အခန်း ၈၈
Viewers 7k

Ch-88

အခန်း(၈၈) ငိုရမှာ သူတို့ပဲ

 

သူတို့နှစ်ယောက် အိမ်နဲ့ နီးလာသောအခါ ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ကို နှိုးလိုက်ပါသည်။

 

သူ့ကျောပေါ်မှ သူမ ဆင်းလိုက်ပြီး အားအင်တွေ အများကြီး ပြည့်ဝသွားသလို ခံစားလိုက်ရပါသည်။

 

ရှောင်ဟန်ကျန့် နှဖူးပေါ်က ချွေးများကိုကြည့်ကာ သူမ အနည်းငယ် အပြစ်မကင်းသလို ခံစားရပြီး လက်ကိုင်ပဝါလေးကို ထုတ်လျက် ချွေးသုတ်ပေးလိုက်ပါသည်။ "အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ယောက်ျား"

 

သူမ ခင်ပွန်းလေးက သူမကို တစ်နာရီနီးပါးလောက် ကုန်ပိုးခဲ့ရသည့်ပုံပင်။

 

ပြောစရာမလိုအောင် သူက အတော်လေး ကြံ့ခိုင်ပါသည်။

 

ရှောင်ဟန်ကျန့်က သူမကို ချွေးသုတ်ခွင့်ပေးရင်း မျက်လုံးများက အပြုံးဖြင့် ပြည့်နှက်နေသည်။ "ဒါပေါ့။ မင်းယောက်ျားဖြစ်နေတာကိုး။"

 

ကိုယ့်ဇနီးကို ကုန်ပိုးပေးသည့် ခင်ပွန်းသည်တစ်ယောက်က ယောက်ျားပီသပါသည်။

 

ရှစ်ချင်းလျို့က ရယ်မောလိုက်သည်။ "ရှင့်လို ယောက်ျားမျိုး ရထားတာ ကျွန်မ ဂုဏ်ယူတယ်။"

 

ရှောင်ဟန်ကျန့်လည်း ရယ်မောလိုက်ပါသည်။ "ဒါဆို ကျေးဇူးတင်ရမှာပေါ့ မိန်းမရေ"

 

သူတို့နှစ်ယောက် စကားပြော ရယ်မောရင်း အိမ်ပြန်လာခဲ့ကြပါသည်။

 

သူတို့နှစ်ယောက်သား အိမ်ပြန်လာတာကို မြင်သောအခါ အမေရှောင်နဲ့ သူမ ကလေးနှစ်ယောက်တို့ စိတ်အေးစွာဖြင့် သက်ပြင်းရှိုက်လိုက်မိကြပါသည်။

 

အမေရှောင်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။ "အဆင်ပြေရဲ့လား။"

 

အစကတော့ သူတို့နဲ့အတူ ကောင်တီမြို့ထိ လိုက်သွားချင်ခဲ့သော်လည်း သူမ ချွေးမက သူတို့အဆင်ပြေကာ သူမ လိုက်လာဖို့ မလိုကြောင်း ပြောခဲ့ပါသည်။

 

ရှောင်ဟန်ကျန့်က ပြောလိုက်သည်။ "ကျွန်တော် ဘာမှမဖြစ်ပါဘူး။ မစိုးရိမ်ပါနဲ့ အမေ"

 

အမေရှောင်က စိတ်အေးသွားပါသည်။ "နင်တို့ ဘာမှမဖြစ်တာ တော်သေးတာပေါ့။ မျက်နှာ သွားသစ်လိုက်။ ငါတို့ ဟင်းလျာတွေ ပြင်ထားပေးမယ်။"

 

"ကောင်းပါပြီ" ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်လိုက်ပါသည်။

 

သူနဲ့ ရှစ်ချင်းလျို့တို့ မျက်နှာသစ်ကာ အခန်းထဲပြန်ပြီး ခဏလောက် အနားယူလိုက်ကြပါသည်။

 

ညစာစားပြီးနောက် သူတို့နှစ်ယောက် လက်တွဲလျက် အစာကြေအောင် လမ်းလျှောက်ထွက်ကြသည်။

 

