အခန်း(၉၁)
Viewers 7k

အခန်း(၉၁) လုပ်ရမှာပေါ့

 

ရှစ်ချင်းလျို့က သူမ၏ အင်္ကျီလက်ကို မတင်ကာ သူမ၏ ခင်ပွန်းလေးနဲ့ ယောက္ခမတို့ကို ခြင်ဆေးတိုင်လုပ်နည်း သင်ပေးနေပါသည်။

 

တခြားသူတွေထံမှ ငါးရှဥ့်များ ဝယ်ယူခြင်းက အနာဂတ်တွင် သူမအတွက် လုပ်သားအင်အား တိုးပွားလာစေမည်ဆိုတာကို သူမ မသိခဲ့ပါ။

 

ရှစ်ချင်းလျို့က မော်ဒန်ခေတ်တွင် တွေ့ရသော ခြင်ဆေးခွေများကဲ့သို့ မလုပ်ဘဲ အမွှေးတိုင်နဲ့ တူအောင် ပြုလုပ်ခဲ့ပါသည်။

 

ညဘက်တွင် ခြင်ဆေးတိုင်တစ်တိုင် ထွန်းညှိဖို့က ပိုပြီး အဆင်ပြေပါသည်။

 

သစ်နံကိုင်း၊ တောရိုင်းဂန္ဓမာပန်း၊ ငါးအရိုးမှုန့်တို့အပြင် စက္ကူအတွက်လည်း အရင်းအမြစ် ရှာဖွေရပါသေးသည်။

 

ကောင်တီမြို့သို့ ရှောင်ဟန်ကျန့် မသွားခင်မှာပဲ စက္ကူများကို စတင်ထုတ်လုပ်နေပြီဖြစ်သည်။

 

မကြာသေးခင်က တချို့ကို လေသလပ်ခံထားပြီးပါပြီ။

 

ခြင်ဆေးတိုင်က အလွန်မချောမွေ့သေးဘဲ ဝါကျင့်ကျင့်အရောင် ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် သူတို့ ဆက်တိုက် တီထွင်နေရပါသည်။

 

သို့သော်လည်း လက်ရှိ ဝါညိုရောင် စက္ကူများက ခြင်ဆေးတိုင်လုပ်ဖို့ လုံလောက်ပါသည်။

 

အခုခေတ်တွင် စက္ကူကို ကောက်ရိုးနဲ့ သစ်ခေါက်များမှ ပြုလုပ်ကြသည်။ စက္ကူက အနည်းငယ် ကြမ်းတမ်းပါသေးသည်။

 

အဓိကအားဖြင့် စမ်းသပ်ဖို့ ဖန်တီးခဲ့ခြင်း ဖြစ်၏။ သူတို့အိမ်သစ်ကို ပြောင်းရွှေ့ပြီးနောက် ပိုဖြူပြီး ပိုပါးသည့် ဝါးစက္ကူများကို ထုတ်လုပ်ပါမည်၊။

 

ထိုစက္ကူတချို့ကို ခြင်ဆေးတိုင် အထုပ်တချို့ လုပ်ဖို့အတွက် စုစည်းလိုက်သည်။

 

ထိုနေ့ည အခန်းနှစ်ခန်းတွင် ခြင်ဆေးတိုင်ကို ထွန်းကြည့်ထားလိုက်သည်။

 

နောက်တစ်နေ့မနက် ရှစ်ချင်းလျို့ အိပ်ယာနိုးလာတော့ သူမကိုယ်ပေါ်မှာ ခြင်ကိုက်ရာများ မတွေ့ရတော့ပါ။

 

ညဘက် ခြင်တွေ တဝီဝီမြည်သံတွေကိုလည်း မကြားရတော့ပါ။ သူမ ကောင်းကောင်းမွန်မွန် အိပ်ပျော်ခဲ့ပါသည်။

 

ရှောင်ဟန်ကျန့်လည်း အလွန်အိပ်ကောင်းခဲ့၏။ "ဒီခြင်ဆေးတိုင်က တကယ်အာနိသင်ရှိတာပဲ"

