ချင်းဆိုသလိုပင် ပေါ်ထွက်လာခဲ့သည်။

 

တချို့ကလည်း ဝူမိသားစု၏ မကောင်းသည့် လုပ်ရပ်များကို ကောင်တီမြို့တစ်လျှောက်တွင် ဖြန့်ခဲ့သည်။

 

ဝူမိသားစုက နန်ရှီမြို့တွင် မိစ္ဆာအင်အား၏ မျက်နှာစာ ချက်ချင်းပဲ ဖြစ်လာခဲ့ပါသည်။

 

သူတို့က လမ်းမပေါ်က ကြွက်တွေလိုပင်။ သူတို့ကို မြင်သူတိုင်းက ဒေါသတကြီး မောင်းထုတ်ချင်ကြ၏။

 

ရေခဲလုပ် အလုပ်ရုံတွင် တချို့ဆို ဒီမကောင်းသည့်လူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ စီရင်စု တရားသူကြီးကိုတောင် တိုင်ကြားကြပါသည်။

 

အားလုံးက တရားမျှတမှုကို လိုချင်ကြပြီး မော့ချင်းလင်ကို ဝူမိသားစုအား အပြစ်ပေးစေချင်နေကြသည်။ ရှောင်ဟန်ကျန့်တစ်ယောက် နှုတ်ခမ်းတွေ တွန့်ကွေးပြီး ပြုံးလိုက်မိပါသည်။

 

သူနဲ့ သူ့ဇနီးလေးတို့က သူတို့အောင်မြင်မှုများနဲ့ ဂုဏ်သတင်းများကို ကောင်းမွန်စွာ ဖုံးကွယ်ထားခဲ့ကြသည်။

 

အကြီးဆုံးသခင်လေးဝူနဲ့ ခရိုင်တရားရုံးကလူတွေ ကောင်တီမြို့ကို ပြန်ပြေးလာကြပြီးနောက် အံ့သြကုန်ကြမလား သိချင်မိသည်။

 

ဒါက သူတို့၏ စီရင်စု တရားသူကြီးဖြစ်သူ မော့ချင်းလင်အတွက် လက်ဆောင်ဟုလည်း သတ်မှတ်နိုင်သည်။

 

မော့ချင်းလင်က နန်ရှီမြို့ကို အပြည့်အဝ ထိန်းချုပ်ချင်၏။

 

အမှန်ပင်။ ယခင် ခရိုင် တရားသူကြီး ချန်ထားခဲ့သည့် ပြဿနာများကို ရှင်းလင်းဖို့ လိုအပ်သည်။

 

တူမိသားစုက မကောင်းသည့် အရာများစွာကို လုပ်ခဲသည်။ ထို့ကြောင့် ဝူမိသားစုနဲ့ စတင်ကာ တရားဥပဒေကို ပြင်ဆင်ဖို့ ဖြစ်သင့်ပါသည်။

 

ယခုဝူမိသားစုက လူထု၏ အမျက်ဒေါသကို နှိုးဆွလိုက်မိပြီ ဖြစ်သဖြင့် မော့ချင်းလင်က သေချာပေါက် အခွင့်အရေးကို ရယူကာ သူတို့ကို သင်ခန်းစာ ကောင်းကောင်း ပေးလိမ့်မည်ဖြစ်သည်။

 

ထင်ထားသည့်အတိုင်းပင်။ လူတိုင်း ဝူမိသားစုကို အပြစ်ပေးဖို့ ဒေါသတကြီး တောင်းဆိုနေသည့် အသံများက မော့ချင်းလင် လိုချင်နေသည့်အရာပဲ ဖြစ်ပါသည်။

 

မကြာသေးခင်က ဝူမိသားစုကို တိုက်ခိုက်ဖို့ သူ သက်သေများစွာ ရှာဖွေနေခဲ့သည်။ ယခုတော့ သက်သေက သူ့တံခါးဝထိ ရောက်လာခဲ့ပါပြီ။ သူလည်း လှုပ်ရှားမှ ဖြစ်တော့မည်။