သူမတို့နှစ်ယောက် ငန်းတစ်ကောင်နဲ့ ထွက်သွားတာကိုကြည့်ရင်း အမေရှောင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့ပါသည်။

 

ရှောင်ပိုင်လီက သူတို့နှစ်ယောက် နောက်ကျောများနဲ့ ငန်းကို ကြည့်ရင်း နွေးထွေးသွားပါသည်။ "အစ်ကိုကြီးနဲ့ ယောက်မတို့က ဆက်ဆံရေး တကယ်ကောင်းကြတာပဲနော်။"

 

အမေရှောင်က ခေါင်းငြိမ့်လိုက်ပါသည်။ "အမှန်ပဲ။ နင့်ယောက်မက လူကောင်းဖြစ်ပြီး နင့်အစ်ကိုကလည်း သူ့ကံကောင်းမှုကို ချစ်မြတ်နိုးတယ်။"

 

သူမ ထပ်ပြောလိုက်သည်။ "ငါတို့မိသားစုက ပိုပိုပြီး အဆင်ပြေလာဖို့ပဲရှိတယ်။"

 

သူမချွေးမ သူမတို့မိသားစုထဲ ဝင်လာပြီး သူမသား နိုးထလာကတည်းက သူမမိသားစုအတွက် စိတ်ပူစရာ မလိုတော့ပါ။

 

တခြား ယောက္ခမတွေကတော့ ဒီလိုချွေးမမျိုးကို သဘောမကျလောက်ပေ။ သို့သော်လည်း သူမကတော့ သူမသားနဲ့ ချွေးမတို့ကို အားကိုးရတာ သဘောကျပါသည်။

 

ရှောင်ပိုင်လီ၏ မျက်လုံးများက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။ "ဟုတ်တယ်။ အခုဆို သမီးတို့ ပျော်နေရတဲ့ နေ့ရက်တွေက အရင်တုန်းက စိတ်တောင်မကူးရဲတဲ့အရာတွေပဲ။ သမီးအစ်ကိုကြီးနဲ့ ယောက်မတို့အနားမှာ ရှိနေရင် သမီးတို့မိသားစု ပိုပိုပြီး အဆင်ပြေလာဖို့ပဲရှိတယ်။"

 

သူတို့အိမ်ဟောင်းမှာ နေခဲ့တုန်းက ဒီလိုဘဝမျိုးကို စိတ်ကူးတောင် မယဥ်ရဲခဲ့ကြပေ။

 

မကြာသေးခင်က သူမနဲ့ ရှောင်အာ့လန်တို့ အိမ်သစ်ကို နေ့တိုင်းပဲ သွားလည်ကြည့်ကြသည်။ သူမတို့ ပိုပြီးကြည့်မိလေလေ ပိုသဘောကျလေလေဖြစ်ပြီး မျှော်လင့်ထားမိကြပါသည်။

 

နောက်ဆုံးတော့ သူမတို့ရဲ့ ကိုယ်ပိုင်အိမ်လေးကို ပိုင်ဆိုင်ရတော့မည်။

 

ဒီခြံဟောင်းကို သဘောမကျတာ မဟုတ်သော်လည်း သူမတို့မှာ ရှိခဲ့သည့် အမှတ်တရများက ထင်သလောက် မကောင်းမွန်ခဲ့ပါ။

 

နှစ်ရက်ကြာသောအခါ ရှောင်ဟန်ကျန့်က အနီးအနားရှိ ရွာများမှ ရွာသူကြီးများနှင့် သူတို့၏ လက်ထောက်များနှင့် ဆွေးနွေးခဲ့ပြီး သဘောတူညီမှု ရခဲ့ကြပါသည်။

 

တောင်ပေါ်က ယမ်းစိမ်းတွင်းကို ရွာပေါင်းများစွာက လူတွေ တူးဖော်ယူနိုင်သည်။

 

သူတို့ အလှည့်ကျ တူးဖော်ကြမည်ဖြစ်သည်။ ထို့နောက် တောင်အောက်သို့ ပြန်ပို့ဆောင်ပြီး ကောင်တီမြို့က လူတွေ ဝယ်ယူမည့်အချိန်ကို စောင့်ဆိုင်းကြပါမည်။

