အခန်း(၈၇) ကျန့်ကျန့် ရှင် ဘာလို့ အရမ်းတော်နေရတာလဲ
အကြီးဆုံးသခင်လေးဝူက ချက်ချင်းပဲ ခန်းမထဲ ဝင်လာခဲ့ပါသည်။
အကြီးဆုံးသခင်လေးဝူက မော့ချင်းလင်ကို ကြည့်ကာ ဦးညွှတ်လိုက်သည်။ "သခင်ကြီး သူတို့ ကျုပ်ကို မဟုတ်တာတွေ ပြောနေတာပါ။"
ရှစ်ချင်းလျို့က ပြန်အရွဲ့တိုက်လိုက်သည်။ "ကျွန်မတို့က အများကြီးကို အကုန်လုံးက ရှင့်ကို ဘယ်လို မဟုတ်တာတွေ ပြောနိုင်ရမှာလဲ။"
"ကျွန်မရှင့်ကို မေးပါရစေဦး။ ကျွန်မတို့ကို စောင့်ကြည့်နေပါလို့ပြောပြီး ဒီကိစ္စကို ဒီလိုမျိုး ပြီးသွားခွင့် မပေးဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား။"
"ပြီးတော့ ကျွန်မတို့ နည်းပညာကို ဝယ်ယူဖို့ အတင်းလုပ်ခဲ့လား၊ မလုပ်ခဲ့ဘူးလား။"
အကြီးဆုံးသခင်လေးဝူ ချောင်းဆိုးသွား၏။ "အဲ့လိုပြောခဲ့ပေမယ့် နင်တို့ကို တစ်ခုခုလုပ်မယ်လို့ ဆိုလိုတာမှ မဟုတ်တာ။"
ရှစ်ချင်းလျို့က ပြန်ချေပလိုက်၏။ "ဒါဆို ပြောခဲ့တယ်ပေါ့။ အဲ့တာဆို ကျွန်မတို့ကို ခြိမ်းခြောက်ဖို့ ရည်ရွယ်ခဲ့တာပဲပေါ့။"
သူမ ထပ်ပြီး ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်မယောက်ျားနဲ့ ကျွန်မတို့ တစ်ခုခုသာ ဖြစ်လာခဲ့ရင် အဲ့တာ သေချာပေါက် ရှင်တို့ဝူမိသားစုလက်ချက်ပဲ။"
အကြီးဆုံးသခင်လေးဝူ ဆွံ့အသွားခဲ့ရသည်။ ဒီမိန်းမက ဘာဖြစ်လို့ ဒီလောက်ထိ ယုတ္တိကင်းမဲ့ရတာလဲ။
သူ ဒေါသတွေ အစုလိုက် အပြုံလိုက်ဖြင့် ပြန်လာတာဖြစ်ပြီး ဒီမိန်းမယုတ်လေးကို နှစ်ရက်အတွင်း ပြန်ပေးဆွဲဖို့ စဥ်းစားနေတုန်းပဲ ရှိသေးသည်။
ဒါကို အခုသာ လုပ်လိုက်ပါက ကောင်တီမြို့ထဲက တခြားသူတွေကို မဆိုဦးနဲ့။ စီရင်စု တရားသူကြီးမော့တောင် သူတို့ဝူမိသားစုကို စောင့်ကြည့်နေပါလိမ့်မည်။
ဝမ်းနည်းလိုက်တာ၊ ဝမ်းနည်းဖို့ကောင်းလိုက်တာ။
သူ အသက်ဝဝရှူလိုက်ပြီး ပြောလိုက်သည်။ "နင် နည်းပညာကို ရောင်းမလားလို့ ငါယဥ်ယဥ်ကျေးကျေးပဲ မေးခဲ့တာလေ။ အဲ့တာ ဘာဖြစ်လို့လဲ။"
ရှစ်ချင်းလျို့က ပြောလိုက်သည်။ "ရှင်က အကုန်လုံးကို အရူးလို့ သတ်မှတ်ဖို့ ကြိုးစားနေတာလား။"
