အခန်း(၉၂) ခန့်မှန်းမိတာ မရှိဘူးလား
သူမ၏ ချွေးမက သူမအား အဖွဲ့ကို စီမံခွင့်ပေးလိမ့်မည်ဟု
ထင်မထားခဲ့ပေ။
သူမခေါင်းကိုမော့လိုက်ပြီး တွန့်ဆုတ်စွာဖြင့် မေးလိုက်ပါသည်။
"ငါလုပ်နိုင်ပါ့မလား။"
သူမတွင် နူးညံ့သည့် စရိုက်မျိုးရှိသည်။ ထို့ကြောင့်
သူမလုပ်နိုင်စွမ်းကို သူမသိပါသည်။
သူမ ကောင်းကောင်း မစီမံနိုင်မှာကို စိုးရိမ်မိခြင်းသာဖြစ်သည်။
ဒီလိုဆို သူမ ချွေးမ၏ အစီအစဥ်များကို နှောင့်နှေးစေပါလိမ့်မည်။
ရှစ်ချင်းလျို့က သူမကို ပြေရာပြေကြောင်း ကြည့်လိုက်သည်။ "အမေ
သေချာပေါက် လုပ်နိုင်မှာပါ။"
"သမီးတို့ မိသားစုထဲမှာ မိသားစုဝင်က နည်းနည်းလေးပဲရှိတာ။ နောက်ပိုင်း
အလုပ်ရုံတွေ တိုးချဲ့တဲ့အခါကျရင် တစ်ယောက်ယောက်က ထုတ်လုပ်နည်းတွေ ခိုးတာမျိုး၊
စည်းကမ်းတွေ ဖောက်တာမျိုး မဖြစ်အောင် သတိထားရမယ်။ အဲ့တာကြောင့် ထုတ်လုပ်ရေးကို
စောင့်ကြပ်ရမယ့် ယုံကြည်ရတဲ့လူတစ်ယောက် လိုအပ်တယ်လေ။ အမေ အရင်ဆုံး
ကြိုးစားကြည့်လို့ ရပါတယ်။"
သူမက သူမ၏ ယောက္ခမကို စိတ်ရှည်ပါသည်။
သူမယောက္ခမ၏ စရိုက်ကို ပြောင်းလဲပေးဖို့အတွက်
ရှစ်ချင်းလျို့ ဖြည်းဖြည်းချင်း ကိုင်တွယ်ရမည်။
တစ်ခါတည်း အကုန်စားလိုက်ရုံနဲ့ သူမကို ဝတုတ် ဖြစ်မသွားစေပါ။
အမေရှောင်ကို အရင်ဆုံး သူမကိုယ်သူမ ယုံကြည်မှုတချို့ ပေးရမည်။
ထို့နောက် သူမကို တာဝန် အနည်းငယ် ပစ်ပေးလိုက်မည်။ သူမရဲ့ စရိုက်မျိုးနဲ့
ငြင်းဆန်မှာ မဟုတ်ကြောင်း ယုံကြည်ထားပါသည်
ထင်ထားသည့်အတိုင်း အမေရှောင်လည်း ထိုစကားကို ကြားသည့်အခါ
အဓိပ္ပာယ်ရှိသည်ဟု ထင်သွားပါသည်။
အမေရှောင်လည်း
ခဏလောက် စဥ်းစားပြီးနောက် ကိုယ့်ကိုယ်ကို အားပေးလိုက်သည်။
"ဟုတ်ပါပြီ။ ဒါဆိုလည်း ငါစမ်းကြည့်မယ်လေ။"
ရှစ်ချင်းလျို့က ပြုံးကာ ပြောလိုက်၏။ "အဲ့အချိန်ရောက်ရင်
ပိုင်လီကို စီမံတဲ့နေရာမှာ လာကူခိုင်းလိုက်ပေါ့။"
သူမ ပထမခြေလှမ်း လှမ်းဖို့ သတ္တိရှိလျှင် အဆင်ပြေပါသည်။
သူမ အမြဲတမ်း အခွံထဲမှာပဲ ပုန်းနေမှာကို ရှစ်ချင်းလျို့က
စိုးရိမ်မိသည်။
သူမ၏ သမီးဖြစ်သူပါ လာကူညီပေးမည်ဟု
ကြားလိုက်ရသဖြင့် အမေရှောင်က ပိုပြီး စိတ်ချသွားပါသည်။ "ဟုတ်ပြီ။ ငါတို့ သေချာပေါက်
ကြိုးစားပြီး ကောင်းကောင်းလုပ်ပါ့မယ်။"