 

ရလာသည့် အကျိုးအမြတ်တွေကို သူတို့အားစိုက်ထုတ်မှုအပေါ် မူတည်ပြီး အညီအမျှ ခွဲဝေပေးသွားမည်ဖြစ်သည်။

 

အိမ်ထောင်တစ်စုစီတိုင်းလည်း ယမ်းစိမ်းကို လက်ခံရယူနိုင်သည်။ သူတို့ မရောင်းချချင်ပါက ကိုယ်ပိုင်ရေခဲလုပ်ဖို့ အသုံးပြုနိုင်ပါသည်။

 

ထိုအကြောင်းကို ကြားလိုက်ရသောအခါ ရွာသားများ အလွန်ပျော်ရွှင်သွားကြသည်။

 

စစ်ပွဲပြီးတာတောင် သိပ်မကြာသေးဘဲ အားလုံး အခြေချနိုင်တော့မည်။

 

သူတို့ငွေအများကြီး မရခဲ့ကြဘဲ ငွေရေးကြေးရေး ကုန်ကျမှု အကြပ်အတည်းများစွာဖြင့် နေထိုင်ခဲ့ကြရသည်။

 

မိုးပေါ်က ရွှေမိုးရွာသလို ဝင်ငွေများကြောင့် အားလုံးက တရုတ်နှစ်သစ်ကူးလိုပဲ စိတ်ရွှင်နေပြီး အလွန်ပျော်မြူးနေကြပါသည်။

 

အမှန်ပင်။ သူတို့ အင်မော်တယ် ဘုန်းတော်ကြီးကို ကိုးကွယ်ကြသော်လည်း သူ့တပည့်ဖြစ်သူ ရှစ်ချင်းလျို့ကို ပိုပြီး လေးစားကြပါသည်။

 

ရွာထဲကလူတွေ သူမကို အတူတကွ ချီးမွမ်းနေကြတာကို မကြာခဏ ကြားနေရပါသည်။

 

ဒီလိုဖြစ်လာာတိုင်း ရှစ်မိသားစု၏ ပြဿနာ ရှာဖွေရေးသမားများက နှလုံးအောင့်လောက်အောင် ဒေါသထွက်ကြသည်။

 

အဘွားရှစ်က နှလုံးနာသဖြင့် ရင်ဘတ်ကို အလွန် ဖိထားရသည်။ "အဲ့ဒီ မိန်းမယုတ်လေးက တော်တော်ကို စေတနာထက်သန်နေပါလား။ ရွာတွေအများကြီးက လူတွေကို ကျောက်တူးဖို့ ယုံကြည်ရဲတယ်။ သူတို့ ငွေတုံးတွေ အများကြီး ရလောက်တယ်။"

 

သူမရဲ့ မိသားစုအရင်းကိုသာ ယမ်းစိမ်းတွေ တူးရောင်းဖို့ ပြောလိုက်ပါက သူတို့ အနည်းဆုံး ငွေတုံးတွေ ရာနဲ့ချီပြီး ရနိုင်မှာ မဟုတ်ပါလား။

 

အမျိုးသမီးနျို့၏ ရင်လည်း ဆိုးဆိုးရွားရွား နာကျင်နေသည်။ "အဲ့ဒီမိန်းမယုတ်က သစ္စာဖောက်ပဲ။ အရင်တုန်းက သူ့ကို မွေးခဲ့တုန်းက ဘာလို့ မြစ်ထဲ ပစ်ချပြီး ရေနှစ်မသတ်ခဲ့မိပါလိမ့်။"

 

တခြားသူတွေလည်း ကျိန်ဆဲကုန်ကြပါသည်။

 

ရှစ်မိသားစု စတုတ္ထသား၏ မျက်နှာထားက အလွန်အမင်း အကျည်းတန်နေပါသည်။ "အဲ့ဒီ မိန်းမယုတ်လေးက တကယ့်ကို စိတ်ကုန်ဖို့ ကောင်းတာပဲ။ သူ ငွေယူလို့ ရတာာကို မယူဘဲ အကုန်လုံးကို အကျိုးအမြတ်တွေ မျှဝေပြီး သဘောကောင်းပြနေတယ်။"