သူမ သွေးအေးစွာဖြင့် အရွဲ့တိုက်ပြောလိုက်ပါသည်။ "မနေ့ကကော ဒီနေ့ကော ရှင်ကျွန်မကို ခြိမ်းခြောက်ခဲ့တာ အားလုံး ကြားခဲ့ကြတယ်။ အဲ့တာကြောင့် ရှင်းပြမနေနဲ့တော့။ ရှင်က ကိစ္စတွေကို ဖုံးဖိဖို့ ရှင်းပြနေတာမလား။"
ရှစ်ချင်းလျို့နှင့်အတူလိုက်ပါလာသည့် ရွာသားတွေလည်း ဆက်ပြောကြပါသည်။ "ဟုတ်တယ်။ ကျုပ်တို့အကုန်လုံး ကြားလိုက်တယ်။"
"ကျုပ်တို့ မလိမ်ဘူး။"
"အကြီးဆုံးသခင်လေးဝူက တကယ်ပဲ အဲ့စကားတွေပြောခဲ့တယ်ဆိုတာ ကျုပ်တို့ ကျိန်ဆိုရဲတယ်" သူတို့ တကယ်ပဲ ကြားခဲ့ကြခြင်း ဖြစ်ပါသည်။
အကြီးဆုံးသခင်လေးဝူ ဆွံ့အသွားခဲ့ရ၏။ ဒီအရူးကောင်တွေ။ သူ ပြောတဲ့စကားတွေရဲ့ တစ်ဝက်ကိုပဲ ဘာလို့ နားထောင်ကြတာလဲ။
မနေ့က ရှစ်ချင်းလျို့ ဘာကြောင့် နားလည်ရခက်သော စကားများ ပြောခဲ့တာလဲဆိုတာကို သူ အမြန်ပဲ နားလည်သွားပါသည်။
သူ့အတွက် သေတွင်းတူးပေးနေတာပေါ့လေ။
သူ ရှင်းပြလိုက်သည်။ "နင်က နည်းပညာကို လူထုအတွက် အခမဲ့ချပြမယ်ဆိုတာ ငါမသိခဲ့ဘူးလေ။ မဟုတ်ရင် ငါမဝယ်ပါဘူး။"
ဒါက လူထုအတွက် အခမဲ့ မျှဝေပေးလိမ့်မယ်ဆိုတာကို စောစောသာ သိခဲ့ပါက သူမကို အရင်ဆုံး ပြန်ပေးဆွဲခိုင်းလိုက်မည်ဖြစ်သည်။
အခုတော့ အကျိုးခံစားခွင့် နည်းနည်းလေးတောင် သူ မရခဲ့ပါ။ အာရုံစိုက်မှုများစွာကိုသာ လက်ခံလိုက်ရပါသည်။
ရှစ်ချင်းလျို့က မျက်ခုံးပင့်လိုက်၏။ "ရှင်က အကုန်လုံးကို အရူးလို့သဘောထားနေပြန်ပြီပဲ။"
"ကောင်တီမြို့က လူတွေ အကုန်လုံး နီးပါး သိကြတယ်။ ရှင်က ဘာလို့ မသိရမှာလဲ။"
ဘေးက စောင့်ကြည့်နေသူများ ဒါကိုကြားသောအခါ အကြီးဆုံးသခင်လေးဝူ တကယ်ပဲ စည်းကျော်နေပြီဟု ခံစားလိုက်ရပါသည်။ သူတို့က ငတုံး မဟုတ်ကြပါ။
"ဟုတ်တယ်လေ။ ကျုပ်တို့တောင် သိပြီးတာ ကြာလှပြီ။ ခင်ဗျားက ဘာလို့ မသိရမှာလဲ။ ဟန်ဆောင်နေတာတွေ တော်ပါတော့။"
"ခင်ဗျားတို့ ဝူမိသားစုက နန်ရှီမြို့မှာ ဆိုးယုတ်တဲ့မိသားစုဆိုပေမယ့် သခင်ကြီးရှေ့မှာတော့ လာမမောက်မာနဲ့။"
"ကတ်သီးကတ်သတ်တွေ လိုက်ပြောမနေနဲ့တော့။ ကတ်သီးကတ်သတ်တွေ လိုက်ပြောနေတာ ခင်ဗျားရဲ့ ကိစ္စတွေကို ဖုံးဖိချင်တဲ့သဘောသက်ရောက်နေတယ်။"
