အခန်း ၈၉
Viewers 7k

Ch-89

အခန်း(၈၉) ဒီလောက်ထိ ချွဲတတ်တာ မသိခဲ့ဘူး

 

ရှစ်ချင်းလျို့က အရောင်ဖျော့ဆေးနဲ့ ဆေးသကြား မပါဝင်သည့် သန့်စင်ပြီး သကြားကိုသာ အဓိကထား ထုတ်လုပ်သော သကြားထုတ်လုပ်သည့် အလုပ်ရုံတစ်ခုကို စတင်ခဲ့ပါသည်။

 

ယခု သကြားဖြူလုပ်ငန်းကို ပိုင်မိသားစုက အုပ်စိုးထားကာ တာ့လျန်တစ်နိုင်ငံလုံးတွင် စျေးမြင့်မြင့်ဖြင့် ရောင်းချနေပြီဖြစ်သောကြောင့် သူမ သကြားကို အရောင်ချွတ်ဖို့ မလိုအပ်တော့ပေ။

 

ထုတ်လုပ်မှု အဖိုးအခ နည်းပါးသောကြောင့် ကောင်တီမြို့က ဆိုင်တွေထက် ပိုပြီး နိမ့်သည့် စျေးနှုန်းဖြင့် ရောင်းချနိုင်လိမ့်မည်။

 

မုန်လာရိုင်းများကို နှုတ်ပြီးနောက် မျိုးစေ့တစ်သုတ်ကို ပျိုးထောင်ပြီး နောက်လထဲ စိုက်ပျိုးဖို့ စီစဥ်ထားပါသည်။

 

သကြားအလုပ်ရုံက စနစ်တကျ လည်ပတ်နေသည်။

 

ထိုအချိန်တွင် တာအိုဘုရားကျောင်း ပြန်လည် ဆောက်လုပ်ရေးလည်း စတင်နေပြီဖြစ်၏။

 

ရှစ်ချင်းလျို့က လက်ထဲမှာ ငွေရှိသည့်အခါတိုင်း အလွန်ရက်ရောလေ့ရှိပါသည်။

 

ထိုဘုန်းကြီးက သူမကို အပြစ်တင်ခြင်းများစွာ ခံယူနိုင်ဖို့ ကူညီပေးခဲ့ပြီး အနာဂတ်မှာလည်း ဆက်လက်လုပ်ဆောင်ပါဦးမည်။

 

ထို့ကြောင့် တာအိုဘုရားကျောင်းကို တည်ဆောက်ဖို့အတွက် အကောင်းဆုံး ကုန်ကြမ်းများကိုသာ သူမ ဝယ်ယူခဲ့ပါသည်။

 

သကြားထုတ်လုပ်ရေးနဲ့ အလုပ်ရှုပ်နေရသည့်အပြင် ပိုင်ရွှီကလည်း သူ့ကြမ်းခင်းကြွေပြားအလုပ်ရုံသို့ သူမကို လေ့လာဖို့ မကြာခဏ ခေါ်သွားလေ့ ရှိပါသည်။

 

ရှောင်ဟန်ကျန့်နဲ့ သူမတို့ ဆက်ဆံရေး ပိုပြီး အဆင်ပြေလာကတည်းက ရှစ်ချင်းလျို့က ကောင်တီမြို့ကို သွားလေ့ ရှိပြီး ဝါဂွမ်းချည်များ ဝယ်ယူလေ့ ရှိပါသည်။

 

အမေရှောင်ကိုလည်း သူမနဲ့ ရှောင်ဟန်ကျန့်တို့အတွက် လက်တိုညဝတ်အင်္ကျီတချို့ လုပ်ပေးဖို့ တောင်းဆိုခဲ့ပါသည်။

 

သူမ ထိုနေ့မနက်က အိပ်ရာနိုးလာတော့ သူမခြေထောက်နဲ့ လက်မောင်းမှာ ခြင်ကိုက်ရာများစွာကို ရှစ်ချင်းလျို့ တွေ့ခဲ့ရသည်။

 