 

ဝူမိသားစုကို ထောက်ပံ့နေသည့် ခရိုင် တရားသူကြီးကိုလည်း သူ မကြောက်ပါ။

 

အားလုံးကို ခေါင်းငြိမ့်ပြလိုက်သည်။ "ဝူမိသားစုကိစ္စကို ကျုပ် လေးလေးနက်နက် စုံစမ်းပြီး ရှင်းလင်းချက် ထုတ်ပြန်ပေးပါ့မယ်။ ကျေးဇူးပြုပြီး စိတ်ချပါ။"

 

အခုမှ ရောက်လာသည့် သခင်ကြီးဝူက ထိုစကားလုံးများကို ကြားလိုက်ရသောအခါ ချက်ချင်းပဲ မျက်နှာအုံ့မှိုင်းသွားခဲ့ပါသည်။

 

ဝူမိသားစုတစ်ခုလုံး ရှောင်ဟန်ကျန့်နဲ့ သူ့ဇနီးသည်တို့ လက်ချက်ကြောင့် ယုန်တွင်းထဲ ပြုတ်ကျသွားပြီဖြစ်မှန်း သူ သိလိုက်ရပါပြီ။

 

နည်းပညာကို သူတို့ဆီ မပေးအပ်ဘဲ ပြဿနာကို ဖြေရှင်းခဲ့ရုံသာမကဘဲ သူတို့ကို ရက်ရက်စက်စက် လှည့်စားခဲ့သည်။

 

ဝူမိသားစု၏ တခြားမိသားစုဝင်များကိုပါ အမြန်ခေါ်လာခဲ့သည်။ "နားလည်မှုလွဲတာပါ။ အကုန် နားလည်မှုလွဲနေတာပါ။"

 

မော့ချင်းလင်က သူ့ကို သွေးအေးစွာ ကြည့်လိုက်သည်။ "ဘာကို နားလည်မှုလွဲတာလဲ။ ပညာသင်ရှောင်ရဲ့ ဇနီးရဲ့ တာအိုဆရာကြီး ချန်ထားခဲ့တဲ့ ရေခဲပြုလုပ်တဲ့ နည်းပညာကို ခင်ဗျားတို့ လုယူချင်တယ်ဆိုတာကို နားလည်မှုလွဲတာလား။"

 

သခင်ကြီးဝူက ချောင်းဆိုးသွားပြီး ချက်ချင်းပဲ ငြင်းဆန်လိုက်ပါသည်။ "မဟုတ်ပါဘူး။ ကျုပ်တို့က နည်းပညာကို အတင်းအကြပ် မလုယူခဲ့ပါဘူး။"

 

"ကျုပ်တို့ ပညာသင်ရှောင်တို့လင်မယားနဲ့ ဆွေးနွေးရုံပါပဲ။ သူတို့က ရောင်းဖို့ သဘောမတူတော့ ကျုပ်တို့ လက်လျှော့ခဲ့ကြပါတယ်။"

 

ရှောင်ဟန်ကျန့်က စူးရှစွာ ပြောလိုက်သည်။ "ဒါပေမယ့် အကြီးဆုံးသခင်လေးဝူကတော့ ကျုပ်တို့ကို စောင့်နေဖို့ ပြောသွားတယ်။ ကျုပ်တို့ကို အလွတ်မပေးဘူးတဲ့။"

 

"ပြီးတော့ မနေ့ကလည်း ကျုပ်မိန်းမကို ခြိမ်းခြောက်သွားသေးတယ်။ ရွာသားတွေ အများကြီးလည်း မြင်တယ်။ သူတို့ သက်သေလုပ်ပေးနိုင်တယ်။"

 

တံခါးနားမှ အော်သံတချို့ ထွက်ပေါ်လာခဲ့ပါသည်။ "ဟုတ်တယ်။ ကျုပ်တို့ သက်သေလုပ်ပေးလို့ ရတယ်။"