စီရင်စု တရားသူကြီးအသစ်နဲ့ ဒီမှာ လူအများကြီး ရှိနေကြပါသည်။ ထို့ကြောင့် အားလုံးက ဝူမိသားစုကို မကြောက်ကြတော့ပါ။ တစ်ယောက်ပြီး တစ်ယောက် ဝင်ပြောကြသည်။
အကြီးဆုံးသခင်လေးဝူက ဆက်လက် တိတ်ဆိတ်နေခဲ့သည်။ ဒေါသထွက်လွန်းသဖြင့် ရူးချင်လောက်အောင်ဖြစ်နေပါသည်။
အခုတော့ သူ့မှာ ရှင်းပြချက် ရှိနေရင်တောင် ထုတ်ပြောလို့ မရတော့ပါ။ သူရှင်းပြဖို့ပိုပြီး ကြိုးစားလေလေ ဒီကိစ္စက ပိုပြီး ရှုပ်ထွေးလာလေလေ ဖြစ်သည်။
ဒီမိန်းမယုတ်လေးက ဒီလောက် အရှက်သိက္ခာ မရှိသည့် ဗျူဟာများကို အသုံးချနေသဖြင့် လူတောင် မဟုတ်လောက်ပါ။
မော့ချင်းလင်က အားလုံးပြောပြီးတာကို စောင့်ကာ အကြီးဆုံးသခင်လေးဝူကိုကြည့်ပြီး ပြောလိုက်ပါသည်။ "မင်းက အခြေခံစာသင်သားရှောင်ရဲ့ ဇနီးကို အရင်ခြိမ်းခြောက်ခဲ့တယ်။ နည်းပညာကို အတင်းအကြပ် ဝယ်ယူဖို့ ကြိုးစားခဲ့တယ်ဆိုတာလည်း အမှန်ပဲ။"
"အဲ့ဒါကြောင့် ဒီရက်ပိုင်းတွေထဲမှာ အခြေခံစာသင်သားရှောင်နဲ့ သူ့ဇနီးတို့ တစ်ခုခုဖြစ်လာခဲ့ရင် မင်းတို့ ဝူမိသားစုကို ငါတာဝန်ယူခိုင်းမယ်။"
ဒီလိုစကားဖြင့် ခြိမ်းခြောက်မှုများ၊ မအောင်မြင်ခဲ့သည့် အတင်းအကြပ် နည်းပညာ ဝယ်ယူမှုများကြောင့် ဝူမိသားစုဝင်တွေကို တရားစီရင်နိုင်ဖို့အတွက် လုံလောက်ခဲ့ပါသည်။
မော့ချင်းလင်လည်း ဝူမိသားစုကို တခြားသူတွေအား ဒုက္ခမပေးဖို့ သတိပေးခဲ့သည်။
ဝူမိသားစုကို အပြစ်ပေးဖို့အတွက်ကတော့ တခြား ရစ်မြစ်များမှ သက်သေ ထပ်မံ စုဆောင်းရပါဦးမည်။
ယခုတော့ ဝူမိသားစု၏ ဂုဏ်သတင်းက နန်ရှီမြို့တွင် တိမ်ကောသွားပြီဖြစ်သဖြင့် နောက်ပိုင်းမှ လုပ်ဖို့ အနည်းနဲ့ အများဆိုသလို သူ့အတွက် ပိုအဆင်ပြေပါသည်။
ရှောင်ဟန်ကျန့်နဲ့ ရှစ်ချင်းလျို့တို့ကို ပိုပြီး ကြည့်မိလေလေ ဒီလင်မယားနှစ်ယောက်ကို ပိုပြီး သဘောကျလာလေလေ ဖြစ်သည်။
အကြီးဆုံးသခင်လေးဝူက ငတုံး မဟုတ်ပါ။ သူတို့ကို သတိပေးနေတယ်ဆိုတာ သိပါသည်။
ပြည်သူတွေက အရာရှိတွေနဲ့ ခိုက်ရန်မဖြစ်ပွားသင့်ပါ။ သူတို့နောက်ကွယ်မှာ ခရိုင် တရားသူကြီး ထောက်ပံ့ပေးနေသော်လည်း နန်ရှီမြို့တွင် တာဝန်ရှိသူက မော့ချင်းလင်ဖြစ်နေဆဲပင်။