ရှောင်ဟန်ကျန့်က ဓားရေးလေ့ကျင့်ဖို့ စောစော အိပ်ယာထခဲ့သည်။ ထို့နောက် ရှင်ချင်းလျို့ကို ထိုက်ကျီ ကူလေ့ကျင့်ပေးမည်ဖြစ်သည်။

 

တံခါးကိုတွန်းဖွင့်လိုက်တော့ သူ့မိန်းမ ခြေတွေလက်တွေ ကုတ်နေတာကို မြင်လိုက်ရပါသည်။

 

"ခဏနေရင် ဆေးအေးအေးလေ ပြင်ထားပေးမယ်။ ကုတ်မနေပါနဲ့တော့။"

 

ယခုခေတ်တွင် ခြင်များစွာက အဆိပ်ရှိကြဆဲဖြစ်သည်။

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပါပြီ။ ဒီရက်ပိုင်း ခြင်တွေက တော်တော် စိတ်ရှုပ်ဖို့ ကောင်းနေတယ်။"

 

တစ်ညလုံး ၎င်းတို့၏ တဝီဝီအသံများက သူမ အိပ်စက်အနားယူတာကို အနှောင့်အယှက်ဖြစ်စေသည်။

 

ရှောင်ဟန်ကျန့်က ဓားကို ချိတ်လိုက််ပြီး ပြုံးကာ ပြောလိုက်ပါသည်။ "ကို သစ်နံကိုင်းတွေ သွားခုတ်ပြီး ဒီနေ့ည အခန်းထဲမှာ ထွန်းပေးထားပါ့မယ်။"

 

သူ့ဇနီးသည်လေး ဆင်းရဲစဥ်က အခက်အခဲများကို တောင့်ခံနိုင်ခဲ့တာ သူ သတိထားမိသည်။

 

သို့သော်လည်း သူမ မိသားစုအခြေအနေ ပိုပြီး အဆင်ပြေလာတာနဲ့ သူမ၏ နူးညံ့ပြီး အသေးအဖွဲလေးကအစ ပြဿနာ ရှာတတ်သော အလေ့အထများက ဖြည်းဖြည်းချင်း ပြန်ပေါ်လာခဲ့ပါသည်။

 

ဥပမာအားဖြင့် သူမ အစားအသောက်များကို ကြေးများလာသည်။ အပူဒဏ်အကြောင်း ညည်းတွားတတ်လာသည်။ သူ့ကိုလည်း ချော့မြူစေချင်သေးသည်။

 

အမှန်ပင်။ သူမ နူးညံ့တာကို သူလည်း သဘောကျကာ အလိုလိုက်ချင်ပါသည်။

 

ရှစ်ချင်းလျို့က စိတ်ပျက်လက်ပျက်မျက်နှာဖြင့် မတ်တပ်ရပ်လိုက်ပါသည်။ "ထွန်းထားလည်း ညသန်းခေါင်အချိန်ကျ ရှိနေဦးမှာပဲ။"

 

ထို့နောက် သူမခေါင်းကို သူမ ခေါက်လိုက်ပါသည်။ "ဟာ… ကျွန်မ ခြင်ဆေးတိုင် လုပ်တတ်တာကို ဘယ်လိုဖြစ်ပြီး မေ့နေပါလိမ့်။"

 

"အဖိုးကြီးရှောင် ကျွန်မတို့ဖာသာ ခြင်ဆေးတိုင်လုပ်ကြရအောင်လေ။"

 

သူမ စိုက်ပျိုးရေးသိပ္ပံတက္ကသိုလ် တက်ခဲ့စဥ်တုန်းက သူမ လုပ်ဖော်ကိုင်ဖက်များနဲ့ အတူ ကျေးရွာများတွင် ဆင်းရဲသူများကို ကူညီပေးဖို့ သွားရတတ်သည်။

 

ထိုနယ်မြေတစ်ဝိုက်က အပင်များစွာကို ရောစပ်ပြီးနောက် ရွာများအတွက် ခြင်ဆေးတိုင်အလုပ်ရုံတစ်ခုကို တည်ထောင်ပေးခဲ့ကြပါသည်။

