အခန်း ၉၀
Viewers 7k

Ch-90

အခန်း(၉၀) စဥ်းစားကြည့်ရုံနဲ့ ပျော်ဖို့ ကောင်းလိုက်တာ

 

ရှောင်ဟန်ကျန့် ရယ်ရခက်ငိုရခက်ဖြစ်သွားပါသည်။ ဘာတွေပြောနေတာလဲ။

 

သူပြန်ပြောလိုက်၏။ "ကိုက ချွဲတတ်တာတော့ ဝန်ခံပါတယ်။ ဒါပေမယ့် နှာဘူးဆိုတာတော့ ဝန်မခံဘူးနော်။ ကို့မိန်းမကိုပဲ ချစ်ချင်စိတ်ရှိတာပါကွယ်။"

 

ရှစ်ချင်းလျို့ကလည်း သူ့ကို ထပ်ပြီး စိုက်ကြည့်လိုက်ပါသည်။ "သူများတွေကို သွားချွဲရဲရင် သေချာပေါက် ရှင့်ကို အိပ်ယာထဲက မထနိုင်အောင် လုပ်ပစ်မယ်။"

 

သူ့ကို ခြေထောက်တစ်ချောင်း ချိုးပစ်ပြီး အိပ်ယာထဲက မထွက်နိုင်အောင် ပြောတာပါ။ ဟင်းဟင်း။

 

ရှောင်ဟန်ကျန့်၏ မျက်လုံးများက ရယ်ချင်စိတ်များဖြင့် ပြည့်နှက်သွားသည်။ သူမနား အနားကို ကပ်လိုက်ပြီး မေးလိုက်သည်။ "အိပ်ယာထဲက ဘယ်လိုထွက်လို့မရတာမျိုးလဲဟင်။"

 

ရှစ်ချင်းလျို့ မျက်လုံးများ ပြူးကျယ်သွား၏။ သူ ဒီလိုစကားတွေ ပြောတတ်လိမ့်မည်ဟု ထင်မထားခဲ့တာ သေချာသည်။

 

သူမ စိတ်ထဲကအတိုင်း ပြောလိုက်မိသည်။ "ရှင့်ကို ဒီလိုလူလို့ထင်မထားဘူး ရှောင်ဟန်ကျန့်"

 

ရှောင်ဟန်ကျန့်က ပြုံးကာ ပြောလိုက်ပါသည်။ "မင်းရှေ့မှာတော့ ကိုက အမြဲတမ်း အစစ်အမှန်ပဲလေ။"

 

ထို့ကြောင့်လည်း ထိုစကားတွေကို ဖုံးကွယ်မထားဘဲ ပြောခဲ့ခြင်း ဖြစ်သည်။ သူမကို ဖုံးကွယ်မထားဘဲ ချစ်ချင်ပါသည်။

 

သူ့ဘဝနှစ်ခုစလုံးမှာ ဒီလိုစကားမျိုးတွေ ပြောဖူးတာ ပထမဆုံးအကြိမ် ဖြစ်ပါသည်။

 

သူက ထပ်မေးလိုက်သည်။ "ဒါဆို မင်း မကြိုက်လို့လား။"

 

ရှစ်ချင်းလျို့က ခေါင်းခါလိုက်သည် "မဟုတ်ပါဘူး။"

 

သူမ၏ လက်နောက်တစ်ဖက်ကို ရှောင်ဟန်ကျန့်၏ လက်မောင်းပေါ် တင်ပြီး ချိုသာစွာ ပြောလိုက်ပါသည်။ "ဒီတိုင်း လင်မယားနှစ်ယောက် ချစ်စကား ကြိုက်စကား ပြောနေတာပဲကို။ ဘာလို့ မကြိုက်ရမှာလဲ။"

 

ဒီလို ခင်ပွန်းလေးမျိုးက ပိုမိုအခြေခိုင်ကာ စိတ်ဝင်စားဖို့ကောင်းသည်ဟု ခံစားမိပါသည်။

 

ထိ့အပြင် ဘယ်လိုမိန်းကလေးမျိုးက ကိုယ့် ကောင်လေး သို့မဟုတ် ခင်ပွန်းက ချိုမြိန်တဲ့ စကားတွေ ပြောတာကို မကြိုက်ဘဲ နေမှာလဲ။

 

