အခန်း (၃၀၀) - ငါ့လစာထက် မနည်းဘူး
"အရှင်းပျောက်လုနီးပါး ဖြစ်နေပါပြီ။" အဖိုးအိုဝမ်က ရွှင်လန်းတက်ကြွစွာ ပြန်ဖြေသည်။
အန်တီမားသည် ဝမ်းသာသွားသည်။ သူမသည် အိမ်ပြန်ပြီး သူမရဲ့ အိမ်ထောင်ဖက်အတွက် ထမင်းချက်ပေးဖို့ အလျင်လိုနေသောကြောင့် "အခုလောလောဆယ် စကားစမြည်ပြောဖို့ အချိန်မရှိသေးလို့၊ နောက်မှ စကားအေးဆေးပြောကြမယ်၊ အဖိုးဝမ်ရေ။" ဟု ပြောလိုက်ပါသည်။
အန်တီမားတစ်ယောက် ထမင်းချက်ဖို့ အိမ်ပြန်ရောက်တော့ သူမရဲ့ အိမ်ထောင်ဖက်အား ပြောပြခဲ့သည်၊ "ကြည့်ပါလား၊ ကျွန်မပြောတာ မမှားဘူး။ မွေးစားသားအဖြစ် အသိအမှတ်ပြုလိုက်တာ ဘယ်လောက်ကောင်းလဲ။ သွေးသားရင်းကလေးမွေးထားတာနဲ့ မခြားနားဘူး။"
ဦးလေးမားသည်လည်း အတော်လေး စိတ်လှုပ်ရှားသွားသည်။ လူတွေက အသက်ကြီးလာတဲ့အခါ၊ ကလေးတွေကို ကိုယ့်အနားမှာ ထားချင်ကြတယ် မဟုတ်လား။
မတော်လို့ တစ်ခုခု ဖြစ်သွားခဲ့သည်ရှိသော် သူတို့က ဂရုတစိုက် ပြုစုပေးကြလိမ့်မည်။
ဒီတစ်ခါ အဖိုးအိုဝမ်က အဲ့လို ဖြစ်သွားခဲ့တာ မဟုတ်ပါလား။ ကျိုးခိုင်က သူ့ကို နေ့တိုင်း စောင့်ရှောက်ပေးသည်။ ညနေခင်းဆို သူက အဲ့အိမ်မှာ စားသောက်လို့ရသည်။ ရေနွေးကြမ်းဆို ရေနွေးကြမ်း၊ ရေဆို ရေ၊ မပြတ်လပ်ပဲ သူလိုချင်သမျှ အကုန်ရသည်။
ဦးလေးမားသည် အဘိုးဝမ်တစ်ယောက် ကျိုးချင်းပိုင်ကို မွေးစားသားအဖြစ် အသိအမှတ်ပြုလိုက်တာ မှန်ကန်တဲ့လုပ်ရပ်ပဲလို့ ခံစားမိသည်။
သူ တစ်ခုခု ဖြစ်သွားခဲ့ရင် သူတို့က ဂရုစိုက်ပြုစုပေးလိမ့်မယ်၊ မဟုတ်ပါလား။
အဒေါ်မားသည်လည်း ဒီအကြောင်းကို သူမရဲ့ အပေါင်းအသင်းတွေကို ပြောပြခဲ့သည်။ အဒေါ်ကြီးအုပ်စုကလည်း မွေးစားသားအဖြစ် အသိအမှတ်ပြုတာ မှန်ကန်တယ်လို့ ဆိုကြသည်။
"လူအိုကြီးဝမ်မှာ ပိုက်ဆံအများကြီးနဲ့ ခြံကျယ်ကြီးတစ်ခုကို ငှားထားတယ် ဆိုတာ ဘယ်သူ မသိလို့လဲ။ သူတို့က အဲ့တာတွေကို မျက်စိကျနေတာလည်း ဖြစ်နိုင်တာပဲလေ။" သို့ရာတွင် မတူညီသော သဘောထားရှိသူများလည်း ရှိခဲ့သည်။ လူတချို့က ဒီလို ဆိုကြပါသည်။
သူတို့သည် ဆရာမလင်းတို့လင်မယားက အလွန်လေးနက်သော စိတ်နေစိတ်ထားရှိတယ်လို့ ခံစားရသည်။ သူတို့ လူအိုကြီးဝမ်ရဲ့ ပိုင်ဆိုင်မှုတွေကို ရည်ရွယ်နေတာ ထင်ရှားပါသည်။