 

လက်လုပ် ခြင်ဆေးတိုင်များက အန္တရာယ် မရှိဘဲ အဆိပ်အတောက် မဖြစ်စေပါ။ သူမတို့ တိုက်ရိုက်ထုတ်လွှင့်ပြီး ရောင်းချခဲ့ကြသည်။

 

နိုင်ငံခြားတင်ပို့ဖို့အတွက် တခြားခြင်ဆေးတိုင်များနဲ့ ခြင်းပြေးလိမ်းဆေးများကို လုပ်ဖို့ ဆေးဝါးများကိုလည်း ဝယ်ယူခဲ့သေးသည်။

 

ထို့ကြောင့် သူမ ခြင်းဆေးတိုင် ပြုလုပ်တတ်ခဲ့ခြင်း ဖြစ်၏။

 

ရှောင်ဟန်ကျန့်ကတော့ တစ်ခါမှ မကြားဖူးပါ။ "ခြင်ဆေးတိုင်ဟုတ်လား။"

 

ရှစ်ချင်းလျို့က ပြုံးကာ ပြောလိုက်သည်။ "ခြင်တွေပြေးအောင် အသုံးပြုတဲ့ဟာလေ။"

 

"ညတိုင်း တစ်တိုင်လောက် ထွန်းထားရင် တစ်ညလုံး ခြင်တွေ နှောင့်ယှက်တာကို မခံရတော့ဘူး။"

 

"ပူပြင်းတဲ့ရာသီဥတုကို အခွင့်ကောင်းယူပြီး ကျွန်မတို့ ခြင်ဆေးတိုင်တချို့ ထုတ်လုပ်ပြီး ရောင်းချလို့လည်း ရတယ်။ အနည်းဆုံးတော့ အပိုဝင်ငွေ နည်းနည်းလောက် ရတာပေါ့။"

 

"ဒီအခွင့်အရေးကို အသုံးချပြီး ကျွန်မတို့ ကိုယ်တိုင် ကြော်ငြာလိုက်လို့လည်း ရတယ်။"

 

"ကျွန်မတို့ ခြင်ဆေးတိုင်ကို လုပ်ပြီးသွားရင် နန်ရှီမြို့ခြင်ဆေးတိုင်လို့ နာမည်ပေးလိုက်မယ်။"

 

ရှောင်ဟန်ကျန့်၏ အတွေးများကလည်း သူ့မိန်းမနဲ့ ထပ်တူညီပါသည်။ ထို့ကြောင့် သူခေါင်းငြိမ့်လိုက်၏။ "ဒါဆိုလည်း ကောင်းပါပြီ။ ကိုတို့ ခြင်ဆေးတိုင် လုပ်ကြတာပေါ့။"

 

ရှစ်ချင်းလျို့တစ်ယောက် ချက်ချင်းပဲ အားတက်သွားခဲ့ပါသည်။ သူမ မျက်နှာသစ်ပြီးနောက် ရှောင်ဟန်ကျန့်ကိုခေါ်ကာ တောင်ပေါ်တွင် ဆေးပင်တချို့ သွားနှုတ်ယူလာခဲ့ပါသည်။

 

ခြင်ဆေးတိုင်များကို မိုဆာမြက်ခြောက်၊ တောရိုင်းဂန္ဓမာပန်းခြောက်၊ ငါးအရိုးမှုန့်တို့ဖြင့် ပြုလုပ်ရသည်။

 

ထိုပါဝင်ပစ္စည်းများကို အခြောက်ခံ ရောစပ်ပြီးနောက် ၎င်းတို့ကို အမှုန့်ကြိတ်ကာ လွှစာမှုန့် ၉၅ ရာခိုင်နှုန်းလောက် ပေါင်းထည့်ရသည်။ ဒါတွေအားလုံးက ခြင်ဆေးတိုင် ပြုလုပ်ဖို့ လိုအပ်သည့် အဆင့်များ ဖြစ်ပါသည်။

 

သူတို့ တောင်ပေါ် မသွားခင် ရှောင်အာ့လန်ကို ခေါ်လိုက်သည်။

 