 

ရှောင်ဟန်ကျန့် လှမ်းကြည့်လိုက်သောအခါ ရွာသားတွေ သူ့မိန်းမနဲ့ အတူတူ ဝင်လာတာကို မြင်လိုက်ရပါသည်။

 

ရှစ်ချင်းလျို့သည် ပထမဆုံး စီရင်စု တရားသူကြီး မော့ချင်းလင်ကို သူမ ဦးညွှတ်လိုက်ပါသည်။

 

ထို့နောက် သူမ မျက်လုံးများ နီရဲလာပြီး အလွန်ဝမ်းနည်းသွားသည့်ပုံပေါက်သွားသည်။

 

သူမ ရှောင်ဟန့်ကျန့်ကို ပြောလိုက်၏။ "ယောက်ျား ဒီနေ့နေ့ လည်ခင်းတုန်းက အကြီးဆုံးသခင်လေးဝူက ခရိုင် တရားသူကြီးရဲ့ အကြံပေးပုဂ္ဂိုလ်ကို ရွာထဲ ခေါ်လာပြီး ကျွန်မကို နည်းပညာ ပေးအပ်ရမယ်လို့ အတင်းပြောခဲ့တယ်။"

 

"စီရင်စု တရားသူကြီးဆီကို ရှင်ပေးအပ်လိုက်ပြီလို့ ကျွန်မ သူတို့ကို ပြောလိုက်တယ်။ လူတိုင်းကို ရေခဲဘယ်လိုလုပ်ရမလဲဆိုတာ ရှင်သင်ပေးရမယ်။"

 

"အကြီးဆုံးသခင်လေးဝူက ကျွန်မတို့ကို စောင့်ကြည့်နေဖို့ ပြောသွားတယ်။ သေချာပေါက် ကျွန်မတို့ကို ဒီလိုမျိုး လွယ်လွယ် အလွတ်ပေးမှာ မဟုတ်ဘူး။"

 

ရှစ်ချင်းလျို့သည် မျက်လုံးထဲတွင် မျက်ရည်များအပြည့်ဖြင့် သူမ ထပ်ပြောလိုက်သည်။ "သူတို့ ရှင့်အပေါ် ကလဲ့စားချေမှာကိုလည်း စိတ်ပူလို့ ကျွန်မ အပြေးလိုက်လာခဲ့တာပါ။"

 

"ယောက်ျား ရှင် အဆင်ပြေရဲ့လား" သူမ စိုးရိမ်စွာဖြင့် မေးလိုက်ပါသည်။

 

သူ့ဇနီးသည်လေး သရုပ်ဆောင်နေမှန်း ရှောင်ဟန်ကျန့်သိသော်လည်း သူမ၏ မျက်လုံးများနီနေတာကို မြင်သောအခါ စိတ်မကောင်း ဖြစ်သွားရပါသည်။

 

သူ ပြန်ပြောလိုက်၏။ "စီရင်စု တရားသူကြီကော အားလုံးရှိနေလို့ ကို အဆင်ပြေပါတယ်။"

 

ရှစ်ချင်းလျို့က စိတ်အေးစွာ သက်ပြင်းချလိုက်ပြီး မော့ချင်းလင်ကို ကြည့်လိုက်ပါသည်။ “လူကြီးမင်း ကျွန်မခင်ပွန်းနဲ့ ကျွန်မတို့ အဆင်ပြေပါ့မလား။"

 

သူမ လုပ်ချင်တာက ဝူမိသားစုကို မုန်တိုင်းဒဏ်ခံရအောင် ဖိအားပေးချင်ခြင်း ဖြစ်သည်။

 

ဝူမိသားစုက သူတို့ကို ချက်ချင်းသတ်ချင်ရင်တောင် အခုတော့ ဘာမှ မလုပ်နိုင်တော့ပါ။

 