သို့ရာတွင် လူအများစုက ဆင်ခြင်တုံတရား ပိုရှိကြပါသည်။
တကယ်လို့ သူတို့ကိုသာ ဒီလိုနည်းနဲ့ ပြုစုစောင့်ရှောက်ပေးမယ်ဆိုရင် သူတို့ရဲ့ အမွေပစ္စည်းတွေကို မွေးစားသားနှင့် မြေးတွေကို ပေးတာ ဘာမှ မမှားပါဘူး။
မွေးကင်းစမှာ မည်သည့်အရာကိုမျှ မယူဆောင်လာနိုင်သလို ဘဝတပါးသို့ ကူးပြောင်းသွားသောအခါတွင်လည်း မည်သည့်အရာကိုမျှ မယူဆောင်သွားနိုင်ပါက သိမ်းဆည်းခြင်းမှာ အဘယ်နည်း။
ရှေးဆိုရိုးစကားအရ ဤအရွယ်တွင် အဘိုးအိုသည် အခြားသူများ သူ့အတွက် တစ်စုံတစ်ခုကို ကြံစည်မည်ကို မကြောက်ရွံ့သော်လည်း သူ့လက်ထဲတွင် လူအများ မျက်စိကျစရာ ဘာမှမရှိမှာကိုမူ ကြောက်ရွံ့သည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် မြို့တော်တွင် ဆွေမျိုးတစ်ဦးကို လိုချင်ကြရုံသာ ဖြစ်သည်။ သူတို့သည် အဘိုးအိုဝမ်ရဲ့ ငွေကြေးနှင့် ပိုင်ဆိုင်မှုများကို အမှန်တကယ် မက်မောခြင်း မရှိပေ။
သူတို့နှစ်ယောက်က သူတို့ဘာသာ ဝင်ငွေရှာနိုင်သည်။
ယခုအချိန်သည် ဆောင်းရာသီသို့ရောက်သော်ငြား ကျိုးချင်းပိုင်၏ ဖက်ထုပ်ဆိုင်သည် တစ်နှစ်ကျော်ကြာအောင် လုပ်ကိုင်လာသောကြောင့် နာမည်ကောင်းရနေပြီ ဖြစ်သည်။
တခြားတစ်ခုခုစားချင်ရင် တခြားဆိုင်တွေမှာ သွားစားလို့ရပေမယ့် ဖက်ထုပ်စားချင်တယ် ဆိုရင်တော့ လူတွေက သူ့ရဲ့ဆိုင်ကို အရင်စဥ်းစားကြလိမ့်မည်။
ကျိုးချင်းပိုင်ရဲ့ ဆိုင်လေးသည် လစဥ် အမြတ်ငွေ ယွမ် နှစ်ရာကျော် သုံးရာနီးပါး ရနိုင်ပါသည်။
ဒီလိုမျိုး အလွန်အမင်းရရှိတဲ့ အမြတ်အစွန်းကြောင့် ကျိုးချင်းပိုင်သည် နံနက်ခြောက်နာရီမထိုးမီ အိပ်ရာထပြီး ဆိုင်သို့သွားခဲ့သည်။
တစ်နှစ်မှာ အမြတ်ငွေ ဘယ်လောက် ရနိုင်လဲ။
ဘယ်လောက်မှ မရဘူးလို့ ဘယ်လိုလုပ်ပြီး ဆိုနိုင်ပါ့မလဲ။
အထူးသဖြင့် သူတို့စုံတွဲသည် နွေရာသီတိုင်း တောင်ပိုင်းသို့ ခြေဆန့်ဖို့ စီစဥ်ထားပါသည်။
ဆောင်းရာသီ အားလပ်ရက်မှာ သူတို့သည် ရှန်ဟိုင်းသို့ အေးအေးလူလူ သွားရောက်ရန် စီစဥ်ထားခဲ့ကြပြီး၊ ဝင်ငွေရှာဖို့ မခက်ခဲပါဘူး။
သူတို့မိသားစုဝင်ငွေသည် အလွန်များပြားသည်ဟု ဆိုနိုင်သည်။ အဖိုးအိုဝမ်နဲ့ သိပ်မကွာလောက်ပါဘူး။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် ပြင်ပလူများထံမှာ အဆိုပါပြောဆိုချက်များကို တုံ့ပြန်ခြင်း မပြုသည့်အပြင် ထိုစကားတွေကို လုံးဝ အလေးအနက်မထားခဲ့ပေ။