ဘယ်လိုပဲဖြစ်ဖြစ် သူမကလည်း သာမန်လူပဲဖြစ်သဖြင့် ဒီလို စကားလေးတွေ နားထောင်ရတာ သဘောကျပါသည်။

 

သူမ ထပ်ပြောလိုက်သည်။ "နောက်ကို ကျွန်မကို ထပ်ချီးမွမ်းပြီး စကားချိုချိုလေးတွေ ပြောဦး။ ကျွန်မ သဘောကျတယ်။"

 

ယောက်ျားတစ်ယောက်အနေဖြင့် သူ့အားထုတ်ကြိုးပမ်းမှုများကို မကြာခဏ အသိအမှတ်ပြုပေးရပါမည်။

 

ရှောင်ဟန်ကျန့်က စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်မိပါသည်။ ခုနကစကားကြောင့် သူ့မိန်းမ အထင်သေးသွားမှာကို အနည်းငယ် စိုးရိမ်သွားမိသည်။

 

"ဟုတ်ပါပြီ။ နောက်ကို သေချာပေါက် ပိုချီးကျူးပြီး စကားချိုချိုလေးတွေ ပိုပြောပေးမယ်။"

 

သူ ထပ်မေးလိုက်သည်။ "ကိုပြောတာက ကိုချွဲနေတာကို မကြိုက်ဘူးလားလို့ မေးတာလေ။"

 

ရှစ်ချင်းလျို့က မျက်မှောင်ကြုတ်ကာ ပြုံးလိုက်ပါသည်။ "မဟုတ်ပါဘူး။ ရှင်နှာဘူးထပြီး ပရောပရည်လုပ်တတ်တဲ့ပုံစံက ထူးခြားတယ်။ ဆွဲဆောင်မှုရှိတယ်လို့ ကျွန်မတော့ ထင်တယ်။"

 

ကျွတ်ကျွတ်။ သူက နေ့ဘက်မှာတော့ နူးညံ့ပြီး သိမ်မွေ့သူ ဖြစ်သည်။ ညဘက်မှာတော့ နူးညံ့ပြီး ဆိုးသွမ်းသူ ဖြစ်နိုင်ပေသည်။

 

စဥ်းစားကြည့်ရုံနဲ့ သူက ဆွဲဆောင်မှုရှိလာပါသည်။

 

သူမ၏ ခင်ပွန်းလေးက သူမ သဘောကျသည့် ပုံစံမျိုးပင်။

 

အဟွတ် အဟွတ်။ သူမ ထိုအကြောင်းတွေ ထပ်စဥ်းစားလို့ မဖြစ်တော့ဘူး။ သူတို့ အခု အခန်း ခွဲအိပ်ရသည့် ဆုံးဖြတ်ချက်ကို လှုပ်ခါလို့ မဖြစ်ပေ။

 

သူက ဆွဲဆောင်မှုရှိသည့်ကိစ္စတွေကို မကြားဖူးသော်လည်း သူမ ပြောလိုက်တာနဲ့ ရှောင်ဟန်ကျန့် နားလည်သွားပါသည်။

 

ခံစားချက်က ခြားနားနေသည်။ သူမ အရင်တုန်းက တွေ့ကြုံဖူးသည့် ပုံစံမျိုး ဖြစ်၏။

 

သူ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။

 

သူ့ဇနီးက အကုန်လုံး ပြောရဲဆိုရဲ ရှိပါသည်။

 

သူမ ရှက်ရွံ့နေမှာ မဟုတ်ပါ။

 

သို့သော်လည်း သူမ၏ တဲ့တိုးဆန်သည့် စရိုက်ကို သူ သဘောကျပါသည်။ သူ့ဇနီးကို သူ ဘာလုပ်နိုင်ဦးမှာလဲ။ ချစ်မြတ်နိုးဖို့ပဲ ရှိပါတော့သည်။

 

လင်မယားနှစ်ယောက် တောင်ပေါ်သွားပြီး သစ်နံကိုင်းရွက်များနဲ့ တောရိုင်းဂန္ဓမာပန်းများကို ခူးလာခဲ့သည်။

 

တောရိုင်းသစ်သီးနဲ့ ပန်းတချို့ကိုလည်း အိမ်ပြန်ရင်း ခူးလာခဲ့ပါသေးသည်။

 