 

ရှစ်ချင်းလျို့က ပြုံးလိုက်၏။ "အချိန်ကိုက်ပဲ အရင်မုန်လာရိုင်းတစ်သုတ်ကို သကြားအဖြစ် ပြောင်းပြီးသွားပြီ။ ရောင်းချဖို့အတွက် အဲ့ဒီအလုပ်ရုံမှာ ခြင်ဆေးတိုင် ထုတ်လုပ်ဖို့ အမျိုးသမီးနည်းနည်းလောက် ငှားကြရအောင်။”

 

ရှောင်ဟန်ကျန့်က သူ့အိပ်ယာဝင်ဝတ်စုံကို သူ့ဝတ်ရုံနဲ့ လဲလိုက်သည်။ "ပိုင်ရွှီနဲ့ အလုပ်လုပ်နေတုန်းပဲလား"

 

ရှစ်ချင်းလျို့လည်း အိပ်ယာထလိုက်ပါသည်။ "သူ့ကို နည်းနည်းရောင်းလို့တော့ရပါတယ်။ ဒါပေမယ့် ကျွန်မက ကုန်သည်တွေ ကျွန်မတို့ရွာကို ပိုလာပြီး ခြင်ဆေးတိုင်တွေကို အစုလိုက် အပြုံလိုက် ဝယ်စေချင်တယ်။"

 

"တိုက်ဆိုင်ချင်တော့ အခုတလော ယမ်းစိမ်းဝယ်တဲ့လူတွေ အများကြီး ရှိနေတယ်။ နောက်ပိုင်းကျရင် ကျွန်မတို့ရွာ ပိုစည်ကားလာပြီး ပိုကြွယ်ဝလာအောင် လူသွားလူလာကို ထိန်းသိမ်းရမယ်။”

 

"ကျွန်မ အရင်က လုပ်ခဲ့တဲ့ ငံပြာရည်တွေ ပြီးခါနီးနေပြီ။ ကျွန်မတို့ ရွာအဝင်က ဆိုင်ကို ပြင်ဆင်ပြီးတာနဲ့ လက်ကားရောင်းဖို့အတွက် ကုန်သစ်တွေ တင်ကြမယ်။”

 

အခုတော့ သူမ လုပ်ထားသည့်အရာများအတွက် ပိုင်ရွှီကိုကော တခြားကုန်သည်တွေကိုကော လက်ဝါးကြီး မအုပ်စေချင်လိုပါ။

 

ထိုပစ္စည်းများကို တခြားဒေသများမှ  ကုန်သည်တွေကို ဆွဲဆောင်ပြီး အစုလိုက် အပြုံလိုက် ရောင်းချဖို့ အသုံးချချင်သည်။

 

သူမ နန်ရှီမြို့၏ စီးပွားရေးကို အရင်ဆုံး အဆင့်မြှင့်တင်ချင်နေသည်။

 

ရှောင်ဟန်ကျန့်က သူ့မိန်းမနှုတ်မှ ဗန်းစကားများကို မကြာခဏ ကြားဖူးနေကျ ဖြစ်ပါသည်။ သူမက သူ့ရှေ့မှာသာ ဒီလိုပုံစံဖြစ်နေခြင်း ဖြစ်သည်။

 

အပြင်ဘက်မှာဆိုရင်တော့ သူမ၏ စကားလုံး ရွေးချယ်မှုများကို အလွန်သတိထားတတ်သူဖြစ်သည်။

 

"ကိုတို့ စမ်းကြည့်လို့ရပါတယ်။ မင်းအကြံ မဆိုးဘူး"

 

"မော့ချင်းလင်နဲ့ တိုင်ပင်ပြီး  နန်ရှီမြို့ကို အတူတူ အသက်သွင်းကြမယ်"

 

သူတို့ ဒီလိုလုပ်ချင်ပါက ခရိုင် တရားသူကြီး၏ ထောက်ပံ့မှုကို ရလျှင် ပိုတောင် ကောင်းပါသေးသည်။