ပုံမှန်အတိုင်းသာ ဖြတ်သန်းခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း ဒီဇင်ဘာလသို့ ရောက်ရှိခဲ့ပြီ။
ဒီဇင်ဘာလကို ဒီဇင်ဘာလဟု ခေါ်ရခြင်း အကြောင်းရင်းမှာ ဝက်အူချောင်းနှင့် ဘေကွန်ပြုလုပ်သည့် ရာသီဖြစ်သောကြောင့် ဖြစ်သည်။
ဝက်အူချောင်းတွေကို အစာသွပ်ရတာ အရမ်းလက်ဝင်လွန်းသောကြောင့် လင်းချင်းဟယ်သည် ဝက်အူချောင်းလုပ်ဖို့ကို အရမ်းပျင်းသည်။ ဒါကြောင့် လင်းချင်းဟယ်သည် အသားတွေကို ဘေကွန်အဖြစ်သို့ ပြုလုပ်ခဲ့သည်။
ကျိုးချင်းပိုင်ရဲ့ ဖက်ထုပ်ဆိုင်မှာ အခြောက်လှန်းထားခဲ့သည်။ ကြည့်လိုက်တာနဲ့ အရသာရှိမယ့်ပုံပေါ်သောကြောင့် စားသုံးသူတော်တော်များများက ဒီဘေကွန်တွေကို ဘယ်လို ရောင်းလဲလို့ မေးကြပါသည်။
ဒါပေမယ့် ဘေကွန်တွေကို ရောင်းချဖို့ အစီအစဥ် မရှိပါဘူး။ သူတို့က ဘေကွန်တွေကို အများကြီး မပြုလုပ်ခဲ့ဘူး။ သူတို့ကိုယ်တိုင်စားသောက်ဖို့ တစ်ပိုင်တစ်နိုင်လောက်သာ ပြုလုပ်ထားတာ ဖြစ်သည်။ ဆယ်ကျင်းဆိုတဲ့ ပမာဏသည် စားသောက်ပစ်ဖို့ လွယ်ကူသည်။ ရောင်းချဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
လာဘပွဲတော်အတွင်း ကျိုးချင်းပိုင်သည် လာဘဂျုံယာဂုတစ်အိုး ကျိုခဲ့သည်။ တစ်မိသားစုလုံး နံနက်စောစောထကာ လာဘယာဂု သောက်ကြသည်။
"ဒီနှစ်မှာ နင်တို့သုံးယောက် နှစ်သစ်ကူး ဆင်နွှဲဖို့ မင်းတို့မွေးစားအဘိုးနဲ့ ဒီမှာ နေခဲ့ကြမလား။ ဒါမှမဟုတ် မွေးရပ်မြေကို ပြန်လိုက်ခဲ့ကြမလား။" ဟု လင်းချင်းဟယ်က ကလေးသုံးယောက်ကို မေးသည်။
အားလပ်ရက်က တစ်လခွဲပဲ လိုတော့တာမို့ လက်မှတ်တွေကို ကြိုတင်ပြီး မှာယူထားရပါမည်။
"ကျွန်တော်တို့ နှစ်သစ်ကူးကို ဆင်နွှဲဖို့ ဒီမှာပဲ မွေးစားအဘိုးနဲ့ နေခဲ့လိုက်မယ်။ အမေတို့ ဟိုကိုရောက်ရင် အဖိုးနဲ့ အဖွားကို ကျွန်တော်တို့ နှုတ်ခွန်းဆက်သလိုက်ကြောင်း ပြောပေးပါ။" ဟု ကျိုးရွှမ်က ပြောသည်။
ကျိုးကွေ့လိုင်က ခေါင်းညိတ်သည်။ အသက်အကြီးဆုံး ကျိုးခိုင်သည် နှစ်သစ်ကူးအတွက် သူတို့ရဲ့ မွေးစားအဘိုးကို ဒီမှာ တစ်ယောက်တည်း မထားခဲ့နိုင်ဘူးလို့ ခံစားခဲ့ရသည်။ ဒါက အထီးကျန်လွန်းလှပါသည်။