မော့ချင်းလင်လည်း ရှောင်ဟန်ကျန့်၏ ဇနီးက တကယ်ပဲ ရိုးရိုးတန်းတန်း မဟုတ်မှန်း နားလည်သွားရပါသည်။

 

ဝူမိသားစုကို အနိုင်ယူခဲ့ရုံတင်မကဘဲ ဒီအချိန်တိုအတွင်း သူတို့ကို ဘာမှ မလုပ်နိုင်အောင် ဝူမိသားစုကို တားမြစ်နိုင်ခဲ့သည်။

 

မဟုတ်ပါက သူတို့ တစ်ခုခု ဖြစ်သွားလျှင် ဝူမိသားစုက လက်စားချေသည့်သဘော သက်ရောက်သွားပါလိမ့်မည်။

 

သူ ခေါင်းငြိမ့်ကာ ပြောလိုက်၏။ "မင်းနဲ့ မင်းရဲ့ ခင်ပွန်းတို့ ဘာမှ မဖြစ်အောင် ကျုပ် သေချာပေါက် ကာကွယ်ပေးပါ့မယ်။"

 

ရှစ်ချင်းလျို့က အနည်းငယ်ပြုံးကာ အလွန် စိတ်ချသွားသော ပုံစံ လုပ်ပြလိုက်ပါသည်။ "ကျွန်မရဲ့ စီရင်စု တရားသူကြီးဖြစ်တဲ့ လူကြီးမင်းကို ယုံကြည်ပါတယ်။"

 

မော့ချင်းလင်က သူမ၏ ယုံချင်စရာကောင်းသည့် သရုပ်ဆောင်မှုများအတွက် လက်ခုပ်တီးပေးချင်မိသည်။

 

ထို့နောက် လိုက်ပါလာခဲ့ကြသည့် ရွာသားတွေကလည်း ရှစ်ချင်းလျို့၏ စကားလုံးများကို အတည်ပြုဖို့အတွက် စုပေါင်းကာ ပြောလိုက်ကြပါသည်။

 

အကြီးဆုံးသခင်လေးဝူက အရင်နေ့ကလည်း ရှစ်ချင်းလျို့ကို လာခြိမ်းခြောက်ခဲ့ကြောင်း ပြန်ပြောပြခဲ့ကြသည်။

 

အခုမှရောက်လာသည့် အကြီးဆုံးသခင်လေးဝူကတော့ သူတို့စကားလုံးများကို ကြားသည့်အခါ လုံးဝ ကြက်သေ သေသွားရပါသည်။

 

လခွမ်း သူ ဘယ်တုန်းက ဒါတွေပြောဖူးလို့လဲ။

 

ရှစ်ချင်းလျို့က ရေခဲပြုလုပ်တဲ့ နည်းပညာကို လူထုအား အခမဲ့ချပြဖို့ ရည်ရွယ်ထားသည်ဟု မနေ့က သူ မသိခဲ့ပေ။

 

မဟုတ်ပါက သူ ဂရုစိုက်နေပါဦးမလား။

 

အခုလေးတင် အပြန်လမ်းတွင် ရထားလုံးက ရုတ်တရက် ပျက်သွားပြီး သူတို့ ခရီး နှောင့်နှေးသွားခဲ့ရ၏။

 

ဒီလိုနှောင့်နှေးမှုကြောင့် ကောင်တီမြို့ထဲက အခြေအနေတွေ တကျော့ပြန်သွားလိမ့်မည်ဟု သူ တကယ် ထင်မထားခဲ့ပါ။

 

ဒီမိန်းမက သူတို့ကို ရေဆိုးရေညစ်များ တစ်ပုံးပြီး တစ်ပုံး လောင်းချနေပြိး လူတွေအမြောက်အများကလည်း သူမကို ယုံကြည်နေကြသည်။

 

သူ အပြစ်ပုံချခံလိုက်ရပါသည်။