စားသောက်ပြီးနောက် ရှစ်ချင်းလျို့နဲ့ ရှောင်ဟန်ကျန့်တို့
ရွာသူကြီးအိမ်သို့ သွားခဲ့ကြပါသည်။
သိပ်မကြာလိုက်ပေ။ ရွာသူကြီးက ရွာအဝင်က မောင်းကို တီးလိုက်ပါသည်။
မောင်းသံက မသေးပါ။ မောင်းကို ပြင်းပြင်းတီးလိုက်သည့်အခါ
ရွာထဲက လူတိုင်းနီးပါး ကြားနိုင်ပါသည်။
ရွာသူကြီးက ရွာသားများအားလုံးကို အစည်းအဝေးလုပ်ဖို့
ခေါ်ယူချင်သည်ဟူသော သဘောလည်း သက်ရောက်ပါသည်။
တို့ဟူးထွက်ရောင်းကြသည့် လူများ၊ တောက်တိုမယ်ရလုပ်နေရသည့် လူများက
လွဲပြီး ကျန်ရွာသားအားလုံး ရောက်လာကြပါသည်။
အားလုံးရောက်လာသောအခါ ရွာသူကြီးက ကြေညာလိုက်သည်။ "ဒီနေ့ တာ့လန်ရဲ့
ဇနီးသည်က ပြောစရာရှိတယ်ဆိုလို့ ငါအားလုံးကို ခေါ်လိုက်တာ။"
တို့ဟူး၊ ယမ်းစိမ်း၊ ရေခဲချောင်းများ၏ အကျိုးကျေးဇူးကြောင့် ရွာသားများ၏ ဝင်ငွေက လွန်ခဲ့သည့် နှစ်လအတွင်း ဆက်တိုက်
တိုးတက်လာခဲ့ပါသည်။
ထို့ကြောင့် ရွာသားအားလုံးက ရှစ်ချင်းလျို့ကို အလွန်လေးစားကြသည်။
ကျေးဇူးမသိတတ်သည့် လူတချို့ကလွဲပြီး ကျန်လူအားလုံးက သူတို့ ယခု စားသုံးနေရသည့်
အသီးအပွင့်တွေမှာ အားလုံး ရှစ်ချင်းလျို့ကျေးဇူးကြောင့်သာ ဖြစ်မှန်း သိကြပါသည်။
ထို့ကြောင့် သူတို့အားလုံး သူမကို ကျေးဇူးတင်ကြသည်။
အမှန်ပင်။ ကျေးဇူးမသိတတ်သည့် လူတချို့ကိုတော့ ကျေးရွာတစ်ခုလုံး ကြွယ်ဝလာစေမည့်
မဟာအစီအစဥ်ကြီးထဲမှ တဖြည်းဖြည်းချင်း
ထုတ်ပယ်ခဲ့ပါသည်။
အမျိုးသမီးတစ်ယောက် ပြုံးကာ ပြောလိုက်ပါသည်။ "ပြောစရာရှိရင်
ပွင့်ပွင့်လင်းလင်းသာ ပြောပါ။"
ရှစ်ချင်းလျို့ကလည်း သွယ်ဝိုက်ပြီး ပြောမနေပါ။ "ကျွန်မ ခြင်ပြေးစေတဲ့ အမွှေးတိုင်တစ်မျိုးကို တီထွင်ထားတယ်။ အဲ့တာကြောင့် အခု သကြားအလုပ်ရုံထဲမှာ
ခြင်ဆေးတိုင်တွေ ထုတ်လုပ်ဖို့အတွက် လူတွေ ခန့်အပ်ချင်လို့ပါ။"
"ဒါပေမယ့် အလုပ်တွေ အကုန်လုံးက သက်သာပြီး အင်အားအများကြီးလည်း
စိုက်ထုတ်စရာ မလိုတာမို့လို့ အမျိုးသမီးတွေကိုပဲ ခန့်အပ်ဖို့ စီစဥ်ထားပါတယ်။"
"အသက် ၁၂ နှစ် အထက်ရှိတဲ့ အမျိုးသမီးအားလုံး
စာရင်းပေးသွင်းနိုင်ပါတယ်။ နောက်မှ ကျွန်မ စာရင်းထဲကနေ ပြန်ရွေးလိုက်ပါ့မယ်။"
"ရွေးချယ်ခံရတဲ့ လူတွေက မနက်ပိုင်းကနေ အလုပ်လုပ်ပြီး ညနေခင်း