အိမ်ပြန်ရောက်ပြီးနောက် ရှစ်ချင်းလျို့က တောရိုင်းပန်းများကို ဖြတ်ညှပ်ပြီး ရှောင်ဟန်ကျန့် ထွင်းထားသည့် သစ်သားဘူးလေးထဲ ထိုးထားလိုက်ပါသည်။

 

အခန်းတွေထဲ နွေးထွေးမှုနဲ့ အရောင်အသွေးတချို့ကို ဖြည့်သွင်းပေးပါလိမ့်မည်။

 

ရှောင်အာ့လန်က ရွာထဲမှာ စကားဖြန့်ပြီးသွားပြီဖြစ်သည်။

 

ကလေးတွေက ငါးရှဥ့်များကို ရောင်းပြီး ငွေရနိုင်သည်ဟု ကြားလိုက်ကြသောအခါ သူတို့အားလုံး သွားဖမ်းကြလေသည်။

 

နေ့လည်ခင်းတွင် ကလေးများစွာက သူတို့ ဖမ်းမိထားသည့် ငါးရှဥ့်များကို ရှောင်မိသားစုထံသို့ ပို့ဆောင်ကြသည်။

 

ရှစ်ချင်းလျို့က သူတို့ကို မလိမ်ပါ။ သူမ ချိန်ခွင်တစ်ခုကို ထုတ်ကာ အလေးချိန်လိုက်ပြီး စျေးကို သင့်တင့်စွာ တွက်ချက်ပေးသည်။

 

ဒါက ကလေးတွေ ပထမဆုံးအကြိမ် ငွေရှာဖူးတာ ဖြစ်ပြီး သူတို့ အလွန်ပျော်ရွှင်လွန်းသဖြင့် ပျံသန်းနေသလို ခံစားလိုက်ရပါသည်။

 

ထို့ကြောင့် ညစာစားချိန်တွင် ရွာထဲ၌ တူညီသော အခြေအနေများ ပေါ်ပေါက်လာခဲ့ပါသည်။

 

"အဖေနဲ့ အမေ သားပိုက်ဆံရလာတယ်။"

 

"ဟ ပိုက်ဆံတွေ အများကြီး ဘယ်က ရလာတာလဲ။ ၁၀ ပြားကျော်တောင်ပါလား။"

 

"အာ့လန်ရဲ့ မရီးအတွက် ငါးရှဥ့်တွေ ဖမ်းပေးတာလေ။ သူက သားတို့ကို ပိုက်ဆံပေးတယ်။"

 

"ဘာ။ ငါးရှဥ့်တွေကို ပိုက်ဆံနဲ့ ရောင်းလို့ ရတယ် ဟုတ်လား။ တစ်ကျင်းကို ဘယ်လောက်ရတာလဲ။"

 

"တစ်ကျင်းကို ၃ ပြားလေ။ မနက်ဖြန်ကျရင် သားတို့ သွားဖမ်းကြဦးမှာဗျ။"

 

"ဝိုး တစ်ကျင်းကို ၃ ပြားတောင်လား။ တာ့လန်ရဲ့ မိန်းမက တော်တော် ရက်ရောတာပဲ။ ဒါဆိုလည်း မနက်ဖြန် အကုန်လုံး သွားဖမ်းကြကွာ။"

 

"ဟုတ်ပါပြီ။ ဟာ အမေ ဘာလို့ သားပိုက်ဆံကို ယူသွားတာလဲ။"

 

"နင်က ကလေးပဲ ရှိသေးတယ်။ ဘာလို့ ပိုက်ဆံကို ဆောင်ထားမှာလဲ။ ငါ နင့်ကို ကူသိမ်းထားပေးမယ်။"

 

"အီးဟီးဟီး သားပိုက်ဆံကို..."