ထို့ကြောင့် ခက်ထန်စွာဖြင့် ခေါင်းကိုသာ ငြိမ့်လိုက်ရပါသည်။ "ဟုတ်ကဲ့ပါ။"
ဒီမိန်းမယုတ်လေးကို နောက်ထပ် ရက်ပိုင်းလောက်အထိ ဘာမှ လုပ်လို့ ရမှာ မဟုတ်တော့ပါ။
သူတို့ရဲ့ လက်ရှိ အခြေအနေဆိုးများကို ဖြေရှင်းဖို့ သူ နည်းလမ်း ရှာဖွေရဦးမည်။ သူ ခေါင်းကိုက်လာခဲ့ပါသည်။
နောက်တော့ ရှစ်ချင်းလျို့နောက်ကို လိုက်လာသည့် ရွာသားများကို ရှောင်ဟန်ကျန့်က ရေခဲလုပ်နည်း အရင်သင်ပေးလိုက်ပါသည်။
နေ့လည်ခင်းတွင် ရှောင်ဟန်ကျန့်နဲ့ ရှစ်ချင်းလျို့တို့ ရွာကို အတူတူ ပြန်လာခဲ့ကြပါသည်။
လမ်းပေါ်မှာ လူအများကြီး မရှိသဖြင့် ရှောင်ဟန်ကျန့်က အပူဒဏ်ကို ဂရုမစိုက်ဘဲ ရှစ်ချင်းလျို့၏ လက်ကို ကိုင်ထားပါသည်။
ရှောင်ဟန်ကျန့်က ပြောလိုက်၏။ "ဝူမိသားစု ပြဿနာတွေ နောက်ဆုံးတော့ အဆုံးသတ်သွားပြီပေါ့။"
ရှစ်ချင်းလျို့က ခေါင်းငြိမ့်လိုက်သည်။ "အင်း ကျွန်မတို့ လုပ်ငန်းတွေကိုပဲ အာရုံပြန်စိုက်ရအောင်လေ။"
သူမ မေးလိုက်သည်။ "ရှင် ဘယ်တော့ ကောင်တီကျောင်းမှာ စာသွားသင်ပေးမှာလဲ။"
ရှန်ဟန်ကျန့်က ခေတ္တစဥ်းစားကြည့်လိုက်သည်။ "အဲ့ဒီအလုပ်ရုံတွေ ဆောက်ပြီးရင်ပေါ့။"
ဒီလိုဆို ကောင်တီမြို့က ကိစ္စကို သိပ်ပြီး စိတ်ပူဖို့ လိုမှာ မဟုတ်တော့ပါ။ သူ့ဇနီးသည်လေးကလည်း အားလုံးကို စောင့်ကြည့်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရမှာ မဟုတ်ပါ။
ရှစ်ချင်းလျို့က ပြုံးလိုက်၏။ "အဲ့တာလည်း အဆင်ပြေပါတယ်။ ဒါဆို ရှင် ရှိနေတုန်း ကောင်တီမြို့ကို သွားပြီး တာအိုဘုရားကျောင်းကို ပြန်ဆောက်ဖို့ လူတွေ အတူတူ သွားငှားရအောင်လေ။"
"သြော် ဟုတ်သားပဲ။ နောက်နှစ်ရက်လောက်နေရင် ရွာသူကြီးကို ဖိတ်လို့ရတယ်။ အနီးနားက ရွာသူကြီးနဲ့ လက်ထောက်တွေကိုလည်း စကားပြောဖို့ ဖိတ်လိုက်ဦး။ တာအိုဘုရားကျောင်းအနားမှာ ယမ်းစိမ်းတွင်း ရှိတဲ့အကြောင်း သတင်းဖြန့်ကြတာပေါ့။"
"ပြီးရင် ရွာတွေကို ယမ်းစိမ်း အတူတူ တူးခိုင်းလိုက်။ ချမ်းသာတဲ့ မိသားစုက လူတွေနဲ့ ကုန်သည်ကြီးတွေကတော့ တူးခွင့် မရှိဘူး။"