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်လိုက်၏။ "ဟုတ်တယ် ကျွန်မတို့ မော့ချင်းလင်နဲ့ တိုင်ပင်သင့်တယ်"

 

သူမ သူ့ကိုပြုံးပြလိုက်သည်။ "ဒီလိုဂုဏ်ယူစရာ  တာဝန်ကိုတော့ ရှင့်ကိုပဲအပ်ထားလိုက်မယ်နော် အဖိုးကြီးရှောင်"

 

သူမက လက်တွေ့ကျသည့် အရာများကို ကိုင်တွယ်ရတာ ပိုအားရပါသည်။ သူမ ခင်ပွန်းလေးကတော့ ပရိယာယ်သုံးရသည့် ကဏ္ဍများတွင် ပိုမို ကျွမ်းကျင်ပါသည်။

 

ရှောင်ဟန်ကျန့်က သူ့ကိုထူပေးလိုက်သည်။ "ဟုတ်ပါပြီ ကို သွားလိုက်ပါ့မယ်"

 

သူမေးလိုက်၏။ "ခြင်ဆေးတိုင်တွေလုပ်ဖို့ အမျိုးသမီးတွေကို အလုပ်ခန့်မှာလား"

 

ရှစ်ချင်းလျို့က ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်။ ရွာထဲကအမျိုးသမီးတွေ ပိုက်ဆံများများပိုရနိုင် အိမ်မှာ ပြောခွင့်ဆိုခွင့်ရှိလာဖို့ သိပ်ပြီး အားမထုတ်ရပါဘူး"

 

"တစ်ခါတစ်လေ ကိုယ့်ကလေးအတွက် အစားအသောက်တွေ ဝယ်ချင်တဲ့အခါကျရင် ယောက်ျားဘက်က ဆွေမျိုးတွေ ဆူငေါက်တာကို ခံရမှာ မဟုတ်တော့ဘူး။ ဒါမှမဟုတ် ခိုးကြောင်ခိုးဝှက်တွေ လုပ်စရာ မလိုတော့ဘူး"

 

"သူတို့ရဲ့ ဘဝတွေကို ဖြည်းဖြည်းချင်း အဆင့်မြှင့်တင်ပေးချင်တယ်။ သူတို့ နှစ်တိုင်း အဝတ်အစားသစ်တွေ ပိုဝယ်လာနိုင်မယ်။ ပြီးရင် အလှပြင်ပစ္စည်းတွေနဲ့ လက်ဝတ်လက်စားတွေတောင် ဝယ်လာနိုင်ကြလိမ့်မယ်"

 

ရွာထဲမှာ ယောက္ခမတွေက ချွေးမတွေကို ဆူငေါက်နေတာမျိုး သူမ ခဏခဏ မြင်ဖူးပါသည်။

 

ရှေးခေတ်တုန်းက ယောက်ျားသားများက မိန်းမသားများထက် ပိုပြီး ကြီးမြင့်ကြသည်။

 

အမျိုးသမီးများက အိမ်မှာကော လူမှုပတ်ဝန်းကျင်မှာကော အဆင့်အတန်းမြင့်မြင့် မရရှိကြပါ။

 

ရှစ်ချင်းလျို့က ဒီလောက် လက်တွေ့မဆန်တာမျိုး မဟုတ်ပေ။ သူမက ကျား၊ မ ညီမျှမှုကို အဆင့်မြှင့်တင်ချင်သည်။

 

သို့သော်လည်း သူမ တတ်နိုင်ပါက အမျိုးသမီးများ၏ နေထိုင်မှုပတ်ဝန်းကျင်ကိုပါ အဆင့်မြှင့်တင်ပေးနိုင်ဖို့ ကြိုးစားချင်ပါသည်။

 