"ကောင်းပြီ၊ ဒါဆို နင်တို့ ဒီမှာ နေခဲ့လို့ရတယ်။ နင်တို့အဖေနဲ့ ငါက ၂၀ရက်နေ့မှာ ထွက်မယ်။ တကယ်လို့ နင်တို့ဆိုင်ဖွင့်ချင်ရင်၊ ၂၅ရက်နေ့အထိ ဖွင့်လို့ရတယ်။ ကျန်တဲ့အချိန်မှာ နင်တို့အဘိုးအနားမှာပဲနေပြီး ဂရုစိုက်ပေးလိုက်။" ဟု လင်းချင်းဟယ်က ညွှန်ကြားသည်။
"နားလည်ပါပြီ။" သုံးယောက်စလုံး သဘောတူကြသည်။
လင်းချင်းဟယ်သည် အနည်းငယ် ဝမ်းနည်းပူဆွေးသွားသည်၊ "နင်တို့တွေ နည်းနည်းလေးတောင် မတွန့်ဆုတ်ကြဘူး၊ အိမ်ကို မလွမ်းကြဘူးလား။"
"မဟုတ်ပါဘူး။" သူတို့သုံးယောက်က ရိုးသားစွာ ပြောလိုက်သည်။
မိဘများထံမှ ဖိအားများနှင့် ထိုးနှက်မှုများကို ခံရပြီးနောက် ညီအစ်ကို သုံးယောက်သည် အလွန်လွတ်လပ်ပြီး လိုက်လျောညီထွေ ဖြစ်လာကြသည်။ သူတို့သည် မြို့တော်မှာပဲ နှစ်သစ်ကူးကို ကုန်ဆုံးခဲ့ကြသည်။ ဒီမှာ နှစ်သစ်ကူးရတာက သိပ်ပြီး ကျင့်သားမရသလို ခံစားရသည်။
ဘာပဲဖြစ်ဖြစ် နှစ်သစ်ကူးပြီးရင် သူတို့မိဘတွေ ပြန်လာမှာပဲ ဖြစ်သည်။ ဒါက တစ်လတောင် မရှိသေးပါဘူး။
ဒီလိုနဲ့ ၂၀ ရက်နေ့ကို ရောက်တဲ့အခါမှာတော့ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် မွေးရပ်မြေသို့ ပြန်ခဲ့ကြသည်။ လူတိုင်း သူတို့လက်ထဲမှာ ပိုက်ဆံရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နှစ်သစ်ကူးအတွက် အမြဲတမ်း အိမ်ပြန်ချင်ကြသည်။
ကလေးတွေကတော့ ထားလိုက်ပါ။ သူတို့မပြန်ချင်ဘူးဆိုရင် ထားခဲ့လိုက်ပါ။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် ရှန်ဟိုင်းမြို့တစ်ဝိုက် လည်ပတ်ခဲ့ကြသည်။
ကျိုးချင်းပိုင်သည် သူမ ဒီလမ်းတွေကို အရမ်းရင်းနှီးကျွမ်းဝင်နေတာကို မြင်တော့ "မင်း ဒီကို ခဏခဏ ရောက်ဖူးလား" ဟု မေးလာခဲ့သည်။
"နှစ်ကြိမ်၊ သုံးကြိမ်လောက် ရောက်ဖူးတယ်။" ဟု လင်းချင်းဟယ် ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
ထို့နောက် သူ့ရဲ့ တုံ့ပြန်မှုကို တစ်ချက် လှမ်းစစ်ကြည့်သည်။ ကျိုးချင်းပိုင်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ရှေ့ကနေ လျှောက်သွားခဲ့သည်။ သိသားထင်ရှားစွာပဲ၊ ဒီလူက ဒေါသထွက်နေသည်။
လင်းချင်းဟယ်က အသာလေး သက်ပြင်းချကာ "ရှင် အခု စကားပြောခြင်း အနုပညာကို သင်ယူတက်မြောက်သွားပြီဆိုတော့ အရမ်းလှည့်ဖြားတတ်လာတယ်။" ဟု ပြောသည်။