"ကျွန်မတို့ အတူတူ ပေါင်းစည်းနေရင် လုပ်နိုင်ပါတယ်။"
စျေးကွက်ကို ပိုပြီး အသက်ဝင်လာစေဖို့အတွက် အားလုံး၏ နေထိုင်မှုဘဝ အခြေအနေကို တိုးတက်အောင် သူတို့ အရင်လုပ်ပေးရမည်။
အိတ်ကပ်ထဲမှာ ငွေရှိမှ ပစ္စည်းတွေကို ဝယ်ချင်ကြလိမ့်မည်။
ထို့အပြင် ရွာအနည်းငယ်မှ လူတွေကိုပါ စုစည်းလို့ ရနိုင်ပါသည်။
ရှောင်ဟန်ကျန့်က ခေါင်ငြိမ့်လိုက်သည်။ "ဟုတ်ပြီ။ ကို လုပ်လိုက်မယ်။"
ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်၏ လက်ကို တင်းကျပ်စွာ ကိုင်ထားလိုက်သည်။ အရာရာ ကူညီပေးတတ်သည့် ခင်ပွန်းလေးတစ်ယောက် ရထားတာ တကယ်ကောင်းတာပဲ။
သူတို့ လမ်းလျှောက်နေရင်း ရှစ်ချင်းလျို့က ခဏခဏ သမ်းဝေနေပါသည်။
ရှောင်ဟန်ကျန့်က ပြောလိုက်၏။ "အိပ်ငိုက်နေပြီလား။"
ရှစ်ချင်းလျို့က ခေါင်းငြိမ့်လိုက်သည်။ "နည်းနည်း အိပ်ငိုက်နေတယ်။ ဒီနေ့ နေ့လည်ခင်း မနားလိုက်ရဘူး၊"
သူမက နေ့လည်နေ့ခင်း အိပ်စက်အနားယူသည့် အလေ့အကျင့် ရှိသည်။
ရှောင်ဟန်ကျန့်က သူမလက်ကို လွှတ်လိုက်ပြီ သူမရှေ့လျှောက်ကာ ထိုင်ချလိုက်သည်။ "လာ ကို ကုန်းပိုးပြီး အိမ်ပြန်ခေါ်သွားပေးမယ်။ ကို့ကျောပေါ်မှာ အိပ်လိုက်လေ။"
ရှစ်ချင်းလျို့ အံ့အားသင့်သွားသည်။ သူမ ခင်ပွန်းလေးက သူမကို ကုန်းပိုးပြီး အိမ်ပြန်ပို့လိမ့်မည်ဟု ထင်မထားခဲ့ပါ။
သို့သော်လည်း သူ့ကမ်းလှမ်းချက်ကို မငြင်းခဲ့ပါ။ ခြေဖျားထောက်ရင်း သူ့ကျောပေါ်ကို တက်လိုက်ပါသည်။ "ကောင်းပါပြီ။ ကျွန်မကို ကုန်ပိုးပါ။"
ရှောင်ဟန်ကျန့်က သူမကို ဖမ်းဆုပ်ကာ ကုန်ပိုးလျက် လမ်းငယ်လေးတစ်လျှောက် ရွာကို ပြန်လာခဲ့ပါသည်။
သူကတော့ ဂရုမစိုက်သော်လည်း တခြားသူတွေ မြင်သွားပြီး သူ့ဇနီးသည်လေးအကြောင်း အတင်းတုပ်ကြမှာ စိုးရိမ်မိပါသည်။
ရှစ်ချင်းလျို့ကလည်း သူ လမ်းငယ်လေး တစ်လျှောက်တွင် လျှောက်နေတာကိုမြင်တာနဲ့ သူ့အတွေးကို ခန့်မှန်းမိသွားပါသည်။
သူ့လည်ပင်းကို လက်ဖြင့် သိုင်းဖက်ကာ ခေါင်းကို ရှေ့တိုးပြီး သူ့မျက်နှာကို နမ်းလိုက်ပါသည်။ "ကျန့်ကျန့် ရှင် ဘာလို့ အရမ်းတော်ရတာလဲ။"