 

ရှစ်ချင်းလျို့နဲ့ သူ့ယောက်ျားတို့ ဘာတွေတွေးနေသလဲဆိုတာ သူ တကယ်ပဲ နားမလည်နိုင်တော့ပါ။

 

ဆိုလိုရင်းက သူလည်း ဝူမိသားစုရဲ့ ဖအေတူမအေကွဲသမီးတစ်ယောက်ကို လက်ထပ်လို့ ရမှာ မဟုတ်တော့ပါ။ ထို့ကြောင့် သူ့ရင်တွေ ဆိုးဆိုးရွားရွား နာကျင်နေပါသည်။

 

သူ့မိသားစုတစ်စုလုံး နားမလည်နိုင်ကြပေ။ ဘယ်လိုမိသားစုကမှ ငွေတွေကို လက်လွှတ်မှာ မဟုတ်သော်လည်း ဒီမိန်းမယုတ်လေးကတော့ လက်လွှတ်ချင်နေသည်။

 

ရှောင်ဟန်ကျန့်လည်း အတူတူပဲ ဖြစ်သည်။ သူက အခြေခံပညာသင်တစ်ယောက်လည်း ဖြစ်သည်။ ဒါတောင် ဦးနှောက်မရှိဘဲ မိန်းမယုတ်လေး၏ ယုတ္တိမဲ့သော တောင်းဆိုချက်ကို လိုက်နာခဲ့သည်။

 

ရှစ်မိသားစုတစ်စုလုံး ခြံထဲတွင် ကျိန်ဆဲနေကြပါသည်။

 

ရုတ်တရက်ကြီး ရှစ်မိသားစု တတိယသားက စားပွဲကို ထုရိုက်လိုက်သည်။ "တော်ကြတော့။ အဲ့ဒီကောင်မလေးက ကုသိုလ်လုပ်နေတာပဲ။ ကျိန်ဆဲနေတာတွေ ရပ်ကြတော့။"

 

ရှစ်မိသားစုဝင်အားလုံး တိတ်ဆိတ်သွားကြသည်။ သူတို့ ရှစ်မိသားစု တတိယသားကြောင့် လုံးဝ အံ့သြတုန်လှုပ်သွားကြပါသည်...။

 

သူ ဘာဖြစ်နေတာလဲ။

 

ရှောင်မိသားစုက ပြန်လာပြီးကတည်းက သူလည်း ကောင်းတဲ့လုပ်ရပ်တွေ ပိုလုပ်ချင်သည်ဟု ဆက်တိုက် ပြောနေခဲ့သည်။ သူ့ဦးနှောက် တစ်ခုခု ဖြစ်သွားတာလားဟုပင် သူတို့ ထင်သွားခဲ့ကြပါသည်။

 

အဘွားရှစ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ငါ့တတိယသား နင်သရဲပူးခံနေရတာလား။"

 

ရှစ်မိသားစု တတိယသားက တီးတိုးရေရွတ်လိုက်သည်။ ကုသိုလ်လုပ်တာက သရဲပူးခံရတယ်လို့ ထင်ရတာပေါ့။ သူ ဘယ်တော့မှ ကုသိုလ်ရပြီး သားတစ်ယောက် ရလာနိုင်မှာလဲ။ ဒီလူတွေက သူ့ဝန်ထုပ်ဝန်ပိုးများ ဖြစ်ကြသည်။

 

သူ ပြောလိုက်၏။ "အမေက အတွေးလွန်နေတာပါဗျာ။"

 

ရှစ်မိသားစု စတုတ္ထသားက ဆက်ပြောလိုက်သည်။ "တတိယအစ်ကိုက သရဲပူးခံရတာ မဟုတ်ဘူး။ အဲ့ဒီမိန်းမယုတ်လေး လှည့်စားတာကို ခံရပြီး ဉာဏ်ရည်မမှီတဲ့လူ ဖြစ်သွားတာလေ။"

 

သူ့တတိယအစ်ကိုက တကယ်ပဲ ထိုမိန်းမယုတ်လေး ပြောတာကို ယုံကြည်နေသည်။ သူ ဆွံ့အသွားရပါသည်။