ညစာစားချိန်မတိုင်ခင် အလုပ်ဆင်းရမယ်။ မနက်စာနဲ့ နေ့လည်စာတို့ကို အလုပ်ရုံထဲမှာ စားလို့
ရပါတယ်။"
"တစ်လကို ငွေပြား ၁၀၀ ပေးပါမယ်။"
သူမ ပြောလို့ပြီးသွားတာနဲ့ ရွာသားများ တုန်လှုပ်သွားကြပါသည်။
"ဘာ တစ်လကို ငွေပြား ၁၀၀ တဲ့။ မနက်စာနဲ့ နေ့လည်စာတောင် ပါသေးတယ်။"
"ကျွန်မ ယောက်ျားက ကောင်တီမြို့မှာ အလုပ်လုပ်တာ။ ဒါပေမယ့် တစ်လကို ငွေပြား
၁၀၀ လောက်ပဲ ရတယ်။ အရမ်းလည်း ပင်ပန်းရတယ်။ နေ့တိုင်း မိုးမလင်းသေးခင်
အစောကြီး ထရတယ်။"
"ရှောင်မိသားစုရဲ့ အလုပ်ရုံထဲက အစားအသောက်တွေက အရမ်းကောင်းတယ်လို့
ကျွန်မ ကြားဖူးတယ်။ အိမ်က အစားအသောက်တွေထက်တောင် ပိုကောင်းတယ်တဲ့။"
"အဓိကအချက်ကတော့ ကျွန်မတို့ ရွာထဲမှာပဲ အလုပ်လုပ်ကြရမှာ။ အိမ်မှာ တစ်ခုခုဖြစ်လာရင်
ကျွန်မတို့ တာဝန်ယူလို့ရတယ်။"
ရွာထဲက အမျိုးသမီးများ၊ အဘွားအိုများနဲ့ မိန်းကလေးများ အားလုံး
ပျော်ရွှင်သွားကြပါသည်။
အရင်တုန်းက ရွာအဝင်ဝက အိမ်တွေ၊ အလုပ်ရုံတွေ၊ တောင်ပေါ်က
တာအိုဘုရားကျောင်း စတာတွေကို ဆောက်လုပ်ပြုပြင်ဖို့အတွက် ရှောင်မိသားစုက
ယောက်ျားသားများကိုသာ အလုပ်ခန့်အပ်ခဲ့သည်။
တို့ဟူးအလုပ်ရုံနဲ့ ချက်ပြုတ်ဆောင်မှာသာ အမျိုးသမီး အနည်းငယ်ကို
ခန့်အပ်ထားသည်။ ၎င်းတို့ကို လစာအများကြီးပေးကာ အစားအသောက်များလည်း ထောက်ပံ့ပေးထားပါသည်။
ရှောင်မိသားစုဆီမှာ အလုပ်သွားလုပ်သူတွေ မျက်နှာများ
ပိုစိုပြည်လာကြတာကို အားလုံး မြင်နိုင်ပါသည်။
သူတို့တွေရဲ့
ကိုယ်အလေးချိန်တွေလည်း တက်လာကြသည်။ အမျိုးသမီးများစွာက
မနာလိုဖြစ်လာကြပါသည်။
အမျိုးသမီးသီးသန့် အလုပ် ရှိလိမ့်မည်ဟု သူတို့ မထင်ခဲ့ကြပေ။
သူတို့အတွက်တော့ ဒါက အခွင့်အရေးတစ်ခု ဖြစ်ပါသည်။
ဒီခေတ်က ဒီလိုဆင်းရဲသည့် ကျေးရွာတစ်ရွာတွင် အိမ်ထောင်စုတိုင်းက တစ်ပြားကို နှစ်ခြမ်း ခွဲနိုင်ဖို့တောင် ဆုတောင်းနေကြသည်။
တစ်လကို ငွေပြား ၁၀၀ ဖြစ်ပြီး အမျိုးသမီးများကိုသာ ခန့်အပ်သည်။
ဒါမျိုးက အရင်တုန်းကသာဆို စိတ်ကူးတောင် မယဥ်ရဲကြသည့် ကိစ္စမျိုး ဖြစ်ပါသည်။
သူတို့မိသားစုဝင်များက အရူး မဟုတ်ပါက အမျိုးသမီးတွေ အလုပ်လုပ်မှာကို
တားမြစ်ကြမှာ မဟုတ်ပါ။
"တာ့လင်ရဲ့ ဇနီး အဲ့တာ အမှန်ပဲလား။ ဒါဆို ကျွန်မကို သင့်တော်မလား