မော်ဒန်ခေတ်မှာကော ရှေးခေတ်မှာကော အမျိုးသမီးတစ်ယောက်က ဝင်ငွေတစ်ခု ရှိပါက သူမ စားရသည့် အစားအသောက်မှာ တခြားသူတွေရဲ့ တစ်နေ့တာ စိတ်အခြေအနေပေါ် မူတည်တော့မှာ မဟုတ်ပေ။

 

ဂုဏ်သိက္ခာ ပိုရှိစွာနဲ့လည်း နေထိုင်နိုင်လိမ့်မည်။

 

မော်ဒန်ခေတ်များတွင် လူတစ်ယောက်၏ ငွေရေးကြေးရေး အစွမ်းအစက မိသားစုထဲက သူ့အဆင့်အတန်းကို အဆုံးအဖြတ်ပေးသည့် ကိစ္စများစွာကို မြင်ဖူးပါသည်၊။

 

အမှန်ပင်။ တခြားသူတွေထံမှ ထောက်ပံ့မှုကို ရပြီး အိမ်မှာတော့ ရုန်းကန်နေရဆဲဖြစ်သည့် ခြွင်းချက်များလည်း ရှိပါသည်၊။

 

သူမ၏ ကောင်တီမြို့က မဆင်းရဲသော်လည်း ချမ်းလည်း မချမ်းသာပါ။

 

ရွာထဲက အမျိုးသမီးများစွာတွင် တစ်နှစ်တာလုံး ဝတ်ဆင်လဲလှယ်ဖို့ ဝတ်စုံ ၂ စုံ ၃ စုံသာ ရှိတတ်သည်။

 

သူတို့၏ အင်္ကျီများတွင် အပေါက်များရှိပါက ဆက်တိုက် ပြန်ဖာကာ ဝတ်ဆင်ကြပါလိမ့်မည်။

 

ကလေးများလည်း ထိုနည်းလည်းကောင်း ဖြစ်၏။ အဝတ်အစားများက စုတ်ပြတ်နေရုံတင်မကဘဲ ရွာထဲမှာ ခြေဗလာနဲ့ ပြေးလွှားနေကြသော ကလေးများစွာကို သူမ မြင်ဖူးပါသည်။

 

ရှန်းယွမ်၏ မှတ်ဉာဏ်တွေထဲမှာ ဆောင်းရာသီတွင် ဖိနပ်တစ်ရံသာ စီးနိုင်သည့် ရွာသားများကို ပြည့်စုံကုံလုံသည့် မိသားစုများဟု သတ်မှတ်ရသည်။

 

ရွာသားအများစုကတော့ မိုးရွာရွာ၊ နှင်းကျကျ ကောက်ရိုးဖိနပ်များကိုသာ စီးရသည်။

 

သူမ ဒီလိုအရာတွေကို ပြောင်းလဲပေးချင်၏။ အသေးအဖွဲလေးတွေ ဖြစ်နေရင်တောင် ပြောင်းလဲပေးချင်ပါသည်။

 

သူမ၏ စွမ်းဆောင်နိုင်သော ပတ်ဝန်းကျင်မှ စတင်ကာ သူမ တတ်နိုင်သမျှ လုပ်ပေးချင်ပါသည်။

 

ရှောင်ဟန်ကျန့်က သူမစကားလုံးများကြောင့် ကြည်နူးသွားရသည်။

 

သူ့ ဇနီးသည်လေးက အလွန်ထူးခြားလွန်းလှပါသည်။ အလွန်ရက်ရောသူလည်း ဖြစ်၏။

 

"ဟုတ်ပါပြီ မင်း ဘာပဲလုပ်လုပ် ကို ထောက်ပံ့ပေးမယ်"

 

သူက ရှစ်ချင်းလျို့ နားကပ်ကာ ပွေ့ဖက်လိုက်ပါသည်။ "မင်းကို ထောက်ပံ့ပေးဖို့အတွက် နောက်နှစ်ကျရင် နန်းတွင်းစာမေးပွဲတွေမှာ အောင်မြင်ဖို့ သေချာပေါက် ကို ကြိုးစားပါ့မယ်"