 

ရှာ့ရှီရွာ၏ တစ်ဖက် တောင်ခြေတွင်ရှိသော ဓနိတဲလေးတစ်လုံးတွင်။

 

အသက် ၁၁ - ၁၂ နှစ်အရွယ်ကောင်လေး တစ်ယောက်က သစ်အယ်ဆန်ထုတ်ငယ် တစ်ထုတ်နဲ့ တို့ဟူးတစ်စိတ်ကို အိမ်ပြန်သယ်လာသည်။

 

ဓနိတဲထဲရှိ အသက်ငယ်ငယ်လေးသာ ရှိသေးသည့် ကောင်လေးနှစ်ယောက်နဲ့ ကောင်မလေးတို့ ဒါကိုမြင်သောအခါ မျက်လုံးများ ဝိုင်းစက်သွားကြသည်။

 

သူတို့ညစာအတွက် ဆန်ပြုတ်နဲ့ တို့ဟူးကို စားရသဖြင့် ပျော်ရွှင်သွားကြပါသည်။

 

ဓနိတဲ၏ အိပ်ယာပေါ်ရှိ မျက်နှာဖြူဖျော့ဖျော့ဖြင့် သက်လတ်ပိုင်း အမျိုးသားတစ်ယောက် မေးလိုက်သည်။ "အဲ့တာတွေ ဘယ်က ရလာတာလဲ။"

 

သူ့သား ခိုးကြောင်ခိုးဝှက်တွေ လုပ်နေမှာ စိတ်ပူသောကြောင့် ဖြစ်ပါသည်။

 

ဆင်းရဲနွမ်းပါးမှုက ကြောက်ဖို့ မကောင်းပါ။ သို့သော် ၎င်းတို့၏ ဂုဏ်သိက္ခာကိုတော့ ကျဆင်းစေလို့ မဖြစ်ပေ။

 

သူ့အဖေ ဘာကိုစိုးရိမ်နေသလဲ ရှောင်ရွှေ့က သိသဖြင့် ရှင်ပြလိုက်ပါသည်။ "ပညာသင်ရှောင်ရဲ့ မိန်းမက ရွာထဲမှာ ငါးရှဥ့်တွေ ဝယ်နေတာဗျ။ တစ်ကျင်းကို ၃ ပြားတဲ့။ ကျွန်တော် ဒီနေ့ ၂၀ ကျင်းလောက် ဖမ်းနိုင်လို့ ၆၀ ပြားလောက် ရလိုက်တယ်လေ။"

 

ငါးရှဥ့်အများကြီးရှိသည့် ရွှံ့မြောင်းတစ်ခုကို သူ သိပါသည်။

 

အရင်တုန်းက အိမ်မှာ စားစရာ ဘာမှ မရှိသည့်အခါ သူ ငါးရှဥ့်များကို ဖမ်းကာ အိမ်တွင် ချက်စားသည်။

 

ငါးရှဉ့်က အရသာ သိပ်မရှိသော်လည်း အနည်းဆုံးတော့ ဆာလောင်မှုကို ပြေပျောက်စေပါသည်။

 

ငါးရှဥ့်များကို ငွေဖြင့် လဲလို့ ရမှန်း ရှောင်အာ့လန်ဆီက သိလိုက်ရပြီးနောက် သူဝမ်းမြောက်သွားရပါသည်။

 

ထို့ကြောင့် ထိုနေရာသို့ သွားကာ ငါးရှဉ့်ကောင်ရေ ၂၀ ကျင်းလောက် ဖမ်းယူခဲ့သည်။

 

ရှောင်မိသားစုထံသို့ ရောက်သွားချိန်မှာတော့ သူ အနည်းငယ် စိုးရိမ်လာမိသည်။

 

သူ အများကြီး ဖမ်းမိပါက ပညာသင်ရှောင်၏ ဇနီးက လက်မခံမှာကို စိတ်ပူနေမိပါသည်။

 

သို့သော်လည်း သူမက အလွန်သဘောကောင်းပြီး ကရုဏာတရား ကြီးမားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

 

သူ့ကို ငွေပြား ၆၀ ပေးရုံသာမကဘဲ သူက ငါးရှဥ့်တွေ အများကြီး ဖမ်းမိသဖြင့် သူ့ကို တို့ဟူးတစ်စိတ် ဆုချမည်ဟု ပြောခဲ့ပါသည်။

 

"ကျွန်တော့်ကို ဒီတို့ဟူး ဆုချလိုက်တာ။ အဲ့တာနဲ့ အဖေနဲ့ ကျွန်တော့်ညီလေးညီမလေးတွေအတွက် ဆန်ပြုတ်လုပ်ပေးဖို့ သစ်အယ်ဆန်သွားဝယ်လာခဲ့တာဗျ။"

 