 

သို့သော်လည်း ထိုမိန်းမယုတ်လေး၏ ပါးစပ်က တော်တော် အပြောကောင်းလွန်းလှသည်။

 

အဘွားရှစ်က တတိယသားကို ငေါက်လိုက်၏။ "မတုံးစမ်းပါနဲ့။ အဲ့ဒီမိန်းမယုတ်လေးက နင့်ကို လိမ်လိုက်တာဟဲ့။"

 

ထို့နောက် သူမ ထပ်ပြီး ကျိန်ဆဲနေပြန်ပါသည်။

 

သူတို့ တို့ဟူးအလုပ်ရုံက အကျိုးအမြတ် မရပေ။ အခု ကျောက်တူးဖို့ မြေခွဲဝေမှုမှာလည်း သူမ အသားကို လာရောက်လှီးဖြတ်နေသလိုပင်။

 

တခြားသူတွေလည်း အတွေးတူကာ ထပ်မံကျိန်ဆဲကြပြန်ပါသည်။

 

ရှစ်မိသားစု တတိယသား ဆွံ့အသွားမိသည်။ "အမေ မကျိန်ဆဲပါနဲ့တော့။"

 

"အဲ့ဒီကောင်မလေးက ကန့်ကွက်ချင်တဲ့လူရှိရင် သူ့နောက်ကို လိုက်ပြီး ကျောက်တွင်းမှာ ကျောက်တူးဖို့ မေ့လိုက်တော့လို့ ပြောတယ်။"

 

"လောလောဆယ် ရွာသူကြီး တော်တော်များများက သူ့ကို အရမ်း အထင်ကြီးနေကြတာ။ ကျွန်တော်တို့ ကန့်ကွက်တာကိုသာ သူတို့ သိသွားကြရင် ကျွန်တော်တို့ အကျိုးခံစားခွင့် နည်းနည်းလေးတောင် ရမှာ မဟုတ်ဘူးနော်။"

 

ရုတ်တရက်ကြီး လူကောင်းဖြစ်ချင်လာသည့် ရှစ်မိသားစု တတိယသားက မိသားစုထဲတွင် ဆင်ခြင်တုံတရား အရှိဆုံးလူ ဖြစ်လာခဲ့သည်။

 

ရှစ်မိသားစုမှ ကျိန်ဆဲနေသည့်လူတွေလည်း ရုတ်တရက် ရပ်တန့်သွားကြပြီး စဥ်းစားမိလိုက်ကြသည်။ သူတို့ ဘယ်လို အကုသိုလ်မျိုးများ လုပ်ခဲ့မိလို့လဲ။

 

ဒီလောက်ကြမ်းကြုတ်ရက်စက်တဲ့ မိန်းမယုတ်တစ်ယောက်ကို ဘာကြောင့် မွေးဖွားပေးခဲ့မိတာလဲ။

 

သို့သော်လည်း သူတို့ ထပ်ပြီး မကျိန်ဆဲရဲကြတော့ပေ။ သူတို့စကားတွေသာ အပြင်ရောက်သွားပါက မိန်းမယုတ်လေးက သူတို့ကို ကျောက်တွင်း တူးခွင့် မပေးတော့မှာ စိုးရိမ်မိပါသည်။

 

ထိုမိန်းမယုတ်လေးက သေချာပေါက် ဒီလိုမျိုး လုပ်နိုင်သူ ဖြစ်ygသည်။ ထို့ကြောင့် သူတို့ ငိုခဲ့ရခြင်းလည်း ဖြစ်သည်။

 

ရှစ်ချင်းလျို့ကတော့ ရှစ်မိသားစုက ပြဿနာရှာသူတွေ သူမနဲ့ ပတ်သတ်ပြီး စိတ်ဒဏ်ရာရနေတာကို မသိခဲ့ပါ။

 

သူမ ခြံဝန်းထဲမှာ ရှိနေပြီး ရွာအနည်းငယ်မှ ရွေးချယ်ထားသည့် အမျိုးသမီး အယောက် နှစ်ဆယ်ကျော်ကို အအေးလုပ်နည်း သင်ပေးနေပါသည်။