 

နန်းတွင်စာမေးပွဲများတွင် အောင်မြင်ပြီး အရာရှိတစ်ယောက်ဖြစ်လာဖို့ သူ ပိုလို့တောင် ဆုံးဖြတ်ချက် ခိုင်မာလာခဲ့ပါသည်။

 

သူ့ဇနီး၏ စားနပ်ရိက္ခာဆိုင်များ ဆက်လက် ကျယ်ပြန့်လာသည့်အခါ သူလည်း မြန်မြန် တိုးတက်လာရမည်ဖြစ်သည်။ ဒါမှ သူ့ပေါင်ကို သူမအား ဖက်ခွင့်ပေးနိုင်မည်ဖြစ်၏။

 

ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်၏ ခါးကိုဖက်လိုက်ပြီး သူ့ကိုယ်ပေါ်က မှင်နံ့သဲ့သဲ့ကို ရှူလိုက်ပါသည်။ "လုပ်ရမှာပေါ့။ အဖိုးကြီးရှောင် ရှင်က ကျွန်မရဲ့ အကြီးမားဆုံး ထောက်ပံ့သူကြီးပဲလေ"

 

ထို့နောက် သူမ ခင်ပွန်း၏ ခါးကို ဆိတ်တောင် ဆိတ်လိုက်ပါသေးသည်။ ပြောစရာမလိုအောင် ပျော့ပြောင်းလွန်းလှပါသည်။

 

သူမခင်ပွန်းလေး နိုးလာသောအခါ ကောင်းကောင်း စားသောက်ပြီး  နေ့တိုင်း လေ့ကျင့်ခန်းလုပ်လေ့ရှိသည်။

 

သူ့ခန္ဓာကိုယ်ပုံသဏ္ဍာန်က ပိုပိုပြီး ကောင်းမွန်လာပါပြီ။

 

သူ့ဇနီးသည်လေးက သူ့ခါးကို ကစားနေရင်း ရှောင်ဟန်ကျန့်က ရုတ်တရက် တစ်ခုခုကို စဥ်းစားလိုက်မိသည်။

 

ရှစ်ချင်းလျို့ကို ရှက်ရွံ့စွာ လွှတ်လိုက်ပါသည်။ "ကို မျက်နှာအရင်သွားသစ်လိုက်ဦးမယ်"

 

ရှောင်ဟန်ကျန့် မျက်နှာသစ်ဖို့ ထွက်ပြေးသွားတာကိုကြည့်ရင်း ရှစ်ချင်းလျို့ ရယ်မောလိုက်မိပါသည်။

 

သူမ ခင်ပွန်းလေးက အလွန်ရိုးသားလွန်း၏။

 

ရှောင်ဟန်ကျန့်က မျက်နှာသစ်ပြီးနောက် ရှောင်ပိုင်လီနဲ့ ရှောင်အာ့လန်တို့ကို ထိုက်ကျီလေ့ကျင့်ဖို့အတွက် ခေါ်လာတာကို ရှစ်ချင်းလျို့ မြင်လိုက်ရပါသည်။

 

သူမလည်း မျက်နှာပေါ်မှာ အပြုံးတစ်ခုနဲ့ ဝင်လေ့ကျင့်လိုက်ပါသည်။

 

မနက်စာစားနေစဥ် ရှောင်ပိုင်လီက စိတ်ဝင်စားစွာဖြင့် မေးလိုက်ပါသည်။ "ယောက်မက ဒီနေ့အရမ်းပျော်နေပါ့လား"

 

ရှစ်ချင်းလျို့က သူမနှုတ်ခမ်းပေါ်က အပြုံးကို ပြန်ရုတ်သိမ်းလိုက်ပါသည်။ "ဟုတ်တယ် ဒီနေ့ စိတ်ရွှင်နေလို့လေ။"

 

သူမက ချက်ချင်းပဲ စကားလမ်းကြောင်း လွှဲလိုက်ပါသည်။ "နင်တို့တွေ မနေ့ညက ခြင်ကိုက်မခံရဘူးမလား။”