အထူးသဖြင့် သူမသည် သူ့အပေါ် အလွန်အကာအကွယ်မဲ့နေချိန် ဖြစ်သည်။ အခြေခံအားဖြင့်တော့ ၁၀၀ ရာခိုင်နှုန်း ထောင်ချောင်ထဲ ကျရောက်သွားတတ်သည်။
ကျိုးချင်းပိုင်က သူမကို ကြည့်လိုက်တော့ လင်းချင်းဟယ်က ချက်ချင်းပဲ သူမလက်ကို မြှောက်ကာ ကျိန်ဆိုလိုက်သည်၊ "အနာဂတ်မှာ ကျွန်မ ရှင့်ကို နေရာတိုင်း ခေါ်သွားမယ်။ ရှင် ကျွန်မအနားမှာ မရှိရင် ဘယ်တော့မှ ကျွန်မ စိတ်ထင်ရာ ဆုံးဖြတ်ချက်တွေ ချမှာ မဟုတ်ဘူး။ ဒါ့အပြင် ရှင် ကျွန်မကို လုပ်စေချင်တာကို ကျွန်မ လုပ်ပါ့မယ်။"
ကျိုးချင်းပိုင်က တင်းမာသောမျက်နှာဖြင့်သာ ဆက်လက်ရှိနေသေးသည်။
ပြောရမယ်ဆိုရင်တော့ ဒီနှစ် ရှန်ဟိုင်းမြို့ဟာ မနှစ်ကထက် ပိုချမ်းသာပြီး ပိုအသက်ဝင်လှုပ်ရှားတယ်လို့ ပြောရပါမည်။
ကျိုးချင်းပိုင်ပါ ပါလာခြင်းကြောင့် လင်းချင်းဟယ်သည် အလွန်အမင်း သတိထားနေခဲ့ပြီး နာရီအနည်းငယ်၊ ရေဒီယိုနှစ်လုံးနှင့် လျှပ်စစ်ပန်ကာနှစ်လုံးကိုသာ ဝယ်ယူခဲ့သည်။
သို့သော် သူမ ကုန်တိုက်သို့ ရောက်သောအခါအတွင် အဝတ်အစားအသစ်တွေ အမျိုးမျိုးကို စတင်ဝယ်ယူတော့သည်။
ကျိုးချင်းပိုင်နှင့် သူမအတွက် ဝယ်ယူသလို အဖေကျိုးနှင့် အမေကျိုးတို့အတွက် ဝါဂွမ်းအနွေးထည် တစ်ထည်စီ ဝယ်ယူခဲ့သည်။ အဘိုးအိုဝမ်နှင့် သူမ သားသုံးယောက်အတွက်လည်း ဝယ်ယူခဲ့ပါသည်။
သို့တိုင်၊ သူမနှင့် ကျိုးချင်းပိုင်တို့အတွက်ကတော့ အများဆုံး ဖြစ်သည်။ သူမတို့အတွက် တစ်ယောက်ကို အဝတ်အစား နှစ်စုံစီ ဝယ်ယူခဲ့သည်။
ကျန်တဲ့ အဝတ်အစားတွေ၊ ဖိနပ်တွေနှင့် ခါးပတ်တွေကတော့ ပြန်သယ်သွားပြီး ပြန်လည်ရောင်းချဖို့အတွက် ရှန်းယွီထံ လက်လွှဲပေးအပ်မှာပဲ ဖြစ်သည်။
သူတို့စုံတွဲသည် ရှန်ဟိုင်းမြို့တွင် တစ်ရက်သာ နေထိုင်ခဲ့ကြပြီး နောက်တစ်နေ့ နံနက်စောစောတွင် ပြန်လာခဲ့ကြသည်။
လင်းချင်းဟယ်သည် ထိုပစ္စည်းများကို ရှန်းယွီထံသို့ ပေးခဲ့ပြီး လျှပ်စစ်ပန်ကာတစ်လုံး၊ ရေဒီယိုနှစ်လုံးကို ချန်ထားခဲ့သည်။ အဖေကျိုးနှင့် အမေကျိုးတို့အတွက် ရေဒီယိုတစ်လုံး ချန်ထားသည်။ သူတို့ သေချာပေါက် ကြိုက်နှစ်သက်ပေလိမ့်မည်။
နောက်တစ်လုံးကိုတော့ လူတိုင်း ဖက်ထုပ်လာစားရင်း ရေဒီယို နားထောင်နိုင်ဖို့ ဖက်ထုပ်ဆိုင်အတွက် ချန်ထားတာဖြစ်သည်။