 

ဥပမာအားဖြင့် ပဲစိမ်းစွပ်ပြုတ်အေး၊ ဇီးချဥ်စွပ်ပြုတ်အေး၊ လက်ဖက်ရည် စသည်တို့ ဖြစ်သည်။

 

လက်သမားကို ရေခဲချောင်းပုံးတချို့လည်း ပြုလုပ်ခိုင်းထား၏။

 

တောင်ပေါ်က ခူးလာသည့် သစ်သီးဝလံများကို အရည်ညှစ်ကာ သကြား၊ ရေတို့ထည့်ပြီး ရေခဲချောင်းများ လုပ်ပြသည်။

 

လက်လုပ် ရေခဲချောင်းများကို အားလုံး သဘောကျကြပါသည်။

 

ထို့ကြောင့် တချို့ရွာသားများက နေ့တိုင်း ပုံးကြီးနှစ်ပုံးလောက် ကောင်တီမြို့ဆီ ယူဆောင်သွားကာ ရေခဲချောင်း ရောင်းချကြပါသည်။

 

သစ်သီးဖျော်ရည်များဖြင့် ပြည့်နှက်နေသည့် ရေခဲချောင်းပုံးများ ရှိသလို တခြား အအေးနှင့် သက်ဆိုင်သည့် ထုတ်ကုန်များကလည်း ပိုကြီးမားသည့် ပုံးများထဲတွင် ရှိနေပါသည်။

 

သစ်သားရေပုံးနှစ်ခုအကြားတွင် ရေနဲ့ ယမ်းစိမ်းတို့ ရှိကြသည်။

 

သူတို့ ကောင်တီမြို့ကို သွားရောင်းသည့်အခါ ရေခဲချောင်းများက အများအားဖြင့် အသင့်ဖြစ်နေလောက်ပါပြီ။

 

ကောင်တီမြို့ထဲကလူတွေကလည်း ဒီလို အစားအသောက် အသစ်အဆန်းကို ဝယ်ယူချင်ကြသည်။

 

ရေခဲချောင်းတစ်ချောင်းကို ၃ ပြားသာ ကုန်ကျသည်။ အရမ်းကြီး စျေးမကြီးပါ။ ဘာပဲဖြစ်ဖြစ် အရသာရှိကာ ချိုမြိန်ပြီး အေးမြပါသည်။

 

ချမ်းသာသည့် မိသားစုများစွာက နေ့တိုင်း ရေခဲချောင်း အနည်းငယ်ကို ဝယ်ချင်ကြသည်။

 

ရှစ်ချင်းလျို့က သကြားအလုပ်ရုံကို အရင်ဆုံး ဆောက်လုပ်လိုက်ပြီး ရွာသားတွေကို တောင်ပေါ်မှ မုန်လာရိုင်းများ စုဆောင်းဖို့ ငှားရမ်းခဲ့ပါသည်။

 

၎င်းတို့ကို သကြားလုပ်ဖို့ ယူဆောင်လာပြီးနောက် ရေခဲချောင်းလုပ်ဖို့အတွက် သကြားအလုပ်ရုံမှ သကြားကို ဝယ်ယူကြကာ ရောင်းချကြပါသည်။

 

ကောင်တီမြို့ သို့မဟုတ် တခြားနေရာတွေက ယမ်းစိမ်းများ လာဝယ်ကြသူတွေလည်း ရှိပါသည်။

 

ရေခဲချောင်းနဲ့ တခြား အအေးသောက်စရာများကို မြင်သောအခါ သူတို့ဖာသာသူတို့ လုပ်ကြည့်ဖို့ သကြားတချို့ ဝယ်ယူသွားလေ့ ရှိကြသည်။ သို့မဟုတ် မြို့ပြင်ထွက်ပြီး ပြန်ရောင်းချလေ့ ရှိကြပါသည်။

 

သေးငယ်သည့် စီးပွားရေးလုပ်ငန်း ကွင်းဆက်လေးတစ်ခု တဖြည်းဖြည်းနဲ့ အကောင်အထည် ပေါ်လာခဲ့ပါသည်။