"အာ့လန် ရွာထဲက ကလေးတွေကို ဒီနေ့ကစပြီး ငါတို့မိသားစုက ငါးရှဥ့်တွေ ငါးအရိုးတွေ စုဆောင်းနေတယ်လို့ သွားပြောလိုက်ချေ။"

 

"ငါးရှဥ့်တွေက တစ်ကျင်းကို ၃ ပြား၊ ငါးအရိုးတွေက တစ်ကျင်းကို ၁ ပြား။ များများ စုနိုင်လေ ကောင်းလေလေပဲပေါ့။"

 

"ဟုတ်တာပေါ့။ သူတို့ သကြား ဒါမှမဟုတ် တို့ဟူးတွေနဲ့ လဲချင်ရင်လည်း ရတယ်လို့ပါ ထည့်ပြောလိုက်ဦး။"

 

ငါးရှဥ့်များနဲ့ အခွံပျော့လိပ်များက ငါးအရိုးမှုန့်များ လုပ်ဖို့အတွက် အကောင်းဆုံး တိရိစ္ဆာန်များ ဖြစ်ကြသည်။

 

အခွံပျော့လိပ်ကို ဖမ်းမိဖို့ မလွယ်ကူသော်လည်း ငါးရှဥ့်တွေ အများကြီးတော့ ရွာသားတွေ ဖမ်းမိကြပါလိမ့်မည်။

 

ရွာသားများက ငါးရှဥ့်ကြိုက်ကြသူများ မဟုတ်ပါ။ ထို့ကြောင့် အစားအသောက်အဖြစ် ဖမ်းဆီးရောင်းချသူများ မပေါများပေ။

 

တစ်ကျင်းကို ၃ ပြားက စျေးကောင်းဟု သတ်မှတ်နိုင်ပါသည်။

 

သူ့မရီးက ဘာကြောင့် ငါးရှဥ့်နဲ့ ငါးအရိုးတွေ လိုချင်နေမှန်း ရှောင်အာ့လန် မသိသော်လည်း သူ့မှာ အတွေးတစ်ခုသာ ရှိပါသည်။ ငါ့မရီး လုပ်တာ ဘာဖြစ်ဖြစ် သေချာပေါက် မှန်ကန်တယ်။

 

"ဟုတ်ကဲ့ပါ။ ကျွန်တော် ခဏနေကျရင် ရွာထဲသွားပြီး အကုန်လုံးကို ရှာခိုင်းလိုက်ပါ့မယ်။"

 

ရှစ်ချင်းလျို့က ခေတ္တစဥ်းစားလိုက်သည်။ သူတို့ လုပ်လက်စနဲ့ များများ လုပ်သင့်ပါသည်။

 

"တခြားရွာတွေက လူတွေကိုလည်း သတင်းဖြန့်ခိုင်းလိုက်လို့ ရတယ်။ သူတို့ အဲ့ဒီပါဝင်ပစ္စည်းတွေကို ယူလာနိုင်ရင် ငါတို့ ဝယ်မယ်။"

 

ရှောင်အာ့လန်က ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ကဲ့"

 

သူ့မရီး သူတို့အိမ်ကို ရောက်လာကတည်းက သူတို့ဘဝတွေ တိုးတက်လာရုံတင်မကဘဲ ရွာထဲက ကလေးတွေကလည်း သူနဲ့ ပိုပြီး ကစားချင်လာကြပါသည်။

 

အမှန်ပင်။ ရွာထဲက ကလေးတွေ သူနဲ့ ကစားချင်တာက သူ့မရီး သူ့ကို ပေးထားသည့် သကြားလုံးများ၊ သူမ ကူလုပ်ပေးထားသည့် စာအုပ်များ၊ သူ့အစ်ကိုကြီး လုပ်ပေးထားသည့် အရုပ်များကြောင့်ဆိုတာ သူသိပါသည်။

 