လျှပ်စစ်ပန်ကာကိုလည်း သိမ်းဆည်းထားသည်။
ကျန်တဲ့ဟာတွေကို အကုန်ရောင်းချခဲ့သည်။
ရှန်းယွီသည် ဝမ်းသာသွားသည်။ ဒါပေမယ့် လင်းချင်းဟယ်သည် ဒီတစ်ခါ ပစ္စည်းတွေ အများကြီး ပြန်ယူလာသောကြောင့် သူမ ပိုက်ဆံကို ချက်ချင်း မထုတ်ပေးနိုင်ခဲ့ပါဘူး။ အထူးသဖြင့် လင်းချင်းဟယ် ဝယ်လာပေးတဲ့ သားရေဖိနပ်တွေက အတော်လေးကို စျေးကြီးသည်။
"ငါ့ကို တစ်ဝက်ပဲ အရင်ပေးလိုက်။ နောက်တစ်ဝက်ကို ငါတို့ပြန်တဲ့အချိန်ကျမှ ပေး။" လင်းချင်းဟယ်က သူမကို ပြောလိုက်သည်။
"ကောင်းပါပြီ။" ရှန်းယွီက ကျေကျေနပ်နပ် သဘောတူလိုက်သည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် နေရာလွတ်ထဲမှ စက်ဘီးကို ထုတ်စီးပြီး ကျိုးရှောင်မိန်တို့၏အိမ်ကို ရောက်လာခဲ့သည်။ ဒီစက်ဘီးကို ယခုနှစ်တွင် တောင်ဘက်ပိုင်းမှ ဝယ်ယူလာခဲ့တာ ဖြစ်သည်။
ရှန်ဟိုင်းမြို့မှ ကုန်ပစ္စည်းတွေ ပြန်သယ်လာပြီး ရောင်းချ၍ ချမ်းသာလာသော်လည်း လင်းချင်းဟယ်သည် သူမက ဆင်းရဲတဲ့ တစ္ဆေတစ်ကောင်ပါပဲလို့ ပြောခဲ့ပါသည်။
လင်းချင်းဟယ်သည် သူမရဲ့ နေရာလွတ်ထဲမှာ ပိုက်ဆံတွေ အများကြီး စုဆောင်းထားခဲ့နိုင်တာကိုတောင် ဆင်းရဲတဲ့သူပါပဲလို့ ပြောနေပါသေးသည်။
ငွေပိုရှာနိုင်ဖို့ ဒီအချိန်ကို အခွင့်ကောင်းမယူရင် အနာဂတ်မှာ ဘာလုပ်နိုင်မလဲ။ အဆုံး၌ သူမမှာ ကြယ်သမုဒ္ဒရာကို သိမ်းပိုက်ဖို့ ရည်မှန်းချက် မရှိပါဘူး။
သူမသည် အိမ်ခြံမြေတွင် ပိုမိုရင်းနှီးမြှုပ်နှံရန်၊ အနာဂတ်တွင် အငြိမ်းစားယူပြီးနောက် အိမ်ငှားခများကို စုဆောင်းပြီး သက်တောင့်သက်သာ ရှင်သန်နိုင်ရန်၊ သူမမိသားစု ချင်းပိုင်နှင့်အတူ ကမ္ဘာအနှံ့ခရီးထွက်ပြီး ပြင်ပင်ကမ္ဘာကို ပိုမိုကြည့်ရှုလိုရန်မှတပါး သူမမှာ တခြား ကြီးမားတဲ့ ရည်မှန်းချက်တွေ မရှိပါဘူး။
ဒါကြောင့် သူမ ဒီအချိန်မှာ ပိုက်ဆံအများကြီး မရှာဘူးဆိုရင် ဘယ်အချိန်မှာ သွားရှာရမလဲ။
သူမမိသားစု ချင်းပိုင်ရဲ့ တစ်နှစ်ဝင်ငွေဟာ ဒီနှစ်မှာဆို ယွမ် နှစ်ထောင်ကျော်လောက် ရှိနေပါပြီ။ ယွမ် သုံးထောင်အောက်သာ ဆိုပေမယ့် ဒါဟာ သေးငယ်တဲ့ ပမာဏမဟုတ်တာတော့ သေချာပါသည်။ ဒီခေတ်အချိန်အခါမှာဆို ပိုက်ဆံအများကြီးလို့ ဆိုနိုင်တုန်းပါပဲ။