ကြည့်ပေးပါဦး။"
ပထမဆုံး စကားပြောသည့် အမျိုးသမီးက ထပ်မစောင့်နိုင်တော့ဘဲ
မေးလိုက်ပါသည်။
ရှစ်ချင်းလျို့က ပြုံးကာပြောလိုက်ပါသည်။ "ဟုတ်တာပေါ့။ အမှန်ပါပဲ။"
"ဒေါ်လေးက အလုပ်ကြိုးစားတဲ့လူဆိုတော့ လုပ်လို့ ရတာပေါ့။"
"ဒါပေမယ့် ခဏနေရင် ကျွန်မညီမလေးနဲ့ စာရင်းသွင်းဖို့အတွက်
ကျွန်မအိမ်ကိုတော့ လာရမယ်။"
မျှော်လင့်ချက် သို့မဟုတ် စံနှုန်းများ မရှိပါက ဘယ်အရာကိုမှ
မအောင်မြင်နိုင်ပါ။
ထိုဒေါ်လေးက ပျော်ရွှင်စွာ ပြန်ပြောလိုက်ပါသည်။ "ကျွန်မ
စာရင်းသွင်းမယ်။ ခဏနေရင် စာရင်းသွားသွင်းလိုက်ပါ့မယ်။"
အမျိုးသားတစ်ယောက်ကလည်း မေးလိုက်ပါသည်။ "တခြားအလုပ်တွေအတွက်ကော
မခန့်သေးဘူးလား။"
ရှစ်ချင်းလျို့က ပြန်ဖြေလိုက်သည်။ "လောလောဆယ်တော့ မလိုသေးပါဘူး။
ဒါပေမယ့် အိမ်သုတ်ဆေးအလုပ်ရုံ ဖွင့်တဲ့အခါကျရင်တော့
ကျွန်မတို့ အလုပ်ခန့်ဦးမှာပါ။ အဲ့ကျရင် ယောက်ျားသားတွေ လိုအပ်မှာပါ။"
အိမ်သုတ်ဆေးထုတ်လုပ်ရာတွင် အလုပ်ကြမ်းနဲ့
အားထုတ်မှုများစွာ လိုအပ်သည်။ ထို့ကြောင့် ယောက်ျားသားများနဲ့ ပိုသင့်တော်ပါသည်။
ရွာထဲက ယောက်ျားများစွာက အစပိုင်းတော့ စိတ်ပျက်သွားကြသည်။ သို့သော်
ထိုအကြောင်းကို ကြားလိုက်ရသောအခါ သူတို့ ပျော်ရွှင်စွာ ပြောလိုက်ကြပါသည်။
"ကောင်းပါပြီ။"
အခုတလော ရာသီဥတုက
အလွန်ပူပြင်းနေ၏။ တို့ဟူးတွေကို အဝေးကြီး သယ်ကာ ရောင်းချပါက ချဥ်ကုန်လိမ့်မည်။ ထို့ကြောင့် အနီးအနားမှာသာ ရောင်းနိုင်ပါသည်။
အရောင်းသမားများ စုစည်းမိကြသောအခါ ပြိုင်ဆိုင်မှုများ ပိုပြင်းထန်လာ၏။
ထို့ကြောင့် ၎င်းတို့၏ ရောင်းအားက အရင်တုန်းကလောက် အဆင်မပြေတော့ပါ။
သူတို့ ရာသီဥတု အေးသွားသည့်အထိ စောင့်သင့်သည်။
ထို့အပြင် အခုတလော စိုက်ပျိုးရေးကိစ္စတွေနဲ့လည်း အလုပ်များနေခဲ့ပါသည်။ ထို့ကြောင့်
လူများစွာက ရှောင်မိသားစုတွင် အလုပ်လိုချင်ကြပါသည်။
ဘာပဲဖြစ်ဖြစ် အလုပ်တည်နေရာကလည်း သူတို့အိမ်နဲ့ နီးပါသည်။
လစာကလည်း မဆိုးပေ။ အစားအသောက်ကိုလည်း ထောက်ပံ့ပေးထား၏။
ကောင်တီမြို့မှာ ဆိုရင်တောင် ဒါမျိုးကို ရှာတွေ့နိုင်မှာ မဟုတ်ပါ။
ထို့အပြင် အခြေခံစာသင်သားရှောင်နဲ့ အဆက်အသွယ် ချိတ်ဆက်နိုင်ပြီး အင်မော်တယ်ကြီးတစ်ပါး၏ တပည့်ဖြစ်သူဆီကလည်း