သူ့အဖေ နာမကျန်းဖြစ်ပြီး သူတို့အမေ အိမ်က ထွက်သွားကတည်းက သူတို့အိမ် အခြေအနေ ပိုဆိုးရွားလာခဲ့သည်။

 

သူတို့ နေ့တိုင်း တောရိုင်းဟင်းသီးဟင်းရွက်များကိုသာ ဆာလောင်မှုကို ဖြေဖျောက်ဖို့ အသုံးချခဲ့ရ၏။

 

သူ့အဖေ ဆေးကုသစရိတ်အတွက် စုဆောင်းထားသည့် ငွေတွေလည်း ကုန်သွားတာ ကြာပါပြီ။

 

သူက ငယ်သေးသည်။ ထို့ကြောင့် ယမ်းစိမ်း တူးဖော်နေသည့် ရွာအဖွဲ့က သူ့ကို ပါဝင်ခွင့်မပြုပါ။

 

သို့သော်လည်း သူတို့နောက်ကို လိုက်ကာ ယမ်းစိမ်းများ ကူသယ်ပေးပါသည်။

 

ရွာသူကြီးက သူ့ကို ယမ်းစိမ်းအထုပ်ငယ် တစ်ထုပ် ပေးသည်။

 

မြို့ထဲတွင် သူ သွားရောင်းပြီး စပါးခွံရောရာပါဝင်သော ဆန်ကြမ်းတချို့ဖြင့် လဲလှယ်ခဲ့သည်။

 

ပထမတော့ နောက်ဘာဆက်လုပ်ရမှာလဲဆိုတာကို တွေးပူနေခဲ့ရပါသည်။

 

အခုတော့ ပညာသင်ရှောင်၏ ဇနီးက ငါးရှဥ့်များကို ဝယ်ကာ သူ့ကိုပိုက်ဆံပေးသဖြင့် မျှော်လင့်ချက်ကို သူပြန်မြင်လာခဲ့ရသည်။

 

ထိုငါးရှဥ့်များကို ငွေရဖို့ လဲလှယ်နိုင်သေးသရွေ့ သူဆန်တွေကိုလည်း ပိုဝယ်နိုင်ပါလိမ့်မည်။

 

သူ့အဖေအတွက် ဆေးဝါးတွေတောင် ဆက်ဝယ်နိုင်လောက်သည်။

 

ရှောင်မူက သူ့သား၏ နဂိုက ထိုင်းမှိုင်းနေသော မျက်နှာတွင် ရှားရှားပါးပါး တောက်ပမှုတစ်ခုကို မြင်လိုက်ရသောအခါ သူ့ရင်ထဲ အလွန်အမင်း နာကျင်သွားပါသည်။

 

သူက ကလေးတစ်ယောက်သာ ဖြစ်သည်။ ဒါတောင် မိသားစု၏ လေးလံသော တာဝန်များကို ပခုံးထမ်းတင်ထားရ၏။

 

သူ့ကိုယ်သူထူကာ ထပြီး ပြောလိုက်သည်။ "အခြေခံစာသင်သားရှောင်ရဲ့ဇနီးက သဘောကောင်းပြီး အစွမ်းအစရှိတဲ့လူတစ်ယောက်ပဲ။ သူသာ ရွာထဲမှာရှိရင် အခြေအနေတွေ ပိုပိုကောင်းလာမှာပါ။"

 

"လောလောဆယ်တော့ မင်းငါးရှဥ့်တွေ ထပ်ဖမ်းနှင့်ဦး။ ငါမြန်မြန်နေပြန်ကောင်းအောင်လုပ်ပြီး လက်သမားအလုပ် ပြန်လုပ်မယ်။"

 

သူက ကျွမ်းကျင်သော လက်သမားဆရာတစ်ဦး ဖြစ်သည်။ သူ့မှာ အမှားဆိုလို့ အခက်အခဲကြုံလာတာနဲ့ ထွက်ပြေးသွားသည့် မိန်းမတစ်ယောက်ကို ယူခဲ့မိတာသာ ရှိသည်။

 

လွန်ခဲ့သည့် တစ်နှစ်လောက်က ထိုမိန်းမက သူ့အရင်ယောက်ျားနဲ့ ရုတ်တရက် ပြန်တွေ့ခဲ့သည်။

 

သူတို့မိသားစုက ငွေတုံးတွေကိုတောင် ခိုးယူပြီး သူနဲ့ လိုက်ပြေးသွားခဲ့သည်။

 