 

ရှောင်ပိုင်လီက ပြုံးကာ ပြောလိုက်ပါသည်။ "အကိုက်မခံရပါဘူး။ ယောက်မ သမီးတို့ကို လုပ်ခိုင်းထားတဲ့ ခြင်ဆေးတိုင်က တကယ် အသုံးဝင်တယ်"

 

ရှောင်အာ့လန်ကလည်း ပြောလိုက်ပါသည်။ "ဟုတ်တယ်။ နေ့တိုင်း ခြင်ကိုက်ခံနေရတာ။ ဒီနေ့တော့ ခြင်ကိုက်ရာ တစ်ခုမှ မရှိတော့ဘူး"

 

ထို့နောက် ရှစ်ချင်းလျို့ကို လေးစားစွာဖြင့် သူကြည့်လိုက်ပါသည်။ "ယောက်မက တကယ်တော်တာပဲ"

 

ရှစ်ချင်းလျို့က ရယ်မောလိုက်၏။ "ငါက နင့်မရီးပဲကို တော်မှာပေါ့"

 

ရှောင်ဟန်ကျန့်ကလည်း မျက်လုံးထဲ အပြုံးအပြည့်ဖြင့် ဆန်ပြုတ်ကို သောက်နေပါသည်။

 

အမှန်ပင်။ သူ့ဇနီးသည်လေးက တစ်ခါမှ မကျိုးနွံဖူးပါ။ သူမက အလွန်တဲ့တိုးဆန်ပြီး ချစ်ဖို့ကောင်းပါသည်။

 

ထို့နောက် ရှစ်ချင်းလျို့က အမေရှောင်ဘက်သို့ လှည့်လိုက်သည်။ "အမေ ခြင်ဆေးတိုင်တွေ ထုတ်လုပ်ဖို့အတွက် အမျိုးသမီးတစ်စုကို သမီးအလုပ်ခန့်ချင်တယ်။ အဲ့ကျရင် သူတို့ကို တာဝန်ယူဖို့ အမေ့ကို ဒုက္ခပေးရဦးမှာပဲ"

 

သူမယောက္ခမက အားလပ်နေရတာကို သဘောမကျသည့် ဇွဲရှိသော အမျိုးသမီးတစ်ယောက် ဖြစ်ပါသည်။

 

အမေရှောင်လည်း ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီး ပိုသန်မာလာနိုင်ဖို့ သူမ မျှော်လင့်မိ၏။

 

ထို့ကြောင့် အခုချိန်ကစပြီး သူမကို စတင်လေ့ကျင့်ပေးပါတော့မည်။

 

သူမ ယောက္ခမကို ခြင်ဆေးတိုင် ထုတ်လုပ်ရေးအဖွဲ့အား ကြီးကြပ်ခိုင်းလိုက်ခြင်းအားဖြင့် လေ့ကျင့်ရေး အများကြီး ဆင်းပြီးသား ဖြစ်သွားပါလိမ့်မည်။

 

ပြောစရာမလိုအောင် အနာဂတ်တွင် သန်မာသည့် အမျိုးသမီး သို့မဟုတ် ကျားမတစ်ကောင် ဖြစ်လာလိမ့်မည်။

 

နောက်ပိုင်း ယုတ်မာသည့် ယောက်ျား သို့မဟုတ် မိန်းမများနဲ့ တွေ့လာပါက အနည်းဆုံးတော့ သူတို့ကို ပါးရိုက်ကာ ခေါင်းမထောင်နိုင်လောက်တော့သည့်အထိ ငေါက်ငမ်းပစ်လိုက်နိုင်ပါသည်။

 

ရှောင်ဟန်ကျန့်ကတော့ သူ့ဇနီးသည်လေးက သူ့အမေကို ကျားမဖြစ်လာသည့်အထိ လေ့ကျင့်ပေးချင်နေတာကို မသိရှာပါ။