ရှစ်ချင်းလျို့က သူမ ပိုက်ဆံအိတ်ထဲက လက်လုပ်သစ်သီးသကြားလုံးများ လက်တစ်ဆုပ်လောက် ယူကာ သူ့ကိုပေးလိုက်သည်။ "ဒါဆိုလည်း နင့်ကိုပဲ အားကိုးရတော့မှာပေါ့။ ဒီသကြားလုံးတွေယူပြီး သူငယ်ချင်းတွေနဲ့ အတူတူ စားလိုက်ချေ။"

 

ရှောင်အာ့လန်က သစ်သီးသကြားလုံးကို ယူလိုက်သည်။ "ကျေးဇူးတင်ပါတယ် မရီး။ ကျွန်တော် သေချာပေါက် ကောင်းကောင်းလုပ်ပါ့မယ်။"

 

သူ့မရီးက သူ့ကိုချီးကျူးသည့်အခါ သဘောကျတတ်ပြီး သူ့မိသားစုကို အများကြီး အထောက်အကူ ဖြစ်စေသည်ဟု ခံစားရပါသည်။

 

ရှောင်အာ့လန်တစ်ယောက် သကြားလုံးများနဲ့ ရွာထဲ ပျော်ပျော်ရွှင်ရွှင် ထွက်သွားပြီးနောက် ရှစ်ချင်းလျို့လည်း ရှောင်ဟန်ကျန့်ကိုခေါ်ပြီး တံခါး အပြင်ထွက်လာခဲ့ပါသည်။

 

ရှောင်ဟန်ကျန့်က သူ့ညီလေး ပိုပိုပြီး တက်ကြွလာတာကို မြင်ရသဖြင့် ဝမ်းသာနေပါသည်။

 

သူ့ဇနီးသည်လေးက အုပ်ထိန်းမှုမှာလည်း ပိုတော်ပါပေသည်။

 

သူ ရုတ်တရက်ကြီး သက်ပြင်းချလိုက်မိသည်။ "နောက်ပိုင်း ကိုတို့ ကလေးတွေ ရလာရင် မင်းပဲ သူတို့ကို သင်ပေးရမယ်ထင်တယ်။"

 

သူတို့ကလေးတွေကို သူမ ကောင်းမွန်စွာ သင်ကြားပေးပါလိမ့်မည်။

 

ရှစ်ချင်းလျို့က ကြောင်စီစီဖြစ်သွားသည်။ "ဘယ်က ကလေးတွေလဲ။"

 

ရှောင်ဟန်ကျန့်က သူမ အလွန်ချစ်ဖို့ကောင်းသည်ဟု ထင်ကာ လက်မြှောက်လိုက်ပြီး သူမ နှာခေါင်းကို ဆိတ်လိုက်ပါသည်။

 

သူမ၏ နားရွက်အနားသို့ တိုးကပ်ပြီး ပြုံးကာ ပြောလိုက်ပါသည်။ "မင်းနဲ့ ကိုတို့ရဲ့ ကလေးတွေပေါ့။"

 

ယောက်ျားတစ်ယောက်က သူမနဲ့ ကလေးယူချင်သည်ဟု ပြောတာကို ကြားဖူးတာ ရှစ်ချင်းလျို့အတွက် ပထမဆုံးအကြိမ်ဖြစ်သဖြင့် သူမ မျက်နှာလေး နီရဲသွားပါသည်။

 

ရှောင်ဟန်ကျန့်ကို တွန်းထုတ်လိုက်သည်။ "စောပါသေးတယ်"

 

သူမ နှုတ်ခမ်းကို ကွေးလိုက်ပြီး ပြောလိုက်ပါသည်။ "အခုလက်ရှိ ကျွန်မပုံံစံနဲ့ဆိုရင် ရှင်ကျွန်မကို စိတ်ဝင်စားမှာတောင် မဟုတ်လောက်ဘူး။"

 

သူမ၏ အသားက ဖြူဖွေးနေခဲ့ပြီး ခြေတံများကလည်း သွယ်လျ လှပလွန်းခဲ့ပါသည်။ ဟူး... အဲ့လို ဘယ်တော့မှ ပြန်ဖြစ်နိုင်မှာလဲ။

 