ဒီလိုလူမျိုးက မော်ဒန်ခေတ်မျိုးမှာတောင် ရှာတွေ့ဖို့ ခက်ခဲသည်။ သူမကတော့ ရှေးခေတ်မှာ ရှာတွေ့ခဲ့ပါသည်။
"ရှင် ဒီတိုင်း ဆက်နေရင် ကျွန်မ ပိုပိုပြီး သဘောကျလာမိတော့မယ်။"
သူ့ခင်ပွန်းလေးကြောင့် တကယ်စိတ်လှုပ်ရှားပြီး သူ့ကို စတင်သဘောကျလာတာ သူမ မငြင်းနိုင်ခဲ့ပါ။
ရှောင်ဟန်ကျန့်၏ မျက်ခုံးများကလည်း အပြုံးရိပ်များဖြင့် ပြည့်နှက်နေသည်။ သူ့နှုတ်ခမ်းထောင့်က ကွေးညွှတ်သွား၏။ "ဒါဆိုလည်း ပိုသဘောကျပေးပေါ့။"
ရှစ်ချင်းလျို့ကလည်း အပူဒဏ်ကို ဂရုမစိုက်ဘဲ သူ့ပခုံးပေါ် ခေါင်းမှီလိုက်ပါသည်။ "ဟုတ်ပါပြီ။"
သူ့ကို တံတောင်ဖြင့် တွတ်ပြီး ပြောလိုက်ပါသည်။ "ဒါဆို ကျွန်မကိုလည်း ပိုသဘောကျပေးရမယ်နော်။"
ရှောင်ဟန်ကျန့်က ပေါ့ပါးစွာ ပြုံးပြီး ပြောလိုက်ပါသည်။ "ဟုတ်ပါပြီ။ မင်းကိုလည်း ပိုသဘောကျပေးပါ့မယ်။"
သူ့ဇနီးသည်လေးကို အစကတည်းက စတင် သဘောကျနေပြီးသား ဖြစ်ပါသည်။
"ရှင့်ကို ပိုင်ဆိုင်ထားရတာ ကောင်းလိုက်တာ ကျန့်ကျန့်" ရှစ်ချင်းလျို့က သိပ်မကျယ်လှသည့် သူ့ပခုံးပေါ်တွင် မှီထားသော်လည်း အလွန် စိတ်အေးချမ်းနေပါသည်။
ရှောင်ဟန်ကျန့်ကလည်း ပြောလိုက်သည်။ "မင်းကို ပိုင်ဆိုင်ထားရတာလည်း ကောင်းပါတယ်။"
သူ့ဇနီးသည်လေး အနားမှာ ရှိနေပါက သူ့နေ့ရက်များက ပျော်ရွှင်စရာများဖြင့် ပြည့်နှက်နေသည်။
ရှစ်ချင်းလျို့က ဝံ့ကြွားစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ဟုတ်တယ် ကျွန်မက နှစ် ၁,၀၀၀ မှာ တစ်ခါ တွေ့ရတတ်တဲ့ ဇနီးကောင်းတစ်ယောက်ပဲ။ ကျွန်မနဲ့ ရှင်က ဆုံတာဆိုတော့ ရှင်တိုးတိုးတိတ်တိတ် ပျော်လို့ရတယ်။"
ရှင့်ဇနီးသည်ဖြစ်ဖို့အတွက် နှစ် ၁,၀၀၀ လောက် ဖြတ်သန်းလာခဲ့ရတာ။
ရှောင်ဟန့်ကျန်းလည်း သူမကို ချစ်မြတ်နိုးပါသည်။ "ဟုတ်ပါတယ်။ နေ့တိုင်း ကို တိုးတိုးတိတ်တိတ် ခိုးပျော်နေတာပါ။"
သူ့ဇနီးသည်လေးက စကားပြောသည့်အခါ ရှက်ရွံ့ခြင်း မရှိတတ်ပေ။ သို့သော်လည်း သူသဘောကျပါသည်။
သူတို့နှစ်ယောက်သား စကားပြောရင်း ရှစ်ချင်းလျို့တစ်ယောက် ရှောင်ဟန်ကျန့်၏ ကျောပေါ်တွင် အိပ်ပျော်သွားခဲ့တော့သည်။