ကံကောင်းခြင်းများ ရရှိနိုင်သည်။ အားလုံး ပျော်ရွှင်ကြပါသည်။
နောက်တော့ စာရင်းပေးချင်သည့်လူတွေက ရှောင်ပိုင်လီဆီသို့ သွားကြသည်။
ရှစ်ချင်းလျို့က ထပ်ပြီး အချိန်မဆွဲတော့ပါ။ သူမ ချက်ချင်းပဲ
နာမည်စာရင်းကို ထုတ်ကာ သူမ ခန့်အပ်ချင်သည့် လူတွေကို ရွေးချယ်လိုက်ပါသည်။
ဒီအချိန်တောအတွင်း ရွာသားများနဲ့ ပတ်သတ်ဆက်နွယ်ခဲ့ကာ ရှောင်အာ့လန်နဲ့
ရှောင်ပိုင်လီတို့ကိုပါ မေးမြန်းထားသဖြင့် ရွာထဲက လူအားလုံးအကြောင်းကို သေသေချာချာ
နားလည်ထားပါသည်။
အလုပ်ကြိုးစားသည့် လူတွေ၊ ရေသာခိုတတ်သည့် လူတွေနဲ့၊
အတင်းအဖျင်းပြောတတ်သည့် လူတွေအကြောင်း အကြမ်းဖျင်းအားဖြင့် ရိပ်စားမိပါသည်။
ဒီနာမည်စာရင်းတွင် ရွာထဲက အလုပ်ကြိုးစားသည့် အမျိုးသမီးများ အားလုံး နီးပါး စာရင်း ပေးသွင်းထားကြပါသည်။
အယောက် ၂၀၀ ဝန်းကျင်လောက် ရှိသည်။
ယခု သူတို့ ခြင်ဆေးတိုင်များကို အများအပြား ထုတ်လုပ်ရမည်ဖြစ်သဖြင့် လူအင်အား ပိုများလေလေ
ပိုမြန်မြန်လုပ်နိုင်လေလေ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူတို့ နွေရာသီအတွင်း အမြန်ထုတ်လုပ်ရမည်။ မဟုတ်ပါက
ဘယ်သူက ဆောင်းရာသီမှာ ခြင်ဆေးတိုင် ဝယ်ချင်မှာလဲ။
ထို့ကြောင့် အပျင်းကြီးသည့် သို့မဟုတ် စရိုက်မကောင်းသည့် လူတွေကို
ထုတ်ပယ်လိုက်သည်။ ရှစ်ချင်းလျို့က ကျန်အလုပ်သမား ၁၀၀
ကျော်လောက်ကို မနက်ဖြန် သကြားအလုပ်ရုံမှာ အစီရင်ခံဖို့ ပြောလိုက်ပါသည်။
ထိုအချိန်တုန်းက သူမ လုပ်ငန်းကို ချဲ့ထွင်ခြင်း၊ သို့မဟုတ် တချို့
နယ်မြေတွေကို တခြား လုပ်ငန်းများ လုပ်ဖို့ သတ်မှတ်ခြင်း စသည်တို့ စီစဥ်ထားသဖြင့်
အလုပ်ရုံများက ကြီးမားကြပါသည်။
အရွေးမခံရသည့် လူတွေက အနည်းငယ် စိတ်ပျက်သူက ပျက်၊ ဝမ်းနည်းသူက
ဝမ်းနည်းသွားကြသည်။ သို့သော် ဘာမှ မပြောကြပါ။
ဘာပဲဖြစ်ဖြစ် ထိုလူတစ်စုက ပြဿနာကြီးသည်။ ပျင်းရိသူများ သို့မဟုတ်
သန့်ရှင်းမှု မရှိသူများ ဖြစ်ကြသည်။
ထို့အပြင် ဘယ်သူမှ အရွေးမခံရတာကို မိသားစုတစ်စုက မြင်လိုက်ရသောအခါ
၎င်းတို့၏ အဘွားဖြစ်သူက သည်းမခံနိုင်တော့ပါ။
"တာ့လန်ရဲ့ ဇနီး ငါတို့မိသားစုက ဘာလို့ ဘယ်သူမှ အရွေးမခံရတာလဲ။
ငါတို့မိသားစုက ရွာထဲမှာ ဇွဲကောင်းတယ်လို့ နာမည်ကြီးတယ်လေ။"