သူမသည် သူမရဲ့ လစာကိုသာ အားကိုးနေရသည်။ သူမရဲ့ လစာက သိပ်မနည်းသော်လည်း ကျိုးချင်းပိုင်ရဲ့ ဝင်ငွေနှင့် ပေါင်းလိုက်ရင်တောင် ယွမ် သုံးထောင်ကျော်လောက်သာ ရှိသည်။
ဒီဝင်ငွေနှစ်ခုဖြင့် သူမ လိုချင်တောင့်တနေသော အိမ်ခြံဝင်းကို ဝယ်ယူရန် မတတ်နိုင်သေးပေ။
ထို့ကြောင့် သူမ ကုန်ပစ္စည်းပြန်လည်ရောင်းချဖို့ လုပ်စရာသာ ရှိစေခဲ့သည်။
သူမတို့ လင်မယားနှစ်ယောက်သား ကျိုးရှောင်မိန်တို့အိမ်ကို ရောက်သွားကြသည်။
ကျိုးရှောင်မိန်ရဲ့ အိမ်သည် အခုအချိန်မှာ တကယ့်ကို သက်ဝင်လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။
အစပိုင်းမှာတော့ စတုရန်းမီတာ ၄၀ ကျော် နေရာထိုင်ခင်းမှာ ကျိုးရှောင်မိန်တို့ လင်မယားနှစ်ယောက်သာ ရှိခဲ့သော်လည်း ယခုအခါ ကလေး လေးယောက် ရှိလာသဖြင့် ကျယ်ဝန်းတယ်လို့ မဆိုနိုင်တော့ပေ။
"စတုတ္ထအစ်ကိုနဲ့ စတုတ္ထယောင်းမ" ကျိုးရှောင်မိန်က အလွန်ဝမ်းသာသွားသည်။
စုချန်၊ စုရွှင်းနှင့် ကျန်ကလေးတွေလည်း သူတို့ဦးလေးတို့လင်မယားကို နှုတ်ဆက်လာကြသည်။
"လိမ္မာတဲ့ ကလေးလေးတွေ၊ သကြားလုံး သွားစားချေ။" လင်းချင်းဟယ်က သူတို့ကို သကြားလုံးတစ်ထုပ် ပေးလိုက်သည်။
"စတုတ္ထအစ်ကိုနဲ့ စတုတ္ထယောင်းမ၊ နင်တို့တွေပဲ ပြန်လာတာလား။ ကလေးတွေရော မပါဘူးလား။" ကျိုးရှောင်မိန်က မေးသည်။
"ငါတို့ မြို့တော်မှာ မွေးစားအဖေတစ်ယောက် အသိအမှတ်ပြုထားတယ်။ ကလေးတွေက သူတို့မွေးစားအဖိုး နှစ်သစ်ကူးမှာ တစ်ယောက်တည်းဆို အရမ်းအထီးကျန်နေလိမ့်မယ်လို့ ပြောတယ်၊ ဒါကြောင့် ဒီနှစ်သစ်ကူးအတွက် သူတို့အားလုံး မြို့တော်မှာ နေခဲ့ကြတယ်။" လင်းချင်းဟယ်က ရှင်းပြသည်။
ထိုအချိန်တွင် စုတာ့လင်းတစ်ယောက် အလုပ်မှ မပြန်လာသေးပေ။ အခုအချိန်က နေ့လည်ခင်း သုံးနာရီဖြစ်နေသည့်တိုင် အလုပ်ချိန် ဖြစ်နေဆဲ ဖြစ်သည်။
"မွေးစားအဖေတစ်ယောက် အသိအမှတ်ပြုတာလား။" ကျိုးရှောင်မိန်က ခေါင်းညိတ်ပြပြီး သူမရဲ့ စတုတ္ထအစ်ကိုကို မေးမြန်းသည်၊ "စတုတ္ထအစ်ကို၊ မြို့တော်မှာ နေရတာ ဘယ်လိုလဲ။"
"အဆင်ပြေပါတယ်။" ကျိုးချင်းပိုင်က တိုတိုတုတ်တုတ် ပြန်ဖြေသည်။
လင်းချင်းဟယ်က ပြုံးပြီး "နင့်စတုတ္ထအစ်ကိုကို ကြည့်တာနဲ့ နင် သိနိုင်ပါတယ်။" လို့ ပြောလိုက်သည်။