ထိုအချိန်တုန်းက သူတို့နှစ်ယောက်နောက် သူ လိုက်ခဲ့ပါသေးသည်။

 

သူတို့ကို မဖမ်းမိရုံတင်မကဘဲ မိုးရေတွေလည်း မိခဲ့သည်။ အိမ်ပြန်လာပြီးနောက် နာမကျန်း စဖြစ်ခဲ့ပါသည်။

 

သူ့ကျန်းမာရေးက ပိုပိုဆိုးလာလိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ပေ။ နောက်ဆုံးမှာတော့ သူ့အိမ်နဲ့ မြေကိုတောင် ရောင်းချလိုက်ရသည်။

 

ဒီအဖြစ်အပျက်တွေကို စဥ်းစားမိတိုင်း အမြဲတမ်း စိတ်မသက်မသာ ဖြစ်ရ၏။

 

ဒီတိုင်းပဲ သေခြင်းတရားကို စောင့်နေတော့မည်ဟု သူ တွေးခဲ့သည်။

 

သို့သော်လည်း ဒီနေ့ သူ့သားကို မြင်လိုက်ရချိန်မှာတော့ သူ ဒီလိုမတွေးသင့်မှန်း ရုတ်တရက် ခံစားလိုက်ရပါသည်။

 

ရှောင်ရွှေ့လည်း သူ့အဖေက မြန်မြန်နေပြန်ကောင်းပြီး အလုပ်လုပ်ချင်သည်ဟု ပြောလိမ့်မည်ဟု မထင်ထားခဲ့ပါ။

 

သူ အနည်းငယ် ပျော်ရွှင်သွားမိသည်။ "ဒါဆို အဖေ နေပြန်ကောင်းလာတဲ့အခါကျရင် ပညာသင်ရှောင်တို့ အိမ်ကို သွားလည်သင့်တယ်။"

 

"သူတို့အိမ်မှာ လက်သမားတွေ အမြဲတမ်း ခေါ်နေတယ်လို့ ကျွန်တော်ကြားတယ်။ လစာကလည်း မနည်းဘူး။ ပြီးတော့ အစားအသောက်တွေပါ စီစဥ်ထားပေးတယ်။"

 

သူ ရွာထဲမှာ အလုပ်လုပ်နေစဥ် သူ့အဖေကို စောင့်ရှောက်ဖို့လည်း ပိုလွယ်ကူပါသည်။

 

ပညာသင်ရှောင်၏ ဇနီးက လူကောင်းတစ်ယောက် ဖြစ်သည်။ ရွာထဲက လူအမြောက်အများက သူမတို့ မိသားစုထဲမှာ အလုပ်လုပ်ချင်ကြပါသည်။

 

ရှောင်ရွှေ့လည်း သူ့အဖေဆီက လက်မှုပညာကို သင်ထားဖူးပြီး နောက်ပိုင်း ရှောင်မိသားစုထဲမှာ အလုပ်လုပ်ချင်မိပါသည်။

 

ထိုမိန်းမထွက်ပြေးသွားလည်း ပြေးပါစေဟု ရှောင်မူ ရုတ်တရက် စိတ်ပိုင်းဖြတ်လိုက်၏။ အခုအချိန်မှာ ဘဝကောင်းကောင်းနဲ့ နေရဖို့ထက် အဲ့တာက ဘယ်လိုလုပ်ပြီး အရေးကြီးနိုင်ဦးမှာလဲ။

 

သူ့သားက အလွန်ပါရမီရှိသူ ဖြစ်သည်။ သူ့ကို အချိန်ယူပြီး ပညာကုန် သင်ကြားပေးလိုက်ပါက သေချာပေါက် အနာဂတ်တွင် သူ့ထက်တောင် သာလွန်သွားနိုင်ပါသည်။

 

"ဟုတ်ပြီ။ ငါနေကောင်းရင် ပညာသင်ရှောင်တို့အိမ်ကို သွားမေးလိုက်မယ်။"

 

ရှောင်မိသားစုက လက်သမား ဆက်လက်ခေါ်ယူနေဆဲဖြစ်ပါက သူ့လက်မှုစွမ်းရည်တွေ အလကားဖြစ်မှာ မဟုတ်ပါ။