ဒီမိသားစုက တကယ်ပဲ ရွာထဲမှာ အတော်လေး အလုပ်ကြိုးစားကြသူများ ဖြစ်ကြပါသည်။
သူတို့မိသားစု အရွေးမခံရတာကို မြင်သောအခါ အားလုံး အနည်းငယ် အံ့သြသွားကြသည်။
ဒီလူ ရှေ့ထွက်လာပြီး ဒီလို မေးလာတော့မှာကို
ရှစ်ချင်းလျို့က ကြိုသိနေပါသည်။
သူမ ဘာလို့ ရွာထဲကလူတွေအားလုံးကိုခေါ်ဖို့ ရွာသူကြီးကို
အကူအညီတောင်းခဲ့ရတာလဲ။
ရွာသားတွေကို လူသိရှင်ကြားပဲ လူရွေးချယ်မှုအတွက် စာရင်းသွင်းခိုင်းခဲ့သည်။
အမှန်ပင်။ ဒီလိုကိစ္စမျိုး ဖြစ်လာမှာကို သူမ စောင့်မျှော်နေခြင်းသာ ဖြစ်၏။
တစ်ရွာလုံးကို ကြွယ်ဝလာအောင် ကူညီပေးဖို့ သူမအတွက် ပြဿနာ မရှိပါ။
သို့သော်လည်း အပြင်ပိုင်းမှာတော့ အရမ်းကြီး နူးညံ့ပြနေလို့ မရပေ။
သူမ ဘယ်လောက်နူးညံ့နိုင်လဲဆိုတာ အတိုင်းအတာ ရှိလေသည်။
နူးညံ့ဖို့ လိုအပ်သည့်အခါ သူမ နူးညံ့မည်။ တင်းကျပ်ဖို့ လိုအပ်သည့်အခါ
သူမ တင်းကျပ်မည်ဖြစ်သည်။
တရုတ်ဆိုရိုးစကားတစ်ခု ရှိ၏။ မျောက်တွေကို ကြက်သတ်ပြရင်း သတိပေးရသည်ဟု
ဆိုသည်။
သူမ ထိုအဘွားအိုကို ကြည့်ပြီး ပြန်မေးလိုက်ပါသည်။
"အဘွားတို့မိသားစုက ဘာဖြစ်လို့ အရွေးမခံရတာလဲ
ဟုတ်လား။ အဘွားမှာ ခန့်မှန်းမိတာမျိုး မရှိဘူးလား။"
ထိုအဘွားအို အနည်းငယ် ဇဝေဇဝါဖြစ်သွားပါသည်။ "ငါက ဘာကို ခန့်မှန်းမိရမှာလဲ။ ငါတို့မိသားစုက
နင့်ကိုလည်း တစ်ခါမှ မတိုက်ခိုက်ဖူးပါဘူး။"
သို့သော်လည်း ထိုစကားကို ပြောပြီးတာနဲ့ သူမ အနည်းငယ် လိပ်ပြာမလုံသလို
ခံစားလိုက်ရပါသည်။
ရှစ်ချင်းလျို့က သွယ်ဝိုက်မနေတော့ဘဲ လိုရင်းကိုသာ ပြောလိုက်၏။
"ရှင့်သားက ဝူမိသားစု စားသောက်ဆိုင်မှာ စားပွဲထိုး လုပ်နေတာလေ ဟုတ်တယ်မလား။"
"အရင်တစ်ခေါက် သူရွာကိုပြန်လာတုန်းက ကျွန်မတို့မိသားစုကို
တိုက်ခိုက်ဖို့အတွက် ရှင့်ကို အဘွားရှောင်ဆီ သွားပြီး သွေးထိုးခိုင်းခဲ့တယ်မလား။ ရှင်လည်း သွားခဲ့တာပဲလေ။"
"ရှင်တို့မိသားစုက ကျွန်မတို့ နောက်ကျောကို
ဓားနဲ့ ထိုးခဲ့ဖူးတာကို ကျွန်မတို့က ဘာဖြစ်လို့
ရှင်တို့မိသားစုကို ရွေးချယ်ရမှာလဲ။"
ဒီနေ့ သူမကို သစ္စာဖောက်သူများ သို့မဟုတ် နောက်ကျောကို ဓားနဲ့ ထိုးသူများက
ပျော်စရာကိစ္စများတွင် မပါဝင်ရတတ်ကြောင်း အားလုံးကို အသိပေးလိုက်ပါသည်။