ယခုနှစ် ကျိုးချင်းပိုင်သည် ယခင်နှစ် ကျိုးချင်းပိုင်ထက် အနည်းငယ် ပိုဝသည်။
အဆုံး၌ ကျိုးချင်းပိုင်သည် လယ်ကွင်းထဲဆင်း အလုပ်လုပ်ရန် မလိုအပ်တော့ပေ။ နေ့တိုင်း စောစောထရပေမယ့် သူက စားဖိုမှုး ဖြစ်သည်။ ကျိုးချင်းပိုင်က ဟင်းချက်ဖို့ တာဝန်ယူရတော့ အနည်းဆုံး ကျင်းနှစ်ဆယ်လောက် ကိုယ်အလေးချိန်တက်လာတာ မလွဲမသွေပါပဲ။
အထူးသဖြင့် ဗိုက်မှာ အဆီနည်းနည်းစုလာခဲ့သည်။ လင်းချင်းဟယ်က ထိုဗိုက်ခေါက်လေးအား ထိတွေ့ရတာကို ကြိုက်နှစ်သက်သည်။
သို့ပေမယ့် ကျိုးချင်းပိုင်က လင်းချင်းဟယ်တစ်ယောက် သူ့ဗိုက်ခေါက်လေးကို ထိတွေ့လိုက်တိုင်း သူ့ကို ဖိတ်ခေါ်တာလို့ အမြဲမှတ်ယူထားသည်။
ကျိုးရှောင်မိန်က တခစ်ခစ် ရယ်မောလိုက်ပြီး "စတုတ္ထအစ်ကို ဒီနှစ် ကိုယ်အလေးချိန် တက်လာသလိုပဲ။ ဟိုမှာ စီးပွားရေးလုပ်ရတာ ဘယ်လိုနေလဲ။" ဟု မေးသည်။
"စီးပွားရေးက တော်တော်ကောင်းတယ်။" ဟု ကျိုးချင်းပိုင်က ပြန်ဖြေသည်။
"သူ့ဝင်ငွေက ငါ့လစာထက် မနည်းဘူး။" ဟု လင်းချင်းဟယ်က ထပ်ပေါင်းပြောသည်။
ဘယ်မျှဘယ်ရွေ့ ဝင်တယ် ဆိုတာပင် ပြောစရာ မလိုပါဘူး။ 'ငါ့လစာထက် မနည်းဘူး' ဆိုတဲ့ စာကြောင်းနဲ့ပင် လုံလောက်သည်။
"တာ့လင်းရဲ့ စက်ရုံက ဒီနှစ် အခြေအနေ သိပ်မကောင်းဘူး။" ဟု ကျိုးရှောင်မိန်က ပြောသည်။
"ဒီနှစ်ကူးမှာ နင် အိမ်ပြန်လာမှာလား။" ဟု လင်းချင်းဟယ်က မေးသည်။
"ငါ ဒီနှစ် အိမ်ပြန်လာမယ်။" ဟု ကျိုးရှောင်မိန်က ပြောသည်။
"ငါ နင့်ကို ယောင်းမတစ်ယောက်အနေနဲ့ အမှန်အတိုင်းပြောမယ်။ မတ်လေးရဲ့ ဘန်းမုန့်ပေါင်းလုပ်တဲ့ ကျွမ်းကျင်မှုကို အားကိုးပြီး မြို့တော်မှာ ဆိုင်ဖွင့်တဲ့အခါ စီးပွားရေးက မဆိုးလောက်ဘူး။ ကျန်တာကိုတော့ ငါ အာမမခံနိုင်ပေမယ့် ဝင်ငွေက ဒီမှာထက် ပိုဆိုးမှာတော့ မဟုတ်ဘူး။" ဟု လင်းချင်းဟယ်က ပြောသည်။
"တာ့လင်း ပြန်လာတဲ့အခါ ငါ တာ့လင်းကို ပြောလိုက်ပါ့မယ်။" ကျိုးရှောင်မိန်က ခေါင်းညိတ်သည်။ သူမသည် မြို့တော်ကို တကယ်သွားချင်သည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ဟာ သိပ်အကြာကြီး မနေခဲ့ကြပါဘူး။ သူတို့သည် ညစာပင် မစားခဲ့ပါဘူး။ ခဏလောက်နေပြီးနောက် သူတို့သည် ပီကင်းဘဲကင်တစ်ကောင် ပေးခဲ့ကာ စက်ဘီးစီးပြီး အိမ်ပြန်သွားကြသည်။