ရှောင်ဟန်ကျန့်က နူးညံ့စွာ ရယ်မောလိုက်ပါသည်။ "အခုလည်း မင်းပုံစံက အဆင်ပြေတယ်လို့ ထင်တယ်။ ကို စိတ်ဝင်စားဖို့ ဖြစ်နိုင်ပါတယ်။"

 

အရင်တုန်းက သူ မိန်းမလှလေးတွေ မမြင်ဖူးတာလည်း မဟုတ်ပါ။ သို့သော် သူ့ဇနီးသည်လေးကို ဒီတိုင်းပဲ သဘောကျပါသည်။

 

သူမက မငယ်လွန်းပါက သူ တကယ်ပဲ ကြိုးစားကြည့်ချင်ပါသေးသည်။

 

ရှစ်ချင်းလျို့၏ မျက်နှာတွင် ရှက်သွေးဖြာမှု ပေါ်လွင်လာသည်။ "နှာဘူး"

 

ထို့နောက် သူမ လက်ကိုဆန့်လိုက်ပြီး ရှောင်ဟန်ကျန့်၏ ခါးကို ဆိတ်လိုက်ပါသည်။ "ရှင့်ကို ခွင့်မပြုသေးဘူးနော်။ ကျွန်မက ငယ်လွန်းသေးတယ်။"

 

သူမတောင် သူမကိုယ်ပိုင်ပုံစံကြောင့် အရှက်ရမိသည်။

 

သူမ၏ ခင်ပွန်းလေးကို ဒီလိုမျိုး ပထမဆုံး အတွေ့အကြုံကို မပေးချင်ပါ။

 

ထို့အပြင် လက်ရှိ သူမအသက်အရွယ်တွင် ကလေးယူဖို့ မကောင်းသေးပါ။

 

ထို့ကြောင့် အတူတူအိပ်မည့်ကိစ္စကို နောက်ပိုင်းမှ ပြောတာ ပိုကောင်းပါသည်။

 

ရှောင်ဟန်ကျန့်က ပြဿနာရှာနေသည့် သူမလက်ကို ဆွဲလိုက်သည်။ "မင်းခွင့်ပြုတဲ့အခါကျရင် ကိုချစ်မယ်၊ ဟုတ်ပြီလား။"

 

ရှစ်ချင်းလျို့က သူ့ကို စိုက်ကြည့်လိုက်သည်။ "အဖိုးကြီးရှောင် ရှင် ဒီလောက်ချွဲတတ်မယ် ထင်မထားဘူး။"

 

သူမ ခင်ပွန်းလေးက တကယ်ပဲ ချွဲတတ်လွန်းပါသည်။

 

သူ့ကို နူးညံ့ပြီး စိတ်အားထက်သန်သည့် လူငယ်ဖြစ်ကာ နှလုံးသားဖြူစင်ပြီး ဆန္ဒနည်းပါးလိမ့်မည်ဟု ထင်ထားခဲ့မိသည်။

 

အခုတော့ သူက သူမကို ဒီအဆင့်ထိတောင် တွေးနေပြီလား။

 

ထင်ထားသည့်အတိုင်း သူမက အလွန်ဆွဲဆောင်မှုရှိနေဆဲ ဖြစ်သည်။ သူမက ပုံပန်းသွင်ပြင် မလှပရင်တောင် ဂရုမစိုက်ပါ။

 

ရှောင်ဟန်ကျန့်က သူမလက်ကို ကိုင်လိုက်ပါသည်။ "ချွဲတယ်ဆိုတာ ဘာလဲ။"

 

ရှစ်ချင်းလျို့က ရှင်းပြလိုက်ပါသည်။ "ရှင်က အပြင်ပိုင်းမှာ မြင်ရတာနဲ့ တော်တော်ခြားနားတယ်လို့ ပြောချင်တာ။ ရှင့်ပုံစံက ဘာဆန္ဒမှမရှိတဲ့သူပုံစံဖြစ်နေပေမယ့် နောက်ကွယ်မှာ နှာဘူးတစ်ယောက် ဖြစ်နိုင်ချေရှိနေတာကို ဘယ်သူပြောနိုင်မှာလဲ။"